Pages

Sunday, September 28, 2014

မကြောက် တရား




၁။ ကောင်းမှု မှန်သမျှ၊ မကျန်ရ၊ စံပြလုပ်ခဲ့သည်။
ဘယ်ချိန်သေပျောက်၊ ငါမကြောက်၊ နောက်ဘ၀ လမ်းဖြောင့်ပြီ။

၂။ မိဘနှစ်ပါး၊ ၀တ္တရား၊ ကြိုးစားပြုခဲ့သည်။
ဘယ်ချိန်သေပျောက်၊ ငါမကြောက်၊ နောက်ဘ၀ လမ်းဖြောင့်ပြီ။

၃။ မင်းကျင့်ဆယ်ဖြာ၊ ညီအညာ၊ ပြည်ရွာအုပ်ခဲ့သည်။
ဘယ်ချိန်သေပျောက်၊ ငါမကြောက်၊ နောက်ဘ၀ လမ်းဖြောင့်ပြီ။

၎။ လှူခံပုဂ္ဂိုလ်၊ မတွန့်တို၊ ပိုလျံမောက်အောင် လှူခဲ့သည်။
ဘယ်ချိန်သေပျောက်၊ ငါမကြောက်၊ နောက်ဘ၀ လမ်းဖြောင့်ပြီ။

၅။ ဆွေမျိုး မိတ်သဟာ၊ ဉာတကာ၊ သင့်ရာပံ့ပိုး ကူခဲ့သည်။
ဘယ်ချိန်သေပျောက်၊ ငါမကြောက်၊ နောက်ဘ၀ လမ်းဖြောင့်ပြီ။

(မဟာသုတသောမ ဇာတ်)

ဒီကိစ္စလား?


ဒီကိစ္စလား K ဆက်ရှင်ကိုသွားလိုက်ပါ..
သူတို့ပြောလိုက်တဲ့ အတိုင်းသွားကြည့်တယ်။
K ဆက်ရှင်က ဌာနက Reception မှာရှိနိုင်တယ်လို့ ပြန်ညွှန်တယ်။

နောက်တော့ ဌာနပိုင် ဆရာနဲ့ဝင်တွေ့ကြည့်တယ်။
ဖုန်းတွေ တတီတီခေါ်ပြီး ပြောနေသည်။
ကိုယ်တို့အကြောင်းပြောနေတာလား၊
သူ့အိမ်က ဒကာမကြီးကို သတိရလို့ ပြန်ဆက်နေတာလားတော့ မသိ။
ပြုံးလိုက်၊ ရယ်လိုက်နဲ့ ကြည်နူးစရာကြီး။
သူ့ကိုကြည့်ပြီး အဆင်ပြေနိုင်တယ်လို့ ယူဆနေရတယ်။

ဒီကိစ္စလား..
Exam ဌာနကို သွားလိုက်ရင် အဆင်ပြေပါတယ်..
အဲ လာပြန်ပြီ နောက်တစ်ဌာန၊ သွားကြည့်လိုက်တယ်။
အထက်က စာလာပါလိမ့်မယ်၊ အဲဒီတော့ ကျနော် ခင်ဗျားတို့ဌာနကို ပို့ပေးပါ့မယ်..
ဆိုတော့ ရှေ့ဆက်လို့မရဖြစ်ပြီ။

စိတ်ပေါက်ပေါက်နဲ့ ဌာနပြန်လာပြီး ထိုင်နေမိတယ်။
ကိုယ်လိုစိတ်ပေါက်နေတဲ့ သူကလဲ တဗြစ်တောက်တောက်ဖြစ်နေတယ်။
တဗြစ်တောက်တောက်တွေ စုလိုက်တော့ ဌာနမှူးဆီရောက်သွားတယ်။
ဌာနဆီသွားမယ်ကြံတော့ ဧည့်သည်ရောက်နေလို့ ခဏစောင့်ပါလို့ ရုံးအစောင့်က ပြောတယ်။

အေး.မင်းတို့ပြောသလိုစောင့်ဆို၊ စောင့်မယ်..
မင်းတို့ဌာနဆရာတွေ၊ ဌာနမှူးတွေ..ဘုတ်အဖွဲ့တွေ ဟိုညွှန်၊ ဒီပို့လုပ်တယ်။
လုပ်ထုံးလုပ်နည်းတွေကိုအကုန် မသိကြဘူးလား..

ဒီလိုပါပဲ..၊ နည်းနည်းချင်းလုပ်ရတာပေါ့.
ကုလားက အပြုံးမပျက် ပြန်ပြောတယ်။

အဲ တစ်ခုတော့ ရှိတယ်ဗျ။
အကုန်သိတဲ့သူတစ်ယောက်ရှိတယ်။
ဘယ်ဌာန၊ ဘယ်နေရာ၊ ဆရာဘယ်သူ၊ ဌာနမှူးဘယ်အချိန်ရှိတယ်။
လက်မှတ်ဘယ်အချိန်ထိုးတယ်။ အနားချိန်စသည်ပေါ့ဗျာ...

အင်း..အင်း...၊ အာ..အိုကေပဲ..၊ အဲလိုလူမျိုးတွေ့ချင်နေတာ ဘယ်မှာလဲ.

ဟော ဟိုမှာ..
ကုလားညွှန်ပြရာကြည့်လိုက်တော့ ..
အောက်ခြေသိမ်းရုံး အကူ ဖြစ်နေတယ်။
ကျောင်းသား လေးငါးခြောက်ယောက်ကို လက်ချာပေးသလို  တောင်ညွှန်၊ မြောက်ညွန်လုပ်နေတာတွေ့ 
ရတယ်။ မော်တော်ပီကယ် ယာဉ်ထိမ်းကြီးနဲ့တောင် တူနေသလိုလိုရှိတယ်။

အာ..၊ သူက အကုန်သိတယ်ဆိုတာ ဟုတ်ပါ့မလား..
လို့ပြောမိတော့..၊

သိပ်ဟုတ်တာပေါ့..၊
ဒါပေမယ့် လက်မှတ်ထိုးပြီး ဘာကိုမှ သူ လုပ်မပေးနိုင်ဘူး။
ဌာနမှူးနဲ့ တွေ့ချင်ရင်တော့ နောက်နေ့လာခဲ့ပါ..

ပြီးရော ဘာတတ်နိုင်သေးလဲ။
စိတ်ချဉ်ပေါက်တာတွေ ယောက်ယက်ခတ်ပြီး ဘယ်ရောက်ကုန်တယ် မသိတော့။
ဗိုက်ဆာလာတာပဲသိတယ်။

နောက်ဆုံးတော့ “ဒီကိစ္စလား” နောက်နေ့ပေါ့။

ကတ်ကြေးတစ်ချောင်+ နို့တစ်ခွက်
...............................................

အဖြေရှာသည်။
ပြဿနာ ငါးဆယ်ကျော်ကျော်လောက်တွေ့ရသည်။
ဆရာက တစ်မျိုးပြောသည်။
ကျောင်းသားက တစ်မျိုး ကောက်ချက်ချသည်။
တစ်ယောက်တစ်ပေါက်နဲ့ အရှုံးအနိုင်မပေါ်ပဲ ပျော်စရာပင်ကောင်းနေသည်။

မှန်သည်ထင်၍ လုပ်လိုက်ကြသည်။
မှားသည်ဟု အဖြေထွက်လာသည်။
အမှန်ဘာလဲ သူတို့ကိုမေးကြည့်သည်။
မေးမိသူတိုင်းက အဖြေတစ်မျိုးစီပေးကြသည်။
နောက်ဆုံးတော့ အတွေ့အကြုံရှိ ဆရာများကိုဌာနမှူးရုံးခန်းခေါ်ပြီး တိုင်ပင်ဆွေးနွေးကြသည်။
အဖြေမှန်သည် ဆရာများတွင် မရှိဖြစ်နေသည်။

မှန်ပေသည်။ ဆရာတို့သည် ကျောင်းသားများ မဟုတ်ကြတော့သည်ကိုး။
ကြာပြီဆိုတော့ မေ့လောက်ပါပြီ ဆိုတဲ့ သီချင်းလေးကို တိုးတိုးလေးဆိုမိသည်။

ထို့ကြောင့် အခြားဌာနက ကျောင်းသားတစ်ယောက်ကို မေးကြည့်ပါဟု ဆုံးဖြတ်လိုက်ကြသည်။
ကျောင်းသားများလာလေ့လာထရှိသော မိတ္တူဆိုင်က ထိုင်စောင့်နေသည်။
မကြာခင်ကျောင်းသားတစ်ယောက်ရောက်လာသည်။
အခြေအနေကိုပြောပြတော့ ကူညီနိုင်သည်ဟု ပြောသည်။
သူ့အဆောင်ကို ခဏပြန်သည်။
ပြီးတော့ ပြန်လာသည်။

သူ့ကိုယ်ပိုင်စာဖိုင်လေးကိုပေးသည်။
ပုံစံတကျပြုလုပ်ထားသည်။
ကုလားများသည် ရံခါ အလွန်သဘောကောင်းတတ်သည်။
များသောအားဖြင့် ကျောင်းသားများသည် အသားအရောင် မခွဲခြား ကူညီပေးတတ်ကြသည်။
ကျုပ်တို့က သူတို့ထက် နည်းနည်းအသားဖြူသည်။

.........................
Workshop တစ်ခုတွင် ပါမောက္ခတစ်ဦးပြောသည်ကို သတိရနေမိသည်။
“ပီ အိပ်ခ်ျ ဒီ လုပ်တာ လွယ်ပါတယ်။
ကတ်ကြေးကောင်းကောင်းတစ်ချောင်းလိုတယ်”တဲ့။

“မှန်ပါတယ်ဆရာ။
ဒါပေမယ့် အဲဒီကတ်ကြေးထက်အောင်သွေးရတာ တော်တော်ခက်တယ်”..

အကူအညီပေးသော ကုလားကျောင်းသားကို ကော်ဖီ(ချရေ) တစ်ခွက်တိုက်လိုက်သည်။
“ဆိုင်က ကော်ဖီတွေ မသောက်နဲ့ နို့အတုတွေနဲ့လုပ်ထားတာ။
နွားနို့စစ်စစ်နဲ့ဟာကိုသောက်ပါ”

ဒါပေမယ့် သူတစ်ခွက်လုံးကုန်အောင်တော့ သောက်သွားသည်။
အားနာလို့ထင်ပါသည်။

လင်္ကာမြေ


၁။ တံမြက်စည်းလှည်းရမယ်။
၂။ ဘုရားနေ့စဉ်ဝတ်တက်ရမည်။
၃။ ဆွမ်းစားအပင့်အဖိတ်ရှိက လိုက်ရမည်။

ဆိုသော စည်းကမ်းသုံးချက်ဖြင့် လင်္ကာမြေက ဆင်ဟာလီကျောင်းတွင် နေထိုင်ခွင့်ရသည်။

တံမြက်စည်းလှည်းရမည် ဟူသော စည်းကမ်းသည်ပင် သူ့အရပ်သူ့ဒေသနှင့်မို့ ခက်သေးသည်။
ဘုရုမေ အရှင်ကို တံမြက်စည်းမလှည်းပါနဲ့။ အမှိုက်ပဲကျုးံပါလို့ ဆရာတော်က ပြောပါတယ်..
ဘာလိုလဲ ထပ်ပြီးမေးမိတော့..၊
အရှင်ဘုရားလှည်းတာက ကြက်ယက်သလိုပဲလို့ ဆရာတော်ကပြောတယ်။

နောက်တော့ သူတို့တံမြက်စည်းလှည်းတာကို သေချာကြည့်မိတော့ ဟုတ်ပေသားပဲလို့ သိလိုက်ရသည်။
သူ့တို့တံမြက်စည်းသည် မြန်မာတံမြက်စည်းလို အလုံးကြီးမဟုတ်၊ တံမြက်ဆံများကို ယပ်တောင် ကဲ့သို့
ဖြန့်ထားသည်။

လှည်းသော အခါတွင်လည်း လှည်းကျင်းပြီးသားဘက်တွင် လူမနေရ။ အမှိုက်များကို သဲပြင် အပေါ်မှ ခပ်ရှပ်ရှပ်ဆွဲယူလိုက်ခြင်းသာပါ။ လှည်းကျင်းပြီးသား ဘက်တွင်လဲ အုန်းလက်ပမာ ပြန့်ပြူးကျန်ရစ်သည်။ သဲများပါမလာပဲ အမှိုက်သည်သာ ပါလာသည်။

မိမိကားသူတို့လို မဟုတ် အမှိုက်ပြောင်ပြီးရောဆိုသလိုမျိုးဖြင့် မြန်မာလို လှည်းကျင်းလိုက်တော့သဲတွေ 
ပါသည်။ သဲပြင်တွင် ကောက်ကြောင်းကြီးများ အထင်သားရှိသည်။
ကြက်ယက်သလိုမို့ အမှိုက်မလှည်းရတဲ့။
နောက်တော့ ဖြေးဖြေးချင်းတတ်မြောက်သွားပါသည်။
ကြက်ယက်ထားသလိုကြီး မဖြစ်တော့ပါ။

၂။ ဘုရားဝတ်တက်လိုက်ရမည်။
လင်္ကာမြေက ဘုရားဝတ်တတ်ခြင်းသည် ကြည်နူးစရာအကောင်းဆုံးဖြစ်သည်။
ကျောင်းအနီးအနားက ဒကာ ဒကာမများလာကြသည်။
တတ်နိုင်သည့်ပန်းများကို တစ်ပွင့် တစ်ခိုင်ဖြစ်စေ ယူလာကြသည်။
ပန်းတင်ခုံတွင် စုံထားကြသည်။

ဘုရားဝတ်တက်ရန်နီးလာသောအခါ အဖြူများသည် အဖြူတစ်စု၊ အနီများသည် အနီတစ်စု၊ အ၀ါ အပြာ အစိမ်းစသည် ပန်းရောင်စုံတို့သည် တစ်ကန့်စီသာရှိကြသည်။
ရွေးချယ်ထားပြီးသော ပန်းများကို ပန်းကန်ငယ်များတွင် ထည့်ကြသည်။
ထို့နောက် ဘုရားဝတ်တက်လာသူ ကလေးလူကြီးမကျန် ပန်းတင်ခုံမှ ပန်းများကို လက်ဆင့်ကမ်းပြီး ဘုရားရှင်ဆီသယ်ဆောင်ပူဇော်ကြသည်။
ဘုရားဝတ်တက်ပြီးလျင် သံဃာတော်များကို ဦးချပူဇော်ကြသည်။
မြန်မာများလို ဘုန်းအားလုံးကို တစ်ကြိမ်တည်းဖြင့် ဦးချ ၀တ်ပြုလိုက်သည် မဟုတ် တစ်ပါးလျင် ဦးသုံးကြိမ်နှုံးဖြင့် သံဃာအားလုံးစုံအောင် ဦးချဝတ်ပြုသည်။

ထူးခြားသည်ကားတင်ပလ္လင်ခွေပြီး ထိုင်နေရသည် မဟုတ် မတ်တတ်ရပ်ပြီး အပူဇော်ခံရသည်။
ပရိတ်သတ်များလျင် တစ်နာရီကျော်ကျော်ကြာတတ်သည်။
“အာယု ဘ၀ံ” ဟု ဆုပေးရသည်။
အသက်ရှည်ပါစေ...တဲ့။

၃။ ဆွမ်းစားအပင့်အဖိတ်ရှိကလိုက်ရမည်။
လင်္ကာကျွန်းသည် အသောကမင်းကြီး လက်ထက်ကစလို့ ဗုဒ္ဓသာသနာထွန်းလင်းလာခဲ့သည်။
ယနေ့အချိန်တိုင်အောင်လည်း ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓသာသနာမြတ်နိုးသူ တို့လာရောက်လေ့ လာသင်ယူနေကြသည်။

ခေတ်သစ်နည်းများဖြင့် စနစ်တကျပို့ချသင်ကြားလေ့လာနေကြသည့် ကမ္ဘာသိတက္ကသိုလ်ကြီးများလည်း အများအပြားပင်ရှိသည်။
တိုင်းသူပြည်သားများကလည်း ဗုဒ္ဓသာသနာတော်ကိုကြည်ညိုသည့်အလျောက် ဆွမ်း၊ ကွမ်း၊ ကျောင်း၊ ဆေး မလစ်ဟင်းရအောင် လှူဒါန်းနေကြသည်။

ရုံးလုပ်သားများအပြားရှိသော တိုင်းပြည်မို့ စနေ၊ တနင်္ဂနွေနေ့တိုင်း ဆွမ်းစားကြွရသည်။
ရဟန်းတော်များ ဆွမ်းဘုဉ်းပေးနေသောအခါ အိမ်သူအိမ်သားအားလုံးသည် မိမိနိုင်ရာ ဆွမ်း၊ ဆွမ်းဟင်း စသည်များဖြင့် ရဟန်းတော်များကို လှူဒါန်းကုသိုလ်ယူနေကြသည်။

တစ်ခါတစ်ရံ ဆရာတော်ကြီးက ဆွမ်းအနုမောဒနာအနေအားဖြင့် တရားအဟောခိုင်းလေ့ရှိသည်။
ဟောခါစမို့ မြန်မာနည်း၊ မြန်မာဟန်အတိုင်း သီလပေးသည်။
ကျောင်းပြန်ရောက်သောအခါ “ဘုရုမေတို့ သီလပေးတာကလဲ ငေါက်သလိုပဲနော်”တဲ့။

မြန်မာဟန်အတိုင်း ဂရု၊ လဟု ပီပီရွတ်ဆိုမိသောကြောင့်ဖြစ်သည်။
အတွေ့အကြုံများလာသောအခါ ငေါက်သလိုမဖြစ်တော့ပါ။

အခုတိုင် တွေးမိတိုင်း ကြည်နူးရသည်။
အခွင့်အခါ သင့်ရင်ဖြင့် ပြန်လာချင်ပါသေးတယ် လင်္ကာရယ်။