အိန္ဒိယနိုင်ငံကြီးသည်
ဘာသာ အယူဝါဒတို့ဖြင့် ကြွယ်ဝချမ်းသာသည်။ အတိတ်ကလည်း ကြွယ်ဝခဲ့သည်။ ယခုတိုင်းလည်း အသစ်သစ်သော
ယုံကြည် ကိုးကွယ်မှုများဖြင့် သက်ဝင်လှုပ်ရှားနေဆဲရှိသည်။ ကမ္ဘာအရပ် ရပ်မှ သုတေသီတို့သည်
အိန္ဒိယကို ဦးညွတ်ကြရသည်။
ကမ္ဘာအရပ်ရပ်မှ ဦးညွတ်လေးစားခြင်းတွင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍသည်
ကြီးကျယ်သည်။ အထူးသဖြင့် အနောက်တိုင်းသားများကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ခရစ်နှစ်
၁၈နောက်ပိုင်းကာလများသည် အိန္ဒိယ သမိုင်း၏ ခေတ်သစ်တစ်ခုပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
အိန္ဒိယတိုက် ငယ်သို့ရောက်ခဲ့ကြ၊ တာဝန် ထမ်းဆောင်ခဲ့ကြသော ဗြိတိသျှ အရာရှိများသည် အိန္ဒိယနိုင်ငံကြီး၏
ကြီးမား ကျယ်ပြန့်သော ယဉ်ကျေးမှု အ၀န်းအ၀ိုင်းကြီးကို စိတ်တိုင်းကျ ရှာဖွေဖွင့်လှစ်ခဲ့ကြသည်။
အင်ဒိုလော်ဂျီ( indology) တစ်ရပ်အဖြစ်ဖြင့် ပင် တစ်သီးတစ်ခြားလေ့လာကြသည်။
အကျိုးအမြတ်ကား
အံ့သြဖွယ်ကောင်း လှသည်။ ဗုဒ္ဓသာသနိက အဆောက်အဦးများကို ရှာဖွေဖော် ထုတ်ပြီး ကမ္ဘာသိ အမွေ
အနှစ်များ အဖြစ် ထိမ်းသိမ်းနိုင်ခဲ့ကြသည်။
ရုပ်ပိုင်းဆိုင်ရာသာမက
နာမ်ပိုင်းဆိုင်ရာ အမွေ အနှစ်များ အနေနှင့်လည်း ထင်ရှားခဲ့သည်။ ဆာအက်ဒွင် အားနိုးသည်
တယ်လီဂရပ်သတင်းစာကြီးတွင် ခေတ်သစ် ဗုဒ္ဓ၀င်ဖြည့်သည့် အာရှတိုက် အလင်းရောင် ” the
light of Asia” ကိုဖွဲ့ဆိုပြီး နာမ်ပိုင်ဆိုင်ရာ အလှ၊ အမွေကို အနောက်ကမ္ဘာနှင့် မိတ်ဆက်ပေးနိုင်ခဲ့သည်။
အာနိုး၏ အာရှ အလင်းရောင်သည် မဟာယာန သုတ္တန်ဖြစ်သော လလိတ၀ိတ္ထာရကို မှီးငြမ်းပြုရေးဖွဲ့ သည်ဟု မှန်းဆရသည်။
အေ
ဒီတစ်ရာစု၊ သို့မဟုတ် ဘီ စီ ကုန်ဆုံးကာနီးကာလတွင် ကသ္မီရနယ်တွင် ကနိသျှကမင်း အထောက်
အပံ့ဖြင့် မြောက်ပိုင်း သင်္ဂါယနာတင်ကြသည်။ သက္ကတဘာသာကို အဓိကထား သင်္ဂါယနာတင်ကြသည်။ သက္ကတဘာသာဖြင့်ပင်
အဖွင့်ကျမ်းများရေးသားကြသည်။ နောက်ပိုင်းတွင် သက္ကတ ဘာသာဖြင့်ရေးသား ထားသော ဗုဒ္ဓပိဋကတ်တော်များကို
မြောက်ပိုင်း ဗုဒ္ဓဘာသာ အဖြစ်ခေါ်တွင်ကြသည်။ သက္ကတဗုဒ္ဓဘာသာ ဟုပင်ခေါ်ကြသည်။ တောင်ပိုင်းဗုဒ္ဓဘာသာကို
ပါဠိဗုဒ္ဓဘာသာဟုဆိုကြသည်။
သက္ကတဗုဒ္ဓဘာသာသည်
မြောက်ပိုင်းတွင်ကြီးစိုးသည်။ ပါဠိဗုဒ္ဓဘာသာသည် တောင်ပိုင်း တွင် ပြန့်ပွား သည်။ အိန္ဒိယအလယ်ပိုင်းသားကြီးဖြစ်သော
ဗုဒ္ဓဃောသသည် သက္ကတဗုဒ္ဓဘာသာကို မလေ့လာ ပဲတောင် ပိုင်းသို့ ကြွပြီး ပါဠိဗုဒ္ဓဘာသာကိုလေ့လာပြီး အဖွင့်ကျမ်းပေါင်းများစွာရေးပြီး
သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ သည်။ ထေရ၀ါဒ သမိုင်းတွင် ဗုဒ္ဓဃောသမထေရ်မြတ်သည် ထာဝရတည်ရှိနေမည်ဖြစ်သည်။
အမှန်ဆိုရသော်
အိန္ဒိယတိုက်ငယ်ပေါ်တွင် မဟာယာနဗုဒ္ဓဘာသာက ပိုမိုထင်ကျန်ရစ်သည်။ ထေရ၀ါဒဗုဒ္ဓ ဘာသာကား အေ
ဒီထောင့်နှစ်ရာ စုတွင် အိန္ဒိယတိုက်ငယ်မှ ပျောက်ကွယ်ခဲ့ရသည်။ မဟာယာနသည် ရှိရင်းစွဲဖြစ်သော
ဗြဟ္မဏ၀ါဒများနှင့် ရောနှောသွားသည်။ ဗြဟ္မဏ အယူအဆများနှင့် ရောထွေးကာ ဗုဒ္ဓကိုပင် ပရိနိဗ္ဗာန်ပြုပြီးနောက်တွင်
ကောင်းကင်ဘုံ၌ တည်ရှိနေသည်ဟု ဆိုကြသည်။
ဗြဟ္မဏ၀ါဒ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရခြင်းဖြစ်ဟု ဆိုချင်သည်။
မဟာယာနဆရာအများစု သည် မြောက် ပိုင်းမှ အများစုဖြစ်ကြသည်။ နာဂဇုန၊ အဿဂေါသ၊ ၀သုဗန္ဓုစသော
မဟာယာန ပညာရှင်များ သည် မြောက်ပိုင်းသားများဖြစ်ကြသည်။ မဟာယာန သမိုင်းတွင် သူတို့ထာဝရတည်ရှိ၊
မှတ်တင်တင်ခြင်း ခံကြရမည်။
ဗောဓိဓမ္မ
ထိုအထဲတွင်
ထူးထူးခြားခြား တောင်ပိုင်း အဋ္ဌကထာဆရာ အများစု၏ မွေရပ်မြေ ကဉ္စီပူရမြို့မှ မဟာယာန ပညာရှင်တစ်ယောက်ပေါ်ထွန်းသည်။
ဗောဓိဓမ္မသည်
ခရစ် ငါးရာစုနှောင်းပိုင်း၊ ခြောက်ရာစု အစောပိုင်းဖွားမြင်သည် ဆိုကြသည်။ သူသည် အိန္ဒိယနိုင်ငံ၊
တောင်ပိုင်း တမီးနာဒူးပြည်နယ်သားဖြစ်ပြီး၊ ပလ္လ၀မင်း အဖြစ်ဆက်ခံနိုင်သော တတိယမြောက်
အဖြစ်ဖော်ပြကြသည်။ ပလ္လ၀မင်းဆက်တို့သည် ခရစ်လေးရာစုမှ ကိုးရာစုအထိ အုပ်ချုပ်ခဲ့ကြသည်။
သူတို့
အုပ်ချုပ်ရာဒေသသည် အရှေ့တောင် အာရှနိုင်ငံများနှင့် ရေလမ်းကြောင်း ဆက်သွယ်မှုရှိ သည်။
မြန်မာအက္ခရာ များသည်ပင် ပလ္လ၀အက္ခရာ၊ ပလ္လ၀ အရေးအသားများဖြစ်ကြောင်း သမိုင်းရှိသည်။ ဗောဓိဓမ္မ
ကိုယ်တိုင်လည်း ဂျားဗားကျွန်း၊ မလယ(မလေးရှား) ဒေသသို့ရောက်ဖူးသည်။
တမီးနာဒူးသားအများစု(
အနုရုဒ္ဓါ၊ ဗုဒ္ဓဒတ္တ၊ အာစရိယ ဓမ္မပါလ) သည် ဗုဒ္ဓသာသနာနှင့် ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံသို့
ကူးပြီး ပိဋကတ်တော်များကို လေ့လာကြသည်။ သို့သော် ဗောဓိဓမ္မသည် လင်္ကာကျွန်းသို့ ကူးခဲ့သည်ကို
မတွေ့ရပါ။ နောက်ပိုင်းတွင် မဟာယာနထွန်းကားရာ တရုတ်နိုင်ငံသို့ ခရီးထွက်သည်။ နောက်တွင်
မဟာယာန ဘုန်းတော်ကြီး၏ တပည့်ခံယူကာ မဟာယာနရဟန်းတော် အဖြစ်ခံယူသည်။ သမထလုပ်ငန်းကို ပြင်းပြင်းထန်ထန်ပြုလုပ်သည်။
ဇင်ဂိုဏ်း ခေါင်းဆောင်
ဈာနဂိုဏ်းကိုထူးထောင်သည်။
တရုတ်တွင် ချင်( chan) ဂိုဏ်း အဖြစ်ထင်ရှားသည်။ ဂျပန်တွင် ဇင်( zen) ဂိုဏ်းအဖြစ် ထင်ရှားသည်။
တရုတ်နိုင်ငံတွင်
အခြေတည်သော ကာယလေ့ကျင့်ခန်းဖြစ်သည့် ရှောင်လင်ဂိုဏ်းကို ဦးစီး ထူထောင်သူ အဖြစ် အဆိုရှိပြန်သည်။
မင်းစည်းစိမ်းကို
စွန့်လွှတ်၊ နေရပ်ကို စွန့်ခွာကာ မိမိယုံကြည်မှု၊ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး
အတွက် စံပြလုပ်ဆောင်ပြခဲ့သည်။ ဗောဓိဓမ္မသည် ဘုရားရှင်မှစပြီး အစဉ်အဆက်မပြတ် ဆင်းသက်လာသော
၂၈ ဆက်မြောက် ဇင်ခေါင်းဆောင်ကြီး အဖြစ် ကိုးကွယ်ကြသည်။
ဗောဓိဓမ္မသည်
မြောက်ပိုင်း ဗုဒ္ဓသာသနာတော် အတွက် အဖိုးမဖြတ်နိုင်သော အမွေ အနှစ်တို့ကို ပေးဆပ် ခဲ့သော
သာသနာ့ သူရဲကောင်းကြီး တစ်ဦးဖြစ်သည်။