Pages

Tuesday, March 18, 2014

မိုး စနေ လေ ကိုစိတ်




“မိုး စနေ လေ ရာဟု” ဟုဆိုရိုးရှိသည်။

မိုးရိပ်တိမ်တောင်များသည် များသောအားဖြင့် တောင်အရပ်ကလာတတ်သည်။
လေပြင်းများသည် ရာဟုထောင့်လာတတ်သည်။

ထိုအဆိုကို ပြင်၍ဆိုရသည့် မိတ်ဆွေတစ်ဦးရှိသည်။
မိုး စနေ လေ ကိုစိတ်ဟု အမည်ပေးခြင်းခံရသည့် ဦးစိတ္တရဖြစ်သည်။
မန်းမြို့၊ သာသနာ့တက္ကသိုလ်၊ အဆောင်( ၂) တွင် အတူတူနေကြသည်။

မွန်းတည့်၊ သန်းခေါင်း၊ အမှောင်၊ အလင်း၊ လူရှင်း၊ လူရှုပ်မဟူ စကားထူ၏။
ထို့သို့ လေထော လေပေါသောကြောင့် လေ ကိုစိတ်ဟု ခေါ်ကြသည်။

မိမိမှာသူလောက် လေပေါစရာ မရှိသော်လည်း ကျောင်းပိတ်ရက်နေ့များတွင် ကုသိုလ်တော်ဘုရားဝင်းသို့ 
သွားပြီး စာကျက်ရင်း ပန်းကောက်ကာ ဘုရားတင်ပူဇော်ကြသည်။

တစ်နေ့သော် ၀ါဆိုမိုးဦးသည် ပြင်းပြင်းထန်ထန်ရွာသည်။
မိုး အစဲကိုစောင့်နေရင်းကျောင်းတံခါး ပိတ်ချိန်နီးလာသည်။

ဤသို့ဖြင့် မိုးရွာကြီးထဲ အဆောင်သို့ ပြန်ခဲ့ကြသည်။
အဆောင်ရောက်ခါနီး ဆွမ်းစားဆောင်ရှေ့ရှိ ရေတံလျောက်အောက်ဝင်ပြီး
မှောင်နှင့်မည်းမည်း ရေချိုးလိုက်သေးသည်။ တိတ်တဆိတ်ဖြင့် ပျော်စရာကောင်းသည်။

အဆောင်ရောက်ချိန်တွင် မေးခိုက်ခိုက်တုန်နေပြီ။
ထိုညက မိုးအေးအေး ကွေးလို့ကောင်းကောင်းဖြင့် တစ်ရေးမျှပင် မနိုးခဲ့။
......................
..........................

နောက်နေ့မနက်စာသင်ခန်းတွင် သတင်းတစ်ခုထွက်နေသည်။
ကျောင်းထိုင်ဘုန်းကြီးကျောင်းနှင့် မျက်နှာချင်း ဆိုင် ကုသိုလ်တော်ဘုရားရှေ့ရှိ ရေကန်တွင် တက္ကသိုလ်က ဦးဇင်းများ ညမှောင်မှောင်ရေကူးကြောင်းသတင်း ဖြစ်သည်။
ထိုကိုယ်တော်များကို စစ်ဆေးလိမ့်မည်ဖြစ်ကြောင်းသတင်းထူးဖြစ်သည်။

မိုးစနေ လေ ကိုစိတ်စကားကို အကျယ်ကြီးမပြောနိုင်တော့။

"မောင်ဉေ ယျရေ ..၊ တို့ ဆွမ်းစားဆောင်ရေတံလျောက်ရေချိုးတာများ သူများမြင်သေးလား။
တော်ကြာသူများမြင်သွားလို့တို့ကိုပါ ရောပြီးစစ်နေရင် ခက်ကုန်လိမ့်မယ်."

ထိုအတော အတွင်း" လေ ကိုစိတ်" တိတ်ဆိတ်လွန်းနေသည်။
မိမိမှာမူ ရင်တထိတ်ထိတ်ဖြင့်..။
 .............................................................................................
မှတ်ချက်။ မန်းသာသနာ့တက္ကသိုလ် ကျောင်းသားဘ၀ အမှတ်တရ..။ 

ဆောင်း တစ်ည၀ယ်



အခုနဆင်းသွားတဲ့ ကိုယ်တော်လေးက ရုပ်ပိုချောတော့ ပိုပြီးသတိပေးရပါတယ်ဘုရား။

"..ဟင်.."
.....................................

နှင်းထုထူထူ အကြားက မော်တော်ငယ်သည် နှင်းပ၀ါကြမ်းကြီးကို ဘယ်ညာယိမ်းပြီး ထိုးခွဲနေရင်း ဆန် တက်နေ သည်။ ဘယ်သို့ ယိမ်းပြီး ခရီးသည်တွေတင်သည်။ ညာကမ်းသို့ ကပ်ပြီး အထုပ်နဲ့လူတွေ တက် လာပြန်သည်။

ဘယ်ယိမ်းညာကပ်ဖြင့် သွားနေသော မော်တော်သည် အရှေ့သို့လား၊ တောင်အရပ်သို့လား အနောက်၊
 မြောက်အရပ်စသည် မကွဲပြား တော့။ အဆန်ခရီးဟုသိရတော့သည်။

တစ်နေရာ အရောက်တွင် ရှမ်းအမျိုး သမီးကြီးတစ်နှင့် မြန်မာဒကာ သားအဖတက်လာကြသည်။ ရှမ်းအမျိုး သမီးကြီးမှာ ကော်ယားရွာသူကျောင်း ဆရာမ ဒေါ်ကြည်ကြည်သန်းဖြစ်သည်။

ရှမ်းမကြီးသည် ပျုပျုငှာငှာဖြင့် ချင်းတွင်းဘယ်ညာကို လက်ညှိုးထိုးပြရင်း တော၊ တောင်သဘာဝနှင့်
 ကော်ယား၊
 မောင်းခန်း၊ ဟင်နောင်၊ ဟူနောင်၊ ဟုမ္မလင်း၊ နောင်ပကျစ်စသည့် ရှမ်းရွာ အမည်များကို မိတ်ဆက်ပေးရင်း ခရီးနှင်နေသည်။

ညောင်ပင်ဆိပ်တွင် ရွာကြီးတည်ထောင်ရာမှ မြို့ဖြစ်လာကြောင်းသိရသည်။
ညောင်ပင်ဆိပ် မြို့ဟုသိရသည်။

သူ့အပြောတွင် နစ်မျှောရင်းလိုက်ပါလာရာ နှင်းပျောက်လုလုဖြစ်နေပြီ၊
နေရောင်သည် မြစ်ပြင်တွင် လူးလွန့်လျှက် ဖြားဆင်းနေသည်။
ကောင်းကင်တွင်ကား မြင့်မားသော နှင်းခတောင်တန်းကြီးများကို တွေ့ရသည်။ ချင်းတွင်းမြစ် သည်
 တောင်တန်းကြီးတစ်ခုရဲ့ ရင်ခွင်ထဲ တိုးဝင်သွားသလိုရှိသည်။

ဒကာမကြီး၊ အဲဒီတောင်တန်းကြီးက ဘာတောင်တန်းလဲဗျ၊
တင်ပ၊ ဦးဇင်းဘုရား၊ အဲဒီတောင်တန်းကြီးကို ဆွမ္မရာတောင်တန်း လို့ခေါ်ပါတယ်။ ဒီဘက်အခြမ်း ကမြန်မာနိုင်ငံ၊ ဟိုဘက်အခြမ်းရောက်ရင် အိန္ဒိယနိုင်ငံနယ် နိမိတ်နဲ့ဆက်စပ်နေပါပြီ၊ တအားအေးနေ တာပေါ့ဘုရား။ ဒီအချိန်ဆို။

ဖြစ်နိုင်ပါသည်။ အလွန်မြင့်မားသည်။ နှင်းတွေဝန်းခနေသည်ကို မြင်ရုံနှင့်ပင် အတော်အေးနေပါပြီ။
ဒကာမကြီး၊ ဦးဇင်းတို့ ကြားဖူးတာက၊ ဆွမ္မရာကို ကချင်ပြည်မှာလို့ကြားဖူးပါတယ်။

ဒီလိုရှိပါတယ်ဘုရား၊ ဒါက ဆွမ္မရာနဲ့ ပန်ဆပ်လို့ တွဲခေါ်ပါတယ်။ 
ကချင်ပြည်ကတော့ ဆွမ္ပရာဘွန် လို့ ခေါ်ကြပါ တယ်။

ပြတင်းက နှင်းတစ်ဆုပ်က ဖြန်းပက်သလိုရှိသည်။ စိမ့်ကနဲ့ရှိလှသည်။
အော်..။ ဆွမ္မရာ ပန်ဆပ်တဲ့..။

သူတို့နဲ့စကားပြတ်တော့၊ ရှေ့ဆက်ရည် ခရီးကို ကိုနန်နှင့် ဆွေးနွေးမိကြသည်။ တောင်တန်းက အပြန်ဘွဲ့ယူပြီးလျှင် နိုင်ငံခြား ထွက်ကြမည်။ ဘွဲ့တွေထပ်ယူကြဦးမည်။ ထိုစဉ်က အဲဒီအတွေးနှင့် စိတ်ကူး ယဉ် အပြောစကား တို့သည် ပုံပြင်ဆန်လွန်းလှသည်။ ဘေးလူတွေကြားရင် နားမချမ်းသာဖြစ်နိုင်သည်မို့ တိုးတိုး တိတ်တိတ်နေရသည်။

ဦးဇင်းတို့က တောင်တန်းသာသနာပြုတွေဆိုတော့၊ ဒီအရပ်၊ ဒီဒေသတွေနဲ့စိမ်းကြပါတယ်ဘုရား၊
ရာသီဥတုကြမ်းတမ်းသလို၊ အစား၊ အသောက်၊ အနေအထိုင် အားလုံးကြမ်းတမ်းကြပါတယ်။

ပြီးတော့ တစ်ခုသတိပေးချင်တာက၊ တပည့်တော်တို့နဲ့သိတဲ့ တောင်တန်း သာသနာပြုဦးဇင်းငယ်လေးတွေ လူထွက်ကြတာများနေတယ်ဘုရား၊နောက်တော့တောင်ယာတွေထဲရောက်ကုန်တာပေါ့၊

ဦးဇင်းတို့ကတော့ ရှေ့ဆက်ရမည့် ခရီးတွေရှိသေးတော့၊ အဲလိုမဖြစ်ပါစေနဲ့ဘုရား၊
ခံစား၍ သိနိုင်သည်၊ စေတနာစကားများဖြစ်သည်။ အထူးသဖြင့် ကိုနန္ဒိယကို မှာမှာနေတတ်သည်။
နေ့လည် မွန်တည့်လုလုတွင် ကိုနန္ဒိယတာဝန်ကျသည့် ခရီးတစ်ထောက်ဆင်းရာ ထမံသီရှမ်းရွာကြီး သို့ ရောက်သည်။

မော်တော်ဆင်း၊ ခဏနား စားသောက်ပြီးကျတော့ ချင်းတွင်းကို ဆန်ပြီး တက်ရပေဦးတော့မည်။
ကိုနန္ဒိယနှင့် လက်ဆွဲနှုတ်ဆက်ကြတော့ သူ့ လက်တွေတုန်နေသည်။
ကိုဉေ ယျ တို့ ပြန်တွေ့ကြဦးမယ်လို့ မျှော်လင့်ပါတယ်တဲ့။
ရင်ထဲငြိရပြီ။

ကိုနန္ဒိယ ကိုလဲ မျှော်လင့်ပါတယ်။
ကိုယ့်လက်တွေတုန်းနေတာလဲ သူသိပေမည်။
မော်တော် ထွက်ပြီး ရေလည်သို့ရောက် ပြန် အကြည့်တွင် ကမ်းနဖူးရပ်ကျန်ရစ်သော အဆွေတော် ကိုနန္ဒိယ သည် ဝေး၍ ဝေး၍…..။

မော်တော်ပေါ်ပြန်ရောက်ပြီး ခဏကြာတော့ ရှမ်းမကြီး
ဒေါ်ကြည်ကြည်သန်းက ပြောသည်။

အခုနဆင်းသွားတဲ့ ကိုယ်တော်လေးက ရုပ်ပိုချောတော့ ပိုပြီးသတိပေးရပါတယ်ဘုရား။
ဟင်..

မျက်နှာပူလိုက်တာ ဒီစကားဖြင့်..။ 
သို့သော် သေချာတွေးမှ အမှန်ပေါ်သည်။
ရှမ်းမကြီးသည် စကားပြောကောင်း၊ စေတနာကောင်းရုံတင်မက၊ မှန်သော စကားကိုလည်း ဆိုတတ်ပေစွ ဟု ဖြေသိမ့်ရပါသည်။ ကိုယ့်ကို ကိုနန္ဒိယလောက် မချောလို့ပြောသော်လည်း ဖြေသာပါသည်။
 
ခန္တီးမြို့သို့ရောက်တော့ ညပိုင်း ကိုးနာရီး ကျော်ပါပြီ၊ ကူညီမည့်ခက်နေသည့်ခိုက် မှောင်နှင့် မည်းမည်းတွင် ရှမ်းမကြီး ဒေါ်ကြည်ကြည်သန်းက အထုပ်များကို ဆွဲပြီး ပေါမိုင်းဗဟိုကျောင်းထဲ အထိလိုက်ပို့သည်။

ဗဟိုကျောင်းပေါမိုင်းသည် ဒီဇင်ဘာလ ဆောင်းအေးအေး အောက်တွင် ခပ်တည်တည်ကြီးရပ်နေသည်။ နင်လားဟဲ့တောင်တန်းသာသနာပြု ကိုယ်တော်လေးဆိုတာ ပြောနေသယောင်ယောင်ထင်မိသည်။

တောင်တန်းဘ၀ရဲ့ ပထမဆုံးညလေသည် နှင်းများဖြင့် ဆောင်းလေကြမ်းကြမ်းဖြင့်မို့……။

ဒီဆောင်းနှင်းမြူရယ်....
ကိုယ်ချင်းမစာတယ်..ချမ်းတယ်..ချမ်းတယ်.
မေးခိုက်ခိုက်တုန်အောင်..
စောင်နဲ့ခြုံတောင် မလုံဘူး...

ကိုထီးရဲ့ တေးသွားက ရင်ကိုလာ ထိသည်။
ညသည် လှနေသည်။
အေးနေဆဲသာတည်း။
 ................................

တစ်ခါက တစ်ဘ၀ရဲ့ ဆောင်းည အမှတ်တရ..။

Wednesday, March 5, 2014

ကျောင်းအိုလက်ရမ်း လရောင်ဆမ်း


နေညိုညိုတွင် ပျိုမေတသင်း ရေခတ်ဆင်းကြသည်။
ညနေညိုရောင်တွင် ကွမ်းတောင်ကိုင်တို့ အပြိုင်အဆိုင်လှကြသည်။
မခင်ကြီးလဲပါလာသည်။ မခင်ကြီးသည် သူတို့ရွာလေးတွင် အလှဆုံးဖြစ်သည်။
...................

သူသည် ရေခတ်အဆင်းကို မျှော်ရင်းထိုင်ရမလိုလို၊ ထရမလိုလို၊ ရေသောက်ချင်သလိုလို၊ အပေါ့သွားချင် 
သလိုလိုဖြစ်နေသည်။ စိတ်ကစားမိသော သူအဖြစ်ကို နားမလည်နိုင်သလိုလဲရှိသည်။

..ဟယ်..ဖြစ်ချင်တာဖြစ်တော့၊ ဒီနေ့တော့ ပြောမှကိုဖြစ်တော့မယ်..
စိတ်အားတင်းထားလိုက်သည်။

ရွာသူပျိုမေတစ်သိုက်တို့ မခင်ကြီး ဦးဆောင်လျက် သူ အနီးသို့ရောက်လာချေပြီ။
မ၀ံ့ မရဲချဉ်းကပ်သွားမိသည်။ ရင်တွင် ဗလောင်းဆူနေသည်။

မ..မ .ခင် မခင်ကြီး..
ဝင့်ကနဲ့ လှည့်ကြည့်လိုက်သော မခင်ကြီးအကြည့်များသည် သူ့အတွက်ကံကောင်းခြင်းမဟုတ်ကြောင်း သိလိုက်သလိုလိုရှိသည်။
စမိမှတော့ မထူးပြီကို သိလိုက်ပြီမို့။ 
သူသည် ရှည်ရှည်ဝေးဝေးမပြောတော့ပဲ.

ကျုပ် မခင်ကြီးကို ချစ်လို့ပါ..
ဘာ..
ညနေညိုသည် တိမ်စွယ်တွင် ကွယ်လုလုဖြစ်ချေပြီ။

ကျုပ် မခင်ကြီးကို ချစ်လို့..အဲဒါ..
ဘာပြောတယ်၊ နင်လို မုဆိုးမသားက ငါ့လို ကွမ်းတောင်ကိုင်ကို ဒီလိုစကားမျိုးပြောရတယ်လို့..
ကိုယ့်ကိုယ်ကိုမှ အားမနာတော်..

ညနေညိုသည် နေရောင် ပျောက်တော့မလိုလိုရှိသည် သူ့ရင်တွင်လဲ တိမ်ညိုမည်းတို့ ညို့လေပြီ။

ကိုယ့်ဘ၀ကိုယ် နားလည်ရတယ်။ မုဆိုးမသားရဲ့..
တန်ရာ တန်ရာ မှန်းရတယ်ဆိုတာ နင်မသိရော့သလား..
ရက်စက်သော ထိုစကားများဆိုနေသည့် မခင်ကြီးသည် သူ့ အတွက်တော့ လှနေဆဲပင်ဖြစ်သည်။

နင်မှတ်ထား၊ နောက်ကို ငါ့ကို ဒီလိုစကားမျိုးပြောရင် သူကြီးနဲ့ တိုင်မယ်..
နင့်မျက်နှာကိုလဲ ငါဘယ်တော့မှ မမြင်ချင်ဘူး.

နောက်ဆုံးစကားသည် သူ့အတွက် မျှော်လင့်ချက် နေရောင်တို့ကိုဆိတ်သုဉ်းစေသည်။
ရွာဦးက မန်ကျီးပင်ပျိုအို တစ်စုတွင် သူမည်မျှကြာအောင် ရပ်နေမိသည် မသိ၊
ပြင်ပလောကတွင်လဲ နေရောင်တို့ ချုပ်ငြိမ်းလေပြီ။

ထိုညက လမသာပါ။
ပိုးစုန်းကြူးနှင့် ကြယ်မှုံမွှားတို့ ကြိုးတိုးကြဲတဲ ရှိနေသည်။
သူ့ရင်တွင်ကား မျှော်လင့်ချက်ရောင်ခြည် တို့ ပျက်သုဉ်းကာနေ၀င်ခဲ့ပြီ။

“နင့်မျက်နှာကိုလဲ ငါဘယ်တော့မှာ မမြင်ချင်ဘူး “
ဆိုသော မခင်ကြီးစကားသည်သာ ရင်တွင်းပဲ့တင်ထပ်နေသည်။
နောက်နေ့မနက်ခင်း၊ မခင်ကြီးနှင့် တကွ ရွာကိုစွန့်ခွာသည်။ .
.......................................

ဆရာတော်၊ တပည့်တော်တို့ သီတင်းကျွတ်ကာလမို့ ရွာပြန်ချင်ပါတယ်ဘုရား.
အဲဒါ ခွင့်ပြုတော်မူပါဘုရား..

အေး အေး မောင်ပဇင်းတို့ ရွာပြန်မယ်ဆိုရင်၊ လက်ဆောင်လေးပေးလိုက်ချင်တယ်..
တို့ရွာက ဖွားခင်ကြီးကို ပေးလိုက်ပါ..ပြီးတော့ အင်းဝမင်းနေပြည် ငါးခုံဆရာတော်ကြီးက
"ကျေးဇူးတင်ပါတယ်"ဆိုတဲ့ စကားလေးလဲပြောလိုက်ပါကွယ်..
ရော့.ရော့ ဖွားခင်ကြီးအတွက် ရတနာပုံပိတ်စတွေ...
မှန်ပါ ဆရာတော်ဘုရား။
................................

ဆရာတော်သည် မိဘရပ်ထံပြန်ကြသော ကိုရင်နှင့် ဦးဇင်းငယ်များကိုကျောင်းအိုလက်ရမ်းကနေကြည့်ရင်း

အော်....မခင်ကြီးသာ အဲဒီတုန်းက ငါ့ရဲ့ ချစ်စကားဆိုတာကိုလက်ခံလိုက်ရင်၊
အခုဆို သားကျွန်၊ မယားကျွန်၊ တဏှာာကျွန်ဖြစ်ရမယ်...
မခင်ကြီးက နင့်မျက်နှာ ငါ မမြင်ချင်ဘူးပြောလိုက်လို့၊
ရှက်ရှက်နဲ့ မြို့တက်လာပြီး၊
သာသနာ့ဘောင်ဝင်ကာ စာသင်ပြီး သာသနာကျေးကျွန် အဖြစ်နဲ့နေလိုက်တာ..၊
အော် နှစ်တွေတောင် အတော်ကြာပေါ့...
ကျေးဇူးတင်ပါတယ် မခင်ကြီးရယ်..

သီတင်းကျွတ်လုလုရာသီမို့ နှင်းရီဥတို့ ပုလဲ စီနေသယောင်ယောင်။
ညအခင်းလရောင်သည် ကျောင်းအိုလက်ရမ်းကို ဖွေးဖွေးလှုပ်လျက်။

“အော်..အနိစ္စ၊ အနိစ္စ.....အနိစ္စ........

ဆရာတော်သည် ထိုအနိစ္စကို အကြိမ်ကြိမ်ရွတ်လျက် ။

...................

မန်း သာသနာ့တက္ကသိုလ်၊ ဗုဒ္ဓဒေသနာ ပြန့်ပွားရေးဌာန၊ ဌာနမှူး ဆရာတော် ဦးပဒုမသို့ ဦးညွတ်လျက်ဖြင့်...။

ငယ်ချစ်ဟောင်းနဲ့ နှောင်းပုံပြင်



ကပ္ပိယကြီး၊ ဆရာတော် ဆွမ်းစားဆောင်ပေါ်ရောက်နေပြီ၊
ဒကာကြီး ဆန်ပြုတ်က မရသေးဘူးလားဗျ..

အော် ကိုရင်ကလဲ နေစမ်းပါဦး၊ မနက်က အိပ်ယာထနည်းနည်းနောက်ကျသွားလို့ ဒီမှာဖြင့် ဆန်ပြုတ်က ပွက်ရုံသာသာရှိသေးတယ်..၊

ရွာဦးကျောင်းတွင်ဖြစ်သည်။
 ဆောင်းမနက်ခင်းများတွင် ဆရာတော်နှင့် တကွ ကျောင်းရှိ ကိုရင်၊ ကျောင်းသား၊ ကပ္ပိယမကျန် 
ဆန်ပြုတ်ပြုတ်ပြီးသောက်ကြရသည်။ အအေးဓာတ် သက်သာစေသလို ၀မ်းကောင်းသည်ဟု ဆရာတော်က မိန့်သည်။

ဆန်ပြုတ်ကို ကပ္ပိယကြီးက အမြဲတမ်းပြုတ်သည်။
ငယ်စဉ်ကတည်းကပင် ညီဖြစ်သူ ရွာဦးကျောင်း ဆရာတော်ကိုစောင့်ရှောက်လာသော ကပ္ပိယကြီးသည် ညီငယ်ဖြစ်သူ ဘုန်းကြီးကျောင်းထိုင်ရာဤရွာလေးသို့ပင် လိုက်ပါခဲ့ရသည်။
တစ်နှစ်တစ်ခါရွာပြန်သည် ကိုတော့တွေ့ရသည်။

အရေးထဲ ညနေပိုင်းက ထင်ခွဲမထားမိလို့ မီးတောက်ငြိမ်တယ်ကိုမရှိလှဘူး..၊
ပေးစမ်းပါကိုရင်ရ..၊ အဲဒီစာရွက်တွေ..
အနီးအနားတွင်ရှိသော စာရွက်အဟောင်များကို လှမ်းတောင်းသည်။
ကိုရင်သည်စာရွက်တစ်ချို့ကိုပေးလိုက်သည်။ တစ်ချို့စာရွက်ကို ဖတ်သည်။

ကပ္ပိယကြီး..၊
ဘုရား..၊
ဒီမှာ ဗေဒင်စာရွက်ဗျ..၊
အဲတော့ ဘာဖြစ်လဲ ကိုရင်ကလဲ..၊ ဒီမှာ မီးမတောက်ရတဲ့ အထဲ..၊
မဟုတ်ဘူးဗျ..၊ ဒကာကြီး ဘာနေ့သားလဲ ဒီမှာရေးထားတာ ဖတ်ပြမယ်။
ကိုရင်သည် အမှိုက်ပုံတွင်ပါလာသော မီးထဲ့မည့် စာရွက် အဟောင်းပုံ အကြားမှာ နှစ်ချို့ ဗေဒင်ဟော စာတမ်းကိုကိုင်လျက်ဖြင့် ပြောသည်။

အဲ..၊ အဲလိုလား..၊ အင်း..နေပါဦး..တပည့်တော်က ဘာနေ့သားဆိုတော့..
အာ..ဟုတ်ပြီ..
ကြာသပတေးသားဘုရား..၊
ကဲ ဖတ်စမ်းပါဦး..၊
အများနှင့် ပေါင်းစပ်လုပ်ရသော အလုပ်များ အဆင်မပြေဖြစ်တတ်သည်တဲ့ နော် ဒကာကြီး၊
အင်းပါ ၊ ဆက်ဖတ်စမ်းပါ။
မမျှော်လင့်ပဲ အကြွေးတောင်းခံရတတ်သည်တဲ့..၊
ကပ္ပိယကြီး မေးကိုပွတ်လျက်စဉ်းစားသည်။

နောက်တော့ကောဘုရား...
အမြတ်တနိုးထားသော ပစ္စည်း ခဏပျောက်တတ်သည်။
မှန်လိုက်တာကိုရင်ရယ်..၊
တပည့်တော် ဆေးတံအိုးပျောက်နေတာ၊ တော်သေးတယ်၊ ခဏဆိုလို့..၊

နောက်ဆက်ဖတ်စမ်းပါဦးဘုရား...
အကြီးအကဲက အထင်လွဲပြီး အဆူအငေါက်ခံရတတ်သည်.ဗျာ..
အင်း..ဒါကတော့ ကိုယ်တော်တို့ ဘုန်းကြီးရှိမှာပဲဘုရား။
ဤသို့ ဆရာ ဒကာ ဟောစာတမ်းအဟောင်းကို ဖတ်ရင်း အတိုင်အဖောက်ကျနေကြသည်။
ဆောင်းလေ တစ်ချက်ဝှေ့တိုက်သည်။

ရောဂါနေနဲ့ ခါးနာတတ်သည်တဲ့။
အင်း မှန်တယ်ကိုရင်ရဲ့ ဟောချက်ကတော့..ဒက်ထိပဲ..၊

ဆက်ပါဦးကိုရင်..၊

အင်း ဒီမှာ....

ရုတ်တရက် ငယ်ချစ်ဟောင်းနဲ့ ပြန်လည်ဆုံတွေ့ရတတ်သည်တဲ့ ကပ္ပိယကြီးရ..၊
ဟင်..၊ အင်း ရှေ့ဟောစာတမ်းတွေဘယ်လောက် မကောင်းကောင်းဘုရား၊
အဲဒီဟောချက်လေးနဲ့တင် တပည့်တော် ပျော်ပါတယ်ဘုရား၊

မီးဖိုပေါ်က ဆန်ပြုတ်အိုး အနံ့သင်း၍ မွှေးလေပြီ။
ရောင်နီးဦးသည် နီရဲလာပြီ။

အဲ ယတြာဆက်ဖတ်ဦးမယ်နော် ဒကာကြီး..၊
တင်ပ၊ တင်ပ ကိုရင်..ဟောစမ်းပါဦးဘုရား...

မိမိမွေးနေ့တွင် ကြိုက်နှစ်ရာပန်းကို သက်စေ့ထား၍ ဘုရားတင်လှူပူဇော်ပြီး လိုရာဆုတောင်း ပါတဲ့ဗျ..။
ဟောစာတမ်းက ယတြာအခန်းဖြင့် အဆုံးသတ်လေပြီ။

“ခရေပန်း အပွင့်ခြောက်ဆယ် ဘယ်နားများ ရနိုင်မယ်မသိနော်..၊ တတ်နိုင်ဘူး၊ လိုက်ရှာရမှာပဲ..”

ကပ္ပိယကြီးတိုးတိုးရေရွတ်နေသည်။
အုံးမောင်းခေါက်သံ တအုံးအုံးဖြင့် ကိုရင်ငယ်များ ဆွမ်းကျောင်းဆီသို့ တန်စီလျက် ကြွလေပြီ။
..............
မှတ်ချက်။ တစ်ချိန်က ကပ္ပိယကြီးသို့ အမှတ်တရ......