Pages

Saturday, October 27, 2012

တဏှာစေရာ မနေသာလို့..

လမ်းများပေါ်တွင် လူသွား လူလာများဖြင့် ပြည့်ကျပ်နေသည်။ အပြေးလေးလည်းသွားကြသည်။ အပြေးကြီးလည်း သွားကြသည်။ အပျို အအို အဖိုး အဖွား အမျိုးသား အမျိုးသမီးများ ကလေး၊ လူရွယ် လူငယ်များသွားနေကြသည်။
ဆံပင်ရှုပ်ထွေး ယောဂီရောင် ညစ်ထေးထေးလေးလေးဖြေးဖြေးဖြင့် တည်ငြိမ်နေသော ယောဂီသူတော် စင် များလည်း သွားနေကြသည်။ ပြည်ပတိုင်းပြည်များက အလည်လာရောက်သူများလည်း သွားနေကြ သည်။ အိန္ဒိယနိုင်ငံကြီးသည် ခရီးသွားများဖြင့် ပြည့်နှက်နေလေ့ရှိသည်။
အိမ်ရာမထောင်ပဲ ခရီးဟူသမျှ အကုန်နီးပါးသွားလာကြသော မဇ္ဈိမခရီးသွားများလည်း နေရာတိုင်း တွင်တွေ့နိုင်သည်။ သူတို့ကို သညာသီဟုလူသိများသည်။
There is no happiness for him who does not travel. Thus we have heard. Living in the society of men, the best man becomes a sinner. Therefore, wander. The fortune of him who is sitting, sits; it rises when he rises; it he sleep when he sleeps; it moves when he moves.
ခရီးမသွားသော သူ အတွက် ပျော်ရွှင်ခြင်းမရှိနိုင်။ လူကြားထဲ နေရင် လူတော်ပင်လျှင် အပြစ်သားဖြစ် တတ်သည်။ ထို့ကြောင့် ခရီးသွားပါ။ ခရီးသွားသောသူရဲ့ ကောင်းမြတ်ခြင်းသည် ထိုင်လိုလျှင် ထိုင်လိုက်သည်။ ရပ်လိုလျှင် ရပ်လိုက်သည်။ အိပ်လိုလျှင် အိပ်လိုက်သည်။ သွားလိုလျှင်သွား လိုက်သည်။
ဟိန္ဒူသူတော်စင်ကြီးများသည် ခရီးသွားခဲ့ကြသည်။ ဟိမ၀န္တာတောင်တန်းကိုကျော်၍ ဂဂါင်္မြစ်ကြီးကို အကြိမ် ကြိမ်ဖြတ်သန်း၍ ၀င်ဒယာတောင်တန်းများကို ဖြတ်သန်း၍ ခရီးသွားကြသည်။ အလောင်းတော် မင်းသိဒ္ဓတ် ကိုယ်တိုင်းလည်း ခရီးသွားဖြစ်ခဲ့သည်။
ကိုယ်တိုင် ခရီးလွန်မြောက်သောအခါ တပည့်သားများကို ခရီး အသွားခိုင်းတော်မူသည်။ “စရထ ဘိက္ခဝေ စာရိကံ” ဘိက္ခုတို့ ခရီးလှည့်လည်ကြလော့ဟုမိန့်တော်မူသည်။ သပိတ်တစ်လုံးသုံး ထည်သောသင်္ကန်းသာလျှင် ၀န်ရှိသော ခရီးသွားအဖြစ်ဖြင့် ခရီးဆက်ကြသည်။
ဟိမ၀န္တာကိုကျော်ပြီး တိဗက် ခရီးသွားလုပ်ကြသည်။ ကြီးမားကျယ်ပြန့်သော လွင်ပြင်များကိုဖြတ်သန်း လျက် တရုတ် ခရီးသည်ကြီးများ မဇ္ဈိမကိုလာကြသည်။ အသောကမင်း၏ အိမ်ရှေ့စံ သားတော် မဟိန္ဒသည် လင်္ကာကျွန်းသို့ ခရီးသွားခဲ့သည်။ ပေးဆပ်လိုသော စိတ်ထားများဖြင့် ခရီးနှင်ကြသည်။
ရှင်သောဏဥတ္တရမထေရ်မြတ်တို့သည်အရှေ့တောင်အာရှသို့ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ခရီးဆက်ခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ စာရိကံ စရထ ကို ဦးထိပ်ရွက်လျက် ခရီးဆက်ကြသည်။ မဇ္ဈိမ မှဖြာထွက်လိုက်သော ကိုးတိုင်းကိုးဌာန ခရီးစဉ်သည်ကြီးနှင့် ခရီးသွားသမိုင်းသည် အထင်ရ ကဖြစ်ခဲ့ သည်။
အခက်အခဲ အမျိုးမျိုးကြုံရသည်။ သူတို့မှတ်တမ်းသည် အံ့ဖွယ်ရာများနှင့်ပြည့်နှက်နေ သည်။ နှောင်း လူများ အတွက် အံ့ချီးဖွယ်ဖြစ်ခဲ့သည်။
ခရီးသွားကြီးတစ်ဦးသည် မနက်ခင်း ဆွမ်းခံကြွရင်း မိုးရေများဖြင့်ရေပြည့် လျှံနေသော ချောင်းငယ် ကို ဖြတ်သန်းရသည်။ ရေစီးသန်သောကြောင့် ကမ်းတစ် ဘက်လှမ်းတက်ရန် အခက်ကြုံရသည်။ လက်ထဲက အာဟာရ ဆောင် ယူရာ သပိတ်ကို လက်တစ်ဘက်ဖြင့် ထိန်းပြီး ချောင်းကို အသာ လိုက်ပြီးထောင့်ဖြတ် ကူးရသည်။
ကမ်းတစ်ဘက်ရောက်သော် သေးငယ်သော ရေပြည့် ချောင်းငယ်ကို ပြန်ကြည့်ပြီး ဒီလောက်သေး ငယ်သောချောင်းလေးကိုပင် ခက်ခက်ခဲခဲကူးဖြတ်နေရလျှင် သြဃလေးဖြာ သံသရာကိုကူးဖို့ အတော် ကြိုးစား အားထုတ်ရဦးမှာ ပါလားဟု တွေးတောမိပါသည်..တဲ့။ ခရီးငယ်ပေမယ့် အတွေးကြွယ်သော မဟာခရီး သွားကြီးပေတည်း။
ကိုယ်တိုင် မဇ္ဈိမဒေသခရီးသည်ဖြစ်ခဲ့သည်။ တောင်ပိုင်း ဒြာဗီဒီယန်တို့ ဒေသမှ မြောက်ပိုင်း အာရယန် တို့ နယ်သို့ အပြန်ခရီးတွင် ဖြစ်သည်။ ပျော်ရွှင်ခြင်းကိုလိုလားလို့လည်းခရီးသွားဖြစ်ခဲ့ရ သည်မဟုတ်။
သူတော်စင်ကြီးများလို သတ္တ၀ါများ အတွက်လည်း မဟုတ်ခဲ့။ တဏှာစေရာ မနေသာလို့ နေရာရှာ ထွက်ခဲ့ရခြင်း သာဖြစ်သည်။ Annamalai University တွင် ကျောင်းသားဖြစ်ဖို့ တစ်နေရာ အတွက်ဆိုတဲ့ ကျဉ်းမြောင်း လှတဲ့နေရာလေး ကွက်ကွက်မျှသာ ဖြစ်ခဲ့သည်။
မြောက်ပိုင်းအပြန်ခရီးတွင် ရှုပ်ထွေးပေလီလှသော အိန္ဒိယရထားကြမ်းကြီးတွင် ရိုးရိုးတန်းကလိုက်ခဲ့ ရသည်။ သူတော် စင်ကြီးကို မဟတ္တမဂန္ဓီကို အားကျ အတုလိုက်၍ ရိုးရိုးတန်းက စီးခဲ့ခြင်းလည်း မဟုတ်ပါ။ အခြေအနေ အရသာဖြစ်သည်။
ရိုးရိုးတန်းတွင် ရိုးရိုးလူများကိုသာတွေ့ရသည်။ ဧည့်သည်မိတ်ဆွေက သတိထားပါတဲ့။ လူလိမ် လူညာ များ တက်လာတတ်သည်တဲ့။ ထိုလူများကိုလည်း ကိုယ်ကမယုံရဲပါ။ တကယ်တော့ ထိုသို့ပြောလာ သူများကိုလည်း မယုံမိစေရန် မိတ်ဆွေများကတဆင့် မှာလိုက်ကြသည်။
လမ်းတွင် ဆန္ဒပြသမားများကြောင့် ရထား သုံးနာရီခန့်ရပ်ထားရသည်။ ကုလားများမရပ်မနား စကားပြောကြ သည်။ ညဥ့်နက်သည့်တိုင် မအိပ်ကြပါ။ သူတို့မအိပ်တော့ ရိုးရိုးတန်း အလယ်ခုံ တွင်ကျသော ကိုယ့်မှာလည်း အိပ်မခွင့်ရ။ မနက်လင်းတော့ ဖင်ပုတ်ပြီး အစောကြီးနှိုးသည်။ “ခရီးသွားရေ ထတော့”တဲ့။
အိပ်ရေး မ၀တော့ မှုံမှုံဝေေ၀ဖြစ်ရသည်။ ဘူတာတစ်ခုရောက်တိုင်း လူတွေ ခရီးသွားတွေ တွေ့ ရသည်။ 
 
အပြေးလည်း သွားကြသည်။
ဖြေးဖြေးလည်းသွားကြသည်။
မိမိကိုယ်တိုင်လည်း လမ်းပေါ်က လူများနှင့် ဘာမှ မထူးပါ။
.......

မပြီးဆုံးသေးသော ခရီးကို တဏှာစေရာ မနေသာလို့ ခရီးဆက် နေရသည့် အဖြစ်သာ။ 

လမ်းပေါ်တွင် လူများပြည့်ညပ်လို့ ….ထိုအထဲတွင် ကိုယ်တိုင်တစ်ယောက်ဖြစ်နေသည်။ 
 

Friday, October 12, 2012

အပျံခက်သော ငှက်များသို့


ကျီးနက်မိုက်ခေါင်၊ ဆင်သေကောင်ထက်၊
သောင်ကို မလှမ်း၊ ကမ်းကို မတက်၊
အပုပ်မက်၍၊ စီးလျှက်စားကာ၊ လိုက်ပါလေက၊
သမုဒ္ဒရာ၊ ရောက်ခိုက်၊ လှိုင်းဝဲရိုက်၍၊ ရေမွန်းနစ်၊ ငါးစားဖြစ်သို့။

ဥယျာဉ်သည် ကျယ်ဝန်းပြီး စိမ်းစိုနေသည်။ ငှက်ကျေးတို့ အော်မြည်နေကြသည်။
လေပြေသုတ်ဖြူးသည်။ နေရောင်ခြည်များကြောင့် သစ်ပင် အကြို အကြားမှ ဖြာဆင်းလာသော ရောင်ခြည် တန်းများသည် ဇာပန်းဖြာကျက် ထား သလိုရှိနေသည်။ အပင်မြင့်မြင့်ကြီးတို့ သည်လည်းလှကြသည်။ 


အပင်မြင့်မြင့်အောက်တွင် ခိုမှီနေကြသော ပင်ပျို နုနုတို့သည်လည်း ရွှမ်းစိုညက် အိနေသည်။ ပင်ပျို စိုစိမ်း အရာခပ်သိမ်းတို့ နှင့်အတူ..

အရှင်မင်းမြတ်၊ ပြောပြ အပ်တဲ့ သူငယ်ချင်းများမို့၊ အခုလို လာရောက်ပြောပြရခြင်းဖြစ်ပါတယ်။ 
ချစ် ခင်မြတ်နိုး တန်ဘိုးထားမိလို့လဲ ငါ့သူငယ်ချင်းတော့ လောကနွံတောကြီးကလွတ် ဖို့သင့်ပြီလို့ မြင်မိ လို့ လာရောက်ပြီး ပြောရခြင်းဖြစ်ပါတယ်။

တိတ်ဆိတ်နေသော ခဏကို လေပြေ အကြားကူ၏။ ငှက်ကျေးတို့ သံစဉ်သည် ငြိမ့်ညောင်းနေ၏။

မှန်ပါ၊ အရှင်ဘုရားပြောတာလည်း မှန်ပါတယ်။ တပည့်တော်မှာလည်း ထီးနန်း၊ စည်းစိမ်၊ မတ်ပေါင်ခြွေရံ များ၊ တိုင်းရေး ပြည်ရာများနဲ့ နေ့စဉ်နေ့တိုင်း လုံးခြာလည်း ထွေးနေတော့ စွန့်မယ်လို့ ကြံလိုက်တိုင်း၊ တပည့်တော် အဖြစ်က ဆင်အိုကြီးနွံထံကျွံနေသလိုဖြစ်နေပြီဘုရား။

ရှေ့ခြေထောက်က လွတ်မယ်လို့ ကြံလိုက်၊ နောက်ခြေ ထောက် မြုပ်သွားလိုက်ဖြစ်နေပြီး၊ နောက်ခြေကို အားပြုပြီး လွတ်မယ်လို့ ကြံလိုက်၊ ရှေ့ခြေထောက်က ပြန်မြုပ်သွားလိုက်ဖြစ်နေပြီ၊ ဒီတော့ ဒီဘ၀၊ ဒီအနေ မျိုး နဲ့ပဲ တပည့်တော်ဘ၀တော့ ဆုံးရတော့မယ် ထင်ပါတယ် ဘုရား။


လေညင်းတို့ငြိမ်နေသည်။ ငှက်ကျေးတေးဆိုသံသည် ဖင့်တွဲလေးကန်နေသယောင် ထင်ရသည်။
ဒီလိုတော့လည်းရှိသေးတယ်။ အရှင်မင်းမြတ်၊ တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ရှိဖူးပါ တယ်။

ကောင်း ကင် ကနေပျံသန်းရင် တစ်နေရာရောက်တော့ မြစ်ပြင် အလယ်မှာ ဆင်သေကောင်ကြီးမျောနေ တာ သွားတွေ့ပါသတဲ့။ ဒီတော့ မည်းမည်းမြင်တော့ ထိုးဆင်းလိုက်တယ်။

ဆင်သေကောင်ကြီးဖြစ်နေတာတွေ့ရတော့ ကျီးကန်းက တွေးမိပါတယ်။ အော်၊ ငါက မည်းမည်းမြင်လို့ ထိုးဆင်းလိုက်တာ ကံကောင်းခြင်တော့ ဆင်သေကြီးဖြစ်နေပြီ၊ ဟန်ကျလိုက်ပါဘိတော့။  မည်းမည်းမြင်လို့ ထိုးဆင်လိုက်တာဆင်သေကောင်ကြီးဖြစ်နေတာဖြင့် ဟန်ကျလိုက်ပါဘိတော့။ 

ဆင်သေ အသားလေစားလိုက်၊ မောတော့ လှိုင်းလေတွေ စီးလိုက်နဲ့ တယ်ကံကောင်းတဲ့ ငါပါလား လို့ တွေးနေမိပါတယ်တဲ့။

ဒီလိုနဲ့လိုက်သွားလိုက်တာ၊ အခြားနေရာတွေကိုသွားဖို့ အခွင့်ကြုံပေမယ့် ဆင်သေကြီးကို ခုံမင်နေတဲ့ စိတ် ကြောင့် မသွားနိုင်ခဲ့ဘူး။ ဒီလိုနဲ့ဆင်သေကြီးက လှိုင်းဒဏ်၊ ၀ဲဒဏ်တွေနဲ့ ပုပ်ပွနေတဲ့ အသားတွေ က ပြုတ်လို၊ မြုပ်လိုမြုပ်နဲ့ သူအဟုတ်ထင်ခဲ့တာတွေက သရုပ်ကပေါ်လာပြီ၊ ဒီတော့ ကမ်းပေါ်တက်မယ်ကြံ လိုက်တော့ ကမ်းလည်း မမြင်ရတော့။

လှမ်းတက်ဖို့ အစွမ်းကလည်း ကုန်ပြီး၊ သောင်ကမ်း မတက်ပဲ ၀ဲရိုက်၊ လှိုင်းပုတ်နဲ့ ကျီးမိုက် တစ်ကောင် သေသွားခဲ့ရဖူးပါတယ် အရှင်မင်းမြတ်။

ဒီတော့ စဉ်စားဖို့ပြောပါတယ်။ ထီးနန်း စည်းစိမ်၊ မတ်ပေါင်ခြွေရံနေပေမယ့် မအို မနာ၊ မသေတော့ဘူးလို့ မတွေးလိုက်ပါနဲ့၊ ကမ်းမြင်တုန်းလှမ်းတက်နိုင်ဖို့ သူငယ်ချင်းတို့မှာ ထားရမယ့် သဘောရှိလို့ လာပြောပါတယ်။


ဥယျာဉ်တော်က လေညင်းသည် ငြိမ်သက်အေးချမ်းနေသည်။ ငှက်ကျေးတို့တေးသံသည် အရသာရှိ လှသည်။ တည်ငြိမ်နေသော သောဏက အရှင်မြတ်၏ မျက်ဝန်းများတွင် ပူပန်မှုကင်းနေသည်။ ကိုယ်နေ ဟန် အမူအယာ သည် တည်ငြိမ်ရဲရင့်နေသည်။

အရှင်မြတ်၏ ရှေ့တည့်တည့်တွင် ထိုင်နေသော မင်းမြောက်တန်ဆာ အဖြာဖြာတို့ဖြင့် မွှမ်းထုံနေသော အရိန္ဒမဘုရင်သည် တုန်လှုပ်နေသည်။ မျက်ဝန်းများယိမ်းယိုင်နေသည်။ ထောက်တည်ရာ မရသလိုဖြစ်နေ သည်။

မျက်ဝန်းနှင့် အမူ အယာများသည် ရုတ်တရက် တည်ငြိမ်သွားပြန်၏။ သောဏက အရှင်မြတ်၏ ဆင်သေ ကောင်ပြ တရားသံဝေသည် သူ့နှလုံးသားကို ထိခတ်မိဟန် တူပြန်သည်။ ဥယျာဉ်တော် က နေ၀န်းသည် အနောက်သို့ယွန်းလုလုဖြစ်နေပြီ။ ခရီးတစ်နေတာ ကုန်ဆုံးတော့မည်။

ကဲ..၊ အရှင်မင်း၊ မိတ်ဆွေတို့ ထားအပ်တဲ့ သဘော အတိုင်းလာပြီးတော့ ပြောပြီးပြီ၊ အရှင်မင်းမြတ် စဉ်းစား ဆုံးဖြတ် ပေတော့။ လောကနွံတောကြီးထဲတော့ ဘ၀ကို မကုန်ဆုံးပါစေနဲ့၊ ငါကတော့ နန္ဒမူလှိုဏ် ကိုပြန်တော့မယ်။


လေပြေသုတ်ဖြူးသည်။ ကျေးငှက်တို့ အောင်မြည်သံသည် တောလုံးညံသည်။ ပင်အို ပင်ပျိုတို့၏ ယိမ်းနွဲ့ လှုပ်ရှားလိုက်ဟန်သည် အလန့်တကြားနိုင်လှသည်။

မြေပြင်တွင်ပြားပြားဝပ်နေသော အရှင်မင်းမြတ် အရိန္ဒမ၏ အကြည့်များသည် ထားခဲ့တော့မလား အရှင်မြတ်ရယ်လို့ မပြောသော်လည်း ပြောနေ သယောက်ရှိလှသည်။

ပြီးတော့စဉ်းစားမိပြန်သည်။

ငါရထားတဲ့ ထီးနန်းစည်းစိမ်ဆိုတာ၊ ဆင်သေကောင်ပုတ်နဲ့တူသတဲ့။ ဘုရင် အဖြစ်နဲ့ လိုက်မိမှားတဲ့ ငါက ကျီးမိုက်နဲ့တူလေသတဲ့။
လောကကဓံ လှိုင်းပုတ်၊ အာဏာဆုတ်ယုတ်တဲ့ အချိန်ဆိုတဲ့ ၀ဲများစုပ်လိုက်ရင်ဖြင့်ခက်ရပြီကော..။

ဥယျာဉ်တော်သည် ပကတိဆိတ်ငြိမ်နေပြန်သည်။ ငှက်ကျေးတို့မဆူတော့ပြီ။ နေ၀န်းလည်း ၀င်လုလုဖြင့် အနောက်သို့ ယွန်းချေပြီ။
..........................................................................................
မှတ်ချက်။ သောဏကဇာတ်တော်ကို တစ်စိတ်တစ်ပိုင်းဖွဲ့ဆိုထားပါသည်။ 


Monday, October 1, 2012

အလှည့် အပြောင်း

လှိုက်လှဲစွာကြိုဆိုပါ၏။
တစ်မြို့လုံး၊ တစ်နယ်လုံး၊ တစ်ရွာလုံးကိုယ်စား သူတာဝန်ထမ်းဆောင်နေသည်။
ဘာမှ မကြာလိုက်ဘူး၊ နောက်တစ်ခါပြန်လှည့်ကြည့်မိလိုက်တော့..၊
နှုတ်ခွန်းဆက်သလိုက်ပါ၏။

  

သူတစ်မြို့လုံး ကိုယ်စား၊ တစ်နယ်လုံးကိုယ်စား၊ တစ်ရွာလုံး ကိုယ်စား နှုတ်ဆက်လိုက်ပြန်ပြီ။
ကြိုဆိုခြင်းနှင့် နှုတ်ဆက်ခြင်း အကွာ အဟသည် တစ်ပေကျော်ကျော်လေးမျှသာဖြစ်သည်။ သို့သော်နေရာ တိုင်း တွင်ရှိကြသည်။ တစ်မြို့၊ တစ်နယ်၊ တစ်ရွာသို့ ၀င်ရောက်လိုက်ရခြင်းသည် ခဏတာဆိုနိုင်သော ဘ၀ဖြစ်သည်။

ဖြစ်စဉ် အားလုံးသည် ဘ၀ဖြစ်သည်။ သက်ရှိဘ၀နှင့် သက်မဲ့ဘ၀သာ ခြားနားသည်။ ဖြတ်သန်းနေကြရ သည်။ သစ်ပင်တစ်ပင်သည် ရွက်နုတွေဝေနေသည်။ လောကကြီးကိုသူ့ကို ကြိုဆိုသည်။ မိုးဒဏ်၊ လေဒဏ် သူခံရသည်။ လောကကြီးက ချီးမြှောက်ခြင်းကိုသာ ပေးသည်မဟုတ်။ အပြစ်ဆန်သော သဘာဝတရား များကိုလည်း ပေးတတ်သည်သာ။

နွေပေါက်တော့ ပင်ခြေအောက်တွင် ရေတို့ခြောက်ပြီ။ သွေ့ယောင်းနေသော သစ်ပင်သည် လေ အသုတ် တွင် ရွက်ဝါတစ်ချို့ ကြွေပြုတ်သွားကြသည်။ သက်မဲ့ ဘ၀ဖြစ်စဉ် တစ်ခုမို့ သစ်ပင်တစ်ပင် လာရောက်ခြင်း ကို မည်သူ ကမှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ဟူသော စာတမ်းရေးမထားကြ။

နွေရောက်လို့ ကြွေပျောက်တော့လည်း နှုတ်ခွန်းဆက်သလိုက်ပါ၏ကို သူကို မဆိုလိုက်ကြပြန်။ သို့သော် မိုးသံကြားလျှင် ရွက်သစ်ဝေ၍ လှဦးတော့မည်။ ပင်အောက်ဝင်ရောက် နားခိုသူတို့ကို အရိပ်ပေးနေ ၍ အေးစေမည်။  

  

လူသည် ခံစားတတ်သည်။ သစ်ပင်နှင့် မတူပါ။ လှိုက်လှဲစွာကြိုခြင်းကို ကြည်နူးကြသည်။ ဖက်လဲတကင်း သည် ကြည်မွေ့စရာကောင်းသည်။ ခင်မင်ကြသည်။ တွယ်တာကြသည်။ တစ်ဦးနှင့်တစ်ဦး အကျိုးဆောင် လမ်းပြ ကြသည်။ တူညီရာပေါင်းစပ်ခြင်းဖြင့် ခံစားမှုပါသော ဖြစ်တည်ခြင်း ဘ၀ကို ထူထောင်ကြသည်။
ထိုကြည်နူးရာခဏသည် မည်မျှကြာမည်နည်း။ 

ဘ၀ တစ်ဘက် စာမျက်နှာသည် နှုတ်ခွန်းဆက်ခြင်းဖြစ်သည်။ လှိုက်လှဲစွာပဲနှုတ်ခွန်းဆက်လိုက်သည် လားပဲတွေးတောစရာရှိသည်။

တစ်ခါကရှိခဲ့ဖူးသည်။ တာဝန်ဖြင့် သူတို့ရွာလေးကိုရောက်ခဲ့ရသည်။ သူတို့ရွာလေးတွင် လှိုက်လှဲစွာကြို ပါ၏ ဟူသော ဆိုင်းဘုတ် ချိတ်မထားနိုင်ပါ။ သူတို့ရွာနာမည်လေးကပင် မင်ရောင်တို့ပြယ်နေ၏။ သို့သော် လှိုက်လှဲစွာဟူသော ထိုစကားလုံးကို နှလုံးသားဖြင့်ရေးထိုးကြသူများဖြစ်ကြသည်။

သူတို့နဲ့ အတူ ဆောင်းတွေ၊ မိုးတွေ၊ နွေတွေ အတန်ငယ်ဖြတ်သန်းပြီးသော တစ်ချိန် ဆောင်း မနက်ခင်း တစ်ခုမှာ နှင်းတွေဝေနေဆဲ၊ တောင်ယာမီးခိုးတွေတို့လူနေဆဲ၊ ကောင်းကင်ကြီးနှင့် တောင်တန်းကြီးတစ်စပ်
တည်းဖြစ် နေဆဲ၊ သူတို့နှင့်အတူ အပြုံးတို့ နားလည်နေဆဲမှာပဲ နှုတ်ခွန်းဆသလိုက်ပါသည်ကို မဆိုမိပဲ ခွဲခွာခဲ့ရသည်။ ဤသို့နှုတ် မဆက်ပဲ ခက်တည်တည်နဲ့ ချင်းတွင်းမြစ်ကိုစုန်ဆင်းလာခဲ့ရာ…

  

သူငယ်ချင်းတို့ ၊ တို့တစ်တွေ ဘယ်တော့မှ ပြန်တွေ့နိုင်မယ် မသိတော့ဘူးနော်တဲ့။
ကမ်းပေါ် အတက် လက်ဆွဲနှုတ်ဆက်နေကြသော သူတို့ကိုကြည့်ပြီးငေးနေမိသည်။ သူတို့နှုတ်ဆက်ခြင်း သည် လှိုက်လှဲနေရုံမက မျက်ရည်များပင် ရွှဲစိုနေကြသည်။

သူတို့ပြောနေသော စကားကို နားထောင်လိုက်တော့ တက္ကသိုလ်တစ်ခုတွင် လေးနှစ်တာကာ အတူတူဖြတ် သန်းပြီး ဘ၀တာကာလ တစ်ခုပြီးဆုံးလို့ တာဝန်ကျရာ ထမ်းဆောင်ကြရမည့်နေရာ တစ်ထောင်နား အရောက်တွင် နှုတ်ဆက်နေကြခြင်းဖြစ်သည်။

သူတို့နှုတ်ဆက်ခြင်းက မိမိရင်ကိုပါခတ်ပြီ၊ သူတို့ကို ရုတ်တရက် နှုတ်မဆက်ပဲ ခွဲခွာခဲ့ရပြီကောလို့ သိလိုက် တော့….

မျက်ရည်တို့ စို့လာသည်။ သက်သာစေတော့ရယ် အတွေးနဲ့ စို့မျက်ရည်ကို ပုတ်ခတ် ထုတ်လိုက်မိတော့ ချင်းတွင်းမြစ်ပြင်ကြီးသည် မြင်ကွင်းတွင်ေ၀၀ါးနေတော့သည်။
လှိုက်လှဲလှဲ နှုတ်ဆက်လိုက်မိပြီထင်ပါသည်။
တကယ်တော့လည်း နှစ်နှစ်တာ ကာလသည်……
လှိုက်လှဲစွာကြိုဆိုပါသည်နှင့်
နှုတ်ခွန်းဆက်သလိုက်ပါသည်
 ဆိုသော စကားလုံးနှစ်လုံးရဲ့ ထုထည်သည် ဆိုင်းဘုတ်တစ်ခုလို တစ်ပေသာသာလေးမှ မဟုတ်တာ ပဲလေ လို့……။ 
 ..............................................................................................................................
မှတ်ချက်။ တောင်တန်းသာသနာပြုဘ၀ဖြင့်နေခဲ့ရသော အဖြစ်အပျက်နှင့် ခွဲခွာရသော ခဏကို ရည်ညွှန်း။