Pages

Saturday, January 21, 2012

တက္ကသိုလ်ကျောင်းသား အပိုင်း ၃


ကေလနိယ(Kelaniya University) တက္ကသိုလ်သို့ မိတ်ဆွေများနှင့် စတင်ကျောင်းတက်သော နေ့ကို သတိတရ ရှိနေသည်၊ ထိုနေ့က ထူးလဲထူးပါသည်၊ ကျောင်းထဲဝင်စတွင် ရေဆာလာသည်၊ ဘေးပတ်ဝန်း ကျင်သို့ သောက်ရေအိုးရှိလိုရှိငြား ကြည့်မိသေးသည်၊ မတွေ့ရပါ၊ အနီးရှိ ဆင်ဟာလီကိုရင် တစ်ပါး ကို မေးကြည့်တော့ ကျောင်းဘက်သို့ လက်ညှိုး ထိုးပြသည်၊ ကိုရင်ညွှန်ရာသို့ သွားလိုက် ရာ ကျောင်း ဆောင် ငယ်တစ်ဆောင်ကို တွေ့ရသည်၊ နံရံများပေါ်တွင် ခန့်ငြားထည်ဝါသော ဓာတ်ပုံများကို ချိတ်ထားသည်၊ ဧည့်ခန်းဖြစ်သည်၊

သို့သော် လိုချင်နေသော သောက်ရေအိုးကို မတွေ့ရသေးပါ၊ ခဏ အကြာတွင် ကိုရင်တစ်ပါး ရောက်လာပြီး အတွင်းအခန်းဘက် ၀င်သွားသည်၊ ပြန်ထွက် အလာတွင် ကိုရင် မဟုတ်တော့ပဲ ခပ်၀၀ဘုန်းတော်ကြီး တစ်ပါးပြန် ထွက်လာသည်၊ မြန်မာရဟန်းတော်များဖြစ်ကြောင်း သူသိသည်၊ မင်္ဂလာပါဟု နှုတ်ဆက် သည်၊ မြန်မာနိုင်ငံကို ရောက်ဖူးပါကြောင်း၊ မြန်မာရဟန်းတော်ကြီးများ၏ ဘွဲ့များကို ရွတ်ပြသည်၊ သူသိသော မြန်မာဆရာ တော်ကြီးများသည် မြန်မာနိုင်ငံတွင် ထင်ပေါ်သော ဆရာတော်ကြီများ ဖြစ်သည်၊ သီရိလင်္ကာတွင် ပညာသင် သွားကြဖူးသော မထေရ်ကြီးများလဲ ဖြစ်သည်၊ 

ဟံသာဝတီမြို့ကို ကြားဖူးပါသလား မေးသည်၊  ပဲခူးမြို့ ဓမ္မစေတီမင်း ကောင်းမှုတော် ကလျာဏီ သိမ်တော်ကြီး အကြောင်းကို ရှင်းပြသည်၊ သူရှင်းပြနေသည်ကို အံ့သြ နေမိသည်၊ ခဏ အကြာတွင်မှ လင်ဗန်းတစ်ခုနှင့် သောက်ရေခွက် သန့်သန့်များကို ယူလာသည့် ကျောင်းသား တစ်ယောက်ကို တွေ့ရ သည်၊ ကျောင်းသားမှ ရေခွက်များကို တစ်ပါးချင်းလိုက်ပြီး ဆက်ကပ်သည်၊

မြန်မာရဟန်းတော်များနှင့် မစိမ်းပါကြောင်း၊ ယခုဦးဇင်းတို့တက်ရောက်မယ့် တက္ကသိုလ်ကြီး တွင် မြန်မာ ရဟန်း တော်တစ်ချို့ ph.d အတွက် သုတေသနပြုနေကြောင်း ရှင်းပြသည်၊ မြန်မာရဟန်းတော်များ သီရိလင်္ကာကျောင်း အသီးသီးတွင်နေထိုင်လျှက် ပညာဆည်းပူးနေကြကြောင်းနှင့် ယခု မိမိတို့ကျောင်းသည် ပင် မြန်မာ သာမဏေ ငယ်နှစ်ပါးရှိကြောင်းရှင်းပြသည်၊ အစနေ့ဖြစ်နေသဖြင့် ဆရာတော်ပြောပြနေသမျှ သည် အသစ် အဆန်းချည်း လိုလို ဖြစ်နေသည်၊

မြန်မာရဟန်းတော်များ သာမက ကိုရင်များပင် ရောက်ရှိကာ ပညာသင်ယူနေကြောင်း သိရသဖြင့် တစ်မျိုး ၀မ်းသာမိသည်၊ အားတက်မိသည်လဲ ဟုတ်သည်၊ သစ်ပင်ရင်းနှင့် မြက်ခင်း များပေါ်တွင် ငြိမ်ငြိမ်ဆိတ်ဆိတ် စာကျက်နေသော ဆင်ဟာလီကိုရင်ငယ်များကို မြင်ရသည်မှာ တစ်မျိုးထူးသည်၊ ကြည်နူးစရာ လဲ ကောင်း သည်၊

မြန်မာနိုင်ငံတွင် ဤသို့မဟုတ်ပါ၊ စာအံကျောင်းကြီး၏ တိုင်တစ်တိုင်လျှင် အတန်းကြီးသော ကိုရင်ကြီး သို့မဟုတ် ဦးဇင်းတစ်ပါးက နေရယူထားပြီး ကျန်ကိုရင်ငယ်များနှင့် ရောက်စ စာသင်များကို အလယ် ကွက်လပ်တွင် ထိုင်စေကာ မြိုင်မြိုင်ကြီး စာအံကြရသည်၊ နောက်ရောက်နှင့် စာသင်စကိုရင်များ ဆော့လျှင် ရာထူးကြီးသော တစ်တိုင်ရ စာသင်သားကြီးများက သတိပေးရသည်၊ မြန်မာနိုင်ငံတွင် ၀ါစဉ် အရေးကြီး သလို၊ စာစဉ်လဲ အရေးပါသည်၊

စာအံကျောင်း၏ တိုင်များကို အကျအန ကြောမှီထားသော စာသင်သားကြီးများသည် ဓမ္မာစရိယတန်း တက်ခွင့် ရထားသော စာသင်သားကြီးများ ဖြစ်နိုင်သလို၊ ဓမ္မာစရိယတန်းတက် ရောက်ဖို့ ကြိုးစားအား ထုတ်နေသော ပထမကြီးတန်းရောက် ကိုရင်ကြီး၊ သို့မဟုတ် ဦးဇင်း တစ်ပါးသာဖြစ်နိုင်သည်၊ အလယ်ကွက် လပ်တွင် ထားသည့် ရည်ရွယ်ချက်မှာ အိပ်မငိုက်မိစေရန်ဖြစ်သည်၊ တိုင်မှီထားသော ၀ါရင့် ကိုရင်ကြီး၊ ဦးဇင်းပေါက်တို့မှာ အိပ်ငိုက်ရမည့် အခွင့်အရေး နည်းပါးသည်၊ စာနှင့် ပူနေသောကြောင့်ဖြစ်သည်၊ ငိုက်လျှင် လဲ ပတ်ဝန်ကျင်း မသိအောင် တင်ပလ္လင်ချိတ်ထား ကာ ခြေမလေး လှုပ်လျှက် ငိုက်ကြသည်၊ ပညာပါပါ လှုပ်ရှားတတ်ပြီ၊ ၀ါလဲရင့်ပြီ၊

မန္တလေးရွှေမြို့တော်တွင် စာသင်သား ကာလတစ်လျှောက် လေး ငါးခြောက်ကြိမ် အငေါက်ခံရဖူးသည်၊ လေး ငါးဆယ်ကြိမ်လောက် သူများကို ငေါက်ဖူးသည်၊ တစ်တိုင်ရ ရာထူးကြီးဖြင့် အကြာကြီးနေဖူးပါသည်၊

ဖြတ်ကနဲ့ ၀င်ရောက်လာသော ပုံရိပ်များကို အနိုင်နိုင်ဖျောက်ရင်း ဧည့်ခံ ဆရာတော်ကို နှုတ်ဆက် ကာ ကျောင်း ဆောင်ထဲမှ ထွက်ခဲ့ကြသည်၊ နောက်များမှ သိရသည်မှာ ဧည့်ခံစကားပြော ဆိုသော ဆရာတော်မှာ မြန်မာနိုင်ငံ ရှိ ကလျာဏီကျောက်စာကို လေ့လာခြင်းဖြင့် ပါရဂူဘွဲ့ရရှိထားကြောင်းသိရ သည်၊ ပြီးတော့ သီရီလင်္ကာနိုင်ငံ တွင် သောက်ရေအိုးတည်ထားလေ့ မရှိပါတဲ့၊ ရေသောက်လိုလျှင် ရေငုတ် သို့ ကိုယ်တိုင်သွားကာ အဆင်သင့် သလို သောက်ကြရသည်၊

ကေလနိယ တက္ကသိုလ်တွင် ပါမောက္ခချုပ်ဖြစ်သော G.D. sumanapa( ဂျီ. ဒီ. သုမနပါလ) ထံမှ အများဆုံး သင်ယူရသည်၊ archicture ပို့ချသော ဆရာမကြီးမှ တစ်ပါး ကျန်ဘာသာရပ်များကို ပါမောက္ခချုပ် သူမနပါလ ထံမှ သင်ယူကြရသည်၊ နားလည်သည်လဲ ရှိသည်၊ မည်သည်လဲ ရှိသည်၊စကားတစ်လုံးတည်းဖြင့် တစ်နာရီနီးပါး ကြာအောင် နားထောင်ရသည့် အခါများလဲရှိသည်၊ မှတ်မိနေသေးသည်၊

အရှင်စန္ဒာသီရိနှင့်အတူ Theravada tradition topic ကို တာဝန်ယူကြရသည်၊ ထေရ၀ါဒခေါင်းစဉ်ဖြင့် ပို့ချ သော နေ့များတွင် မောင်စံ( ဆာလှ) က recording လုပ်ရ သည်၊ တစ်ပတ်စာ ပို့ချစဉ်ကို နောက်နေ့ များတွင် မကုဋရာမကျောင်းတွင် ဆုံကာ note ထုတ်ကြရသည်၊ တစ်ခါတစ်ရံ ဦးစက္ကပါလ အခန်းတွင် ဖတ်သည်လဲ ရှိသည်၊ ဧည့်သည်များရောက်နေလျှင် ညောင်ပင်အောက်ရှိ ဦးသေဋ္ဌိလ(အဘ) အခန်းတွင်လဲ ဖတ်ကြသည်၊ စာကြည့်တိုက်၊ new comer အခန်းများတွင်လဲ ဖတ်ကြရသည်၊

ထူးခြားသည်မှာ “မင်းတို့နှစ်ယောက်က စာဖတ်တာထက် လေပေါ၊ စကားမျာတာ ပိုတယ်ကွ၊ ရှုပ်တယ် ငါ့ အခန်းလာမဖတ်နဲ့” လို့ အဘက ပြုံးပြုံးကြီးပြောလေ့ရှိသည်၊ ထိုသို့ပြောလိုက်ခြင်းသည်ပင် အဘက သူ့အခန်းတွင် စာဖတ်ရန် welcome လုပ်လိုက်မှန်းသိပါသည်၊ တစ်ခါတစ်ရံ အတည်ပေါက်နဲ့ ပြောလျှင်လဲ အသည်းများ မာနေသောကြောင့် မနာအားနိုင်တော့ပါ၊


တစ်ခါတစ်ရံ အသံမှာ မရှင်းသောကြောင့် ခပ်လှမ်းလှမ်မှ ထပြီးနားထောင်ရသည်၊ ထလိုက် ထိုင်လိုက်ဖြင့် အမြင်ကပ်မည် ဆိုလျှင်လဲ သူတို့တွင် အပြစ်မရှိပါ၊ ကျုပ်တို့ နှစ်ပါးတွင်လဲ အပြစ်မရှိပါ၊ မရှင်း မရှင်းပြောသော ပါမောက္ခသည်သာ အပြစ်မကင်းသူ ဖြစ်ရသည်၊ တစ်ခါတစ်ရံ ထပ်ကြော့ပြန်ရ သည်၊ ဖြစ်နိုင်ခြေရှိသော စကားလုံးများနှင့် နှိုင်းယှဉ်ကာ note ထုတ်ရသည်၊ မောင်စံ ( ဆာလှ) မေးကြီးပွတ် မျက်မှန် ထူထူကြီးကို ခွာလိုက် တပ်လိုက်ဖြင့် မျက်ကြောရှုံ့နေလျှင် အခက်တွေ့နေပါပြီ၊

ဤသို့ခက်ရင်း အငေါက်ခံရရင်း၊ note တွေထုတ်ရင်း၊ စာတွေကျက်ရင်း၊ လေတွေပေါရင်း၊ မှတ်ချက်(လေပေါတယ်လို့မလိုသူတွေက ပြောကြတာပါ၊ ကျုပ်တို့က discussion လုပ်ကြတာပါ) အကြံတွေပေးရင်း၊ အကြံတွေယူရင်း (အရုဏ်ဆွမ်း အတွက်ချက်သော ပဲဟင်း အကျန်များကိုတော့ မပြောတော့ပါ)၊  ကျောင်း သွားရင်း၊ ကျောင်းပြန်ရင်းဖြင့် ကေလနိယ (Kelaniya University) တက္ကသိုလ်ကြီးမှ စာမေးပွဲကို ဖြေဆို ကာ ခေါင်းအေးအေးဖြင့် အိပ်စက်နိုင်ခဲ့သည်၊

ခေါင်းအေးအေး ဖြင့် မအိပ်စက်နိုင်သူများရှိသည်ကို ညည ထပြီးယောင်ယမ်းအော်သည်ကို ကြားရခြင်း အားဖြင့်သိလိုက်ရခြင်း ဖြစ်သည်၊

 “အောင်မလေး သိန်းသုံးဆယ်ကုန်ပါတယ်၊ အောင်စာရင်းထဲ ကျုပ် မပါဘူးတဲ့ဗျ..ဟီး..ဟီး.”
 အိပ်မက်သာပါ၊ အမှန်တော့သူတို့လဲ ‘အေ’ အဆင့်က အောင်ပန်းဆွတ်ယူခဲ့သူများသာဖြစ်သည်၊

M.A စာမေးပွဲပြီးတော့ အိန္ဒိယနိုင်ငံသို့ ခရီးဆက်ခဲ့သည်၊ ဆာဒူးကြီးများနှင့် အပြုံးချင်း မလှယ်ကြ သည်၊ ကော ဟု မဿဲ မှသည် နမ္မစတေးသို့ ပြောင်းလိုက်ရသည်၊ အခုတော့ ဆာလှနဲ့ စာပြန်ဖတ်ချင်နေ သည်၊ ဆာလှ မြန်မာနိုင်ငံသို့ ပြန်လေပြီ၊ အဘ ငေါက်တာကို လွမ်းနေပါပြီ၊ ထိုအဖြစ်အပျက်များ ကို ပြန်စီပြ ပါဆိုလျှင် ခက်ပါပြီ..။ 

ဆန္ဒနှင့် ကံစေရာ လိုက်ပါခဲ့ကြရသော မိမိတို့ဘ၀များသည် တစ်စီဝေး လွင့်.. တစ်နိုင်ငံစီခြားခဲ့ကြရပြီ၊ လင်္ကာမြေက တက္ကသိုလ်ကျောင်းသားဘ၀သည် လွမ်းမောဖွယ် အတိဖြစ်နေတော့သည်။ 


No comments:

Post a Comment