Pages

Wednesday, February 1, 2012

တက္ကသိုလ်ကျောင်းသား အပိုင်း ၎



၁၊ ဘုရားရှင်သည် သက္ကတိုင်းတွင် မွေးဖွားတော်မူသည်၊
၂၊ မဂဓတိုင်းတွင် သဗ္ဗညုတဉာဏ်ရရှိတော်မူသည်၊
၃၊ ကာသိတိုင်းတွင် တရားဦးဓမ္မစက်ဟော်မြွက်တော်မူသည်၊
၎၊ မလ္လာတိုင်းတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်၊

ပိဋကတ် စာပေများတွင် ဘီ စီ ခြောက်ရာ ၀န်းကျင်က အိန္ဒိယနိုင်ငံ အနေအထားကို ဖော်ပြရာတွင် တိုင်းပြည်ပေါင်းတစ်ဆယ့်ခြောက်တိုင်းရှိကြောင်းသိရသည်၊ ထိုတွင်မဂဓတိုင်းနှင့် ကောသလတိုင်းသည်
မြတ်ဗုဒ္ဓဖြစ်တော်စဉ်နှင့် များစွာသက်ဆိုင်သည်၊

ဘုရားရှင်တရားဟောကြားရာတွင် အသုံးပြုသော ဘာသာစကားမှာလဲ မဂဓတိုင်းသုံးဘာသာပင် ဖြစ် သည်၊ မာဂဓီစကားဖြစ်သည်၊ နောက်တွင် ပါဠိဘာသာအဖြစ်ခေါ်ကြသည်၊ အိန္ဒိယနိုင်ငံဖြစ် ပါဠိ၊ သက္ကတ၊ ဟင်ဒီ၊ ရာဇာစတန်၊ ဟိန္ဒူ စတန်နီ၊ တမီး၊ မာလယ ဘာသာစသည်ဖြင့် ယနေ့ တိုင်သုံးစွဲနေကြသည်၊

အိန္ဒိယနိုင်ငံတွင် ဘုရားရှင် သာသနာပြုတော်မူရာ မဟာဒေသကြီးနှစ်ခုကို တွေ့ရသည်၊ ထိုတွင် မဂဓတိုင်း သည်လဲ ပါဝင်သည်၊ ဘုရားရှင်သည် ဒုတိယ၀ါ၊ တတိယ၊ စတုတ္ထ၊ သတ္တရသမ ၀ါနှင့် နှစ်ဆယ်မြောက်ဝါ တို့ကို မဂဓဘုရင် ဆောက်လုပ်လှူဒါန်းသော ဝေဠုဝန်ကျောင်းမှာပင် ၀ါဆိုဝါ ကပ်တော်မူခဲ့သည်၊ မဂဓတိုင်း ကို မြတ်ဗုဒ္ဓ၏ တောင်ပိုင်း သာသာနာပြု ဌာနကြီးအဖြစ်ဖော်ပြကြသည်၊

မဂဓတိုင်းကြီးသည် ဗုဒ္ဓဘုရားရှင်သာမက အခြားသော ယောဂီဂုရုကြီးများလဲ လှည့်လည်သွား လာကြသည်၊ ဂျိန်းဘာသာခေါင်းဆောင်ကြီး မဟာဝီရသည် မဂဓတိုင်းတွင် လှည့်လည်သွားလာ ဖူးသည်၊ ရှေးဟောင်း အိန္ဒိယယောဂီထောင်ပေါင်းများစွာကို 

ကျင်လည်ရာဒေသကြီးဖြစ်သည်၊ ကျောင်း ပေါင်းများစွာဆောက်လုပ်ခဲ့ကြသည်၊
ယနေ့ မဂဓတိုင်းကို ဗီဟာပြည်နယ်ဟုခေါ်သည်၊ ယင်းဗီဟာသည် ပါဠိပုဒ် ၀ိဟာရမှ ဆင်းသက် လာခြင်း ဖြစ်သည်၊ ယနေ့ တိုင်အောင်ပင် မဟာဗောဓိ ၀ိဟာရ၊ နာလန္ဒာ ၀ိဟာရစသည် သုံးစွဲကြသည်၊ ၀ိဟာရသည် ကျောင်း အဆင့် သာမက တက္ကသိုလ်ကြီးများ အဆင့်ထိ ညွှန်းဆိုနိုင်သည်၊

ဒီကနေ့ ဗီဟာပြည်နယ်တွင် မဂဓတက္ကသိုလ်ကြီးသည် မြန်မာရဟန်းတော်များ ပညာဆည်းပူးရာ မဟာဌာန ကြီး တစ်ခုအဖြစ် တည်ရှိနေသည်၊ မြန်မာနိုင်ငံ  ခေတ်သစ်ပညာရေးကို ဦးဆောင်ဦး ရွက်ပြု တော်မူ ကြသော ထေရ၀ါဒ ပါမောက္ခချုပ်၊ မန္တလေး သာသနာ့တက္ကသိုလ် ပါမောက္ခချုပ်တို့သည် မဂဓ တက္ကသိုလ်ကျောင်းသားကြီးများဖြစ်ခဲ့ကြသည်၊

မဂဓတက္ကသိုလ်ကြီးသည် ခရစ်နှစ် ၁၉၆၂ ခုတွင် တည်ထောင်သည်၊ မြန်မာကျောင်းသား အများစု သင် ကြားရာ တက္ကသိုလ်ကြီးဖြစ်သည်၊ ယနေ့ အိန္ဒိယနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားကျောင်းသည်လဲ ထိုမဂဓ တက္ကသိုလ်ကြီး၏ အနီးမှာပင်တည်ရှိသည်၊ 
တက္ကသိုလ်ကြီးသည် မဟာဗောဓိစေတီ တော် မြတ်ကြီးနှင့်လဲ မလှမ်းမကမ်းမှာပင်ရှိသည်၊

ပို၍ ထူးခြားသည်မှာ မြန်မာနိုင်ငံတွင် မွေးဖွားသော မာရ၀ါရီ လူမျိုးကြီး ဂိုအင်ဂါ၏ ဓမ္မဗောဓိရိပ်သာ သည် မဂဓတက္ကသိုလ်ကြီး၏ လက်ယာဘက်တွင် ကပ်လျှက်ရှိသည်၊ မြန်မာဟန်ဖြင့် တည်ထားကိုးကွယ် ထားသော စေတီတော်မြတ်ဆီမှ ဆွဲလည်း သံသည် မြန်မာကျောင်းသားများအဖို့ မဂဓ တက္ကသိုလ်ကြီး၏ အရိပ်သည် ပိုမိုကြည်နူး၊ ပျော်မွေ့ စေပြန်သည် ထင်ရသည်၊  

မဂဓတက္ကသိုလ် ကျောင်းသားဘ၀ကို ၂၀၁၀ခုနှစ်တွင် စတင်ရောက်ရှိသည်၊ မဟာဗောဓိစေတီတော် ဖူးရင်း၊ အတိတ်သမိုင်း အပိုင်းအစများကို ပြန်လည် တွေးတောရင်းဖြင့် ပျော်မွေ့ခဲ့ဖူးသည်၊ ဆွမ်းဦး ကပ်လှူသူ သုဇာတာ အိမ်ယာသို့လဲ အလည်ရောက်သည်၊ ရွှေခွက်မျှော်ရာ နေရဉ္စရာသို့ လဲရောက် သည်၊ သတ္တဌာန များကို လှည့်လည်ပူဇော်ရပြန်လျှင် အတိုင်းမသိ ကြည်နူးရသည်၊

မြန်မာကျောင်းသား အဖွဲ့( Myanmar monk students’ welfare association of india) တွင် စာသင်စာ တက်ပြုလုပ်ရသည်မှာ ကြည်နူးစရာကောင်းလှသည်၊ ပြည်ပရောက်မြန်မာကျောင်းသား များရင်ထဲတွင် ၀ိုင်းလုပ်၊ ၀ိုင်းစားစနစ်သည် ခိုင်မြဲသည်၊ ကျောင်းသားကျောင်းသည် မြန်မာ့ အရိပ် အငွေ့များဖြင့် ထုံးမွှမ်း ထားသော နေရာဖြစ်သည်၊

မဂဓကျောင်းသားသည် တက္ကသိုလ် အဆောင်တွင် နေသည်လဲရှိသည်၊ ကျောင်းသားကျောင်းတွင် နေ သည်လဲရှိသည်၊ အဆောင်ကျောင်းသားများသည် ကျောင်းသားကျောင်းသို့ သွားရောက်ပြီး အင်္ဂလိပ်၊ စပိန်၊ ပါဠိ၊ မဟာယာနဟောပြောပွဲစသည်များကို သွားရောက်ပြီး လေ့လာသင်ယူကြရသည်၊ ကျောင်း သားဆိုင်ရာ အစည်းဝေးရှိလျှင် ၀ိုင်းဝန်းလုပ်ဆောင်ကြသည်၊

မဂဓတက္ကသိုလ် စာသင်ခန်းများတွင် လေ့လာသင်ယူရသည်မှာ ကျောင်းသားဆန် လွန်းသည် ကိုယ်တိုင် စာသင်ခန်းရှင်းရသည်၊ ချောင်ကြို ချောင်ကြားတွင် ကျပ်ကျပ်သိပ်သိပ် သင်ယူကြရသည်၊ ထူးခြားသည်မှာ ဗုဒ္ဓဘာသာ လေ့လာသင်ကြားရေးဌာန ( Buddhist studies) တွင် ထေရ၀ါဒထက် မဟာယာနကို ပိုမို သင်ယူရသည်၊ 

အိန္ဒိယနိုင်ငံမြောက်ပိုင်း တစ်ဝှမ်းတွင်လဲ မဟာယာနက ပိုမိုထင် ရှား သည်၊
ထေရ၀ါဒရဟန်းတော်များကိုပင် မဟာယာန ဘုန်းကြီးများကိုခေါ်သလို လားမားကြီးများဟု ခေါ်ကြသည်၊

သို့သော် မဂဓတက္ကသိုလ်ဝန်းကျင်နှင့် မဟာဗောဓိစေတီတော် တစ်ဝိုက်တွင် ထေရ၀ါဒ ရဟန်းတော် များကို ‘ဘန္တေ’ဟုခေါ်လေ့ရှိသည်၊ နမသ် စတေး ဘန္တေဂျီ ဟု ကလေးများကခေါ်ကြသည်၊ ကြည်နူး စရာကောင်း သည်၊

စာသင်ခန်းတွင် ပါမောက္ခများပို့ချသော အခါ မည်မျှပင် ဗုဒ္ဓဘာသာကို အထူးပြုလေ့လာထားသည် ဆိုစေ ကာမူ မြန်မာရဟန်းတော်များလောက် ပိဋကတ်ကျွမ်းကျင်မှု မရှိကြပါ၊ လွဲမှားနေသည် များကို ထောက်ပြဝေ ဖန်ရသည်၊ ပိဋကတ်နှင့် ပတ်သက်လျှင် မဂဓတက္ကသိုလ်ဝန်းကျင်တွင် မြန်မာ ရဟန်းတော် များထင်ရှား သည်၊ ကျောင်းသား အားလုံးပင် ဗုဒ္ဓဘာသာဆိုင်ရာများကို ဆွေးနွေး နိုင်ကြ သည်၊ ပါမောက္ခ များကို မြန်မာကျောင်းသားများက ထောက်ပြဝေဖန်သည်များ ရှိလာသဖြင့် ကျောင်းသား တစ်ပါး ကို ခေါင်းဆောင်ဖြစ် ခန့်လာသည်၊ ပါမောက္ခများ ကိုယ်တိုင်ခန့်သည်၊ ဆွေးနွေးစရာရှိလျှင် ပွင့်ပွင့် လင်းလင်း ဆွေးနွေးရန်ပြောသည်၊ သူပြောတာ မှတ်မိနေသည်၊

You are Gurugi, I am also Gurugi.You all Myanmar monks are highly learned person in pitaka. You can argue and discuss some thing about my lecture with me. I welcome you all Myanmar monks.

ဤသို့ဖြင့် မဂဓတက္ကသိုလ်ကြီးတွင် လေ့လာသင်ယူရင်း ကျောင်းသားများ အချင်းချင်း အကျိုးဆောင် ရသည်၊ မြန်မာကျောင်းသားများ ရုံးခန်းသို့ ရောက်ပါများသဖြင့် စာရေးကြီး ပါဆုနှင့်ပင် အတော် ခင်မင် ရင်းနှီးနေသည်၊ လိုအပ်လျှင် စာရေးကြီးဆီမှ ပိုက်ဆံပင်ချေးနိုင်သည်၊

ဆရာလာမည်ပြောသဖြင့် စာသင်ခန်းတွင် သွားစောင့်ရ သည်မှာလဲ အကြိမ်ကြိမ်ရှိသည်၊ ဆရာရောက် လာ လျှင်လဲ တစ်ပတ်စာကို white board တွင် မနားတမ်းချရေးပြတော့သည်၊ မနိုင့်တနိုင်လိုက် မှတ်ရ သည်၊ ကျောင်းသားများ ဆရာ ရှာရင်း နေကုန်ရသော လွမ်းမောဖွယ်နေ့ရက်များလဲ ရှိသည်၊ 
 ဆောင်းတွင် အေးခဲသလောက် နွေတွင် ခြစ်ခြစ်တောက် ပူတတ်သည်မှာလဲ မဂဓ တက္ကသိုလ်ကြီး၏ မာယာ ဆန်သော လှည့်ကွက်ပင် ထင်မိသည်၊ ပတ်ဝန်းကျင်ရှိ ဓမ္မဗောဓိဓမ္မရိပ်သာမှ မြန်မာဟန်စေတီတော်၏လေး၏ဆွဲ လည်း သံလွင်လွင်နှင့် ညဥ့်ယံများတွင် ကောင်းကင်သို့ ထိုးတက် လင်းလက်နေသော မဟာဗောဓိစေတီတော်မြတ်ကြီးတို့သာ ရင်ကို အေးချမ်းစေတော့သည်။ 

No comments:

Post a Comment