Pages

Sunday, April 28, 2013

ချင်းတွင်း သိပါသည်



ချင်းတွင်းမြစ် အစတည်ရာ

ညနေခင်းသည် အရောက်မြန်သည်။ အမှောင်သည် ချက်ချင်းလိုလိုရောက်လာသည်။
နှင်းမြူတို့သည် တောကျောင်းလေးဝန်းကျင်ကို လွှမ်းခြုံထားသလိုရှိသည်။ 

ဒကာကြီးတို့ရွာက ရှေ့ဘုန်းကြီး အပြောင်း၊ နောက်ဘုန်းကြီး အရောက်ဆို အခြေအနေစောင့်ကြည့်တာ သုံးလလောက်ကြာတယ်လို့ သိရပါတယ်။ ဦးဇင်းကိုတော့စောင့်ကြည့်မနေပါနဲ့။ ဘာသာရေးနဲ့ သက်ဆိုင် တဲ့လုပ်ငန်းများကို ပြောပါ။ ဦးဇင်းတို့ကလည်း နှစ်နှစ်တာဝန်နဲ့လာခဲ့ကြရတော့ အချိန်ကုန်ခံလို့ သိပ်မဖြစ်ပါဘူး။

အစည်းဝေးရောက်လာသော နာဂလူမျိုးများသည် တစ်ရောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စကား အဆိုပဲ တူညီချက်တစ်ခုရကြဟန်ရှိသည်။

အခုဒီပဒူးမုန်းရွာမှာ နှစ်စဉ်တပေါင်းလပြည့်ကျော်ဆို ဘုရားပွဲရှိကြောင်း ဗဟိုကျောင်းက သိခဲ့ရပါတယ်။ ဒီအတွက်လဲ ခပ်စောစောကတည်းက အလှူခံ ကိစ္စဆောင်ရွက်ကြရတယ်လို့ အကြမ်းဖျင်း သိခဲ့ပြီးပါပြီ။ ဒီတော့ အရင်နှစ်တွေက ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာ သိဖိုလိုတယ်ဗျ။

ပြီးတော့ လူပုဂ္ဂိုလ်သာသနာပြုဆိုပြီးခန့်ထားတာရှိတယ်။ ဘယ်သူလဲတော့ မသိဘူးပေါ့။ သူနဲ့တိုင်ပင် ပြီး လုပ်ရမယ်လို့ ပြောလိုက်ပါတယ်။ အခုချိန် အထိ ရွာသူရွာသား နာဂများသည် ငြိမ်နေတုန်း ရှိသည်။ နေရာပြောင်းထိုင်ပြီး တောင်ကြည့် မြောက် ကြည့်ဖြစ်နေကြသည်။

တင်ပ..၊

ထိုစကားဆိုလာသူကား အစည်းဝေး ရှေ့ဆုံးနားက ထိုင်သည်။ မိမိကို စကားမပြောသေးခင် နောက်ကို လှည့်ပြီး နာဂစကားဖြင့် အနည်းငယ်ပြောလိုက်သည်။ တိုင်ပင်နေဟန်ရှိသည်။ 

အရင်ဘုန်းဘုန်းတုန်းကတော့ ရောက်ပြီးသိပ်မကြာပါဘူး၊ ဘုရားပွဲကိစ္စ အတွက် လုပ်ငန်းစတင်ပါ တယ်။ အခုတော့ အဲဒီဆရာတော်က ဘွဲ့ယူဆင်းနေလို့၊ နောက်ရောက်လာမယ့် ဦးဇင်းကို တပည့်တော်တို့နဲ့ တိုင်ပင်ပြီး အလှူခံ စနှင့်ပါလို့တော့ ပြောသွားပါတယ်ဘုရား။

အော် ဟုတ်ပြီလေ။ လုပ်ငန်းရှိနေတာပဲဟာကို။
ဒါနဲ့ ဒကာကြီးနာမည်က ဘယ်သူတုန်း၊

တပည့်တော်နာမည်ကြီး မြန်မာလို ဦးကျော်လွင်၊ နာဂလို ကျီးမိုးပါဘုရား၊ လူပုဂ္ဂိုလ် သာသနာပြုပါဘုရား။
ဟုတ်ပြီလေ။ ဒကာကြီးတို့နဲ့ လက်တွဲပြီးလုပ်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒီတော့ အရင်နှစ်အတွေ့ အကြုံနဲ့ ပြန်လည်ပေါင်းစပ်တိုင်ပင်ပြီး ဒီနှစ်ကိစ္စ မကြာခင် စလိုက်ရအောင်ပေါ့ဗျာ။

ဦးကျီးမိုးသည် နာဂလို နောက်ပြန်ပြောလိုက်၊ မိမိကို မြန်မာလို ဘာသာပြန်ပြောလိုက်ဖြင့်။ နောက်သိပ် မကြာမီ အဖြေရလိုက်သည်။ တပေါင်းလဘုရားပွဲကို နတ်တော် လပြည့်ကျော်မှစတင်ကာ မြစ်ဆိပ်တွင် အလှူခံကြရမယ် ဖြစ်ကြောင်းဆုံးဖြတ်ချက်ချသည်။

..ဟုတ်ပြီဗျာ။ ဒါဆိုရင်တော့ လုပ်ငန်းစဖို့သေချာနေပါပြီ။

မနက်ကျတော့ ဦးဇင်းကို မြစ်ဆိပ်လိုက်ပြီဦးပေါ့။ မဏ္ဍပ်ဆောင်ရမယ့် နေရာကြည့်ရင် ချင်းတွင်းကို လည်း ကြည့်ကြတာပေါ့ဗျာ။

 ချင်းတွင်းမြစ်ကမ်းက ဘဝ

နောက်နေ့မနက် နှင်းမစဲသေးမီ ဦးကျီးမိုးကျောင်းရောက်လာသည်။ နာဂဆောင်းဒဏ်သည် သူ့အတွက် မမှုလောက်ထင်ရပေမယ့် မိမိအတွက် အနည်းအငယ်ခက်နေသည်။

ဒကာကြီး အေးသေးတယ်ထင်တယ်နော်။
ကျောင်းပေါ်မှ လှမ်းပြောလိုက်သည်။

မှန်ပါ၊ ခန္တီးစုန်တဲ့မော်တော်တောင် စုန်ဆင်းသွားပြီဘုရား။ ရှစ်နာရီကျောက်နေပါပြီ။
နေရောက်မမြင်ရလို့ စောနေသည် ထင်ရသော်လည်း မနက်ခင်းကိုးနာရီထိုးလုလုဖြစ်နေသည်ကို အခုမှ သတိထားမိသည်။ ချမ်းချမ်းစီးစီပင် ကျောင်းအောက်သို့ဆင်းခဲ့သည်။ 

ထို့နောက် ဦးကျီးမိုး နောက်မှ အသာ လိုက်ခဲ့သည်။ ကုန်းဆင် ကုန်းဆက် များကိုဖြတ်ကျော် လိုက်တော့ နှင်းငွေ့တွေ တလူလူဖြင့်  ဖြူဖွေးနေသော ကွင်းပြင်ကျယ်ကြီးကို မြင်ရသည်။

အဲဒါချင်းတွင်းမြစ်ပါဘုရား။ နှင်းတွေပိတ်နေလို့ မမြင်ရတာပါ။
အော်..
နှင်းသည် မြစ်ကြောင်းကို မမြင်ရလောက်အောင်ထူထပ်နေသည်။
နေပါဦး၊ ဒကာကြီးက ဒီရွာရဲ့ လူသာသနာပြု လို့သိရပါတယ်။ ဦးဇင်းကိုလာကြိုဖို့ စာလှမ်းရေးတာ သုံးခါရှိတယ်။ ဘယ်သူမှလည်း လာမကြိုကြပါလား။

စိတ်ထဲ ခပ်ချဉ်ချဉ်ဖြစ်နေသာ အကြောင်းကိုပြောမိသည်။
ဇီးပင်အုပ်အုပ်လေးကို ကျော်လိုက်မိမှန်း ဇီးပန်းရနံ့ကြောင့်သိလိုက်ရသည်။ 
အသာမော့ကြည့် လိုက်တော့ နှင်းသီးတွေ ပုလဲလိုဥနေသည်။ နေရောင်ဦးတွင်ဖွေးဖွေးတောက်လို့ပါ။

တပည့်တော် ၊ ရွာမှာ မရှိဘူးဘုရား။ မကျန်းချောင်းကို ပလွန်ကျောက်သွားတူနေလို့။ စာလာတာ မသိလိုက် တာပါဘုရား။ တပည့်တော်လက်ထဲစာရောက်တော့ ဘုန်းဘုန်းလဲ ကျောင်းရောက်နေပါပြီဘုရား။

ဤသို့ပြောရင်း မြစ်ဆုံနားရောက်လာသည်။

ဘုန်းဘုန်းဒီမြစ်ကို တနိုင်းချောင်းလို့ခေါ်ပါတယ်။ ချီဗွေယန်ဘက်ကနေစီးလာတာပါ။
ဟိုဘက်ချောင်းကတော့ နတ်မျှော်ချောင်းလို့ခေါ်ပါတယ်။ တပည့်တော်တို့ ပလွန်ကျောက်သွားတူ တဲ့ ချောင်းပေါ့။ ဒီချောင်းနှစ်ခုဆုံတော့ ချင်းတွင်းမြစ်ဖြစ်တာလာပါ။ 

တပည့်တော်တို့ရွာလေးက ချင်းတွင်း စပြီးဖြစ်နေတဲ့ရာမှာ တည်ထားလို့ ပဒူးမုန်း ၊ မြန်မာလို့တော့ မြို့ တံခါးဝလို့ ပြောကြပါတယ်။ ချင်းတွင်းကို စုန်မယ်ဆိုရင် တပည့်တော်တို့ရွာလေးက အစဆုံးတွေ့ကြရ လို့ခေါ်ကြတာပါဘုရား။ 

မြစ်ဆုံးတွင် အရောင် မတူ ရေးနှစ်မျိုးတို့ ဝေ့လည်လည်ဖြစ်နေသည်။ မြစ်ဆုံတွင် နေရောင်ခြည် တို့ဖြာ ဆင်းနေသည်။ မြူးနှင်းတို့လည်းဝေနေသည်။

မြစ်ပြင်ကျယ်လည်း နှင်းကွဲ စပြုနေပြီ။ တစ်ဘက်ကမ်းချောင်ဖျားတွင်ကား မြူလိုလို နှင်းလိုလို တို့ဝေ နေဆဲရှိသည်။


ထိုအခိုက်

..ဟေး...အပါး ...အပိုး.
ဟု ခေါ်သံကြားရသည်။

ဒကာကြီးဘယ်သူတွေလဲဗျ။

တပည့်တော်တို့ရွာသူတွေပါပဲဘုရား။ တပည့်တော်လိုကျောက်တူသွားကြတာပါ။ သူတို့လည်း အဆင် မပြေတော့ ပြန်လာကြတာပါဘုရား။ 

ဟိုဘက်ကမ်းက သူတို့ သိပ်မကြာလိုက်ခင် ဒီဘက်ကမ်းကိုကူးလာကြသည်။
အော်..ဟုအံ့ရလောက်အောင်ပင် ချောမောကြသော နာဂပျိုဖြူများဖြစ်ကြသည်။

သူတို့က..ဒကာကြီး..ဘာ..ဘယ်လို..။
ရှေ့မည်သို့ ဆက်ရမည် မသိသဖြင့်....။ 

ဒီလိုပါဘုရား၊ ဒါက တပည့်တော်ရဲ့သမီး အင်ဆန်းပူ၊ သူကလည်း တပည့်တော် သမီး အေးကြည်ပူပါ၊
သူကတော့ မြန်မာလို့ယဉ်နွဲ့၊ နာဂလိုတော့ အရွန်တဲ့။ ဒါက သူ့ညီမ အင်ဒမ်းပါဘုရား။
ဦးကျီးမိုးမိတ်ဆက်ပေးသော်လည်း စကားပြန်မပြောကြပါ။ ရိုသေးလေးစားဟန်တော့ အပြည့်ရှိကြ သည်။

နဖူးကိုနောက်ကနေသိုင်းချည်ထားသော ပလိုင်းတောင်နှင့်မို့ တောင်တန်းသူ ဟန်ကားပေါ်လွင်သည်။
ဆောင်းတွင်းဖြစ်ပေမယ့် နဖူးတွင်းချွေးများကိုယ်စီစို့လျက်ရှိသည်။ အလှကိုယ်စီလည်းရှိကြသည်။


ကဲ..၊ တပည့်တော်တို့လဲ သူတို့နဲ့ အတူတူရွာပြန်တက်ရအောင်ဘုရား။
ဘုန်းဘုန်းလဲ ချင်းတွင်းအကြောင်းသိရပြီပဲ။ လုပ်ငန်းကတော့ နောက်နေ့မှစကြာတာပေါ့ဘုရား။

ချင်းတွင်းဟု စတင် သိလိုက်ချိန်သည် သောက်ပြင်တွင်မြူနှင်းတို့ စဲစ၊ 
လေနုအေးတို့ သုတ်ဖြူးစ။ ချင်းတွင်းမြစ်ကြောင်း၏ အကွေ့အ၀ိုက်တို့ ပီပြင်စ။ 
တောင်တန်းသူ နာဂပျိုဖြူတို့ ဖူးသစ်စ ဖြင့် လှနေတော့သည်။ 
ချင်းတွင်းကား ငြိမ့်ငြိမ့်ညင်သာ စီးဆင်းလျက်သာ။ 


Monday, April 15, 2013

နှစ်ဆန်း ချိန်




နှစ်ဆန်းချိန်ခါ မင်္ဂလာ သာယာချမ်းမြေ့ရှိပါစေ။
 အဟောင်းခွါလှစ် အသစ်ဖြစ် စိတ်ညစ်ပယ်စွန့်နိုင်ပါစေ။
 ကိုယ်စိတ်နှစ်ဖြာ နှစ်သစ်မှာ ကျမ္မာ ချမ်းသာရှိပါစေ။
 အတ္တပရာ ကျိုးနှစ်ဖြာ တိုးကာဆောင်ရွက်နိုင်ပါစေ။
 နှစ်သစ်ရယ် ပျို မြတ်ကုသိုလ် ဆင့်တိုးဆောင်ရွက်နိုင်ပါစေ။



နွေ ပိတောက်





အခါကနွေ
လေပြေကသုတ်ဖြူး
မိုးပြေးလေး ဆွတ်ကာဖြန်းတော့
ပန်းပိတောက်တွေဖူး။
မြူးကြွတဲ့ တေးသံ

သံစာစာဟစ်ကြူး
ရင်တွင်းကိုရိုက်လာခတ်တယ်
သင်္ကြန် အတာထူး။


Tuesday, April 9, 2013

ဦးဇင်း ကျွဲပျောက်


တပေါင်းလေ အနော့တွင် ကန်ရေပြင်သည် ပြေပြေလေးဆော့နေသလိုရှိသည်။
ကန်ရိုးတစ်ဘက်ရေစပ်စပ်ရိုးပြတ်တောတွင် ကျွဲလေး ငါး ခြောက်ကောင် ညွံလူးလျက်တစ်မျိုး၊
ရေစိမ်လျက်တစ်ဖုံဖြင့် နွေနေအပူကို ရေကူနေကြသည်။ နေရှိန်ကြောင့် စိမ်း ပြာ ညိုညို ပန်းဗေဒါစိုစိုတို့
အရောင်လက်ပြီး လှိုင်းစီးနေကြသည်။ မန်းကျည်ပင်ရိပ်တွင် ဦးသုမနရှိနေသည်။

လယ်တောနှင့် ဘုန်းတော်ကြီးကျောင်းကို မန်းကျည်းပင်တန်းကြီးက အကြားခံထားသည်။
လယ်တောသည် အဖေ့လယ်တော၊ ဘုန်းကြီးကျောင်းကား ဦးရီးတော် ထိုင်သည့် ကျောင်း၊
တပေါင်းလေကြောင့် အဟောင်းတို့ အသစ်ဖြစ်ချေပြီ..။

"အင်း..ငါ့ ကျွဲတွေရေမျောကုန်တုန်းကလဲ ဒီလောက်များမယ်ထင်တယ်"

ဦးသုမနတိုးတိုးလေးရေရွတ်နေသည်။


……………………….

ဦးကြီးဘုရား၊ တပည့်တော်ကို ကယ်ပါဦးဘုရား။
ပြီးတော့ တပည့်တော်ကိုရင်ဝတ်ပါရစေဘုရား။
မင်းဟာက အရင်းမရှိ၊ အဖျားမရှိ ဘာတုန်းထွန်းအံ့၊

ဆရာတော်ကား တူဖြစ်သူကို သေချာကြည့်ပြီး မိန့်တော်မူသည်။
ထွန်ူအံ့ကားချွေးတစ်လုံးလုံးဖြင့် ဟောဟဲဆိုက်လျက် ..။

တပည့်တော် ကျွဲတွေ မြောင်းထဲပါပြီး ပြွန်ပေါက်ထဲပိတ်မိလို့ သေကုန်ပြီထင်တယ်ဘုရား။
အဲဒါ အဖေလိုက်လာပြီး တပည့်တော်ကို ရိုက်တော့မယ်ဘုရား။
တပည့်တော်ကိုရင်ဝတ်ပါရစေဘုရား။
အေ ..၊ မင်းဟာကကွာ၊ ဟုတ်သေးပါဘူး။
………………….
…………………….

အေး ..။ မင်းအဖေငါ့ညီအကြောင်းငါသိတယ်။ ဒီကောင်စိတ်တိုတတ်တယ်။
မင်းမြင်နေရင် စိတ်ဆွပေးနေသလိုရှိရော့မယ်။
သွားသွား၊ ကျောင်းပေါ်တက်နေလိုက်ဦး။
……………………

ဦးဇင်း၊ ထွန်းအံ့လာသလားဘုရား၊
ဆရာတော်ကား အေးဆေးတည်ငြိမ်စွာဖြင့်..
မင်းမြင်လို့လားဟ၊ ငါ့ဆီလာတာ။
ဦးဇင်းဆီ မလာရင် ဒီကောင်းဘယ်သွားမလဲ၊ တပည့်တော်သိတယ်။
ဒီကောင်ကြောင့် တပည့်တော် ကျွဲခုနှစ်ကောင် ပြွန်ပေါက်ထဲပါပြီးသေကုန်ပြီဖျာ့။
အဲတော့ မင်းက ဘာလုပ်ချင်တာတုန်း…။
ဒီကောင်တော့ သေရအောင်သာပြင်ထားပေတော့ပေါ့ဘုရား။
ဟေ့ကောင်၊ ဒါဘုန်းကြီးကျောင်းနော်။ မင်းသတိထားဦး။
ငါ့ဆီလာတာပေါ့။ အခုကိုရင်ဝတ်မယ်လို့ ပြောနေတယ်။
မင်းဆီပြန်လာမှာလဲ မဟုတ်သေးတော့။ ကိုရင်ဝတ်ပေးထားတာကောင်းပါတယ်။
ဒါကတော့ ဦးဇင်းသဘောပဲ၊ အိမ်ပြန်လာရင်တော့ မှတ်လောက်သားလောက် ဆုံးမရမှာပဲဘုရား။
အကိုဦးဇင်းကို ဒေါသများဖြင့် လျောက်ထားနေလေသည်။

မင်းက ရိုက်တော့ရော မင်းကျွဲတွေက ပြန်ရှင်လာမှာမို့လား။
ထွန်းအံ့ အဖေဘာမှ မပြောသာသဖြင့် အကိုဦးဇင်းကို ပုဆိန်ပေါက်သလို ဦးချပြီး ရွာထဲပြန်လေ၏။


ထိုညနေ ထွန်းအံ့ ကိုရင်ဝတ်သည်။ အိမ်မပြန်လိုသဖြင့် မြို့သို့ စောစောတက်သည်။
ရွာမပြန်ခဲ့ပဲ စာများသင်သည်။ စာတွင်သာစိတ်စိုက်ထားသည်။ အတိတ်ကို မတွေးချင်။ အဖေ့ကိုမြင်ယောင် လွန်း၍ဖြစ်သည်။

ခြောက်ဝါ ခုနှစ်ဝါ အတွင်း အထက်တန်း စာမေးပွဲများကို အောင်မြင်သည်။ သီတင်းကျွတ်ကာလများတွင် ရွာသို့ ပြန်လာသော်လည်း ဒကာကြီးကို အသိ မပေး။ အဟောင်းတွေ အသစ် မဖြစ်စေလိုသည့် သဘော ရှိပေမည်။

ဦးရီးတော် ညွှန်ကြားချက်အရ ပလ္လင်တက်ရသည်။ တရားကိုလိမ့်ပတ်လည်အောင်ဟောတတ်သည်။
ဦးထွန်းအံ့ အဖေသည် သားပြန်လာတိုင်း ကျောင်းသို့ရောက်သည်။ သားဦးဇင်းဟောသော တရားများကို နာယူသည်။ 
ကြည်နူးမှုများဖြင့် ပြုံးနေတတ်သည်။ သို့သော် သားဦးဇင်းကို ကောင်းကောင်း စကားပြောခွင့် 
တစ်ခုသော တရားဟော အပြီးတွင် ဦးဇင်းထွန်းအံ့သည် ကျောင်းခေါင်းရင်းရှိ လယ်ကွင်းများကို ကြည့်နေ သည်။


ပန်းဗေဒါတို့ လေယူရာယိမ်းလျက်၊
ခပ်လှမ်းလှမ်းတွင် ကျွဲတစ်အုပ် အစာစားလျက်၊
ကျွဲကျောင်းသား၏ စားကျက်လွန်ကျွဲများကို အော်ငေါက်လိုက်သံသည်
ဦးဇင်းထွန်းအံ့ကို အတိတ်ကမ္ဘာမှ လက်ရှိပစ္စက္ခသို့ ဆွဲယူလိုက်သလိုရှိသည်။

"အော်…၊ ကြာတောင်ကြာခဲ့ပေါ့။ ဒကာကြီးစိတ်ဆိုးပြေလောက်ပြီထင်ပါတယ်လေ"

တိုးတိုးလေးရေးရွတ်ရင်း ကျောင်းသို့ ပြန်ရန် နောက်သို့ အလှည့်တွင် …
ဦးဇင်း..၊ တပည့်တော်လေ၊ ပြွန်ပေါက်ထဲပါပြီ သေကုန်တဲ့ ကျွဲတွေကို ကျေးဇူးတင်လိုက်တာဘုရား။
အိမ်လဲကြွပါဦးဘုရား။ ဦးဇင်းမယ်တော်ကြီးလဲ စောင့်နေတယ်။

ဘယ်အချိန်ကရောက်နေမှန်းမသိသော ဒကာကြီးသည် သားဦးပဇင်းကို ငေးလျက် လျောက်ထားသည်။

ထိုညနေ၏ တိမ်တောက်နေပုံသည် အလွန်လှသည်။
ဆယ်ဝါရလုလုဦးဇင်းထွန်းအံ့ အမူအယာသည် အလွန်နုပျို၍ သွက်လက်နေလေသည်။
ဒကာကြီးကားသားဦးပဇင်း နောက်တော်ပါးက လိုက်ပါလျက် ရွာသို့ ၀င်နေသည်။

ခင်မင်ရင်းနှီးသူများက ဦးဇင်းကျွဲပျောက်ဟု ခေါ်လိုက်တိုင်း ဦးသုမနသည် ရွယ်ငယ်နုပျိုသော အပြုံး 
ဖြင့် ပြုံးနေလေ့ရှိသည်။