ဆောင်းမနက်ခင်းတစ်ခုပါ။
ဆောင်းနှင်းနဲ့ အအေးဓာတ်တို့လောကဓာတ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
ဘုရားရှင်လက်တော်က ရေပူချောင်း(တပေါဒါ)ကို ကျော်ဖြတ်မိတော့
ဝေဘာရတောင်ခြေကို ရောက်ပြီ။
ဆောင်းတွင်းကာလ တပေါဒါ ချောင်းလေးသို့
စီးဝင်သော ရေပူများကို သူတို့ချိုးနေကြသည်။
ပထမဆုံး အဆင့်က
ဇာတ်မြင့်တွေချိုးကြသတဲ့။
ဒုတိယ အဆင့်က ဇာတ်အလတ်စားတွေ နဲ့ အောက်ဆုံး အဆင့်ကတော့
ဇာတ်နိမ့်တွေဖြစ်ကြပါသတဲ့။
သူတို့မျက်နှာတွေကြည့်လိုက်တော့
အားလုံးအိန္ဒိယသားကုလားတွေချည်းပါပဲ။
ဒါပေမယ့် မမြင်နိုင်သော သူတို့
အမှတ်ဉာဏ်တွင် ဇာတ်စနစ်တွေဝင်ရောက်နေရာယူနေကြသည်ပဲလေ။
ရေသည် အဖြူ အစင်ဆုံး၊ အနံ့၊
အရောင်ကင်းခြင်းတို့သည်ပင် အိန္ဒိယရဲ့ ဇာတ်စနစ်အောက်တွင် အဆင့် ကွဲသွားလေပြီ။ အရောင်ဆိုးကြလေပြီ။ ဘုရားရှင်ကို
သူတို့သိမှသိကြပါလေစ။
ဘုရားရှင်လက်ထက်တော်က မထေရ်မြတ်တို့
အဆင်းအတက်ဖြင့် ကြည်နူးဖွယ်ဖြစ်မည့် တောင်စောင်းကို လှမ်းတက်လာမိခဲ့သည်။ လေးဘက်လေတန်ကြည့်လေတိုင်း
တောင်တံတိုင်းကြီးတွေကာရံထားသလိုရှိသည်။
တောင်ကြီးများရံထားသော အလယ်တွင်
မြို့တည်ထားသော တို့မြို့တော်ကြီးသည် ရာဇဂြိုဟ်အမည်ရှိ သည်။
ဘုရားရှင်၏
အစအဦးဆုံးဝါတော်ဆိုရာဒေသဖြစ်သည်။ ဝေဠုဝန်ကျောင်းတော်၊ ဘုရင်ဗိမ္ဗိသာရ
သားတော် အဇာတသတ်တို့ပုံရိပ်သည် သက်ဝင်လှုပ်ရှားလာသည်။ ထီးနန်း စည်းစိမ်အတွက်
အနိုင်ရလိုသူကြီး အဇာတသတ်၊ မေတ္တာရှင်ဖခင်ဘုရင်ကြီးနှင့် အနိုင်အရှုံးကင်းသော
ဘုရားရှင်ပုံရိပ်တို့သည် တစ်နေရာ တည်းတွင် ရုပ်ချည်းပေါ်လာကြသည်။
ရာဇဂြိုဟ်က အတိတ်ဇာတ်လမ်းသည်
လောကအတွင်းက အဖြစ် အပျက်များနှင့် ကာရံကိုက် နေဆဲဖြစ် သည်။ အပူ၊ အအေးနှင့်
ငြိမ်းချမ်းခြင်းတို့သရုပ်သည် ရှိနေဆဲပင်ဖြစ်သည်။
ထိုအပူ၊ အအေးများနောက်တွင်
တည်ငြိမ်အေးချမ်းသော ဘုရားရှင်ကို မှန်းဆပူဇော်မိသည်။
ဖြေးဖြေးချင်တက်လာလိုက်တာ
ဝေဘာရတောင်တစ်ဝက်ရောက်ပြီ။
လေးဘက်လေးတန်တွင်
မြူခိုးတို့ဝေနေဆဲရှိသည်။
တောင်အောက်ဘက်တွင် ခရီးသည်တစ်ချို့
တက်လာကြသည်။
တစ်ချို့လည်းပြန်ဆင်းကြပြီ။
ရာဇဂြိုဟ်မြို့တော်ကြီးကား နှင်းဖုံးနေဆဲပင်ရှိသည်။
ဝေဘာရ တောင်ထိပ်တစ်နေရာတွင်
ခဏနားမိသည်။
မနေမနားသွားနေသည်ကား
အတွေးတို့ဖြစ်သည်။
“အနာဂတ် သာသနာရေး အတွက်
ပိဋကတ်တော်များကို သုတ်သင်တည်းဖြတ် မှတ်တမ်းပြုကြတဲ့ အစ အဦးဆုံးသင်္ဂါယနာတင်ရာ
ဝေဘာရတောင်စောင်းကို မကြာမီရောက်တော့မှာလား” ဟု တွေးလိုက်ချိန် သည် အအေးဓာတ်တို့ငြိမ်သက်သွားသလိုထင်မိသည်။