Pages

Saturday, March 17, 2012

လောကထဲက အသိနဲ့ အရှိ



လောကတွင် လူအဖြစ်ရသော် လူများကြုံတွေ့ရမည့် သဘောများမလွဲ မသွေတွေ့ကြုံရမည်သာဖြစ် သည်၊ လူသားစင်စစ်မှ ဘုရားဖြစ်လာသော ဗုဒ္ဓဘုရားရှင်က လူတိုင်းတွေ့ကြုံရမည့် သဘော တရား များ ကို ဟောပြ လမ်းညွန်ထားသည်၊ ဗုဒ္ဓကိုယ်တော်တိုင်လဲ တွေ့ကြုံခဲ့ရသည်၊ ဘ၀ အသင်္ချေ အတွေ့ အကြုံ များဖြင့်   ပြန်လည်ဟောပြသော အခါတစ်ဘ၀ အမြင်ဖြင့်ဟောကြားထက် ပိုမိုပြည့်စုံသည်၊ ဗုဒ္ဓ တရားတော် များသည် လူသားနှင့် အနီးဆုံးဖြစ်သည်ဟု ဘာသာဝါဒကို လေ့လာဆန်းစစ် သူများ က ကောက်ချက် ချကြသည်၊

သောက ဒုက္ခများနှင့် ရင်ဆိုင်လာရသော အခါတုန်လှုပ်တတ်ခြင်းသည် တုန်လှုပ်တတ်သော သဘော ရှိသေးသော အမြင်မျိုး ရှိနေခြင်းကြောင့်ဖြစ်သည်၊ လိုခြင်မှုကြောင့် တုန်လှုပ်ရသည်၊ ပေးလိုက် ရခြင်း ကြောင့်လည်း တုန်လှုပ်ရပြန်သည်၊ တုန်လှုပ်ရုံသက်သက်မျှမက တော့ပဲ စိတ်တင် အစွဲထား လိုက် သောအခါ ထိုအစွဲဆွဲအားများကြောင့် ဘ၀အလှ၊ ဘ၀ရသများ ပျက်ပျယ်ရပြန်သည်၊ တနုံ့နုံ့ခံစား သည်၊

ဆင်းရဲပါသည်ဆိုသော သောကသဘောကို စေ့စေစပ်စပ် ရှုပြီးခံစားသည်၊ တုန်တုန်လှုပ်လှုပ်ခံစားခြင်း မျိုးဖြစ်သည်၊ ဗုဒ္ဓလမ်းညွှန်သည့် အရှိအတိုင်းသိရှိသော သဘောမျိုးပါသည့် ဒုက္ခသစ္စာကို ရှုခြင်းမျိုး မဟုတ် ပါ၊ ငါ့မှဖြစ်ရလေခြင်း၊ သူ့ကြောင့်ငါ ဖြစ်ရလေခြင်း ဆိုသော..သူနှင့် ငါ၏..အကြားရှိ ဆင်းရဲခြင်း သဘောကို ရှုခြင်းဖြစ်သည်၊ 
ရလာဘ်မှာကား ငါမှားတယ်၊ သူမှားတယ်ဆိုသော ကောက်ချက်မျိုး ထွက် တတ်သည်၊ သူနဲ့ ငါအလုပ် ရှုပ်နေခြင်းသည် လောကီ သဘောဖြစ်သည်၊

သူကြောင့်ဖြစ်တယ်ဆိုရင် လုံးဝမမှန်ဘူး၊ ငါကြောင့်ဖြစ်တယ်ဆိုရင် နည်းနည်းမှန်သေးတယ်၊ သူရယ်၊ ငါရယ်ကြောင့်မဟုတ်ပါဘူး၊ ဖြစ်တတ်တဲ့သဘောမို့ဖြစ်တာလို့ တွေးရင် တော်တော်မှန်ပါတယ်တဲ့၊

လောကရှိသူငါ အားလုံးလူဟူသမျှများသည် ဥစ္စာစည်းစိမ်မရှိခြင်းဆင်းရဲ( အလာဘ)၊ အခြံအရံမရှိခြင်း ဆင်း ရဲ( အယသ) ကဲ့ရဲ့ရှုတ်ချခြင်းဆင်းရဲ (နိန္ဒ) ကိုယ်စိတ်ဆင်းရဲခြင်း( ဒုက္ခ)တို့ကို သာ ဆင်းရဲမှတ် ထင်သည်၊

ထိုဆင်းရဲခြင်းကိုတော်လှန်ဖို့ အတွက်ဥစ္စာ စည်းစိမ်မရှိသဖြင့် ရှိအောင်လုပ်ရသည်၊ မိတ်ဆွေအသိုင်း အ၀ိုင်းရလာအောင်ကြိုးပမ်းရသည်၊ ကဲ့ရဲ့ရှုတ်ချခြင်းမခံရအောင်ကိုယ်ကျင့်တရားထိန်းသိမ်းရသည်၊
တတ်နိုင်သလောက် ကိုယ်စိတ်ဆင်းရဲကို ပယ်ဖျောက်ရသည်၊ မှန်မှန်ကန်ကန်အသုံးချတတ် လျှင် လောကဓံ ဆင်းရဲခြင်းလေးပါးက မိတ်ဆွေများ သဖွယ်ထောက်ပံ့ကူညီတတ်သည်၊ ဘ၀တက်လမ်း အတွက် လှေကား ထစ်များ ဖြစ်သည်၊

ဥစ္စာကလဲပေါ( လာဘ) အခြံ အရံကလဲ ပြည့်စုံ( ယသ) ချီးမွမ်းမှုလဲခံရ( ပသံသ) လာဘ၊ ယသ၊ ပသံသ ဆိုသော ထိုသုံးပါးဖြင့်လောကီဘုံဓလေ့ ထုံမွေ့နေသော သူအတွက် လောကီချမ်းသာဆိုနိုင် သော သုခများ မလွဲမသွေရရှိမည်သာဖြစ်သည်၊ 

“ငါ..ချမ်းသာတယ်၊ ငါ့မှာ အခြံအရရှိတယ်၊ လောက အလယ်ဂုဏ်တင့်တယ်တယ်” ဆိုပြီး ရရှိလာသော ချမ်းသာမှုလေးကို တရားလွန်ခံစားလိုက်လျှင်၊ ဘ၀ ကို ခပ်ဖော့ဖော့လေးလိုက်ပြီး မျှောလိုက်လျှင် လာဘ၊ ယသ၊ ပသံသတို့သည် ပြောင်းပြန်ဖြစ်လာ တတ်သည်၊

ထိုသို့ လာဘ၊ ယသ၊ ပသံသတို့ကင်းပြီးဆင်းရဲခြင်းများနှင့် လုံးထွေးကာ နောက်ဆုံးတောင်းစားရ သည့် ဘ၀ရောက်လျှက်တောင်မှ “နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေ သည်၊ ကောင်သေဠင်းကျ၏တည်း” ဖြစ်နိုင်သည်၊

ထိုအခါကျမှ ဆင်းရဲလေခြင်းဟုတွေးမိပေမည်၊ ချမ်းသာခြင်း၊ အခြံအရံပြည့်စုံခြင်း၊ ချီးမွမ်းပြော ဆိုခံရခြင်း၊ ထိုအရာများဖြင့် နေသာထိုင်သာရှိနေခြင်းကိုလည်း မြတ်ဗုဒ္ဓက လောကဓံဟု ဟောပြောခဲ့ သည်ကိုထိုသူ မသိခဲ့၍သာ ဖြစ်သည်၊

ကားရတတ်ပါသည်၊ “ဒီလူတို့နဲ့ အတူတူ ဘ၀ အခြေတည်ကာစက လူတော်လူကောင်းတစ်ယောက်ပါ၊ 
အခုလိုချမ်းသာသွားမှ ပဲသူ့ရဲ့ကိုယ်ကျင့် သိက္ခာကလူများအကြားပြောစရာဖြစ်လာတယ်တဲ့”ချမ်းသာခြင်း
လောကဓံကိုမခံနိုင်ခြင်းဖြစ်သည်၊

ငယ်ငယ်ကတည်းကပြည့်စုံစွာနေထိုင်လာသော လူငယ်တစ်ယောက်သည် ဘ၀လောကဓံပြည့်စုံနေသော ဆရာကြီးတစ်ဦးထံရောက်သွားသည်၊ ပြီးတော့ ဘ၀အတွေ့ အကြုံများဖြင့် စာရေးချင်သည်ပြောလာသည်၊

ဤတွင်ဘ၀လောကဓံပြည့်စုံနေသော ဆရာကြီးက “မင်း အိမ်ကနေထွက်ပြေး ကွာ”တဲ့ ပြောလိုက်တဲ့ စကား၊ ချမ်းသာခြင်း သက်သက်သိနေရုံဖြင့် အကောင်းချည်းမရနိုင်။ ဆင်းရဲခြင်းသည်လည်း လိုအပ်နေသေး လျှက်ရှိကြောင်းပြောလိုက်ခြင်းပင်ဖြစ်သည်၊

တစ်ခုရှိသေးသည်၊ သလွန်မွေ့ယာတွင် အခန့်သာထိုင်ပြီး အရံအရွေတော် ၀န်းရံခနေသော သူတစ်ယောက် အနံ့ အရသာနှင့် ထုံးမွှမ်းပြည့်စုံသော ထမင်းကို သုံးဆောင်ရာ ခံတွင်းမတွေ့ ဖြစ်နေသည်၊ 

တစ်နေ့တွင် ဘ၀အတွေ့အကြုံရှိ လူပညာရှိတစ်ဦးထံမှ ထမင်းစားကောင်းနည်း၊ ခံတွင်းတွေ့ နည်းတစ်ခုရ လိုက်သည်၊

ထိုထမင်းတစ်နပ် အတွက် ရွှေပလ္လင်၊ သလွန်မွေ့ယာမှ ဆင်းရသည်၊ သစ်ခုတ်၊ ၀ါးခုတ်၊ မြေပေါက်၊ ရေထမ်း၊ ပင်ပင်ပန်းပန်း အလုပ် လုပ်ခိုင်းသည်၊ ပြီးတော့ ထမင်းတစ်နပ်ကြွေးသည်၊ ထိုထမင်းတွင်အရသာ အထူးမပါ၊ ဆားနှင့် ငရုပ်သီးစပ်စပ်သာဖြစ်သည်၊ 


ထိုထမင်းစားရသော လူငယ်၏ မှတ်တမ်းတွင် အကောင်းဆုံး အဖြစ် ရေးသွင်းခြင်းခံလိုက်သော ထမင်း တစ်နပ်သည် ထမင်းကြမ်းနှင့် ဆားဟင်း သာ ဖြစ်သည်၊ တစ်ခါတစ်ရံ ဆင်းရဲခြင်း သည် နှုတ်ကို မြိန်စေ သည်။ ဒုက္ခသည် အသိတိုးစေသည်။

အသိ အရှိ၊ လောကဓံနဲ့ညှိ၊ အသိသာမြတ်တန်ဖိုး၊
အသိတိုးလျှင်၊ ဤလူ့ခွင်၊ နေလျှင်မြတ်သကိုး၊
အသိအကျင့်၊ အသွင်တင့်၊ များဖြင့် လူ့တန်ခိုး။

1 comment:

  1. ဘုန်းဘုန်း

    မေတ္တာလွင်ပြင်ဆိုတဲ့အတိုင်း မေတ္တာတွေပေး လမ်းပြသွန်သင်တဲ့ အနှစ်သာရရှိတဲ့ ပိုစ်လေး ဖတ်သွားပါတယ်။


    ရိုသေလျှက်
    အလွမ်းမြို့

    ReplyDelete