လင်္ကာမြေကို နှုတ်ဆက် ထွက်ခွာခဲ့တော့ ကောင်းကင်ယံတွင် တိမ်ဖြူများ လေသင့်ရာယိမ်းပြီး လွင့်မျောနေကြသည်၊ တဖြည်းဖြည်းချင်း ကောင်းကင်ယံသို့ထိုးတက်သွားသော လေယျာဉ်သည် လင်္ကာမြေ ကို အဝေးတွင် ထားခဲ့ပြီ၊ ပင်လယ်ပြာပြာသည် ဆုံးစမဲ့ဖြင့် ရောင်ပြန်ဟပ်နေတော့သည်၊
တိမ်ဖြူတွေလို သို့တည်းမဟုတ် တိမ်ဖြူများလို ဆန္ဒ အတောင်တပ်ပြီး၊ ကံတရား မောင်းနှင်ရာ လိုက်ပါ ခဲ့ကြရပြန်ပြီ၊ တစ်နှစ်တာနေခဲ့ရသော အဖြူရောင်တိုင်းပြည်၊ ညီရင်းအကိုသဘောမျိုးဖြင့် ဖေးမကူ ညီ ဖော်ရွေကြသူများ၏ နေရာဘုံ၊ အသောကမင်းတရားကြီး၏ သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာ တို့နောက်ဆုံးခေါင်းချတော်မူသွားတော်မူရာ အေးရပ်မြုံ၊
ဇမ္ဗူဒီပရဲ့အလံတံခွန်လိုဖြစ် နေသောတိုင်ပြည်ငယ်ကို ပြည်ကြည့်မိတော့ ပင်လယ်ပြာပြာတွင် အစိမ်း ရောင် အစက်လေး တစ်ခုသာ မြင်တော့သည်၊ လေယျာဉ်ဘီးနှင့် ပြေးလမ်း ထိသံပြင်းပြင်း တို့ကြောင့် အတွေး စများ ရုတ်ချည်းပျောက်ပျက်ကုန်ကြသည်၊ ချင်နိုင်း နိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်ပြီဟု သိရသည်၊
ဘ၀တစ်ချိုးတစ်ခုသာ ဖြစ်တော့သည်၊ အိန္ဒိယနိုင်ငံကြီး၏ တောင်ဘက် အကျဆုံးပြည်နယ် ကြီး၊ ဒြာဗီဒီယာန် တို့ချက်မြှပ် နေရာဒေသကြီး၊ ထေရ၀ါဒ အဋ္ဌကထာကျမ်းပြု အရှင်မြတ်တို့ ပေါ်ထွန်းရာ ပြည်နယ်ကြီး၊ မဟာယာနခေါင်းတစ်ဦးဖြစ်သော ဗောဓိဓမ္မ၏ မွေးရပ်မြေ၊ သီရိလင်္ကာနှင့် အရှေ့တောင်အာရှတစ်ဝိုက်သို့ အမိမြေ အိန္ဒိယနိုင်ငံကြီးမှ ဗုဒ္ဓဘာသာ စတင် ခရီးနှင်ရာ ပြည်နယ်ကြီး၊ ပင်လယ်ကမ်းခြေကို မျက်နှာမူလျှက် လှနေသော ပြည်နယ်ကြီး တမီးနာဒူးပြည်နယ်၊
လန်ချား၊ ကားများ၊ ကုလား လူ အစုံစုံတို့ ကုန်ထုပ်များနှင့် ရောထွေးကာ လမ်းပေါ်တွင် စီးမျောနေကြသည်၊ လူစီးကြောင်းကြီးနှင့် အတူ မျောပါရင်း တည်ခိုရမည့် ဟိုတယ်ပေါက်စလေးသို့ ရောက်ကြသည်၊ အခန်း ကျဉ်းလေးထဲတွင် အိန္ဒိယထုတ် ပန်ကာကြမ်း လည်နေသည်၊ တဒီးဒီးမြည်နေ၏၊ လေထွက်နည်းသဖြင့်
အေးတော့လဲ သိပ်ပြီး မအေးလှပါ၊ မအေးပေမယ့် နားရသည်၊
အေးတော့လဲ သိပ်ပြီး မအေးလှပါ၊ မအေးပေမယ့် နားရသည်၊
နောက်နေ့တွင် ဂယာမြို့သို့ထွက်ခွာမည့် ရထားဖြင့် ခရီးဆက်ရပြန်သည်၊ ဂင်္ဂါမြစ်ကြီးကို အကြိမ်ကြိမ်ဖြတ် သန်းရသည်၊ ယမုံနာကို ဖြတ်ရပေမည်၊ ဂင်္ဂါနှင့် ယမုံနာကို မဖြတ်သန်းလျှင် အိန္ဒိယမြောက်ပိုင်း သို့ ရောက် မည်မဟုတ်ပါ၊ ကဗျာစာဆို၊ နိုင်ငံတော်တေးသွားစာဆိုကြီး တဂိုးက အမိမြေ၏ နိုင်ငံတော် သီချင်း ဇန ဂန မန တွင် ဂင်္ဂါ ယမုံနာတို့ကို ထည့်သွင်းဖွဲ့ဆိုသည်၊
အမိမြေတွင် ဧရာဝတီမြစ်ကြီး ရှိသည်၊ ချင်းတွင်း သံလွင်ရှိကြသည်၊ ပြည်သူများနှလုံးသားတွင် အမေ့ခံ ဖြစ် သွားမှာ စိုးရိမ်မိသည်၊ ဤသို့ဖြင့် တစ်ညအိပ်ပြီး နောက်နေ့ ညချမ်း ဆယ်နာရီတွင် အလောင်းတော် မင်းသိဒ္ဓတ် သစ္စာတရား ရှာဖွေရာ ဂယာသီသတောင်တန်းကြီးကို ညမှောင်မှောင်တွင် ထင်းထင်း ကြီးတွေ့ လိုက်ရသည်၊ သဗ္ဗညုတ ဉာဏ်တော်ရရှိတော်မူရာ မဟာဗောဓိစေတီတော်မြတ်ဆီက လျှပ်စစ်မီးရောင်
ဖွေးဖွေးသည် ကောင်းကင်တွင် အထင်းသားလင်းလျှက်၊ ဆောင်းအေးအေးကလဲ အပီအပြင်အေးလျှက်၊
ဖေဖော်ဝါရီလ ဆောင်းဒဏ်သည် သစ်ပင်ပျိုအိုတို့ကို အရိုးချည်း ပြိုင်းပြိုင်းဖြစ်စေသည်၊ မကြာခင်မြန်မာ ရဟန်းတော်များ သီတင်းသုံးနေထိုင်ရာ မဂဓတက္ကသိုလ်ကြီး၏ အဆောင် ၃ သို့ရောက်ကြသည်၊ ၀မ်းပန်း တသာနှုတ်ဆက်ကြသည်၊ အရင်ရောက်နှင့်သော နောင်တော်ကြီးများက ခရီးဦးကြို ဆို နှုတ်ဆက် ကြသည်၊
ညခင်း နှင်းမှုံများအောက်တွင် မဂဓတက္ကသိုလ်ကြီးကား အိပ်မောကြလျှက်ရှိသည်၊ နောက်နေ့မနက် တွင် မဟာဗောဓိစေတီတော်ကြီးသို့ လိုက်ပို့ကြသည်၊ ထေရ၀ါဒ၊ မဟာယာနရဟန်းတော်များ လူပုဂ္ဂိုလ်များ သည် မြတ်ဘုရားကို နည်းမျိုးစုံဖြင့် ပူဇော်နေကြသည်၊ ကြည်နူးစရာကောင်းလှသည်၊
မဟာဗောဓိစေတီတော် ဖူးမြော်ရင်း မောရိယဘုရင် အသောကကို မြင်ယောင်မိသည်၊ တရုတ်ခရီးသွား ရဟန်းတော်ကြီးများကို မြင်ယောင်သည်၊ ဗောဓိပင်ခြေတွင် ကမ္ဘာ အရပ်ရပ်က တရားရှုမှတ်နေသူများ ကို မြင်ရသည်မှာ ငြိမ်းချမ်းလှသည်၊
အသောကမင်းကြီးတည်ထားခဲ့သော မဟာဗောဓိစေတီတော်ကြီးသည် ဗုဒ္ဓဘာသာဝင်များသာမက ကမ္ဘာ အရပ်ရပ်က လူများကို အေးချမ်းစေသည်ကား အမှန်ဖြစ်သည်၊
No comments:
Post a Comment