Pages

Sunday, April 29, 2012

အနောမာမြစ်ရဲ့ အခြားတစ်ဘက်



အနောမာ တစ်ဘက်ကမ်းမှာ အလွမ်းတွေကင်းသတဲ့
ကျော်ဖြတ်မယ် တကယ်ကြံတော့
လွမ်းမိပါရောလား
ယသော်ရယ်..၊

သားရာဟု ရင်ခွင်ပိုက်ပြီး
ထွေးလိုက်မယ်ကြံပါသေး
ခွဲရေးခက်တယ်
မယ် ယသော်ရယ်..၊

ကြင်ဖော်မဲ့ ယသော်ခင်မှာ
ရွှေနန်းမြင့်စံရပေမယ့်
လက်တွဲလို့ ပလ္လင်ထက်မှာ
စံမြန်းခွင့် ဘယ်မရနိုင်ဘူး
တွေးမိပြန်တယ်..၊

ဟယ်..
ရှိစေတော့
စုန်ချည် ဆန်ချည် အပြန်ပြန်နဲ့
အဖန်ဖန်သွားခဲ့ရတဲ့ဘ၀ဘုံ
လွမ်းစရာတွေလည်းစုံလှ
အခုတော့ ထားရစ်ခဲ့ပြီ…၊

မယ်ယသော်နဲ့သားရာဟု
ခွင့်ပင် မပြုပေမယ့်
အနောမာ တစ်ဘက်ကမ်းမှာမှ
အလွမ်းတွေကင်းမှာမို့....၊
မောင်ဆန်နဲ့ ကဏ္ဍက
ငါကိုယ်တော်လှမ်းကြွတော့မှာမို့
ထကြစမ်းကွဲ့…..
လွမ်းရတဲ့ည..ထားခဲ့ပြီကွဲ့..အလွမ်းည..၊
 .........................


သူ့ကိုသိသည်၊ အိမ်ရှေ့စံ အဖြစ် လျာထားခံရသူဖြစ်သည်၊ သက္ကလူမျိုးတို့အတွက် အားအင်တစ်ရပ် အဖြစ်တင်စား ထင်ရှားသူဖြစ်သည်၊ သိဒ္ဓတ္ထမင်းသား၏ သွေးရင်းသားရင်းညီတော်လည်း ဖြစ်သည်၊ သကျဘုရင်သုဒ္ဓေါဓနနှင့် မိထွေးတော်ဂေါတမီ၏ သားတော်ဖြစ်သည်၊ ကပိလမင်းနေပြည်ကြီး၏ နန်းတော် တွင် ကြောင့်ကြမဲ့ နေခဲ့ရသူ၊ နုနယ်ပျိုမြစ်၍ မြင်မြင်သူနှစ်သက်စေနိုင်သောကြောင့် နန္ဒ အမည် ပေးခြင်း ခံရသူ၊

နောင်တော် မင်းသိဒ္ဓတ် တောရပ်စံပြီး နောက်တွင် သကျလူမျိုးများနှင့် ကပိလမင်းနေ ပြည်၏ ဒုတိယ ရာထူးအိမ်ရှေ့စံဖြင့် နေရသူ၊ ရာထူးဘက်ကကြည့်ကြည့် ရုပ်ရည်ဘက် ကြည်ကြည့် တင့်တယ် မြင့်မြတ်နေ သူ၊ ရှေ့ရေးကိုမျှော်တွေးကြသော သကျဘုရင်နှင့်မိဖုရားတို့က အိမ်ထောင်ဖြင့်နှောင်ဖွဲ့ မည်ကြံစည်ကာ အိမ်ထောင်ပြုပေးရန်စီမံလေပြီ၊

အိမ်ရှေ့စံလေး ဘ၀သည် အဘက်ဘက်ကပြည့်စုံနေသည်ထက် တစ်ဆင့်တက်ကာ ရွှေလက်ဆွဲ ကာ ပျော်ပွဲဝင်နိုင်ရေး မျှော်တွေးလိုက်တိုင်း တစ်ရေးရေးဖြင့် ကြည်နူးနေမိသည်…၊

မြတ်ဘုရားသည် မြတ်ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့မှ စ၍လောကကြီးတွင် သစ္စာ သိ မြင်နိုင်သော ပုဂ္ဂိုလ် သတ္တ၀ါများကို အမြဲမပြတ်ကြည့်ရှုတော်မူသည်၊ သစ္စာသိမည့် သူဆိုလျှင် မိုင်ပေါင်းများစွာ ခရီးကို ကြွတော်မူလေ့ရှိသည်၊ 

ယနေ့မင်္ဂလာဆောင်တစ်ခုသို့ကြွရပေမည်၊ မင်္ဂလာ ဆောင်ကားညီတော် နန္ဒမင်းသား ထိမ်းမြားခြင်း မင်္ဂလာဖြစ်သည်၊ သကျလူမျိုးတို့အနာဂတ်၏ ဖန်တီး ရှင်ဆိုနိုင်လောက် သော မင်းသား နန္ဒထံသို့ ဘုရား ရှင်ကြွလေပြီ၊

ညီတော်နန္ဒ ငါဘုရားနဲ့ ကျောင်းလိုက်မလား..၊
ငယ်ငယ်ကတည်းကပင် သိက္ခာရင့် ကျက်တည်ကြည်သော နောင်တော် မင်းသိဒ္ဓတ် တစ်ဖြစ် လဲ နောင်တော်ဘုရားစကားကို နန္ဒ မလွန်ဆန်ဝံ့.၊

မှန်ပါ ..၊ လိုက်ပါမည်ဘုရား..၊

နန္ဒမင်းသားနောင်ဘုရားနောက်တော်ပါးက သပိတ်ကိုင်၍ကျောင်းတော်သို့လိုက်ရလေပြီ၊
စုလျားရစ်ပတ် လက်ထပ်လုလု နှမတော်ကိုထားပြီး ကျောင်းတော်လိုက်ခဲ့ရသော မင်းသားသည်
နောက်ဆံတင်းလျှက် တငဲ့ငဲ့ဖြင့် လှည့်ကြည့်လှည့်ကြည်…၊
လမ်းခုလတ်တွင်ဖြစ်သည်၊

နန္ဒမင်းရဲ့ နှမဇနပဒကလျာနီနဲ့ ဒီသစ်ငုတ်တိုပေါ်က မျောက်ဘယ်က သူလှသလဲ..၊
အသဲကွဲမတတ်ခံစားရပြီ၊ မေးစရာရှားရော့ထင့်၊ နတ်သူဇာနဲ့ မျောက်အို ဘယ်လိုဆိုပြီးနှိုင်းလိုက်တာ လဲ နောင်တော်ရယ်..နန္ဒမင်းသားငိုလုလု..၊

အေး နောင်ဘုရားနဲ့ဆက်ပြီး လိုက်ခဲ့ဦး..၊

ရုတ်တရက်….နတ်ပြည်နတ်နန်းအခမ်းခမ်းတို့ဖြင့် လှချင်တိုင်းလှနေသော သူဇာနတ်ပျို ဥဒဟိုတို့ကို နန္ဒမင်းသား အငေးသားဖြင့် စိတ်တို့ကယောင်ခြောက်ခြားဖြစ်ရပြီ၊
ညီတော် ဒီနတ်သမီးတွေနဲ့ မင်းနှမ ဇနပဒကလျာနီဘယ်သူပိုလှလဲ..၊
ဆိုင်းတွငေးဆံ့မရှိ၊

နောင်ဘုရားရယ်..အိမ်မှကျန်ရစ်တဲ့ ဇနပဒကလျာနီက သစ်ငုတ်တိုပေါ်က မျောက်အလားထင်ရပါပြီ၊
သူတို့ကိုရချင်လိုက်တာနောင်ဘုရားရယ်..၊

အေး..ငါဘုရားနဲ့ကျောင်းလိုက်ခဲ့ပေတော့၊
ဒီဂါထာကိုရွတ်နတ်သမီးလာဂါထာခေါ်တယ်ညီတော်၊

ဘုရားရှင်သည် ညီတော်အား ကမ္မဋ္ဌာန်းစည်းဖြန်းနည်း တစ်ခုပေးလိုက်သည်၊ နန္ဒ သည် ဂါထာကို နေ့ည မပြတ်ရွတ်ဖတ်သည်၊ အနက်အဓိပ္ပာယ်မသိ၊ တဖြည်းဖြည်းချင်း စိတ်စိုက်ရွတ်ဖတ်လာရာ နောက်ဆုံးတွင် နန္ဒမင်းသား.နတ်သမီးလိုချင်မှု၊

တွယ်တာခင်မင်မှု အားလုံးကို အောင်နိုင်သော ဘုရားရှင်အလိုချင်ဆုံး၊ ဘုရားရှင် အရစေချင်ဆုံး ဖြစ်သော အရဟတ္တဖိုလ်သို့ တိုင်လေသည်၊
ကြည်နူးရသည်၊ မင်းသားနန္ဒ နောက်ဆံတင်းမှုကုန်ဆုံး ဘ၀ဇာတ်တွေသိမ်းပြီး၊ အငြိမ်းကြီးငြိမ်းလေပြီ။
…………….


ဘကြီးဘုရား၊
ဟဲ့..ထွန်းအံ့ ဘာတုန်းရေးကြီးသုတ်ပျာ မည်းမည်းသည်းသည်းနဲ့ မင်းအဖေ မြဆောင်လိုက်ရိုက် ပြန်ပလား၊
မဟုတ်ပါဘုရား..၊

ထွန်းအံ့မောနေသည်၊ နောက်လဲ လှည့်ကြည့်လှည့်ကြည့်လုပ်နေရသည်၊
တပည့်…တပည့်တော်..ကျွဲတွေ မြောင်းထဲမျောပါပြီးပြွန်ပေါက်ထဲပါသွားတာ..
အကုန်လုံးသေကုန်ပြီထင်တယ်ဘုရား၊ အဲဒါအိမ်မပြန်ရဲလို၊ ဘကြီးဘုန်းကြီးဆီလာတာပါဘုရား၊

အဲဒါဘကြီးဘုန်ကြီးကယ်ပါဦး၊ တပည့်တော်ကိုရင်ဝတ်တော့မယ်ဘုရား၊

ဟေ…၊

မင်းအဖေ မြဆောင်တော့လိုက်လာမှာပေါ့၊  ခက်တော့ခက်လားကွာ၊ အေးပါ ကိုရင်ဝတ်ချင်လဲဝတ်ရ မှာပေါ့၊ မင်းအဖေ အခြေအနေကိုတော့ကြည့်ဦးမယ်၊
………………
…………………..
ဦးဇင်း၊

ဘာတုန်းဟ၊ မင်းက ရေးကြီးသုတ်ပြာနဲ့၊ ဆိုစမ်းပါဦး၊
ဟိုကောင် ဦးဇင်းရဲ့တူ ထွန်းအံ့ကြောင့် ကျွဲခုနှစ်ကောင်ရေထဲမျောပါပြီး ပြွန်ပေါက်ထဲပိတ်မိတာ အကုန် သေ ကုန်ပြီ၊ အဲဒါ ဦးဇင်းဆီများလာသလားလို့ သိချင်လို့၊
အင်း မင်းက ထွန်းအံ့ ငါ့ဆီလာတော့ကာ ဘာလုပ်မှာတုန်း၊
အာ….ဒီကောင်တော့ သေရအောင်သာပြင်ပေါ့ဘုရား၊
ဟေ့ကောင်မြဆောင် ငါ့ညီ ငါ့စကားနားထောင်စမ်း၊

ထွန်းအံ့ငါ့ဆီလာတယ်၊ မင်းလာမယ်သိလို့ ငါခဏ အတိမ်းခိုင်းထားတယ်၊
စိတ်လျှော့ပါ၊ သူကြောင့်ချည်းလို့ တစ်ထစ်ချမပြောပါနဲ့သူတို့ကံကြမ္မာနဲ့လဲဆိုင်ပါလိမ့်မယ်၊
မင်းသားကိုရင်ဝတ်မလို့ ဆိုပြီး ငါလာပြောတယ်၊ အဲဒါဝတ်ပေးလိုက်တော့မယ်၊
မင်းသဘောတူတယ်မို့လား၊

ဦးမြဆောင်စိတ်ပေါက်ပေါက်နှင့်…
တင်ပ၊ ဦးဇင်းနိုင်အောင်ထိမ်းနိုင်ရင်တော့ ၀တ်ပေးလိုက်ပေါ့ဘုရား၊
တပည့်တော်ပြန်မယ်၊

ဦးမြဆောင် အကိုဖြစ်သူဦးဇင်းကို ပုဆိန်ပေါက်ဦးချပြီး အိမ်ပြန်လေပြီ၊
ထိုနေ့ညနေချမ်းတွင် ထွန်းအံ့ ကိုရင်ဝတ်သည်၊ အိမ်မပြန်ရဲသဖြင့် ရွာကျောင်းတွင် ကြာကြာမနေပဲ မြို့ တက်သည်၊ နောက်တော့စာမေးပွဲများအောင်မြင်ပြီး၊ ကျောင်းတိုက်တစ်တိုက်တွင်စာချဘုန်းကြီးဖြစ် သည်၊ 

ယခုအချိန်တွင် ကျောင်းတိုက်၏ တိုက်အုပ်ဆရာတော် ဦးနာယကအဖြစ်ထင်ရှားနေတော့ သည်၊
ငယ်ရွာကျောင်းတွင်ကား ဦးနာယကကွယ်ရာတွင် ကျွဲပျောက်ကိုယ်တော်ကြီးဟု ချစ်စနိုးခေါ်ကြသည်၊
ဦးနာယကကြားလျှင်ပြုံးနေတတ်သည်၊ အတိတ်တို့သည် ရွေ့လျှောခဲ့ငြား….။


Thursday, April 12, 2012

ရဟန်းအို၏ နုပျိုသော


သာသနာရင်းမြစ် တောကဖြစ်၍၊
တောပစ်မြို့ပေါ် သားတော်ပျော်က၊
တော်မတော်ပင် ကြံတွေးစဉ်၍၊
လျင်လျင်မြန်မြန် တောရပ်ထံသို့၊
ပြန်ကြွခဲ့ပါတော့..သားတော်မောင်ဘုရား..

ရွာဦးကျောင်းတွင် လူများစုနေကြသည်.၊ ရွာသူရွာသားလုံး၏ အပြုံးမျက်နှာတို့သည် ထင်ထင်ရှားရှား ရှိလှ သည်၊ သူတို့မျက်ဝန်း တွင်ဂုဏ်ယူပြုံးလည်းရှိသည်၊ မျှော်လင့်ချက်တို့လည်းပါသည်၊ ရင်ထိတ်နေဟန် တို့လည်း မသိမသာ ပါနေသည်၊

ဘုန်းကြီးဒီနေ့ ဒကာမဒကာမများကိုပြောချင်တာ့ ကျုပ်က ဒီရွာမှာနေလာတာ ကြာပြီ၊ စာတတ်လို့ ရယ်မဟုတ်ဘူး၊ ဒုလ္လဘ၀တ်ရင်း အနေကြာလာပြီတော့ ဆရာတော်ကြီးကိုပြုစုရင်းနဲ့.၊ သီလပေး၊
ရေစက်ချလောက်တတ်ပြီး ဆရာတော်ကြီးလွန်တော့ ကျောင်းစောင့်ဆိုပြီးနေလာတာပါ..၊ ဆက်ခံမယ့် ရဟန်းတော်များ မရှိတော့ ရှိတာလေးနဲ့ဖြစ်အောင်နေခဲ့ကြတယ်ပြောကြပါတော့၊

ဒါပေမယ့် ကျုပ်လို စာမတတ်ပေမတတ်ကျောင်းထိုင်မျိုး မဖြစ်ရအောင်ဆိုပြီးနော်..မောင်ဓမ္မိကလေးကိုမြို့ တက်စာသင်စေခဲ့ကြတယ်၊ သူကလဲအောင်လိုက်တဲ့ စာမေးပွဲတွေ ကျုပ်ဖြင့် ကျေနပ်လိုက်တာ..၊

အခုတော့ ကျုပ်လိုတောထွက် ရဟန်းအိုကြီးနဲ့ ရွာက ဒကာဒကာမတွေ မျှော်လင့်ချက်ကြီးကြီးထား မျှော် လင့်ခဲ့ကြတဲ့..၊ တရားဟောလဲကောင်း..၊ နိုင်ငံခြားကကိုပဲ ဘီ အေ၊ အမ်အေစတဲ့ ဘွဲ့တွေတော်တော် များများရလာ တဲ့ မောင်ဓမ္မိကလေးကို ကျောင်းအပ်ဖို့ အသိပေးချင်လို့ခေါ်လိုက်တာပါ..၊
…………………………………………………………………………………………………………..


မောင်ဓမ္မိက မင်းကိုဒီတောရွာကျောင်းမှာ ကျောင်းထိုင်ခိုင်းဖို့ ငါပြန်ခေါ်လိုက်တာပဲ..၊

"..ဘုရား.."

နိုင်ငံခြား ပြန်ကိုယ်တော်လေး၏ ဘုရားဆိုသော အသံနဲနဲကျယ်သွားသယောင်ထင်ရသည်၊ မျှော်လင့် ချက်ဖြင့် အရောင်တောက်နေသော ရွာသူရွာသား အဖို့ မျက်နှာကွက်ကနဲ့ဖြစ်ရသည်၊

မဖြစ်နိုင်လောက်ဘူး ထင်တယ်ဘုရား..၊ ဒီကျောင်းက တောကျောင်းဆိုတော့ ပြီးတော့ ကျောင်းလို့ သာပြောရတယ်၊ အခင်း မလုံ၊ အကာ မရှိ၊ ကျောင်းဝိုင်းကလဲ ကောင်းကောင်း မဟုတ်၊ ပြီးတော့ တော ရွာ ကျောင်းဆိုတော့ တပည့်တော် သင်ထားတာ တတ်ထားတာတွေနဲ့ မကိုက်လောက်ဖူးထင်တယ် ဘုရား၊  မဖြစ်နိုင်လောက်ပါဘူးဘုရား၊

နိုင်ငံခြားပြန်တပည့်၏စကားကိုကြားလိုက်ရသော ရဟန်းအိုကြီး၏ မျက်နှာသည် အိုသည်ထက်ရင့်ရော် သွားသလိုထင်ရသည်၊

အော် မောင်ဓမ္မိက မင်းဒီလိုပြောလိုက်တော့ ငါအံ့သြလိုက်တာ..၊ ဒီရွာက မင်းအဖေအမေ ဘိုးဘွား တွေခေါင်းချသွားတဲ့ရွာပါကွာ..၊ ငါမင်းလို စာမတတ်ခဲ့ဘူး..၊ ဒါပေမယ့် မင်းကျောင်းရောက်လာ ကိုရင် ၀တ်တော့ ငါလိုကြီးမှ ရဟန်းဖြစ်ရပေမယ့် ငါ့နှလုံးသားမှာ မင်းကို ငါလို မဖြစ်စေရဘူးဆိုတဲ့ စေတနာ ထားခဲ့ပါတယ်.၊

မင်းကိုစာတတ်အောင် အသင်ခိုင်းမယ်..၊ စာတတ်တဲ့သူများဦးဆောင်ရင် ငါလိုတောထွက် ဦးဇင်းကြီး ဦးဆောင်နေတာထက် အဆပေါင်းများစွာတိုးတက်လိမ့်မယ်လို့တွေးခဲ့ဖူးတယ်..၊

မင်းမြို့တက်တော့ မင်းမကြောင့်မကျမတောင့်မတနဲ့ သူများနည်းတူ နေနိုင်အောင် ဒီရွာက ဒကာ ဒကာမတွေထောက်ပံ့လှူဒါန်းခဲ့ကြတာပါ မောင်ဓမ္မိကရယ်..၊ ဒါပေမယ့်တို့တောရွာလေးကမင်းဆီက ဘာ မှပြန်ပြီး မမျှော်လင့်ခဲ့ကြဖူးဘူး..၊

မောင်ဓမ္မိက စာမေးပွဲအောင်သတဲ့ဟဲ့ဆို တစ်နွေလုံးပင်ပန်းခဲ့သမျှ ဖြေသိမ့်နိုင်ကြတယ်..၊
ရဟန်းအိုကြီး၏ စကားသံတွင် ရှိုက်သံတစ်ချို့စွက်လာသည်၊

နောက်ကျတော့မင်းက မြန်မာနိုင်ငံတင်မကဘူး၊ နိုင်ငံခြားမှာတောင် ပညာတွေသွားသင်ဦးမယ် ဆိုတော့ တို့များ အိပ်မက်မှာ သာရောက်ဖူးရမယ့်  နေရာမျိုးကို တို့ရွာလေးက သားကောင်းတစ်ယောက်
 တော့ရောက်ပြီဟဲ့လို့ ရွာနီးချုပ်စပ်ကတောင်တို့တောရွာလေးကို မောကြည့်တာခံရတော့ မင်းဒီလို ဖြစ် လာအောင် ထောက်ပံ့လိုက်ရတဲ့ အကျိုးတွေနပ်ပြီလို့ ငါကြွေးကျော်နိုင်ခဲ့တယ်..၊

တို့တောရွာလေးလဲ လူထဲသူထဲ နာမည်ကောင်းရခဲ့တယ်..၊ မောင်ဓမ္မိကတို့ ရွာလူတွေဆိုပြီး ၀မ်းပန်း တသာနှုတ်ဆက်တာခံရတော့ ငါဖြင့် မျက်ရည်တောင်လည်ခဲ့မိတယ်..၊ ရင်ထဲလဲမျှော်လင့်ချက်တွေ ခိုင်မာ လာတယ်..၊ ငါ့တပည့်ကွ တို့ရွာသားတစ်ယောက်ရယ်လို့ငါ့မှာဖြင့်လေ..၊

ရဟန်းအိုကြီး၏ အသံတို့နစ်ဝင်သွားသည်၊

ငါ့တပည့် မောင်ဓမ္မိကပြန်လာရင်တော့ တို့ရွာလေး အပြောတင်မကဘူး..၊ အမြင်ပါဂုဏ် ယူရတော့ မယ်ဟဲ့လို့ တွေးလိုက်တိုင်း ငါပျော်ခဲ့ရပါတယ်..၊

ရဟန်းအိုကြီး၏ ပါးရေနာရေးတွန့်နေသော အရေးပါးပြင်တွင် မျက်ရည်စတို့လိမ့်ဆင်းလာသည်၊

အခုတော့ တတ်လိုက်ပါတဲ့ စာ..၊ သိလိုက်ပါတဲ့ ကမ္ဘာ့ အရေး..၊ ပြောတတ်လိုက်ပါဘိ..ဘာသန္တ မင်းမှာသင်စရာဆိုလို့ ကျန်တယ်တောင် မထင်လောက်အောင်တတ်နေတယ်လို့ ထင်ရတယ်..၊

ရဟန်းအိုကြီးတစ်ချက်ရှိုက်သည်..၊



ဒါပေမယ့် မင်းက တောရွာလေးမှာ ကျောင်း မထိုင်ချင်ဘူး..၊ ဂုဏ်ငယ်လို့ပေါ့..၊ မင်းတတ်ထားတဲ့ အတတ်တွေနဲ့ မကိုက်ဘူးပေါ့၊ မင်းလို နိုင်ငံခြားပြန် အတွက် သိမ်ငယ်စရာဖြစ်နေတယ်ပေါ့၊

မောင်ဓမ္မိကမင်းကို ပြောလိုက်ပါရဲ့ဗျာ၊  မင်းတတ်ထားတဲ့ ဘီ အေ၊ အမ် အေ၊ ပီအိပ်ခ်ျဒီဆိုတဲ့ အတတ် တွေကို ငါလိုတောထွက်ကြီးသိထားတဲ့ အသိမျိုး နဲ့တောင် လာမနိုင်းနဲ့ ရိုင်းလွန်းလို့..၊

မင်းလိုတတ်ပါတယ်..၊ သိပါတယ်..၊ ကမ္ဘာပတ်နိုင်ပါတယ်ဆိုတဲ့ အကောင်ရဲ့ နှလုံးသားနဲ့ ငါလိုပညာ မတတ်ပေမယ့် ရွာသူရွာသားတွေ ဘာသာရေး အသိပွားအောင် အေးချမ်းတဲ့ ဘုရားလမ်းစဉ်တွေကို ကျင့်သုံးလိုက်နာနိုင်အောင် သင်ပေးနိုင်ခဲ့တဲ့ ငါ့နှလုံးသားနဲ့ မလဲဘူးဓမ္မိကရေ..၊

ခေါင်းငိုက်စိုက်ကျနေသော အရှင်ဓမ္မိကခေါင်းပြန်မော့လာသည်..၊ သူ့ပါးပြင်တွင်လဲ မျက်ရည်စများနှင်...

ခွင့်လွှတ်ပါဘုရား..၊
ဆို့နစ်စွာလျှေက်လျှောက်ထားလိုက်သည်၊

တပည့်တော်……..
သူလဲရှိုက်သည်၊ ရှိုက်သံကို အနိုင်နိုင်ထိန်းရင်း..၊

တပည့်တော်ရဲ့မွေးရပ်မြေ….ဟောဒီ တောကျောင်းလေးမှာ ကျောင်းထိုင်ပါတော့မယ်ဘုရား..၊
တတ်စွမ်းသမျှ သင်ပြရင်းနဲ့ ရပ်ကျိုးရွာကျိုးဆောင်ရွက်ပါတော့မယ်ဘုရား၊

အတွန့်တွန့်အခွေခွေ အရေးကြောင်းများစွာနှင့် ရင့်ကျက်နေသော ရဟန်းအိုကြီး၏ လက်ဖမိုး အစုံကိုရှိခိုး ဦးခိုက်လိုက်သော အရှင်ဓမ္မိက၏ မျက်ရည်စတို့သည် ရင့်ရော်နေသော ရဟန်းအိုကြီးအတွက် အပြုံးတစ်ခု ဆင်ပေးလိုက်နိုင်ပြီ။  
…………....
သင်ပြမည့်သူ မရှိမူ၍ ရွာသူ ရွာသား၊
ကလေးများလည်း ချောင်းကြို မြောင်းကြား၊
ငါးရှာ ဖားနှိုက် ကစားလိုက်ဖြင့်၊
ငယ်ခိုက်ချိန်လေး စာနှင့်ဝေးသည်၊
တွေးတိုင်းရင်လေးမိပါတယ်ဘုရား။
(အမေအိုမှာတမ်း)
……………………………………………………………..
ဖတ်ခဲ့မိဖူးသော ၀တ္ထုတစ်ပုဒ်ကို ပြန်လည်ခံစားပြပါသည်..။


Tuesday, April 10, 2012

ထိုတစ်ညလ၀န်းသာသည်



“အဖေ”

ဘုရား…ကိုရင် ပြောလေ၊ ဘာပြောမလို့လဲ..၊ 

ကျုပ်ကိုရင်ဘ၀နဲ့မပျော်တော့ဘူး…၊ အဲဒါလူ ထွက်တော့မလို့..၊


အဖေငေးနေသည်..၊ ပြီးတော့ သက်ပြင်းချသည်..၊ လက်ကဆေးလိပ်တို့ကို ပြာချွေသည်၊
ပြီးတော့ကိုရင်ဘက်မျက်နှာလှည့်လာသည်၊

‘ကိုရင်..’၊

အဖေခေါ်လိုက်သော အသံသည် တိတ်ဆိတ်နေသော ညကို ပိုမိုလေးနက်စေသည်၊
ဗျ…အဖေ့..ဘာပြောမလို့လဲ..၊ကျုပ်လူထွက်ရမယ်လား..၊

တပည့်တော်လေ ငယ်ငယ်လေးကတည်းက ကိုရင်ဝတ်ချင်ပေမယ့်လို့..၊ မ၀တ်ခဲ့ရဘူး၊ အမေအဖေ တို့ကို ကူပြီးလယ်ယာလုပ်ငန်း ၀ိုင်းဝန်းလုပ်ကိုင်ခဲ့ရတယ်၊ ရွာကကျောင်းနေဘက် သူငယ်ချင်းတွေ ကိုရင်တွေ ၀တ်ကြ၊ ပြီးတော့မြို့ရောက်..၊ စာမေးပွဲအောင် ရွာပြန်လာရင်တပတော်ပြေးပြေးကြည့်ပြီး ၀မ်းသာခဲ့ရပါတယ်..၊

ကံမရှိလို့ ကိုရင် မ၀တ်ဖြစ်ခဲ့ပေမယ့်၊ ရွာက ဦးဇင်းကိုရင်တွေ ပြန်လာရင် ၀မ်းသာခဲ့ရတယ်၊
နောက်တော့ တပည့်တော်က အိမ်ထောင်တွေကျပေါ့..၊ အဲဒီကျတော့ တပည့်တော်ငယ်ငယ်က ကြည်ညိုခဲ့ရတဲ့ ကိုရင်ကြီးတွေက ဘုန်းကြီးတွေဖြစ်လို့ တွေ့လိုက်တိုင်း တပည့်တော်မှာ ၀မ်းသာ လိုက်ရတာ၊

ကိုယ်ကိုယ်တိုင် ကိုရင် မ၀တ်ခဲ့ရပေမယ့်လို.အပေါင်း အသင်းတွေကို ဦးဇင်းဆရာတော်တွေအဖြစ် နဲ့ မြင်လိုက်ရတိုင်းဝမ်းနည်းဝမ်သာပေါ့ ကိုရင်ရယ်..၊


သူတို့ကလဲတပည့် တပန်းတွေ အစုံနဲ့ပေါ့၊ တပည့်တော်မှာလဲ ငါကိုရင်မ၀တ်နိုင်ပေမယ်လို့
သားတွေရှိလာရင်တော့ ကိုရင်ဖြစ်စေပြီး၊ ကိုရင့်ရဲ့ ခမည်းတော်ဒကာကြီးအဖြစ် အခေါ်လိုက်အုံးမယ် လို့တွေး
တွေးပြီးပျော်လိုက်ရတာပေါ့ကိုရင်…၊

ဒီလိုနဲ့ ကိုရင့် အကိုကြီးမွေးတော့ ငါတော့ ကိုရင့် အဖေဖြစ်ရပြီဟဲ့လို့ စိတ်ထင်ခဲ့မိတယ်၊
ကံကမပါတော့ ကိုရင့် အကိုကြီးလဲ ကိုရင် လေးငါးဝါရတော့ လူထွက်ပြီး၊ အိမ်ထောင်ကျပေါ့..၊ ဒီလိုနဲ့ အဖေလေ ကိုရင့်ရဲ့..အကိုလတ်ကျတော့ မျှော်လင့်ခဲ့ပြန်တယ်၊ ဒါပေမယ့် အရင်လိုပဲ မထူးပါဘူး .၊
နောက်တစ်ယောက်၊ နောက်တစ်ယောက်မျှော်လင့်လိုက်တာ..၊ အရင်သားတွေလိုပဲ..၊
တပည့်တော်မှာသားတွေ အများကြီးမွေးထားပေမယ့်လို့၊

အမေ အဖေအဘိုးဘွား အစဉ်အဆက်က အဖေတို့ရဲ့ ဦးကြီးဦလေးတွေ ဘုန်းတော်ကြီးတွေဖြစ်ခဲ့ရပြီး ဗုဒ္ဓဘာသာဖြစ်လာရပေမယ့်လို့ တပည့်တော်မှာတော့ ရှင်သာမဏေရဲ့ ဒကာ၊ ကိုရင့် အဖေမဖြစ်ခဲ့ ရဘူးကိုရင်၊ တပည့်တော်စဉ်းစားတယ်၊

သားတွေအများကြီးမွေးပြီး သားတစ်ယောက် လောက်မှ သာသနာတော် အတွက်မပေးဆပ်ရရင် ဗုဒ္ဓ ဘာသာဖြစ်ရပေမယ့် အဖေလူဖြစ်ကျိုးနပ်တယ်လို့ မအောက်မေ့ဘူးကိုရင်ရယ်..၊

ကိုရင်ငေးနေသည်.၊ ပြီးတော့ သက်ပြင်းချသည်..၊ ဒကာကြီးပြောနေသည်များကို နားထောင်နေသည်၊

ရှင့်ဒကာဖြစ်ခဲ့ပြီးပေမယ့်၊ လူတစ်ရာမှာတစ်ရောက်လောက်သာ ဖြစ်နိုင်တဲ့ ရဟန်း ဒကာကြီးဖြစ်ပါစေ ကိုရင် ရယ်..၊

ဦးကံလှ အသံတွင် ၀မ်းနည်းနေဟန်ပါနေသည်၊ အားမာန်တစ်ချို့လဲပါသည်၊ တောင်းပန်နေသံလည်း ရှိသည်၊ မျှော်လင့်ချက်တို့လဲရှိသည်၊


“အဖေကျုပ်ကျောင်းပြန်တော့မယ်..”၊

အိမ်ကြမ်းပြင်တွင် ကျုံ့ကျုံ့ထိုင်ကာ ဦးကံလှသားကိုရင်ကို ဦးချကန်တော့လိုက်သည်၊ ညသည် လှနေသည်၊ လပြည့်ည မဟုတ်သေးသော်လည်း တိမ်ကင်းကင်းဖြင့်လှနေသော ပြည့်လုလုလ၀န်းသည် ရွှန်းရွှန်း ဝေနေသည်၊

ထိုတစ်ည အဖေ့အိမ်မှ ပြန်လာခဲ့သောကိုရင်သည် အဖေ့ဆန္ဒကိုပြည့်စေလျှက် စာတွေသင်သည်၊ စာမေး ပွဲတွေအောင်မြင်သည်၊ ကျောင်းတိုက်တည်ကာစာချပေးသည်၊ အဖေ့သားများစွာကိုပြုစု ပျိုးထောင်သည်။ နယ်လှည့်တရားဟောသည်၊
ဤသို့ဖြင့်…...
မြန်မာနိုင်ငံမှ အထင်ကရ ဆရာတော်ကြီးတစ်ပါး၏ ငယ်ဘ၀ပုံရိပ်ကိုရေးပြခြင်းဖြစ်သည်၊
 
ဤအကြောင်းကို တွေးလိုက်တိုင်း အဖေ့ကို သတိရပါသည်၊
 ……………………………


Sunday, April 8, 2012

မပြည့်လေသော အဖေ့ဆုတောင်း


အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်.တံခွန်တိုင်ရွှေကုက္ကားနဲ့ ဘုရားကိုမြင်..
ဘယ်စာကို ဘယ်နှစ်ဝါမောင် သင်မတုန်း မေလေးကိုချိုနှော..ပြောပြောခဲ့ပါဦး..


အလှူလှည့်လာပါပြီ၊ မောင်ရှင်လောင်းကို ဦးလေးကထမ်းလာသည်၊ အမေဖြစ်သူက သင်္ကန်းဗန်းကို ရွက်လာသည်၊

အိမ်ဦးက ကြိုးကြိုးကြဲကြဲ ဇီးပင်အောက်တွင် အဖေငိုနေသည်၊ အဖေငိုတာ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်၊ ရှိုက်…ရှိုက်ပြီးငိုနေခြင်းဖြစ်သည်၊

အမေ..အဖေငိုနေတယ်ဘာလို့လဲ..၊ သိလိုဇောနဲ့မေးကြည့်မိပါသည်၊
အော်..ငါ့သားရဲ့ အဖေက သူငယ်ငယ် ရှင်လောင်းလှည့်တော့ ငါ့သားရဲ့ အဖိုး မရှိတော့ သပိတ်လွယ်တဲ့ အခါကြတော့ မလွယ်နိုင်ခဲ့ဘူးလို့ ကြားဖူးပါတယ်၊ အခုအလှူကဲ အမေပဲရှိတယ်လေ၊ အဖေမရှိတာ ကြည့်ပြီး မျက်ရည်ကျနေတယ်ထင်တယ်၊

အော်.. အဖေရှင်လောင်းလှည့်တော့ အဖိုးမရှိတော့ဘူးပေါ့နော်..အမေ့..၊ အေးပေါ့ငါ့သားရယ်..၊

အဖေ့အဖြစ်ကိုမေ့နေပြီ၊ နှစ်တွေလဲ တရွေ့ရွေ့ကုန်လာလိုက်တာ အမေ့ရွာကိုပြန်ပြီး ရှင်ပြုပွဲလုပ်ရပြီ၊ အလှူပွဲတွင် အပေါင်း အသင်းများဖြင့် ပျော်ကြရသည်၊ ရွာကိုပတ်ပြီးလှည်းစီးရှင်လောင်းလှည့်ရ ကို မေ့မနိုင် ပါ၊ ပို၍မမေ့သည်မှာ ရှင်လောင်းလှည့်ပွဲတွင် အဖေမပါပါ၊ 

အဖေ့သပိတ်လွယ်ရမည့်နေရာတွင် အဖိုးက သပိတ်လွယ်ရသည်၊ အမေသင်္ကန်းဗန်းကိုရွက်ရသည်၊ အဖေမရှိ၍ မဟုတ်ပါ၊ ငါ့သားအလှူ တင့်တင့် တယ်တယ်ဖြစ်အောင်ဆိုပြီးခရီးထွက်ကာ စီးပွားရှာရင်း ခရီးလွန်နေခြင်းသာဖြစ်သည်၊

အလှူပြီးလို့ မယ်ခံနေ့ရောက်မှ အဖေပြန်လာသည်၊ ပြုံးနေသည်၊ ကိုရင်ခြေရင်းတွင် ကျုံ့ကျုံ့လေး ထိုင်ရင်း…ငါ့သား..အဲ..ကိုရင်.အဖေက အဲ..တပည့်တော်က ရှင်လောင်းလှည့်ပွဲ မမီဘူးဆိုတာက အလုပ်က အပြီးမသတ်နိုင်ဘူးဖြစ်နေလို့ အလှူရက်တော့သိပါရဲ့ မလာနိုင်ဘူးဖြစ်နေတယ်၊ အခုတော့ ငါ့သားက ကိုရင်တောင်ဖြစ်နေပေါ့၊တပည့်တော်ဖြင့် ပျော်လို့မဆုံးဘူးဘုရား..၊

ကိုရင်မထွက်နဲ့နော်..၊ လူ့ဘ၀ဆိုတာ ပင်ပန်းတယ်၊ ရဟန်း ဘောင်တက်နိုင်အောင် ကြိုးစားကိုရင်၊ အဲဒီကျမှ တပည့်တော် သပိတ်လွယ်ဦးမယ်၊

ထိုစဉ်က အဖေသပိတ်လွယ်ခွင့် မရခြင်းအတွက် အထူး အဆန်းဖြစ်ဟန်မရှိခဲ့ပါ၊ ကိုရင့်ဒကာ ဖြစ်လိုက် သည်ကို အကြီး အကျယ်ဝမ်းသာနေသည်၊ ကိုရင်ကို ထမ်းပြီးအိမ်သို့ ပင့်လေ့ရှိသည်၊ ကိုရင်ဝတ်နေစဉ် အတွင်း အပျော်ဆုံးလူသားမှာ အဖေသာဖြစ်ပေလိမ့်မည်၊

ဆောင်း၊ နွေ၊ မိုးတို့သည် တရွေ့တရွေ့နှင့် ကုန်လာသည်၊ ရက်၊ လ၊ နှစ်တွေပြောင်းကုန်ပြီ၊ အရေအတွက် သက္ကရာဇ်တွေများလာပြီ၊ ကိုရင်ဘ၀မှ ရဟန်းဘောင်သို့ တက်ခွင့်ရခဲ့ပြီ၊ ရဟန်းဒကာ၊ ရဟန်းဒကာမ များ ပျော်မဆုံးဖြစ်ရသည်၊ ရဟန်းခံပွဲသို့ ရွာလုံးကျွတ်လာရောက်ကြသည်၊

သို့သော် အဖေမပါတော့ပါ၊ ဒီတစ်ခါ ခရီးလွန်နေသောကြောင့်မဟုတ်တော့..၊ အဖေကွယ်လွန်ခဲ့ လေပြီ၊ သားရဟန်းဖြစ်ခွင့်ကို မျှော်တလင့်လင့်ဖြစ်နေခဲ့သော အဖေကား သားရဟန်း သိမ်ထွက်ကိုရောက် မလာနိုင်တော့၊

သိမ်ထွက်လောင်းလှူကြသော ရွာသူရွာသားများငိုကြသည်၊ ဆွေမျိုးများငိုကြသည်၊ သူ့သားရဟန်း သိမ် အထွက်ကို သူ့အဖေများ သိလိုက်ရရင် ဘယ်လောက်များပျော်လိုက်မလဲ နော်..၊ ဤသို့စကားသံတစ်ချို့ ကြားရသည်၊ အမေကားမငိုပါ၊ ကျောင်းပေါ်ရောက်တော့ ဆရာတော်က..

ကဲ  ကဲနေရာယူကြ ဆွမ်းလဲ မမီပဲနေဦးမယ်၊ တရားဦးကတော့ မောင်ပဇင်း အသစ်လေးကပဲဟောပါ လိမ့် မဗျာ..၊ ခရီးဝေးပြန်ကြွရမယ့်အာဂန္တုများပါသေးတယ်၊ တရားဦးဟောပါပြီ၊

ရေစက်ချတော့လည်း..ကဲ..မောင်ပဇင်းရေ..ရေစက်ပါချဟေ့..ရဟန်းဒကာ ဒကာမတွေက ရေစက်ခွက် ကိုင်ကြ၊ နင်တို့က ပစ္စည်းလေးပါးလှူပြီး ရဟန်းဒကာ ဒကာမလုပ်ကြတာ..၊ ရဟန်းမယ်တော်ကိုလဲ ရေစက် ခွက်ပေးလိုက်..၊ 

သူက သားတစ်ယောက်လုံးကို သာသနာတော်ကို အပ်နှံပြီးလှူထားတာ..၊ ပစ္စည်းလေးပါး လှူတာ ထက် မြတ်တယ်..၊ ရေစက်ဦးဆောင်ပြီးရေစက်ချပါစေ..၊

ရဟန်း ဒကာဒကာမများ စုံလင်နေပေမယ့် ရဟန်းခမည်းတော် မရှိတော့သော သားရဟန်းတရား
အောင်ပွဲရေစက်ချပွဲသည် ၀မ်းနည်းစရာဖြစ်နေသည်မှာ ထင်ရှားသည်၊ ရဟန်းမယ်တော်ကြီးလက်တွေ တုန်နေသည်၊ 

အသံတုန်တုန်ဖြင့်ရေစက်သွန်ချ အမျှဝေလိုက်ချိန်တွင်တရားဦးဟောနေသော သားရဟန်းသည် ထန်းလက် ယက်တောင်ကြီးကို အသာကွယ်ပြီး မျက်ရည်စို့သည်..၊

ရဟန်းမယ်တော်ကြီး၏ ရောက်ရာဘ၀က သာဓုခေါ်ပါတော်ဆိုသော အသံသည် အင်းအား အပြင်း ဆုံးဖြစ်နေတော့သည်၊

မပြည့်လေခဲ့သော အဖေ့ဆုတောင်းသည် ယနေ့ပြည့်လေပြီ..။ 
ရဟန်းမယ်တော်ကြီး၏ ရောက်ရာဘ၀က သာဓုခေါ်ပါတော် ....
ဆိုသော အသံကိုသာ အဖေကြားနိုင်မယ်ဆိုရင်ြ ဖင့်..။


Monday, April 2, 2012

ခရေရိပ်ဝယ်



ခရေပင်ရိပ်တွင်ဖြစ်သည်။ ပွင့်ကြွေတစ်ချို့ ပြန့်ကြဲနေသည်၊ တစ်ချို့လည်း ကြွေဆင်းနေဆဲပင်ရှိသည်၊

ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊
ဘ၀နောင်ခါ၊ ဖြစ်တိုင်းမှာလျှင်၊
တစ်ကိုယ်ထည်းတည်း၊ တောရပ်မှီးကာ၊
သုံးရပ်သိက္ခာ၊ သာသနာ၊
ကောင်းစွာဖြည့်ကျင့်နိုင်ရပါလို၏..

ဦးသုမနသည် အထက်ပါမြန်မာလင်္ကာလေးကို ခရေပင်ရိပ်တွင်တိုးတိုးလေး ရွတ်နေမိသည်၊ ခရေ  သည် မွှေးနေသည်၊ အုပ်ပြန့်ပြန့် အခက် အလက်များရှိသဖြင့် စိမ့်စိမ့်လေးအေးသည်၊ တစ်ဘက်က ယခင် ဘုရားသောက်တော်ရေကန်လေးရှိသဖြင့်လည်း ရေဓာတ်လုံလောက်သည်၊ မနက်တိုင်း ကြွေကျ လာသော ခရေပွင့်လေးများကို တစ်ပွင့်ချင်းလိုက် ကောက်ကာ ဘုရားတင်လှူ ပူဇော်ရသည်မှာ ဦးသုမနစိတ်တွင် အကြည်နူးဆုံးဖြစ်ရသည်၊  

ခရေပွင့်များကို ကြိုးဖြင့်မသီပဲ စတီးလင်ပန်း သန့်သန့်လေးတွင် ဖြန့်ခင်းပူဇော်လိုက်တိုင်း အတိုင်းမသိ ကြည်နူးခြင်းများဖြစ်ရသည်၊ ခရေရိပ်တွင်ဝါးကွပ်ပျစ်လေးလုပ်ထားသည်၊
လေဖြူးဖြူးတွင် အေးအေး လူလူတရားစာဖတ်သည်၊

တစ်ဘက်တွင် မိုးအခါရေများပြည့် နေတတ်သော ရေကန်တစ်ကန်ရှိသည်၊ မိုးခါ ရေပြည့်လျှင် ကြာပန်းများ ဖူးပွင့်အစုံစုံဖြင့် ကြည်နူးစရာဖြစ်သည်၊ ဤတောကျောင်းလေးသို့ ဦးသုမနရောက်စက အမိုးအကာ ပင် လုံလုံခြုံခြုံမရှိသေးပေ၊ ခရေပင်လေးလည်း မရှိသေး၊ ရေကန်ဟောင်းလေးနံဘေး တွင် တောခြုံစပ်စပ် တို့ ဗြုတ်စပ်အောင်ပေါက်နေကြသည်၊ ရေကန်ဟောင်းလေးကိုပြုပြင်သည်၊ ခရေပင် လေးကိုစိုက်ပျိုးခဲ့သည်၊

အခုနှစ်မိုးဆိုလျှင် ဦးသုမနတောကျောင်းလေးသို့ရောက်ခဲ့သည်မှာ ဆယ်မိုး ဆယ်နှစ်ပင်တိုင်ချေပြီ၊ စိမ့်ဓာတ်ရသဖြင့်ထင်ရသည်၊ ခရေပင်လေးသည် အထွားမြန်သည်၊ ပင်စည်ဝန်းဝန်းတွင် အခက် အလက်စုံစုံဖြင့်  ပင်ပျိုတို့မာန်အတိုင်း ရွှန်ရွှန်စိုစိုဖြင့်လှသည်၊ 
တစ်ရပ် ကျော်ကျော် က ရေစဉ်ရေ လောင်ရင်း ဖူးငုံလေးများကို ကြည့်ပြီး တစ်မျိုးကြည်နူးရသည်၊ တစ်ရပ်ကျော်ကျော်ဖြစ်လာလိုက် သည်မှာသုံးလေးနှစ်အတွင်း မြန်လိုက်တာဟုပင်ထင်ရသည်၊

အခုတော့ပွင့် တွေလှုင်လှုင်ဖြင့် ဦးသုမနအဖို့ကုသိုလ်ထူးလှသည်၊ တစ်ပွင့်စီကြွေကျလာသော ပန်းများကို သီတံဖြင့် မသီလို၊ ပန်းများ ကို သီတံဖြင့် သီလိုက်ဖြင့် လက်အရှိန်ကြောင့် အညှိုးမြန်သည် ထင်ရသည်၊ လင်ပန်းသန့်သန့်တွင် ရေစပ်စပ်လေးဖြင့် ထားရှိပူဇော်လျှင် ပို၍ကြည်နူးစရာကောင်း သည်ဟုထင် မိသည်၊ ကျောင်းလေးကို အကာအရံလုပ်နိုင်ခဲ့ပြီ၊ 

ခက်ခက်ခဲခဲကြိုးကြိုး ပမ်းပမ်း ဖြင့် ဆောင်ရွက်ခဲ့ရသည်၊ ကျောင်းလေးအတွင်းတွင် ရဟန်းခံကိစ္စများကြုံ လာလျှင် အရေးတကြီး လိုအပ်သော သိမ်ကိုလည်း သမုတ်နိုင်ခဲ့ပြီ၊ ရွာသူ ရွာသားများ အခါကြီးရက်ကြီးများ ဥပုသ်စောင့်ရင်း တရား ရှု၊ အပန်းဖြေနိုင်ရန် လေးပင်သုံး ပင်အဆောင်လေးကိုလည်း ရှိစုမဲ့စုအလှူအတန်းရ တာလေးဖြင့် ဆောက်နိုင်ခဲ့ပြန်သည်၊

မိဘမဲ့ကလေးသူငယ်များနှင့် အလှူမှ ကိုရင်ဝတ်ရင်းမြဲနေသော ကိုရင်ငယ်များ ကိုမြို့တက် စေပြီ စာသင် အခိုင်းလိုက်တာ တစ်ချို့ကိုရင်ကြီး၊ ဦးပဉ္စင်းငယ်များပင် ဓမ္မာစရိယတန်း သို့ရောက် ကုန်ကြပြီ၊
ကျောင်းလေးပုံပေါ်လာတော့ တပည့်များအတွက် ပူပန်ရနှင့် ဦးသုမနဘ၀သည် ရင့်ကျက် လာခဲ့ပြီ၊ ဆယ်နှစ်တာ ကာလ အတွင်းက သူ့ခြေသူ့လက် ဖန်ဆင်းချက်များသည် မြိုင်ဆိုင် နေလေပြီ၊

ဤတောကျောင်းလေးသို့ ဦးသုမနရောက်လာပုံမှာ ထူးသည်၊ ရွာနှင့်လည်း မနီးမဝေးရှိသည်က တစ်ကြောင်းတစ်ကိုယ်ထည်းနေလိုသော ဆန္ဒများကြောင့်လည်းကောင်း ငယ်ဆရာ၏လမ်းညွှန်ချက် ကြောင့် လည်းရောက်လာခဲ့ရခြင်းဖြစ်သည်၊


ရွာတွင် ငယ်စဉ်ကိုဘ၀နှင့်ငါးနှစ်နေရသည်၊ အခြေခံစာများကို တပျော်တပါးသင်ယူကြရသည်၊ ထူးခြား သည်မှာ ငယ်ဆရာတော်သည် မာန်မာနကင်းကင်းဖြင့် နေထိုင်သီတင်းသုံးခြင်းဖြစ်သည်၊ ဘုရား အထူး ကြည်ညိုသည်၊ ပန်းကပ်၊ ဆွမ်းကပ်၊ ဦးဆောင်ပြုလုပ်သည်၊ ကိုယ်အမူအရာအားဖြင့်လည်း ဦးဆောင်သည်၊
နောက်လာနောက်သားများ နည်းရလောက် အောင်ဘုရားရှင်ကိုကြည်ညိုသည်၊ 
ငယ်ဆရာတော်၏ ဦးဆောင်မှုကိုမြင်ရတိုင်း ဦးသုမနစိတ်တွင်ကြည်နူးရသည်၊

ဦးသုမနရဟန်းဘောင်တက်ပြီးနောက် မန္တလေးမြို့သို့ ငယ်ဆရာကပို့လိုက်သည်၊
လေးပြင်လေးရပ်ခြေစုံဆန့်စာဝါလိုက်ရင်းဖြင့် ဓမ္မာစရိယတန်း ရောက်ခဲ့သည်၊ 
ဆယ်နှစ်ခန့်စာသင်အပြီး တွင် ဇာတိရပ်ရွာပြန်ခဲ့ရသည်၊ 
ငယ်ဆရာခြေတော်ရင်းတွင် သုံးနှစ်ခန့်နေပြီးနောက်....

“မောင်သုမနရေ..မင်အကြောင်းလဲ ငါကသိတထားတယ်ကွ.၊
အခုမင်းကိုပြောချင်တာက..တောကျောင်းလေးတစ်ကျောင်းရှိတယ်၊ မင်းပဲငါကလဲထားစရာရှိတော့ ခေါ်ပြောရတယ်၊ ရွာနဲ့မလှမ်းမကမ်းပါပဲ၊ 
အိမ်ခြေ နှစ်ဆယ်လောက်တော့ ရှိမယ်ထင်တယ်၊ 
ငါတပည့် ငါနဲ့လဲမဝေဘူးပေါ့ကွာ၊ ငါ့အနေနဲ့မင်း ကိုနေစေချင်တယ်..”၊

ဒီလိုနဲ့ရောက်ခဲ့ရပါတယ်၊ အဲလိုငယ်ဆရာတော်ခေါ်ပြီးမိန့်တော့ အသက်သုံးဆယ်တဲ့နှစ်ပေါ့၊
တောရွာလေးရောက် ကျောင်းပေါက်ကိုပြင်၊ ကလေးငယ်များ ရှင်သာမဏေပြုပေး၊ ယဉ်ကျေးမှု သင် တန်းပြဖြင့် ရွာနီးချုပ်စပ်တွင် လူသိများလာသည်၊ ဆွမ်းစား၊ ကွမ်းစားကိစ္စများ အပင့်အဖိတ် များလာ သလို၊ ဆရာတော်ကြီးများမှလဲ အားကိုးစွာဖြင့် တက်တိုးလက်တောင်း အကူအညီတောင်း ပြောဟော စေပြန်သည်၊ ဒကာဒကာမများနှင့် သင့်တင်အောင်ပေါင်း၊ ဆရာ၊ ဒကာတာဝန်သိသိနဲ့ နေလာ လိုက်တာ၊ ဆယ်နှစ်သို့ တိုင်ခဲ့ပေါ့၊

ခရေပွင့်တစ်ချို့ဝေ့၀ဲကြွေဆင်းလာသည်၊ ညနေခင်းဘုရားဝတ်တက်လျှင် ဘုရားရှင်ပူဇော်ရန်ခရေပွင့် တစ်ချို့ကိုလိုက်ကောက်နေမိသည်၊ ခရေကောက်ပြီး ပန်းလှူပူဇော်ခဲ့သည်မှာလည်း ငါးနှစ်တိုင်တိုင် ရှိခဲ့ပြီ၊ တပည့်ကိုရင်တစ်ပါး မြို့ပို့တဲ့နေ့ကစလို့မှတ်မိနေသည်၊

မြို့ပို့သော တပည့် အဆင်ပြေချော မွေ့စွာဖြင့်ပညာသင်ယူနိုင်ပါစေကြောင်း ဆုတောင်းရင်း ထိုညက ပန်းလှူပူဇော်ခဲ့သည်၊ ထိုကိုရင်သည် ယခုဓမ္မာစရိယတန်းသို့ရောက်နေပြီး ဆက်လက်သင်နေသည် ကို ကြားရတိုင်း ၀မ်းသာနေမိသည်၊

တပည့်တစ်ပါးပို့မြို့တိုင်း ခရေပန်းများကိုကောက်လှူပူဇော်လာတတ်သည်မှာ ဦးသုမနအကျင့်ပင်
ဖြစ်နေတော့သည်၊ အနီးအပါးတွင် မရှိသော တပည့်များ အတွက် တောင်းဆုပြုပူဇော်စရာ အထူး မရှိ လျှင် ခရေကောက်ရင်း..

ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊
ဘ၀နောင်ခါ၊ ဖြစ်တိုင်းမှာလျှင်၊
တစ်ကိုယ်ထည်းတည်း၊ တောရပ်မှီးကာ၊
သုံးရပ်သိက္ခာ၊ သာသနာ၊
ကောင်းစွာဖြည့်ကျင့်နိုင်ရပါလို၏..

ကိုရွတ်ဆိုနေမိတတ်သည်၊ ဆုတောင်းပြည့်သည်ပြောရမည်၊ သူနေသော ရွာလေးအေးချမ်းသည်၊ တပည့် များဖြစ်ထွန်းသည်၊

မကြာခင် ဘုရားဝတ်တက်ကြတော့မည်၊ လက်ထဲတွင်ခရေတစ်ဆုပ်ရှိနေပြီ၊ ဘုရားကျောင်းဆောင်
 ပေါ်သို့ အတက်တွင် စုစုစည်းစည်းရှိနေသော ကျောင်းသားငယ်များနှင့် ကိုရင် ကြီး၊ ကိုရင်ငယ်များ၏ သြကာသ၊ သြကာသ၊ သြကာသ စသည်ဖြင့် ဘုရားဝတ်ပြု အစပျိုးသံသည်၊ 

ဦးသုမနရင်တွင် လက်ထဲက ပန်းခရေအနံ့များကဲ့သို့ မွှေးကြိုင် လှသည်၊ ဂုဏ်မကြီးတဲ့ပန်း ခရေ၊  ဘ၀ အစတေးခံ အကြွေပန်းပေမယ့် ကောက်ယူသိမ်းဆည်းကာ ရုပ်ပွားဆင်းတုတော်ရှေ့တွင် ချထားပူဇော် လိုက် လေပြီ။