Pages

Monday, July 1, 2013

ခရီးသည် အပိုင်း( ၁)



၂၀၁၀တွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ခဲ့ရသည်၊ အခက်အခဲများစွာကိုကျော်ဖြတ်ပြီးရောက်လာခဲ့ ရခြင်းဖြစ်သည်၊ ၂၀၀၉ ဒီဇင်ဘာလတွင် “သာသနတက္ကသီလဓမ္မာစရိယဘွဲ့”ရပြီးနောက် သီရိလင်္ကာ
နိုင်ငံသို့ဆက်လက်ထွက်ခွာပြီး ပညာသင်ရန်စိတ်အားထက်သန်ခဲ့သည်။ 


ထွက်စရဖို့အရေး တောင်ပြေးမြောက်ပြေးပြေးပြီး စုံစမ်းသည်။ အကြံ ပေးချက်များစွာလည်းရပါသည်။ အကြံများနှင့် လုံးထွေးရစ်ပတ်နေရသည်။ အိန္ဒိယနိုင်ငံမှ ပြန်ကြွ လာသော မိတ်ဆွေများမှ အိန္ဒိယနိုင်ငံ သည် မြတ်ဘုရား ပွင့်ထွန်းတော်မူရာ နေရာဖြစ်၍ အခြေခိုင်မာကြောင်း ကြွရောက်ပြီး ပညာသင်ရန် သင့်တော်သည့်နေရာဖြစ်ကြောင်းအကြံပေးပြောဆိုကြသည်။ 

သီရိလင်္ကာနိုင်ငံတွင် ပညာသင်ပြီးပြန်ရောက်လာကြသော မိတ်ဆွေသူငယ်ချင်းများ ကလည်း ယနေ့ ကမ္ဘာတွင် ဗုဒ္ဓဘာသာ အခြေခိုင်ပြီး ခေတ်ပညာ နည်းလမ်းများဖြင့် ဗုဒ္ဓပိဋကတ် တော်များကို ကမ္ဘာသိအောင်ဆောင်ရွက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထေရ၀ါဒရဟန်းတော်များဦးစီးဦးဆောင် ကာ တက္ကသိုလ်များထူထောင်၍ သင်ကြားနေသောနိုင်ငံ တစ်ခုဖြစ်ကြောင်း မိတ်ဆက်ပေးကြသည်။
 ကျေးဇူးတင်ရသည်။ အကြံပေးချက်များစွာရပါသည်။ 

ထိုအကြံပေးချက်များနှင့် လုံးထွေးနေရသည်ကို ညအိပ်မှပင် ကောင်းကောင်းသိရတော့သည်။ အိန္ဒိယနိုင်ငံ သွားရမလား၊ သီရိလင်္ကာနိုင်ငံကို ခရီးဆက်ရမည်လား မခွဲခြားနိုင်၊ ပြည်နိုင်ငံသို့ ထွက်ခွာရမည့် ပထမဆုံးခရီးဖြစ်နေ၍လည်း ရင်ခုန်နေမိသည်ကား အမှန်ပင်ဖြစ်သည်။ ရင်ခုန်သံကို အနိုင်နိုင်ထိန်းရင် အတွေးကြောဆန့်ရသည်။ သီရိလင်္ကာနိုင်ငံတွင် ပညာသင်ဖူးသူ၊ အိန္ဒိယနိုင်ငံ တွင်လည်း ပညာသင်ဖူးသူအထံမှ အကောင်းဆုံး အဖြေကိုရနိုင်သည်ဟုကောက်ချက်ချမိသည်။

တွေးသာတွေးမိသော်လည်း ထိုပုဂ္ဂိုလ်မျိုးကိုဘယ်အရပ်ဒေသတွင်လိုက်ပြီးရှာရပါ့။ အတွေးများဖြန့်ရ သည်။ မြင်ဖူးကြားဖူးသမျှကို စာရင်းချတွေးလိုက်မိသည်။ 



ဤသို့ဖြင့် သီရိလင်္ကာနိုင်မှ M.A ရရှိပြီး၊ အိန္ဒိယနိုင်ငံ မွန်ဘိုင်းတက္ကသိုလ်မှ Ph.Dဘွဲ့ရဆရာတော် တစ်ပါးကို အတွေးတွင်မြင်လိုက်ရသည်။ ဆရာတော်သည် သူကိုယ်တိုင် မွန်ဘိုင်းတက္ကသိုလ်၌ ပညာသင်ကြား၊ ကျမ်းရေးနေစဉ်မြန်မာနိုင်ငံသို့ ကြွရောက်လာတတ်သည်။ 

မြန်မာနိုင်ငံရောက်ရှိစဉ် မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်တွင်တည်းခိုလေ့ရှိ သည်။ ရောက်တုန်း ရောက် ခိုက် နိုင်ငံခြားအတွေ့အကြုံများနှင့် အင်္ဂလိပ်စာပို့ချပေးရန် ဆရာတော်နှင့်ကျောင်းနေဘက် အဆောင်မှူး သူငယ်ချင်းက ပြောသဖြင့် breakthrought ပို့ချပေးသည်။ မှတ်မိနေသည်မှာ အင်္ဂလိပ်စာသင်တန်း ပို့ချမှုပြီးလျှင် အင်္ဂလိပ်စကားပုံတစ်ခုကို ပြောပြ၊ ရှင်းလင်းတတ်ခြင်းဖြစ်သည်။ 

မှတ်မိနေသေးသည်။ where there is will there is way တဲ့ လိုလျှင်ကြံဆနည်း လမ်းရတဲ့၊ ကောင်းလိုက်တာ ကွက်တိဖြစ်နေလို့ပါ။ ထိုဒေါက်တာဘွဲ့ရဆရာတော်၏ လက်ဆောင်စကား တစ်ရပ်။

ဤသို့ဖြင့် အိန္ဒိယနိုင်ငံလား၊ သီရိလင်္ကာလား မပြောနိုင်သေးသော အခြေအနေကို အဆုံးသတ်နိုင်ဖို့ “လိုလျှင်ကြံဆနည်းလမ်းရ”ကိုမိန့်ကြားခဲ့သော ဆရာတော်နေရာအရပ်ကို ကြိုးစာရှာဖွေရတော့ သည်။

 တွေ့ရပါပြီ၊ ထိုဆရာတော် အထံမှ တန်ဖိုး မဖြတ်နိုင်သော လမ်းညွှန်ချက်နှင့် အားပေးမှုတို့ကိုရရှိခဲ့ရ သည်။ ကိုယ်တွေ့များကိုစေတနာပါပါဖြင့်ပြောပြလိုက်သည်ကို ကြားယောင်နေဆဲပင်။

ဦးဇင်းအခုဝေခွဲရခက်နေတာက အိန္ဒိယနိုင်ငံသွားရမလား၊ သီရိလင်္ကာနိုင်ငံဆက်ရမလားဖြစ်နေ တယ်နော်။ တပည့်တော် အတွေ့အကြုံကိုပြောပြမယ်၊ ဆင်ခြင်သုံးသပ်ပေါ့ဘုရား။

နိုင်ငံခြားထွက်ပညာသင်တယ်ဆိုတာ တပည့်တော်လက်ခံပါတယ်၊ လက်ခံလို့လည်း တပည့်တော်တို့ ကိုယ်တိုင်ပဲ ခက်ခက်ခဲခဲနဲ့ပြည်ပခရီးထွက်ခဲ့ရပါတယ်။ သီရိလင်္ကာနိုင်ငံကိုပထမ ရောက်ပါတယ်၊ အဲဒီမှာ M.A ပြီးပါတယ်၊ နောက်တော့ အိန္ဒိယနိုင်ငံကို ကူးပြီး မွန်ဘိုင်းတက္ကသိုလ်မှာ Ph.D ဆက်လုပ်ပါတယ်။ 

တပည့်တော် အတွေ့အကြုံကတော့ ပြည်ပစထွက်တဲ့မြန်မာကျောင်းသားရဟန်း တော်တစ်ပါး အနေနဲ့ အကောင်းဆုံးနေရာကတော့ သီရိလင်္ကာနိုင်ငံပါပဲ။ ဘာလို့လဲဆိုတော့၊ သီရိလင်္ကာနိုင်ငံဆိုတာ ထေရ၀ါဒ ကျင့်သုံးတဲ့ တိုင်းပြည်တစ်ခုပါ။ ဗုဒ္ဓဘာသာရဟန်းတော်များ အပေါ် အင်မတန်မှ ကြည်ညိုကြတဲ့ တိုင်းပြည်တစ်ခုပါ။ နောက်ပြီးဘယ်နိုင်ကပဲလာလာ သူတို့ ဆင်ဟာလီကျောင်းတွေမှ ကျောင်းနေ၊
 ကျောင်းစားလျှောက်ပြီးနေထိုင်လို့ရပါတယ်။ 

ကုန်ကျစရိတ်သက်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံလိုပဲ အလှူ၊ ဆွမ်းကပ်ဆိုတာရှိပါတယ်၊ ကျောင်းနေ သံဃာဖြစ်ရင် ကျောင်းထိုင်ဆရာတော်နဲ့အတူ သူတို့ဆွမ်းစားအပင့်အဖိတ်ကိုလိုက်ပါတယ်။ တပည့်တော် အထင်ပြောရရင် မြန်မာနိုင်ငံထက် အပင့် အဖိတ်ပိုများတယ်ထင်ပါတယ်။ ပြီးတော့ တက္ကသိုလ်တွေမှာ ပို့ချတဲ့ ပညာရပ်ကလည်း တပည့်တော်တို့သိအပ်၊ လေ့လာအပ်တဲ့အပိုင်းတွေ ပါပဲ။
ပြီးတော့ သီရိလင်္ကာပညာရှင်တွေဆိုတာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ကမ္ဘာကအသိအမှတ်ပြုရတဲ့ သူများ ပါတယ်၊ 

ဒီတော့ တပည့်တော်အနေနဲ့ပြောရရင် ဦးဇင်းအနေနဲ့ သီရိလင်္ကာနိုင်ငံကိုပဲ သွားစေချင်တယ်။ အဲဒီမှာ M.A ပြီးရင် အိန္ဒိယနိုင်ငံက တက္ကသိုလ်တွေမှာ ဆက်လက်လေ့လာနိုင် တယ်။ ပညာရေးခရီးဆက်နေ သရွေ့တော့ အိန္ဒိယနိုင်ငံကို ရောက်မှာပါပဲ။ 


ဤသို့ဖြင့် သီရီလင်္ကာနိုင်ငံသို့ရောက်ခဲ့ရသည်။ ပထမဆုံးအနေနဲ့ လေယျာဉ်ကွင်းမှထွက်လိုက်စဉ် ပင် ဖြူဖွေးသန့်စင်နေသော ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြင်လိုက်ရသည်။ လင်္ကာမြေ၏ ဤချစ်ခင်မြတ်နိုးဖွယ် ထုံးစံဓလေ့ကို အများ အပြောရကြားဖူးနေပေမယ့် ကိုယ်တိုင်ကိုယ်ကျဖူးတွေ့ လိုက်ရသောအခါ ရင်ထဲအေးနေသည်။ ဗုဒ္ဓ အရိပ်ပွင့်ထွန်းရာ အမိမြန်မာနိုင်ငံမှ ထွက်ခွာလာသော သကျပုတ္တများ အတွက် ရင်အေးစရာ အကောင်းဆုံးမြင်ကွင်းတစ်ခုဖြစ်ပါသည်။ 

သီရိလင်္ကာနိုင်ငံ၏မြို့ တော်၊ ကိုလံဘိုမြို့ရှိ မြန်မာကျောင်းသားများသီတင်းသုံးပညာသင်ကြားရာ
နေရာ မြတ်သို့ ရောက်သော အခါတွင်လည်း မန္တလေးမြို့၊ သာသနာ့ တက္ကသိုလ်မှ စီနီယာကျသော စာသင်ဘက် ညီတော် နောင်တော်များ အပြင် မန္တလေးမြို့လေးပြင်လေးရပ်မှ မိတ်ဆွေများကို တွေ့ ရသောအခါ ကြည်နူး မဆုံးဖြစ်ရသည်။ မကုဋာရာမ မြန်မာကျောင်း တွင် နှစ်ရက်သာ နေလိုက်ရ သည်။

ကောဟုဝါလရပ်ကွက်၊ ပိပ္ပလိယာနလမ်းဆုံ၊ သီရိသုမနာရာမ သီရိလင်္ကာကျောင်းသို့ ရောက်သည်။ လိုက်လံအပ်နှံကျောင်း လျှောက်ပေးသော မိတ်ဆွေသည် လင်္ကာမြေသို့ခြေမချခင်ကပင် ကျောင်းမှာ
လျှောက်ထားပြီးဖြစ် ကြောင်းပြောပြသည်။ 
 ...............................................

မှတ်ချက်။ ၂၀၁၂၊ ခုနှစ်၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာကျောင်းသားရဟန်းတော်များ စုစည်းထုတ်ဝေသော လင်္ကာတမန်မဂ္ဂဇင်းပါ၊ နယ်ကျော်အလွမ်း ဆောင်းပါးကို ပြန်လည်တင်ပါသည်။  



No comments:

Post a Comment