Pages

Friday, October 18, 2013

န မ စ်တေး



"..မင်္ဂလာပါ.."

မြန်မာနိုင်ငံရောက်လာတဲ့ နိုင်ငံခြားသားတွေပြောတာပါ။ 
သူပြောတာလေးကြားရလိုက်တော့ ကြည်နူးရတယ်။ 

အော် တို့ဘာသာစကားကို သူပြောတတ်သားပဲလို့ သူ့ကိုလည်း ခင်မင်မိသွားတယ်။
ရောက်မိတဲ့ အရပ်တိုင်းမှာ သူတို့ရိုးရာ မင်္ဂလာပါ လို့ ဆိုနိုင်သော စကားစုလေးကို သင်ထားရမယ်လို့ လည်း သိလိုက်တယ်။ 
ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်တဲ့ မင်္ဂလာပါကိုလည်း မေးလာသူတိုင်းကို ပြောပြမိတယ်။

တစ်နေ့ကပေါ့။
ပြောစကားလေး ကြားလိုက်ရုံနဲ့ ခင်မင်ကြည်နူးစေတဲ့ မင်္ဂလာလို့ ဆိုတဲ့ “ စကားမင်္ဂလာ” နဲ့။
ဗုဒ္ဓဘာသာများယုံကြည်မှုအတိုင်း မင်္ဂလာတရားတော်များကို လိုက်နာပြီး ကျင့်သုံးရင် “ တရားမင်္ဂလာ”
 ဖြစ်တယ်လို့ ပြောပြလိုက်မိတယ်။ 

သူက ဆက်မေးတယ်။ အဲဒီမင်္ဂလာဆိုတာ ဘာတွေလဲတဲ့။
တော်တော်များတယ်။ 
ဒါပေမယ့် စစချင်း မင်္ဂလာကတော့ “လူမိုက်ကို မပေါင်းသင်းရဘူးက စတယ်” လို့ပြောလိုက်တော့။

အာ တော်တော်ကောင်းတယ်...တဲ့။ 

'..မင်္ဂလာပါ"လို့ သူရော ကိုယ်ပါ ပြိုင်တူပြောမိကြတယ်။

ဒိန်းကနဲ့ဆို




နှင်းမှုံတွေ အကြားက လူတစ်ယောက်ထွက်လာသည်။
သေနတ်ကိုထမ်းထားသည်။ ရေဗူးကိုလွယ်ထားသည်။ 
ခပ်တည်တည်သူ့ဟန်က ဆောင်းအေးအေးဒဏ် ကို မခံစားရသလိုရှိသည်။
ဒကာကြီး..၊ အဆင်ပြေလား..၊
နာဂဒကာကြီး မည်သို့မျှ ပြန်မပြောပါ။ ခပ်တည်တည်တစ်ချက်ကြည့်ရုံသာရှိသည်။
................

နောက်တစ်ပတ်ကြသောအခါ သူလာပြန်သည်။ မေးနေကျဦးဇင်းကလည်း လောကပျူငှာစကား အရ ..
ဒကာကြီး..၊ အဆင်ပြေလား၊
ဘုန်းကြီး..၊ အဲလိုမမေးပါနဲ့...၊ ဘုန်းကြီးအဲလိုမေးနေလို့..၊ ကျနော်တို့ သားကောင်မရတာပါ။
............
တောင်တန်းဒေသသည် ဘုန်းကြီး အင်မတန်ရှားပါးသည်။ 
ဗုဒ္ဓဘာသာဝင်များတောင်းဆိုချက် အရဘုန်းကြီး ကျောင်းဆောက်လုပ်မည်ကြံသော အခါနေထိုင်နိုင်မည့် ဦးဇင်းကို ရှာရသည်မှာ ကျောင်းဆောက်ရသည်ထက် ခက်ခဲသည်။

ကျောင်းသာရှိပြီး ဘုန်းကြီးကင်းမဲ့နေသော လန်လယ်ကြီး( ပဒူးမုန်းရွာသစ်) နှင့် လက်ပန်သာတို့သည် မိမိ ကိုယ်တိုင် ညွှန်ကြား အုပ်ချုပ်နေရသည်။ 

ထိုအရေးကိုသက်သာစေလို၍ မြေပြန့် ရောက်ခိုက်ကျောင်းနေဘက်ညီငယ်လိုဖြစ်နေသူ အရှင်ကုဏ္ဍလ ကို ခေါ်လာခဲ့သည်။ ရောက်ခါစ ညီငယ်သည် တွေ့သမျှ လူများကို စကားဖော်ဖော်ရွေရွေပြောဆိုတတ် သည်။ သို့သော် သေနတ်ထမ်းလာသော နာဂကြီးကို နှုတ်ဆက်မိသဖြင့် ကသိကအောက်ဖြစ်ရသည်။ 

အေးကွ၊ ဘယ်လို အယူအဆလဲတော့ ငါလဲ မပြောတတ်ဘူး။ နောက်တော့ မင်းသွား မမေးနဲ့နော်..
တင်ပ၊ နောင်တော်..။

တစ်ပတ်ခန့်ကြာသောအခါ နာဂမုဆိုးကြီး ကျီးဝမ်းသည် အသားတွဲကို လက်ဆွဲလျက် ကျောင်းထဲသို့ ၀င်လာသည်။ ကျောင်းပေါ်တက်လာသည်။ မိမိတို့မှာ အတွေ့အကြုံအသစ်မို့ မည်သို့ဆောင်ရွက်ရမည် မသိဖြစ်နေသည်။ သူ့လက်ထဲတွင် ပါလာသော သွေးသံရဲရဲ့ အသားတွဲကိုသာ စူးစိုက်ကြည့်နေမိသည်။

တပည့်တော်တို့၊ မနေ့က ညနေပိုင်းက ဆတ်တစ်ကောင်ရပါတယ်။ အဲဒါဘုန်းကြီးကို တစ်တွဲလာပို့တာပါ။
အခုမှသိတော့သည် ရွာဦးကျောင်းဘုန်းကြီးကို ဓလေ့ထုံးစံအရ ဝေပုံကျလာပို့ခြင်းဖြစ်သည်။
ထိုအကြောင်း တောင်တန်းရောက် နောင်တော်ကြီးများပြောထားသောကြောင့် သိရသည်။

အင်း..၊ ဒကာကြီးလာပို့တာတော့ ဟုတ်ပါပြီ။
ဒီအတိုင်းကြီးတော့ မပို့နဲ့ဗျ။ 
နည်းနည်းအခြောက်လှမ်းလိုက်ပြီးပို့တာကောင်းမယ်ထင်တယ်။
ဟုတ် ဆိုကာ နာဂကြီးပြန်သွားသည်။

ဦးဇင်း..၊
ဟေ.. တပည့်တော် မမေးလိုက်လို့ထင်တယ်နော်..
အင်းဖြစ်လောက်တယ်ကွ၊ သူတို့ရိုးရာ အရ ရှိလိမ့်မယ်..
...........................

ရွာနီးချုပ်စပ် တူမီးသံကြာရလျင်..
နောင်တော်ရေ..၊ တောဝက်လား၊ ဆတ်လား မသိနော်..
ကျောင်းကို တစ်တွဲတော့ လာတော့မယ်ထင်တယ်။။
အာ ကောင်လေးရ..၊ မင်းကတော့ ပြောတော့မယ်..

မနက်စောစောဘုရားပန်တင်၊ ဆီမီးကပ်၊ မေတ္တာပို့၊ အမျှဝေကိစ္စများကို ဆောင်ရွက်နေခိုက်ကျောင်း
လက်ရမ်းကို မှီလျက် အရှင်ကဏ္ဍလက လှမ်းပြောခြင်းဖြစ်သည်။

အားလုံးကြားကြားသမျှ အမျှအမျှအမျှ ယူတော်မူကြပါကုန်လော့....
အမျှရ၍ သတ္တ၀ါများ ကျမ္မာ ချမ်းသားကြသည်ဖြစ်စေသော်..

အင်း..တောဝက်ထင်တယ်ကွ...
အာ နောင်တော်ကလဲ ဟုတ်သေးပါဘူး..။
ပြိုင်တူရယ်မိကြသည်။

တောကျောင်း ပတ်ဝန်းကျင်သည် ချေဟောက်သံ၊ မြောက်အော်သံ၊ အောင်ချင်းငှက်သံ၊ ခပ်ဝေးဝေးက ချင်းတွင်းမြစ်ရေစီးသံတို့သာ ရှိနေသည်။ နှင်းမှုံမှုံအကြား ၀ိုးတ၀ါးရရှိနေတတ်သော ပင်အို၊ ပင်ပျို တို့သည်
ဆောင်းလေအေးအေးနှင့် အတူ ယိမ်းကနေသလိုရှိတတ်သည်။ 

ထိုအလှများအကြာဒိန်းကနဲ့မြည်တတ်သောနာဂတို့၏တူမီးသေနတ်သံသည်ကျယ်လောင်မည်ဟိန်းလွန်း 
လှသည်။ 

တစ်ခါက တစ်ဘဝ




"ရှိတဲ့ ဆေးသာ ပေးလိုက် နာဂတွေဖြစ်တဲ့ ရောဂါ အကုန်ပျောက်တယ်။
ဒါပေမယ့် ကိုယ့်လူကိုယ်တိုင်တော့ အဲဒီရောဂါ မဖြစ်စေနဲ့..၊
အောက်ရပ် အောက်ရွာ အပြန်ခက်တတ်တယ်."



ဘုန်းဘုန်း အမေက နေမကောင်းလို့ ဆေးပေးလိုက်ပါဦးတဲ့။
နာဂကလေးတစ်ယောက်ကျောင်းပေါ်တက်လာသည်။ ဘုရားဦးချပြီး မိမိရှေ့သို့ ရောက်လာသည်။
အော်..။ အေး..၊ ရော့ ဘာမီတွန်နဲ့ ပါရာစီတမော အဲဒါကိုတိုက်လိုက်နော်။
ဟုတ် ဘုန်းဘုန်း။
......

ဘုန်းကြီး တပည့်တော် ဗိုက်နာနေလို့ ဆေးပါဦး။
အော်..၊ အေး..၊ ရော့ ပါရာစီတမောနဲ့ ဘာမီတွန်သောက်လိုက်။
မိမိရှေ့မှာပင် ရေခတ်ပြီး နာဂကြီးဆေးသောက်သည်။

ခဏကြာသော်.
ဘုန်းဘုန်းဗိုက်နာတာ ပျောက်သွားပြီ၊ အလုပ်သွားတော့မယ် ဆိုကာ..
ဓားတိုလေး နောက်ကြောပိုးလျက် နှင်းမှုံတွေအကြားထဲ သူတိုးဝင်ပျောက်ကွယ်သွားသည်။
...............

ဘုန်းဘုန်း ၊ ၀မ်းချုပ်နေလို့ ဆေးပေးလိုက်ပါဦးတဲ့၊ အဖေက..
နာဂကောင်မလေး ကျောင်းဆွမ်းလာပို့ရင်း ဆေးတောင်းသည်။
အေး၊ အေး၊ ရော့ ဘာမီတွန်နဲ့ ပါရာစီမောကို သောက်လိုက်လို့ပြောနော်။
နောက်နေ့မနက်တွင် ၀မ်းချုပ်သော နာဂလူမျိုးကြီး ကျောင်းသို့ ရွှင်လန်းစွာရောက်လာသည်။
ဘုန်းဘုန်းပေးလိုက်တဲ့ ဆေးသောက်တာ ၀မ်းချုပ်တာပျောက်သွားပြီဘုရား။

လာချင်တဲ့ ရောဂါလာ ဘာမီတွန်နဲ့ ပါရာစီတမောကိုဆေးလုပ်ပေးလိုက်ရင် ရောဂါကင်းစင်ကြသည်မှာ ထူးဆန်းသည်။
ဤ အကြောင်းကို မိမိထက် တောင်တန်းဝါရင့်သော သာသနာပြုဘက် သူငယ်ချင်းများကို စုံစမ်းကြည့် မိတော့..

အာ..၊ ကိုယ့်လူရေ၊ အဲဒါကို နာဂရောဂါလို့ ခေါ်တယ်။ ဘာဆေးသောက်သောက် ခဏလောက်တော့ သက်သာ ပျောက်ကင်းသလိုလိုရှိတတ်ကြတယ်။ ရှိတဲ့ ဆေးသာပေးလိုက်။ 
သူတို့ကလည်း ဖြစ်နေတဲ့ သူတို့ရောဂါကို အမည်တပ်ပြီးသာသောက် လိုက် ပျောက်သွားပဲတဲ့။ 
ကိုယ့်ကိုလည်း အရင်က နောင်တော်ကြီးတွေက လက်ဆင့်ကမ်းခဲ့တာပေါ့။ 

ဒါပေမယ့် ကိုယ့်လူကိုယ်တိုင်တော့ အဲဒီနာဂ ရောဂါ မဖြစ်စေနဲ့နော်။ မြေပြန့်မပြန်နိုင်ဖြစ်တတ်တယ်။
သူငယ်ချင်းက ထိုသို့ပြောပြီးရယ်နေသည်။ မိမိလည်း သူနဲ့အတူ ရယ်လိုက်မိသည်။
ချင်းတွင်းမြစ်ပြင်ဆီ တက်လာသော ဆောင်းလေအေးအေးသည် နည်းနည်းနွေးနေသလိုလိုရှိသည်။
.........................

ဟေ့၊ ကျီးကမ်းရေ၊ မင်းအဖေကိုကျောင်းလွှတ်လိုက်စမ်း။
ဟုတ်ကဲ့ ဘုန်းဘုန်း။

ခဏကြာသော် လူသာသနာပြု ဦးကျီးမိုးခေါ် ဦးကျော်လွင် ကျောင်းရောက်လာသည်။
ဒကာကြီးရေ၊ ကျုပ်လဲ ဖျားနေတာကြာပြီဗျ။ ဆေးမထိုးလို့ မဖြစ်တော့ဘူး၊ ခန္တီးဆင်းလိုက်ဦးမယ်။
အဲဒါကျောင်းကို မပြတ်မပြတ်စောင့်ထားဦးနော်။
တင်ပ၊ ဘုန်းဘုန်း၊

လွယ်အိပ်ကိုလွယ်၊ ထီးကို ထမ်းပြီး ကျောင်းရှေ့ ခရောင်းကြမ်း မဆိုသာသော မြေ၀ါလမ်းလေး အတိုင်း ချင်းတွင်းဆီသို့ လှမ်းလာခဲ့သည်။
မြစ်ဆိပ်တွင် ခန္တီးသို့ စုန်ဆင်းကြမည့် ရွာသူ ရွာသားများ မော်တော်စောင့်နေကြသည်။


ဘုန်းဘုန်း၊ ဘယ်သွား မလို့လဲဘုရား။
အော်..၊ နေမကောင်းလို့ ခန္တီးဆင်းပြီး ဆေးထိုးမလို့ကွ။
မေးလာသော နာဂကလေးငယ်များကို ပြန်ဖြေလိုက်သည်။

ဘုန်းဘုန်းကလဲ၊ ဘာမီတွန်နဲ့ ပါရာစီတမော မသောက်ဘူးလား။
ဘုန်းဘုန်းဖျားတာ ပျောက်တယ်လေ။
ပြုံးမိပါသည်။ ရိုးသားသော သူတို့ အမူအယာများသည် အပြစ်ကင်းသည်။

“ဘုန်းဘုန်း၊ အခုဖျားတာက နာဂ  အဖျားမဟုတ်ဘူး။ ကျီးကမ်းရဲ့.”

သူတို့နားမလည်သလို မိမိကို ကြည့်ကြသည်။ 
မော်တော်စုန်ဆင်းလာပြီ။
မြစ်အတွင်းက ဆောင်းလေအေးအေးသည် တစ်စိမ်းဆန်ဆန်ရင်ကို တိုးဝှေ့သည်။
အေးလွန်း၍ တုန်နေသည်။ 
ခရီးသည် စုံ၍ စုန်ဆင်းရန် အသင့်ဖြစ်ပြီမို့ မော်တော် ကမ်းကခွာလေပြီ။ 
 ....................................................

တစ်ခါက တစ်ဘ၀ရဲ့ အမှတ်တရပါ။ 

Saturday, October 12, 2013

သုံးဘွဲ့ရ ဆရာတော်




တပည့်တော်တို့ အဖေတို့ရဲ ဆရာပေါ့။
အဖိုးအဖွားတွေလက်ထက်ကတည်းက တပည့်တော်တိုရွာလေးမှာ ကျောင်းထိုင်ပြီး ရွာသူ ရွာသားတွေကို စာသင်ပေးပြီး သီတင်းသုံးသွားတဲ့ ဆရာတော်ကြီးပေါ့ဘုရား။
ဘွဲ့ ဦးဇင်းဘွဲ့နဲ့ အတူတူပဲ၊ ဦးညိမ်းရတဲ့..။
အာ ဒကာကြီးကတော့ ပြောကရော့မယ်..၊
ဦးဉေ ယျဖြစ်ပါလိမ့်မယ်ဗျာ..။
ရွာလူကြီး ဦးပေါမြိုင်နှင့် စကားကောင်းနေခြင်း ဖြစ်သည်။

အဲဒါကြောင့် တပည့်တော်က ဦးဇင်းကို ဘိုး ညိမ်းရ၊ ဘိုး ညိမ်းရလို့ ခဏခဏခေါ်မိတာပေါ့။
ငယ်ငယ်က ဆရာတော်ကြီးကို သတိရလို့ပါ။

အင်း ငါ့နှယ် ဖြစ်ရတယ်..၊ ဘိုးညိမ်းရ၊
...................................

ဦးဇင်းက တပည့်တော်တို့ ကျောင်းနေဘက်တွေထဲမှာ ကျောင်းမြဲပြီး စာကျက်၊ နောက်တော့ မြို့တက် စာမေးပွဲတွေအောင်၊ အခုတော့ ဦးဇင်းတောင်ဖြစ်ပြီဘုရား။
အရပ်ကြီးရှည်ပြီး အသံတွေတောင် သြ လာတယ်။
ဒီအသံနဲ့ဆိုလို့ကတော့ ဓမ္မကထိဖြစ်ဦးမှာမြင်ယောင်မိသေးတယ်။
ဦးဇင်းက တပည့်တော်တို့ အထဲမှာတော့ ဗိုလ်ပဲဘုရား။
အဲဒါကြောင့် ဗိုလ်ဉေ ယျလို့ တပည့်တော်တို့က ခေါ်တာပါဘုရား။

ကျောင်းနေဘက် ကိုရင်လူထွက်များက သိသိချည်းနဲ့မြှောက်ပြောကြတယ်။
အပြစ်ဆိုနေခြင်း မဟုတ်တော့ဝင်ပြီးလည်း မတားသာဖြစ်ရတယ်။
ငှက်ပျော်သီးတွေချကျွေးပြီး ချောင်းဟန့်လို့ အသာနေရတယ်။

ဘာတဲ့..၊ ဗိုလ်ဉေ ယျတဲ့၊ ဖြစ်ရတယ်။
...........

ဟဲ့ ဉေ ယျ၊
ဘုရား..
ဒီနေ့ ဘာနေ့တုန်းဟဲ့၊
မှန်ပါ၊ အင်္ဂါထင်ပါဘုရား။
ဟေ..၊ သေချာကြည့်စမ်းဦး။
မှန်ပါ၊ ဗုဒ္ဓဟူးပါဘုရား။
အင်း မင်းကိုမေးလိုက်တိုင်း၊ တစ်ခါတည်းသိရတယ်လို့ကိုမရှိဘူး။
စူးစူးစမ်းစမ်းလဲနေဦးဟဲ့။ ငေးငေးမနေနဲ့၊ ကြားလား..၊
မှန်ပါဘုရား။
ငယ်ဆရာတော်အပါးရောက်ခိုက် မေးခြင်းဖြစ်သည်။
ဆရာတော်မေးတိုင်လည်း ထပ်ဆင့် ဖြေရသည်ချည်းဖြစ်သည်။

မနက်ဖန် မနက် အရုဏ်ဆွမ်းစားရှိတယ်။
အဲဒါ ဦးညွန့်တင်၊ ဒေါ်အုန်းမြိုင်တို့ အိမ်လို့ လျောက်သွားတယ်။
မင်းတို့ အရပ်ကလို့လဲ ပြောသွားတယ်။ အဲဒါမင်းမနက်ကျရင် ငါနဲ့လိုက်ခဲ့၊ ကြားလား။
မှန်ပါ၊
အေး အဲဒီအိမ်ကို မင်းသိတယ်မို့လား။
ခေါင်းကုတ်စဉ်းစားရပြီ။ ပေါ်မလာ။
မှန်ပါ၊ မကြာဖူးပါဘုရား။
ဟေ.၊

နောက်နေ့ မနက်တွင် ဆရာတော်နှင့် အတူ ဆွမ်းစားကြွရသည်။
အလှူရှင့်အိမ်သည် အမေ့အိမ်နှင့်ကပ်လျက်ရှိသည်။
ဆရာတော်သည် နေရာယူပြီးသော် မိမိကို လှမ်းကြည့်သည်။
ဆရာတော်ကို ပြန်ပြီး မကြည့်ရဲသဖြင့် ရှေ့တည့်တည့်က ငှက်ပျော်ပွဲကို စိုက်ကြည့်နေမိသည်။
သပြေခက်များ အကြားက ငှက်ပျော်သီးစိမ်းစိမ်းများသည် မျက်စိထဲ ၀ါလာသလိုလို၊ နီလာသလိုလိုရှိသည်။

ကျောင်းပြန်ရောက်သော် ....
မင်းမေးလိုက်ရင်၊ မသိပါဘုရားနဲ့။ နှစ်ခါဖြေရတာချည်းပဲ။
ဟင်.မင်းဘွဲ့ကိုတော့ ဉေ ယျကနေ ၊ ငမ်းရပြောင်းရမယ်။

ဆရာတော့်ကို မော့မကြည့်ရဲပါ။
အင်း ငမ်းရ..တဲ့...။
ဖြစ်ရတယ်။