Pages

Friday, February 3, 2012

လွတ်လပ်ခြင်းနှင့် လွှတ်လိုက်ခြင်း



အခြေအနေတွေပြောင်းနေတယ်လို့ပြောကြပါတယ်၊ ဘာတွေပြောင်းကြတာလဲ ပြောသံကြား၊ စကား တစ်ဆင့်၊ ကိုယ်တိုင်ချင့်ပြီး စနည်းနာကာ ဟိုစစ ဒီစစဖြင့် သတင်း၊ အတင်း၊ အဖျင်းရောညှပ် အရပ်ရပ် တို့ကို သုံးသပ်လိုက်သော အခါ…

၁၊ လွတ်မြောက်လာကြပြီ၊
၂၊ မလွတ်မြောက်ကြသေးဘူး၊
၃၊ လွှတ်တော့လွှတ်လိုက်ကြပါတယ်၊ တကယ် မလွတ်လပ်သေးဘူး၊
၎၊ မလွှတ်သင့်ပဲလွှတ်လိုက်တာတဲ့၊
၅၊ လွတ်မြောက်သင့်တာကြာပေါ့တဲ့၊
စသည်ထွေပြားကြားရပါတယ်၊

ဘယ်လိုပဲဆိုဆို အကျဉ်းကနေလွတ်မြောက်၊ လွန်မြောက်လာကြတယ်ဆိုခြင်းသည် ၀မ်းမြောက်ဖွယ်ရာ စကား၊ သတင်းပင်ဖြစ်ပါတယ်၊ အချုပ် အနှောင်၊ ထောင်မဆိုထားနှင့် လွတ်လပ်နေသော လူတစ် ယောက် ကို ဟိုမသွားရ၊ ဒီမလာရ၊ ဟိုလို မပြောနဲ့၊ ဒီလိုသာပြောစသည် လိုက်ကြပ်နေလျှင်၊ လိုက် တင်း နေလျှင် အလိုလိုနေရင်း နေရာကျဉ်းလာပါတယ်၊ အနေရ ကြပ်လာပါတယ်၊ လူက ကျဉ်းကျဉ်းလေး ထဲနေရ ရင် အမြင်တွေလဲ ကျဉ်းလာတာ ထုံးစံပါပဲ၊

သို့သော်ကျဉ်းမြောင်လာတာကိုတုံ့ပြန်တာ နှစ်မျိုးတွေ့နိုင်ပါတယ်၊ အကျဉ်းချထားတာကို မခံနိုင်လို့ ပေါက် ကွဲ၊ ဖောက်ခွဲ ပစ်လိုက်တာမျိုးက တစ်လမ်း၊ လူ အကျဉ်းကျနေပေမယ့် စိတ်က လွတ်လပ်နေပြီး ကိုယ်ပိုင် ဖန်တီးခွင့်တွေ မဆုံးရှုံးပဲ အကျဉ်းကနေခြင်းက တစ်လမ်း လို့ပြောနိုင်ပါတယ်၊ လူကို အကျဉ်းချထားနိုင်ပေ မယ့် စိတ်ကို ချုပ်နှောင်ထားလို့ မရဘူးဆိုတာ လူတိုင်းသိကြပါတယ်၊

တွေးကြည့်လိုက်စမ်းပါ၊ စိတ်နဲ့ ဗီဇာ မပါပဲ နိုင်ငံ ကူးနိုင်တယ်၊ ကိုယ်ကြိုက်တဲ့နေရာ ကိုယ်ကြိုက်သလို သွားနိုင်တယ်၊ arrival ပြဖို့ မလိုသလို၊ departure အတွက်လဲ ရုံးမရှိဘူး၊ သို့သော် စိတ်သွားတိုင်း၊ ကိုယ်မပါတော့ မပြည့်စုံနိုင်ဘူးပေါ့၊ စိတ်သွားတိုင်း ကိုယ်ပါနေလို့ကလဲ မဖြစ်ပေဘူးပေါ့၊ ဗုဒ္ဓသာဝက ရဟန်းတော်များတောင်မှ ၀ိနည်းဒေသနာတော်တွင် “မနောဒွါရေ အာပတ္တိကာနာမ နတ္ထိ”တဲ့ ‘စိတ်၌ ပြစ်မှု လွန်ကျူးခြင်းမည်သည်’ အပြစ်မဟုတ်ဟု ရှိသည်၊ စိတ်နဲ့ လွန်ကျူးတိုင်းသာ အပြစ်ရချည့် ..ခက်ခက်ရချည့်သေး၊

လွှတ်လိုက်ပြီ ဆိုပြီး လူတိုင်း လုပ်ချင်ရာ လုပ်ကြရင် နှစ်ဆယ့်လေးနာရီအတွင်း နိုင်ငံတစ်ခု လုံးပြာဖြစ် သွားနိုင်ပါတယ်၊ လွတ်လပ်တယ်လို့ ဆိုလိုတဲ့ liberal စကားလုံးက အပြုသဘော( positive)ကို ဆောင်ပါ တယ်၊ ‘လွတ်လပ်လွန်း’တယ်လို့ ပြောရမယ့် too liberal က ( nagetive) သဘောဖြစ်ပါ တယ်၊ လွတ်လပ်လွန်းတယ်ဆိုတာ နိုင်ငံကို ပြာဖြစ်စေနိုင်တဲ့ နည်းမျိုးကိုပြောရမှာပေါ့၊  

နိုင်ငံတစ်နိုင်ငံရဲ့ ရေမြေသဘာဝ၊ ကျောထောက်နောက်ခံ သမိုင်းနဲ့ လျောညီစွာ လူ့အခွင့်အရေးကို တည်ဆောက်နိုင်မှ ဖြစ်မှာပါ၊ ယနေ့အိန္ဒိယနိုင်ငံသည် ခိုင်ခိုင်မြဲမြဲ ပြည်သူ့အာဏာ( people power) ကိုကျင့်သုံးသော နိုင်ငံကြီးဖြစ်ပါတယ်၊ 

ဥရောပ၊ အမေရိက၊ အင်္ဂလန်စသော နိုင်ငံများသည်လဲ ပြည်သူ့အာဏာကျင့်သုံးနေကြသော နိုင်ငံများ ပင်ဖြစ်သည်၊ သို့သော် လူမြင်ကွင်းထင်ရာမြင်ရာစိုင်းတတ်ကြသော အလေ့အထများ အိန္ဒိယနိုင်ငံတွင်
တွေ့ရခဲသည်၊ လမ်းဘေး မတ်တတ်ရပ် ကျင်ငယ် ( သေးပေါက်) ခြင်းကတော့ ရိုးရာထင်ပါတယ်၊

မိန်းမ ယောင်္ကျား လူမြင်ကွင်းတွင် ဖက်ရမ်း နမ်းရှုတ်သည်များမှာ မရှိသလောက်ဖြစ်ပါတယ်၊ ရိုးရာ ၀တ်စုံဖြင့် လုံလုံခြုံခြုံ ရှိလှပါတယ်၊ ကိုယ့်နိုင်ငံကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းမြတ်နိုးတတ် တယ်လို့ ကောက် ချက်ချနိုင်တာပေါ့၊ ရိုးရာဘာသာရေးနဲ့ စည်းကန့်ထားတာလဲ ပါတာပေါ့၊

ကိုယ့်နိုင်ငံကို ကိုယ် မနှိမ်လိုပါ၊ နှိမ့်ချ၍လဲ မပြောချင်ပါ၊ နိမ့်နေသည်ကိုလဲ မမြင်လိုပါ၊ သို့သော် ဘာသာရေး၊ ၀တ်စားဆင်ယင်မှုတွင် မမြင်မတော်လောက်အောင် ဖြစ်နေသည်များ ရှိနေသည်မှာ လွတ်လပ် ခြင်းကို ဒီကနေ့ ဒီလိုမရခင်ကတည်းကပါ၊ နိုင်ငံနှင့် လူမျိုး၊ ဘာသာရေးကို ထိခိုက်နစ် နာစေမယ့် လွတ်လပ်ခြင်းမျိုးကိုတော့ လိုက်ပြီး ‘ကြပ်’ပေးသင့်ပါတယ်၊

သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံလောက်မကြီးမားပါ၊ ပြည်သူ့အာဏာဖြင့် အုပ်ချုပ် နေသော နိုင်ငံငယ်
လေးဖြစ်ပါသည်၊ သို့သော် ဘာသာတရား ချစ်မြတ်နိုးမှု၊ ၀တ်စားဆင်ယင်၊ သေ၀တ် ပိပြားမှုရှိသည်၊

ကျော်မကောင်း၊ ကြားမကောင်း အော်ဟစ်ကြိမ်းမောင်း ဆဲဆိုခြင်းများကို အလွန်တွေ့ ရခဲသော နိုင်ငံ ငယ်လေးဖြစ်သည်၊ ဤအချက်တွင် မြန်မာနိုင်ငံမှ လိုင်ကားမောင်းသမား၊ စပါယ်ယာ များနှင့်နှိုင်းသော် မိုးနှင့်မြေဖြစ်လောက်ပါ တယ်၊ ကားစီးသူကလဲ ကားခကို စပါယ်ယာ မတောင်းလဲ ဒရိုင်ဘာနှင့် နီးစပ်ရာနေ ရာတွင် ကျသင့်ငွေကို တင်ထားခဲ့သည်၊

ဤနေရာတွင်လဲ မြန်မာကားစီးသူများနှင့် ကွာပြန်သည်၊ ပြောပါတော့၊ သူတို့နိုင်ငံက ကားသမားကလဲ ‘တော်’၊ စပါယ်ယာကလဲ ‘တော်’၊ အချင်းချင်းညီတာပေါ့လို့၊ မြန်မာကြတော့ ကားသမားကလဲ’အော်’၊ စပါယ်ယာကလဲ’အော်’၊ ခရီးသည်ကလဲ ‘တော်တော်’ဆိုတော့ ညီပါတယ်လို့၊ အဲဒါကို ပြင်ရပါမယ်၊

ဘာလို့ဆိုတော့ နဂိုကဖြစ်နေတာက အိမ်တွင်း အချင်းချင်း ဖြစ်နေတာ၊ အခုပိတ်ထားတာတွေဖွင့် လိုက်ပြီ၊ လာကြတော့မယ် သူများတွေက ကိုယ့်နိုင်ငံထဲ ပြင်သင့်တာပြင်မှ၊ ပြုသင့်တာ ပြုမှ၊ ကြပ်သင့် ရင် ကြပ်မှ၊ သူတို့မြင်ရင် “အော် ထေရ၀ါဒ ကျင့်သုံးတဲ့ မြန်မာ့ အရည်အသွေးပါလား” လို့ မြင်ကြမယ်၊ အခြေခံ အုတ်မြစ်က ဗုဒ္ဓဘာသာဖြစ်နေလို့၊ အပြင်သူများတွေက မြင်တော့လဲ နောက်ခံ ဘာသာရေးကို အဓိက ထား မြင်ကြမှာလေ၊  

အခြားအခြားသော မြန်မာပြည်ဖွား ဘာသာဝင်များသည်လဲ ဗုဒ္ဓဘာသာမဟုတ်သော်ငြား ယဉ်ကျေး သိမ်မွေ့တဲ့ လမ်းစဉ်ကျင့် သုံးနေတာကို မြင်နိုင်ပါလိမ့်မည်၊ 



ပြည်သူများကလဲ အုပ်ချုပ်သူ စကားနားထောင်ရမယ်၊ ကိုယ်ကြိုက်လို့ စည်းကြပ်ခွင့်ပေးထားတာပဲ၊ 
အုပ်ချုပ် သူကလဲ ပြည်သူပေးလို့ စည်းကြပ်နေတာဆိုတော့ ပြည်သူ့စကား နားထောင်ရမယ်၊ 
သူတို့ နှစ်ဦး အကြား စည်းထားလိုက်ရင်၊ 
အချင်းချင်းနားလည်လိုက်ရင် လက်တွဲလျှောက်လှမ်းလို့ရပြီပေါ့၊  

တစ်ခါတစ်လေဖြစ်တတ်တယ်၊

မင်းလုပ်ရမယ့် သူတော်စင်ကြီး ဗိမ္ဗိသာရကို နန်းချကာ အကျဉ်းသွင်းထားပြီး၊ သန်လျက်တ၀င့်ဝင့်နဲ့ မင်းလုပ်အုပ်ချုပ်နေတဲ့ အဇာတသတ်တို့လို နေရာလွဲနေတတ်တာက ရှေးကရှိခဲ့ပါတယ်၊
ပြည်သူလဲ ဘာမှမတတ်နိုင်ဘူး၊

‘လွတ်လပ်ခြင်း’ ကို ‘လွှတ်’ မပြစ်လိုက်ပါနဲ့လို့ ပြောရမှာပါ၊

မွေ့မွေ့လျော်လျော်၊ ပျော်ပျော်ရွှင်ရွှင်၊ တဘင်ဘင်နှင့်၊ အရှင်လည်းယစ်၊ ကျွန်လည်းယစ်နှင့်၊ ကျိုးပြစ်မထင်၊ ဖြစ်ခဲ့ကျင်သော်၊ လူရှင်ခပဲ၊ ပြည်ထဲကိစ္စ၊ မချမ်းမြဘူး။
(မဃဒေ၀)

No comments:

Post a Comment