ဦးကုသလသည်ငယ်စဉ်ကိုရင်ဘ၀ကပင် ဘုရားရှင်ကို အထူးကြည်ညိုသည်၊ ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး သာမက ဘုရားရှင်နှင့်ဆိုင်သော ဝေယျဝစ္စကို ခိုင်းရသည်မရှိ၊ မိမိ အသိစိတ်ဖြင့်ပြုလုပ် ဆောင် ရွက်သည် ချည်းဖြစ်သည်၊ ဆရာသမားများကလဲ ချစ်ကြသည်၊ ကိုရင်ကုသလသည် ဘုရားရှိခိုးဝတ်ပြု လျှင်လည်းငြိမ် ငြိမ်အေးအေးရှိသည်၊
ဆရာသမားပို့ချပေးသော စာဝါများကိုလည်း ဘုရားရိပ်ကဲ့သို့သော ဆိတ်ငြိမ်အေးချမ်းသောနေရာ မျိုးတွင် ကျက်မှတ်လေ့လာသည်၊ ဘုရားအာရုံဖြင့် ထုံးမွှမ်းထာသောကြောင့်လည်း အပြောအဆို ညင်သာသိမ်မွေ့ သည်၊ ဘုရားဝတ်တက်အပြီးတွင် ဆရာတော်မိန့်သော သြ၀ါဒများသည် နူးညံ့သော နှလုံးသားပိုင်ရှင် ကိုရင်ကုသလရင်ထဲသို့ရောက်သည်၊
‘ကိုရင်တို့၊ တို့ဘုရားက တို့များ အခုလိုငြိမ်ငြိမ်အေးအေးနဲ့နေထိုင်ပြီး စာပေကျမ်းဂန်သင်ယူလေ့လာ ခြင်း၊ သင်လို့သိလာရတဲ့ အသိများနဲ့ လောကကြီးကို အလှဆင်နိုင်အောင် သတ္တ၀ါများ ဆင်းရဲဒုက္ခ ကနေလွတ်အောင် ဘ၀ပေါင်းများစွာပေးဆပ်ခဲ့ရပါတယ်၊ ကိုရင်တို့လဲ အသိသားပဲ၊ တို့ဘုရားက အလောင်းတော်သုမေဓာဘ၀ကတည်းက သတ္တ၀ါအများကို မသနားရင် ကိုယ်လွန်ရုန်းပြီး နိဗ္ဗာန်ကူး နိုင်တဲ့ အခွင့်ထူးကြီးရသားပဲ၊
ဒါပေမယ့် ယောင်္ကျားမြတ်တို့လုံ့လအားနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ် သိန်းများတောင်ပါရမီတော်တွေ ကို ဖြည့်ဆည်းခဲ့ရပါတယ်၊ ပါရမီဖြည့်လို့ ပါရမီတော်တွေပြည့်ပြီဆို တော့ ဘုရားဖြစ်၊ ဘုရားဖြစ်တော့ကော နားရတယ်မရှိခဲ့ဘူး၊ သတ္တ၀ါတွေငြိမ်းအေးစေဖို့ဟောလိုက် ပြောလိုက်ရ တာသက်တော်ရှစ်ဆယ်တိုင်တဲ့ အထိပဲမို့လား၊
ကိုရင်ကုသလစိတ်တွင် ဘုရားရှင်ကိုမြင်ယောင်လာသည်၊ ဆွမ်းကပ်၊ ပန်းကပ်စသော ကုသိုလ်ထူးများ ကိုလည်း ယခင်ကထက်ပိုမိုပြုလုပ်လာသည်၊ ပိုမိုတည်ငြိမ်လာသည်၊ ဘုရားရှင်ကို ကြည်ညိုရ တိုင်းကြည်နူးနေတတ်သည်၊
တစ်နေ့သော် ဆရာတော်မှ ကိုရင်ကုသလကိုခေါ်လေသည်၊
‘ကိုရင်ကုသလ မင်းက သာသနာတော်မှာ အနေမြဲမယ့်ပုံရှိတယ်၊ အဲတော့ဘုရားရှင်ကို ပိုပြီးကြည်ညို တတ်အောင် ဘုရားရှင်စကားတော်တွေကိုပိုသိရအောင် မန္တလေးမြို့တက်ပြီး စာသင်ရဦးမယ်လို့ ငါယူဆတယ်၊ အဲဒီတော့မင်း မန္တလေးတက်စာသင်ရအောင် ပြင်ဆင်ပေါ့ကွာ’၊
ဘုရားရှင်ကို ပိုမိုကြည် ညိုနိုင်အောင်ဆိုသော ရည်ရွယ်ချက်ဖြင့် ကိုရင်ကုသလမြို့တက်ခဲ့ပြီ၊ ဘုရားရှင်ကို ကြည်ညိုရင်းဖြင့် ကိုရင် ကုသလစာတွေသင်ယူလိုက်တာ ရဟန်းဘောင်မတက်ခင်ပဲ ပထမကြီး တန်း အောင်မြင်လေသည်၊
ငယ်ဆရာတော်ကြီးမှာ တပည့်တစ်ယောက်ထွန်းပေါက်မယ့် အရိပ်အယောင်တွေ့မြင်ရလို့ပြုံးပြုံးဖြင့် ဂုဏ်ယူမဆုံးရှိနေသည်၊ ရဟန်းဘောင်တက်၊ သိမ်ကထွက် လို့ အနုမောဒနာပြုတော့…ဥပဇ္ဈာယ်ငယ်ဆရာ က..
‘မောင်ကုသလရေ သင်လို့ တတ်ခဲ့ပြီ၊ တတ်နေလို့မပြီးသေးဘူး၊ ကျင့်ဆောင်နိုင်အောင်ကြိုးစားရဦး မယ်၊ ဒါမှ ဘုရားရှင်မိန့်တော်မူတဲ့ ‘ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ’ဆိုတဲ့ စကားတော်နဲ့ ညီမယ်နော်..၊
ထိုနေ့ဦးကုသလရင်ထဲအသိတစ်မျိုးတိုးသည်၊ ဘုရားရှင်ကိုကြည်ညိုနေရုံသက်သက်ဖြင့် အလိုတော် မကျသေးကြောင်း၊ သိသည့်အတိုင်းကျင့်နိုင်မှ ဘုရားရှင်အလိုတော်နဲ့ကိုက်ညီမည်ဖြစ်ကြောင်းသိရ သဖြင့် ၀မ်းသာနေမိသည်၊
ဤသို့ဖြင့် ပရိယတ္တိ-သင်ယူခြင်းနဲ့၊ ပဋိပတ္တိ-ကျင့်သုံးခြင်းကို ညီမျှအောင် ပြုနိုင်ဖို့ ကြိုးစားတော့သည်၊ ယခင်နှစ် များကသီတင်းဝါလကျွတ်လျှင် ရွာပြန်သည်၊ နောက်နှစ်များတွင် ဦးဇင်းကုသလရွာမပြန်တော့၊ ရွာပြန်မည့်အစားရိပ်သာဝင်ပြီး ပဋိပတ်လုပ်ငန်းဖြင့် မွေ့လျော်ရင်း တရားရှာသည်၊
တစ်ဘက်ကလဲ ဓမ္မာစရိယတန်းကို ထူးထူးချွန်ချွန်အောင်မြင်သည်၊
တစ်ဘက်ကလဲ ဓမ္မာစရိယတန်းကို ထူးထူးချွန်ချွန်အောင်မြင်သည်၊
စိတ်ဖြင့်သာကြည်ညိုနိုင်ခဲ့သော ဘုရားရှင်ကိုတရားဓမ္မဖြင့် အမြင့်မြတ်ဆုံးပူဇော်ချင်စိတ်များ တဖွားဖွား ပေါ် လာသည်၊ ငယ်ဆရာရှင်မိန့်လိုက်သော ‘ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ’ဆိုသော စကားကို မကြာခဏရွတ်နေမိသည်၊ ရင်တွင်အေးချမ်းလှသည်၊ တရားမြင်မှငါဘုရားကိုမြင်မည်တဲ့၊
နှစ် နှစ်မှ တစ်ခေါက်လောက် သာပြန်ဖြစ်သော မွေးရပ်မြေတွင် ဆရာတော်ကြီးကား တပည့်များကို သွန်သင်လျက်ပင်ရှိနေသည်၊ ဒကာ ဒကာမများကို တရားရေအေးဟောပြောပေးလျှက်ရှိသည်၊ ရွာသူ ရွာသားများအပြင် လေးငါးနှစ် အရွယ်ကိုရင်များမှသည် တောထွက်ကိုယ်တော်ကြီးများ အထိ နေ့စဉ် သွန်သင်လျက်ရှိသော ငယ်ဆရာတော် ဆီတစ်ခေါက်ပြန်ရောက်သည်၊
‘အဲ..ငါ့တပည့် မောင်ကုသလဖြင့် မလာတာကြာပေါ့၊ မင်းအကြောင်းကြားရတော့..ငါဖြင့် ၀မ်းသာလို့ မဆုံးဘူးဖြစ်တယ်၊ မောင်ပဇင်းမိဘများက ငါ့ကိုလာမေးသပေါ့ဗျာ၊ ငါပြောလိုက်ပါရဲ့၊ ဟဲ့ မင်းတို့ ဦးဇင်းက တရားအားထုတ်နေတာ၊ တရားအာရုံနဲ့နေနေတာ အေးချမ်းလှတယ်၊ မင်းတို့လဲ အကျိုးများ တယ်၊ စိတ်အနှောက် အယှက်မဖြစ်စေနဲ့ လို့ပြောထားရတယ်၊ အေး မင်းအခုလို ပရိယတ်လဲတတ်၊ ပဋိပတ်လဲ သိတော့..ငါ့ဖြင့် ဘယ်လိုပြောရမယ် မသိအောင်ဝမ်းသာလှသကွယ်’၊
ငယ်ဆရာ၏ မျက်ဝန်းတွင် နက်နဲသော အရိပ်နိမိတ်များပေါ်လွင်နေသလို ထင်မိသည်၊ အေးချမ်းနေ သ ယောင်လဲထင်မိသည်၊ ဘုရားဆောင်သို့ဝင်ရောက်သွားသော ငယ်ဆရာကို နောက်မှဖူးမြင်ရင်းရင်တွင်..
လို့ တွေးမိရင်း ဦးကုသလရင်တွင် မငိုရပါပဲလျှက် ရှိုက်နေ မိသည်၊
‘ငါလိုကိုရင်ဦးဇင်းငယ်တွေကို ငယ်စဉ်တောင်ကျေးကလေးဘ၀ကနေ စာပေသင်ပေး၊ အစားကြွေး၊ နေရာ စရာပေး၊ နောက်တော့.တပည့်များကို သင့်ရာပို့ဆောင်ပေးခြင်းဖြင့် လောက အကျိုး ဆောင်တော်မူသော ဆရာမြတ်ပါတကား’ ...
လို့ တွေးမိရင်း ဦးကုသလရင်တွင် မငိုရပါပဲလျှက် ရှိုက်နေ မိသည်၊
ရွာတွင် တစ်ပတ်ခန့်နေပြီးတော့ မြို့ပြန်တက်ခဲ့သည်၊ ပထမပြန်ဝင်ကြမည့် ကိုရင်ဦးဇင်း များကို စာပေ ပို့ချပေးရဦးမည်မို့လား၊ ဤသို့ဖြင့် ဦးဇင်းကုသလသည် တပည့်များအလည်တွင် စာချတော် သော ဆရာတော် အဖြစ်ရောက်ခဲ့ပြီ၊ တပည့်များကလဲ ချစ်ကြသည်၊
ဦးကုသလသည် စာချဆရာတော် ဖြစ်သည့်တိုင် ဘုရားပန်းကပ်သည်၊ တံမြက်လှည်းခြင်းဝတ် မှန်မှန်လုပ် သည်၊ မနက်ပိုင်းနှင့် ညနေပိုင်းများတွင် တရားရှုမှတ်သည်၊ ဤသို့ ဂန္ထဓုရ-စာပေပို့ချခြင်း၊ ၀ိပဿနာဓုရ- တရားအားထုတ် ခြင်းဖြင့် သာသနာတော်ကို ထမ်းဆောင်နေသည်၊
တစ်နေ့တွင် မွေးရပ်ရွာရှိငယ်ဆရာတော် အထံမှ စာရောက်လာသည်၊
‘မောင်ကုသလ ငါအသက်ကြီးပြီ၊ အများအကျိုးလည်း တတ်နိုင်သလောက်ဆောင်ခဲ့ပြီ၊ ကျောင်းကန် တပည့်၊ ဒကာ ဒကာမများနှင့် ဟောပြောရောထွေးမနေလိုတော့၊ မင်းပြန်လာခဲ့’၊
ငယ်ဆရာ၏ စာသည် ဤမျှသာဖြစ်သည်၊
သို့သော် ထိုမှစတင်ကာ မွေးရပ်မြေတောကျောင်းလေးတွင် ဦးကုသလကျောင်းထိုင်လိုက်ရသည်၊
လေးငါးနှစ်ရွယ် ကိုရင်ငယ်များမှသည် ရဟန်းကြီးများအထိ သွန်သင်ဆုံးမနေရသည်၊ ဒကာဒကာမ များ နှင့်ဟောပြောဆက်ဆံရသည်၊ အဆင်ပြေသည်လည်းရှိသည်၊ မပြေသည်လည်းရှိသည်၊
ဆိတ်ငြိမ်အေးချမ်းရာတောအရိပ်တွင် တိတ်တိတ် ဆိတ်ဆိတ်ရှိနေမည်ဖြစ်သော ငယ်ဆရာတော်ကို မှန်းရည်ဦးညွတ်မိတိုင်း ရွာဦးကျောင်း ဆရာတော်ဦးကုသလ မငိုရပါပဲလျှက် ရှိုက်နေမိတတ်သည်၊
နှုတ်အားဖြင့်လည်းကောင်း၊ အမြင်မျိုးစုံ၊ အတွေ့အကြုံမျိုးစုံဖြင့်လည်းကောင်း၊ ဆုံးမသွန်သင်တတ် သော ဆရာမြတ် အလင်းဓာတ် တွေ့ပါစေလို့ဆုတောင်းနေမိသည်၊
တပည့်များစွာဖြင့် နာမည်ကျော်နေသော ရွာဦးကျောင်းဆရာတော် ဦးကုသလသည် မိမိငယ်စဉ်ကလို ဘုရားကြည်ညိုတတ်သော တပည့်သာမဏေငယ်များကို ဘုရား ရှိခိုးနေသော တပည့်များ အကြားတွင် စူးစမ်းရှာဖွေနေတတ်သည်၊
တောရပ်တွင်တရားရှာကာ အေးချမ်းနေမည်ဖြစ်သော မြတ်ဆရာကို အားကျနေမိသည်။
ကျောင်းထိုင်ဆရာတော်ဦးကုသလ မငိုရပါပဲလျှက် ရှိုက်နေမိသည်၊
ကိုရင်များ၏ အမျှဝေသံသည် ကျောင်းလုံးညံနေတော့သတည်း။
No comments:
Post a Comment