Pages

Monday, September 26, 2011

ကမ်းခြေသူ

အိန္ဒိယနိုင်ငံတောင်ပိုင်း ချင်နိုင်းမြို့လေးသို့ရောက်ခဲ့သည်၊ 
နယ်ချဲ့ အင်္ဂလိပ်ပေးခဲ့သော နာမည်မှာ မဒရပ်ဖြစ်သည်၊ 
ပင်လယ်ကမ်းခြေက မြို့တစ်မြို့ဖြစ်သည်၊

သီရိလင်္ကာနိုင်ငံနှင့်နီးကပ်သော မြို့လေးဖြစ်သည်၊ မြို့လေး၏အထင်ကရဖြစ်သော မဒရပ်တက္ကသိုလ်ဝင်း အတွင်းမှကမ်းခြေဘက်သို့လှမ်းကြည့်လိုက်လျှင် ပင်လယ်ပြာပြာကြီးသည် ကျယ်ပြောလှသည်၊ ပြာလဲ့လဲ့ဖြင့် မျက်စိတစ်ဆုံး ရှုမျော်မဆုံးနိုင်တော့၊ မြို့နှင့် ပင်လယ်ပြင်ကို အနားသတ်ထားသောကမ်းခြေသည်ကမ္ဘာတွင် 
တတိယအကြီးဆုံးဖြစ်ပါသတဲ့၊

လှပါဘိသည်၊ 

ပင်လယ်ကူသင်္ဘောများ ကူလူးသွားလာနေကြသည်၊ ပင်လယ်ပြာပြာ ရေပြင်ခုံးမို့မို့တွင် လှေနာဝါ ကြီးငယ်သင်္ဘောများသည် လူးလွန့်လျှက် လှိုင်းကြက်ခွတ်များပေါ်တွင် လှချင်တိုင်း လှနေတော့သည်၊ ကြည့်နေရင်း ရင်တလျှပ်လျှပ်ဖြင့် အမည်ဖော်မပြတတ်သော ဝေဒနာများ ခံစားနေမိပြန်သည်၊

တစ်ချိန်က ကမ်းခြေကိုတက်လာခဲ့သော နယ်ချဲ့တွေကိုလား၊ သို့တည်းမဟုတ် အသောကမင်းတရားကြီး ဓမ္မာဝုဓ- တရားလက်နှက်ဖြင့် အောင်နိုင်ခဲ့သော သီရိလင်္ကာနိုင်လေးကိုလား၊ 
ညီညွတ်မှု အင်အားဖြင့် တိုက်ထုတ်ခြင်းခံရလိုက်သော နယ်ချဲ့စစ်ဘီလူးတို့ ပင်လယ်ပြင် အတွင်း တပ်ဆုတ်သွားသော နေ၀င်ချိန်တွေကိုလား၊ 

မနေ့တစ်နေ့ အလား ထင်ရသော ပင်လယ်ပြင်၏ မာယာပြကွက် ဆူနာမီလှိုင်းလုံးတွေကိုလား၊
ပြောမပြတတ်တော့ဘူး၊ ဒါပေမယ့် ရင်တွင်းမှာတော့ လှိုင်းခတ်သံတွေရှိနေသည်၊ တကယ်ပါ၊

ပင်လယ်ပြင်လေညှင်းတို့က အတင်းဝင်တိုးသည်၊ 
ကမ်းခြေတွင် လမ်းသလားနေသော မဒရပ်လှပျိုဖြူတို့ကို ဆော့မြှူသည်၊ 
ကမ်းခြေတွင်ပင်လယ်ပြင်က ငွေဇင်ယော်တို့နှင့် အတူမဒရပ်သူတို့လဲအတောင်ခတ်ပျံတော့လေမလား
ထင်မိသည်၊ ပျံချင်လဲပျံပါလေ၊ 

ကိုယ်တိုင်လဲလှိုင်းလေနှင့် ငွေရောင်ကမ်းတွင်အတောင်တတ်ပြီးပျံချင်စိတ်များဖြစ်ပေါ်နေမိသည်၊
အတူယှဉ်တွဲ ပျံဝဲလိုက်ချင်ပါဘိ၊

ရင်တွင်းခံစားချက်ကို မြိုသိပ်တိတ်တိတ်လေးနေခဲ့ရသည်၊ ကမ်းခြေကိုကျောပေးပြီး၊  မဒရပ်တက္ကသိုလ်ဝင်း အတွင်းသို့ရောက်ခဲ့ပြီ၊ မူဆလင်လက်ရာများဟုဆိုနိုင်သော အဆောက်အဦးများကိုတွေ့ရသည်၊   

စိမ်းစိမ်းစိုစိုဖြင့်လှသည်၊ ကမ်းခြေတွင်ပေါက်ရောက်လေ့ရှိသော အပင်များကို တွေ့ရသည်၊ တက္ကသိုလ် ပရ၀ဏ် အတွင်းတွင်လဲမဒရပ်သူလှပျိုဖြူတို့ကို ‘ပြုံးတော့မလို့...လိုဖြင’့် အိနြေ္ဒကြီးလှသည်ကို
မြင်တွေ့ပြန်ရသည်၊

တက္ကသိုလ်ဝင်း အတွင်းကျူးကျော် ချဉ်းနင်းဝင်ရောက်လာသော ပင်လယ်လေအေးတို့ကလဲ အိနြေ္ဒရှင်လှပျိုဖြူကျောင်းသူ ချောချောတို့ကို မူအားရက်နိုင်လွန်းဟုဆိုကာ တိုးဝှေ့ဖက်ရမ်းသည်၊ 

သူလေတို့၏ ဆံစများ လေတွင်လွန့်လူးသည်၊ လေအဝှေ့ကြောင့် သူလေးတို့၏ ကိုယ်ရုံလွှာဆာရီသည် သခင့်အား စွန့်ခွာတော့မယောင်ထင်ရသည်၊

လေးသရမ်း၏ ဆော့ကစားခြင်းခံနေရသော သူလေးတို့၏ ရှက်သွေးဖြန်းသော မျက်ဝန်း၊ မျက်လုံး၊ ပါးပြင်၊ ဘေဘီဝဲယာကြည့်လိုက် ခြင်းတို့သည် မဒရပ်တက္ကသိုလ်ကြီး၏ အလှတစ်ပါးဖြစ်ပေလိမ့်မည်၊

Sunday, September 4, 2011

ကျောင်းလွှတ် ပူဇာ


တစ်ယောက်တစ်အား၊ ၀ိုင်းကာကူညီ၊
ထိုဤကိစ္စ၊ ပြီးစီးရသည်၊
မြင်သာထင်ရှား၊ ပမာထားမည်၊
ကြည့်ကြပါလော့၊ ပျားနှင့် ပျားရည်၊
နှုတ်သီးဖျားဖြင့်၊ အများစုတည်၊
ပျားအုံကြီး၊ ခန့်ထည်း အံ့ဖွယ်ချီ။

ချင်းတွင်းအထက်ဖျား မိုးရိပ်တိမ်တောင်တို့ တစ်အုပ် တစ်ဖွဲ့ဖြတ်သန်းသွားသည်များမြင်ရဖန်များလာပြီ၊ ဂျိုးဂျိုး ဂျိန်းဂျိန်းဖြင့်လဲ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်တတ်သည်၊ စာကျက်ပြန် နွားမပျိုတို့ လန့်ခုန်သည်၊
နှင်းတို့ ကလဲ ကသုတ် ကယက်နှင့် ဆုတ်ထွက်ပြေးသယောင်ပြုနေသည်၊ တောင်လေတိုက်ခတ်လျှင် ဥသြသံသဲ့သဲ့ ပါလာတတ်သည်၊ မြောက်ပြန်လေလောင်လျှင်လဲ အသဲထဲ စိမ့်ကနဲ့နေတော့သည်၊

တပေါင်း၏ နေ၊ တပေါင်း၏ လေ၊ တပေါင်း၏ နှင်းကျန်၊ နွေတေးရှင် ငှက်ဥသြတို့သည် စိတ်ကို ကယောက် ကယက်ဖြင့် ချင်းတွင်းသောင်ပြင်က သဲမှုံလို လေတိုက်တိုင်း ယိမ်းထိုးလှုပ်ခါနိုင်စွမ်းတော့သည်၊

‘တပည့်တော်တို့ရွာက ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြသိန်းတန်ဘုရားပွဲ ရေစက်ချရင် ချန်ထားတာ အမြဲခံရပါတယ်၊ တပည့်တော်တို့ရွာမှာလဲ ဗုဒ္ဓဘာသာဝင်တွေရှိပါတယ်၊ 
အဲလို စုပေါင်းပြုတဲ့ကုသိုလ်ပွဲမှာ ရေစက်ချခွင့်မရတာ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ၀မ်းနည်းမိပါတယ်၊
ဒါကြောင့်တပည့်တော်က ဒီရွာကိုကြွရောက်ပြီးသာသနာပြုပေးနိုင်မယ်ဆိုင် 

တပည့်တော်တို့နေတဲ့ အိမ်ကို ကျောင်း အဖြစ်လှူမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်၊ နောက်တော့ ဆရာတော်တစ်ပါး ကြွလာပါတယ်၊ ဒါပေမယ့် တပည့်တော်တို့က ဘုန်းကြီးကို အပိုင်ရတာ မဟုတ်ပါဘူး၊ အငှားချပေးတာပါ၊ တာဝန်ကုန်တော့ ပြန်ကြွသွားတာပေါ့၊ 
တပည့်တော်တို့မှာသာ အမိမဲ့သား ရေနည်းငါးလို နေခဲ့ကြရတာပါဘုရား’

ဒီကနေ့တော့ဘုန်းကြီး အပိုင်ရပြီဆိုပြီးဝမ်းသာမိပါတယ်၊ ကျောင်းဆောက်ဖြစ်အောင်လဲ တပည့်တော်များ တိုက်တိုက် တွန်းတွန်းဆောင်ရွက်သွားမှာပါဘုရား၊

လက်ပန်သာဆိုသော ရွာလေးချင်းတွင်းမြစ်ဘေးတွင် တည်ရှိသည်၊ 
အိမ်ထောင်စုပေါင်း ငါးဆယ်ကျော်ရှိသည်၊ ခရစ်ယာန်ဘာသာကို အများစုကိုးကွယ်ကြသည်၊ 
လီဆူးလူမျိုး အများစုနေထိုင်သည်၊ နာဂလူမျိုးများလဲရှိသည်၊ ကချင် အမျိုးသားလဲနေထိုင်ကြသည်၊ ချင်းလူမျိုးလဲ ရှိပြန်သည်၊ အောက်ရပ်အောက်ရွာက ၀မ်းရေးအတွက် ထွက်ခွာလာကြသော 
ဗမာများ၊ ရခိုင်များလဲရှိပြန်သည်၊

ချင်းတွင်း အတက်ပိုင်းတွင် ခန္တီးမြို့နှင့် အပြိုင် သက်တမ်းရှိသော ရှမ်းရွာကြီး မှန်ပင်
( ကိုင်းတော) နှင့် ဘေးချင်း ကပ်လျှက်ရှိသည်၊ ခြံစိုက်ခြင်းကို အဓိကထားလုပ်ကိုင်ကြသည်၊
တောင်ယာလဲစိုက်ကြသည်၊ မှန်ပင်ရှမ်းရွာကြီးမှ အပျိုချောနှင့် လက်ဖက်ခြောက် နာမည်ကြီးသလို၊ လက်ပန်သာရွာလေးကလဲ အချောအလှတွင် ရှမ်ပျိုဖြူများကို မမီသည့်တိုင် ဂရိတ်ဖရုသီး၊ မာလကာသီးနှင့် ၀ါရှင်တန်သီးများ ထွက်ရာတွင် ရှမ်းရွာကြီး မှန်ပင်ထက်သာသည်၊

ထိုရွာလေးတွင် ဗုဒ္ဓဘာသာကျောင်း ပီပီပြင်ပြင်မရှိသေးပါ၊ အိမ်ကို ကျောင်း အဖြစ်လှူထားသော ကြိုးတိုးကြဲတဲ ခပ်နွဲ့နွဲ့ နှစ်ခန်းအိမ်လေးသာရှိသည်၊ 
အခုတစ်ဆင့်တိုးပြီး ကျောင်းဆောက်ကြတော့မည်၊  ထို့အတွက် ဦးဆောင်ခိုင်းလေပြီ၊
ကျောင်းပြီးလျှင် ကျောင်းထိုင်ရန်ဘုန်းကြီးပါးပါ ပေးရဦးမည်၊ 
ထိုအခြေ အနေမျိုး အတွက် အသင့်လျှော်ဆုံးဟု ဆုံးဖြတ်ကာ တာဝန်ပေးလေပြီး၊

စာရေးသူနဲ့ အတူ ချမ်းသာကြီးမြောက်တိုက်မှ ညီငယ် တစ်ပါးကဲ့သို့ချစ်ခင်ရသော ဦးဇင်းတစ်ပါး တောင်တန်းသို့ လိုက်ခဲ့သည်၊ တာဝန်ဖြင့် ရောက်လာခဲ့သူ မဟုတ်သော်ငြား တာဝန်ကျေသည်၊ 
ပဒူးမုန်းရွာလေးက ဇိနမာန်အောင်ဇရပ် ဆောင်လုပ်ရာတွင် အဘက်ဘက်က အားကုန် သွန်မှောက် ကူညီခဲ့သည်၊ တစ်နှစ်နီးပါလက်တွဲလာခဲ့သော ဦးဇင်းကို လက်ပန်သာရွာလေး အတွက် ပေးရတော့မည်၊

‘ဦးဇင်းကလဲ အခုဒကာကြီးတို့ဆီကျောင်းထိုင်မယ့် ဦးဇင်းကို ဦးဇင်းဆီမှာလဲ အင်မတန်မှလိုအပ်ပါတယ်၊ သို့သော် ဒကာကြီးမျာက ဦးဇင်းတို့ လိုအပ်တာထပ် ပိုနေတော့ အခုလိုကျောင်းထိုင်ဖို့ ခွင့်ပြုရတာပါ၊ ပြောချင်တာကတော့ အစစ အရာအရာ စိတ်ချပါရစေ၊ ပြီးတော့ သူက တာဝန်နဲ့ကြွလာတဲ့ သာသနာပြု ရဟန်းတော်တစ်ပါး မဟုတ်ပါဘူး၊ ကိုယ်ကျိုးမဖက် သက်သက် သာသနာတော်ရေး အတွက်သက်သက် ရောက်လာတာပါ’

အဲဒီလိုနဲ့ လက်ပန်သာရွာလေးတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်ပေါ်ဖို့အရေး စတင်ကြိုးပမ်းကြတော့သည်၊

စာရေးသူသည်၊ လက်ပန်သာကျောင်းမပြီးခင် တာဝန်ပြီး၍ အောက်ရပ်အောက်ရွာပြန်ခဲ့သည်၊
ထို့နောက် သီရီလင်္ကာနိုင်ငံတွင် ဆက်လက် ပညာသင်ယူသည်၊

ထို့နောက် အိန္ဒိယနိုင်ငံသို့ ဆက်လက်ထွက်ခွာလာခဲ့သည်၊ တောင်တန်းဒေသနှင့် တစ်နှစ်ကြာကွဲကွာခဲ့သည်၊ အိန္ဒိယနိုင်ငံတွင် တစ်လတာ နေပြီးမြန်မာနိုင်ငံ ခဏပြန်ရောက်သည်၊

‘ဦးဇင်းစာ အပို့ခိုင်းလိုက်လို့ပါဘုရား၊ ဦးဉေယျဓမ္မလို့ပြောပါတယ်၊
ကိုရင်တစ်ပါးရောက်လာသည်၊ လက်ထဲတွင် စာအိပ်တစ်အိပ်ကိုင်ထားသည်၊
‘တင်ပ ပေးကိုရင် ဒီကို’

စာဖောက်လိုက်သောအခါ အံ့သြရသည်၊ လွန်ခဲ့သော နှစ်နှစ်နီးပါးက စတင်ဆောင်ရွက်ခဲ့သော လက်ပန်သာရွာက ဘုန်းတော်ကြီးကျောင်းရေစက်ချပွဲ အတွက် ခန္တီးမြို့၊ ဗဟိုကျောင်းမှ ပင့်ခြင်းဖြစ်သည်၊ ၀မ်းသာလိုက်သည့် ဖြစ်ခြင်း…………..


ထိုကျောင်းရေစက်ချတွင် တရားဟောရသည်၊ မိတ်ဆွေများနှင့်ပြန်လည် ဆုံတွေ့ရသည်၊
တပေါင်းမိုးရိပ်တို့ အလိပ်လိပ်ဖြင့် ကောင်းကင်ပြင်တွင် မင်းမူနေသည်၊

ရွာနီးချုပ်စပ်က လူမျိုးစုံလာကြသည်၊ 
မှန်ပင်ရွာက ရှမ်းပျိုဖြူများ၊ ငွေရောင်တ၀င်းဝင်းဖြင့် ကချင်တိုင်းရင်သူများ၊
ပျော်တစ်ပြုံးပြုံးဖြင့် လက်ဆွဲနှုတ်ဆက်ကြသော ချင်းတွင်း ရောက်ဗမာများသည် ကျောင်းရေစက်ချပွဲလေးကို အသရေတိုးလှပစေတော့သည်၊

လက်ပန်သာထွက် ဂရိတ်ဖရုသီးများ၊ မာလကာသီးများ၊ ၀ါရှင်တန်သီးများ၊ တောင်ယာဆန် မာမာဆတ်ဆတ်လေးများ၊ ရှမ်းရွာကြီး မှန်ပင်မှ လက်ဖက်ချိုမွှေးတို့သည် လာရောက်ကြသော ဧည့်သည်များ အတွက် မျက်နှာပန်း လှစေသလို၊ 
ဘုန်းတော်ကြီးဆွမ်းဝိုင်းတွင်လဲ ရနံ့ကြိုင်ကြိုင်ဖြင့် မွှေးလှိုင်နေတော့သည်၊

ကျောင်းရေစက်ချ အာင်ပွဲလေးလဲ လှလိုက်သည့် အဖြစ်…..။

Thursday, September 1, 2011

ဖာဟီယန်


အသောကမင်း ပြီးနောက် တရုတ်နိုင်ငံမှ ပထမဆုံးရောက်ရှိလာသော ဘုရားဖူးမှာ ဖာဟီယန်ဖြစ်သည်၊ ဖာဟီယန်သည် မြတ်ဗုဒ္ဓပိဋကတ်တော်များကို ရေးကူးရန်နှင့် ဗုဒ္ဓ၀င်ဆိုင်ရာနေရာမြတ်တို့ကို ဖူးမြော်ရန် သမိုင်းကြောင်းတစ်လျှောက် စစ်မှန်ကြီးကျယ်သော ခရီးကို ခရစ်နှစ် ၃၉၉ တွင် နောက်လိုက်အဖော် သုံးပါးနှင့်အတူ စတင်ထွက်ခွာခဲ့သည်၊ 

မိမိတို့တရုတ်ဘာသာမှခြား ဆက်သွယ်ပြောဆိုရန်ဘာသာစကား သူတို့တွင်မရှိ၊ အိန္ဒိယနိုင်ငံသည် အနောက်အရပ်တစ်နေရာတွင်ရှိသည်ဟူသော အထောက်အထား မဆိုစဖွယ်နှင့် အခြားသော လမ်းညွှန်များမပါပဲ မိမိတို့ သဒ္ဓါတရားကိုသာလျှင် အဖော်ပြုလျှက် ထွက်ခွာခဲ့ကြသည်၊ သူတို့သည် တက်လမကန်( taklamakan) လွင်ပြင်ကို ဖြတ်သန်းကြရသည်၊

ဤလွင်ပြင်၏ သတိထားဖွယ်ရာမှာ အင်မတန် ပူပြင်းခြောက်သွေ့ပြီး ခရီးသွားများ အတွက် ကံမကောင်းစေနိုင်ခြင်းပင်ဖြစ်သည်၊

ဘုရားဖူးများသည် လွင်ပြင်ဒေသကြီး၏ အေးချမ်းသော နေရာဟုဆိုနိုင်သော ခိုတန်ပြည် ( Khotan) ကို ဖြတ်ကျော်ပြီး ကုရှ်( Kush) အိန္ဒုတောင်တန်းများကို ဖြတ်သန်းပြီးနောက် ပက်ရှဝါ( Peshawar) တွင် ရှေးခေတ်အခါက အမြင့်ဆုံးဟု ယူဆရသော ကနိရှကမင်း (Kanishaka) တည်ထားသည့် စေတီတော်ကို တအံ့တသြတွေ့ခဲ့ကြသည်၊ 
ထိုအချိန်တွင် သူတို့ သည် မဇ္ဈိမဒေသသို့ ရောက်ခဲ့ကြပြီ၊ ထိုစဉ် သူတို့ အထဲမှ ဘုရားဖူး မိတ်ဆွေနှစ်ယောက် ကွယ်လွန်ခဲ့ပြီဖြစ်သည်၊

ကျန်ရစ်သော ဖာဟီယန်နှင့် သူ၏မိတ်ဆွေ တောက်ချင်( Tao Ching) တို့သာ ကျန်ရှိနေသေးသော ခရီးကို အတူဆက်ခဲ့ကြသည်၊ မဇ္ဈိမဒေသတစ်ခွင်ရှိ မြတ်ဗုဒ္ဓနှင့် သက်ဆိုင်သော ကျောင်၊ ကန်၊ ဘုရားများသို့ လှည့်လည် သွားခဲ့ကြသည်၊ သက္ကတဘာသာနှင့် သက္ကတစာအုပ်များကိုလေ့လာလျှက် ၀ိနယပိဋကတ်ကို ရေးကူရင်း ပတ္တနားတွင် သုံးနှစ်ကြာနေထိုင်ခဲ့ကြသည်၊

ခရီးဆက်ရန် အချိန်ကျသော အခါ မြတ်ဗုဒ္ဓတရားတော်များကို လွယ်ကူစွာ နားလည်နိုင်ပြီး ကောင်းစွာ ကျင့်နိုင်သော နေရာဖြစ်သည့် မဇ္ဈိမဒေသတွင် ဆက်လက်ပြီးနေခဲ့ခြင်းကြောင်း တောက်ချင်က ဖယဟီယန်ကို ပြောလေသည်၊ 
ဤသို့ဖြင့် ဖာဟီယန်သည် စိတ်မကောင်းခြင်းကြီးစွာဖြင့် ကျန်ရှိနေသေးသောခရီးကို တစ်ယောက်တည်း ဆက်လက်ထွက်ခွာခဲ့သည်၊

ဖာဟီယန်သည် တာမရလိပတိ (Tamralipati) နောက်ထပ် ပိဋကတ်တော်များ ရေးကူးရင်း နှစ် နှစ် နေထိုင်ခဲ့ပြီး ကုန်သည်များ၏ သင်္ဘောဖြင့် အရှေ့ဘက် ကမ်းရိုးတမ်းမှသည် သီရိလင်္ကာနိုင်ငံသို့ ခရီးဆက်ခဲ့သည်၊

အိန္ဒိယနိုင်ငံကဲ့သို့ပင် ဗုဒ္ဓဘာသာ ထွန်းကားနေသော ကျွန်းကို ဖာဟီယန်တွေ့ခဲ့ပြီး ထိုစဉ်က တရုတ်နိုင်ငံတွင် မကြားဖူးသေးသော ဒီဃနိကာယ်၊ သံယုတ္တနိကာယ်နှင့် အခြားသော ပိဋကတ်တော်များရေးကူရန် အခွင့်သာခဲ့ပြန်သည်၊

သီရိလင်္ကာနိုင်ငံတွင်ရှိနေစဉ် တစ်နေ့တွင် စေတီပုထိုးများ လှည့်လည် ဖူးမြော်ရင်း ဘုရားဝတ်ပြု ပူဇော်နေသူတစ်ယောက်သည် တရုတ်နိုင်ငံလုပ် ယပ်တောင်ကို စေတီတော်တစ်အား ပူဇော်နေသည်ကို တွေ့ရလေသည်၊

အမိမြေတရုတ်နိုင်ငံနှင့် ဝေးခဲ့သည်မှာလဲကြာခဲ့ပြီး ရုတ်တရက် အမိမြေကို အမှတ်ရခြင်းများ ဖြစ်ပေါ်လာပြီး ဖာဟီယန်မျက်ဝန်းတွင် မျက်ရည်တို့ ပြည့်လျှမ်း ဝေ့သီနေခဲ့သည်။