၂၀၀၇ ဒီဇင်ဘာလ ၂၅ သည် မန္တလေးမြို့၊ သာသနာ့ တက္ကသိုလ်ကျောင်းဘ၀ ရဲ့ နောက် ဆုံးနေ့ရက်ဖြစ်သည်၊ တာဝန်ကျရာ တောင်တန်းဒေသသို့ သွားရန် တံတားဦးလေဆိပ်သို့ မိတ်ဆွေဖြစ်သူ အရှင်နန္ဒိယနှင့် အတူ ထွက်ခွာခဲ့သည်၊ မနက်စောစော အဆောင်၂ သို့ ရောက်လာသော တက္ကစီကားလေး သည် အထုပ် အထည်များ နှင့် အတူ မန်း တက္ကသီကြီးရဲ့ အရိပ်အောက်ကနေ ထွက်ခွာလေပြီ၊ နန်းရှေ့ ၆၂ လမ်းဝဲယာက သစ်ပင်ရိပ် တို့သည် တစ်လိမ့်လိမ့်ဖြင့် အနောက်တွင် ကျန်ရစ်သည်၊ မကျန်ရစ်ခဲ့ကြသည် ကား လေးနှစ်တာ ခိုနားသင် ယူခွင့်ခဲ့ရသော မန်း တက္ကသိုလ်ကြီး၏ အရိပ် အငွေ့တို့တည်း၊
မနက်ကိုး နာရီလေးဆယ်တွင် တံတားဦးလေဆိပ်မှ ဟုမ္မလင်းမြို့သို့ ထွက်ခွာမည့် လေယျာဉ် သည် ကောင်းကင်သို့ထိုးတက်လေပြီ၊ မန်း မြို့ကို ကောင်းကင်းပြင်ကနေ ပထမဆုံးမြင်ရခြင်းမို့ တစ်မျိုးရင်ခုန်မိသည်၊ ဧရာဝတီမြစ်ကို မြင်ရသည်၊ စေတီဖွေးဖွေးဖြင့် စစ်ကိုင်းတောင်ရိုးနှင့် ဟိုး အဝေးက မန်းနေပြည်ကို မှုံဝါးဝါးမြင် ရသေးသည်၊ မြင်ကွင်း တစ်မျိုးပြောင်းလာသည်၊ တောင်တန်းများ စိမ်းစိမ်း စိုစို ပိုမြင်လာရပြီး၊ အကွေ့ အကောက် များဖြင့် တောင်တန်းများကို ရစ်ခွေထားသော ချင်းတွင်းမြစ် ကို မြင်ရပြီ ၊ မြင်ကွင်းတို့သည် အပြောင်း အလဲမြန်နေသည်၊
ဘ၀ အချိုး အကွေ့များလဲ မြန်နေသလိုပင်ခံစားမိသည်၊ မန်းည မန်း အလှကို ခံစားမိတဲ့ခဏ၊ ဗုဒ္ဓ တက္ကသိုလ် ကျောင်းသားဘ၀၊ မန်း တက္ကသီလာ ကျောင်းသားဘ၀၊ တောင်တန်း သာသနာပြု ခရီးအစ၊ ဧရာဝတီရဲ့ အလှ၊ ချင်းတွင်းမြစ်နဲ့ တောင်တန်းများ အလှ၊ စိတ်တွင် တစ်ဖျပ်ဖျပ်ပြေးနေသည်၊
မနက်ခင်း ၁၀ နာရီ ၄၀ တွင် ချင်းတွင်းမြစ်ဘေးက ဟုမ္မလင်းမြို့လေးသို့ ဆိုက်ရောက်သည်၊ အညာမြေနဲ့ မတူ ဆောင်းမနက်ခင်းက လှနေသေးသည်၊ နှင်းမှုံနှင်းစက်တို့က ခရီးဦးကြိုဆိုကြသည်၊ ပတ်ဝန်းကျင်ကြည့် မိတော့ အသိက မရှိ၊ ဘယ်သွားရမည် မသိသေးပါ၊ တက္ကစီးသမားများက မေးကြသည်၊ သာသနာပြု ရဟန်းတော် များဖြစ်ကြောင်းပြောပြလိုက်ရသည်၊ သာသနာရေးရုံးနဲ့ ရဲစခန်းနဲ့ ကြိုက်တာပို့ လို့ပြောလိုက် သည်၊ သာသနာ ရေးရုံးတွင် တစ်ညတာ တည်ခိုကြရသည်၊ ဧည့်ဝတ်ကျေပွန်သော ဟုမ္မလင်းမြို့ သူ မြို့သားများ၏ အပြုံးနှင့် ဆောင်းည ရဲ့အလှကို ယနေ့တိုင်းမမေ့နိုင်သေးပါ၊
နောက်နေ့မနက်ချင်းတွင် ချင်းတွင်းကို ဆန်တက်ကြသည်၊ မော်တော်ပြတင်းမှ တိုးဝင်လာသော နှင်းထုကြီး သည် ပိတ်ပိန်းမှောင်နေသည်၊ ညာဘက်ကမ်းကပ် ဘယ်ဘက်ကမ်း ယိမ်းလိုက်ဖြင့် တစ်လိမ့်ချင်း ဆန်တက်နေသော မော်တော် သည် နေ့လည် ပိုင်း ၁၂နာရီကျော်ကျော်တွင် ထမံသီရွာကြီးသို့ ဆိုက်ရောက်သည်၊ ခရီးဖော်ဖြစ်သော အရှင်နန္ဒိယနှင့် လမ်းခွဲရပြီ၊ သူသည် လေရှီးနယ် သို့ ခရီးဆက်မည်၊ တစ်ယောက်တည်းဖြင့် ချင်းတွင်းကို ဆန်တက်လာရာ ညနေပိုင်း ၉ နာရီ ၂၀ တွင် ခန္တီးမြို့သို့ ရောက်သည်၊
ထိုစဉ်က ခန္တီးမြို့ ကို မှတ်မိနေသည်မှာ ကမ်းခြေက မီးရောင် နီကျင်ကျင်များနှင့် ဆောင်းအေးအေး ပင်ဖြစ်သည်၊ ကြိုဆိုသူမရှိသဖြင့် ဘယ်သူ့ကို မှတ်တမ်းတင် ရမည်မှန်းမသိပါ၊ နောက်နေ့ မနက် တွင် တောင်တန်း သာသနာ ပြုဘ၀ကို စတင်သည်၊ ဘ၀တစ်ချိုးသည် ရုတ်ချည်းဝင်ရောက်လာပြန် သည်၊ အဖော်တစ်ယောက် အဖြစ်ဆောင်း အေးအေးပါဝင်နေသည်ကို သတိရနေမိပါသည်၊ တောင်တန်း သာသနာပြုဘ၀တွင် ချင်းတွင်းကို စုန်လိုက်၊ ဆန်လိုက်ဖြင့် ဆရာကြီးဇော်ဂျီရဲ့ မဗေဒါလို ဖြစ်နေခဲ့ရသည်၊
ရွာသားများနှင့် ညီမျှအောင်နေရသည်၊ ရွာကို သူပုန်တွေရောက်လာသည်၊ သူပုန်ပြေးတော့ စစ်တပ်ရောက် လာပြန်သည်၊ သူတို့နှစ်ဦးအကြားဘာသာပြန်လုပ်ပေးခဲ့ရဖူးသည်၊ဗုဒ္ဓဘာသာဝင်များအတွက် ကျောင်းနှစ်
ကျောင်းဖြစ်မြောက်အောင် ဦးဆောင်ဦးရွက်ပြုခဲ့ရသည်၊ တာဝန်ကျရာ ပဒူးမုန်းနာဂ ရွာလေးတွင် ဇရပ်ဆောက်ရ သည်၊ ရွာသားများကို ရှင်သာမဏေပြုပေးနိုင် ခဲ့သည်၊ ဆောင်းအေးအေးကို ကြိတ်မှိတ်ခံ စားရသည်၊
ချင်းတွင်းရေကြီးတော့ ရွာသူရွာသားများနှင့် အတူ ရေကူးပြီး ဇရပ်ဆောက်မည့် တိုင်များလိုက်ဆွဲရပြန်သည်၊ ငှက်ဖျား ဖျားသည်၊ ရိုးရာ ဆေးခါးကြီးများကို သောက်ရသည်၊ တစ်ပတ်တစ်ခါ ဆေးထိုးရ သည်၊ တောင်တန်းဘ၀သည် မဖျားရင် မနေတတ်အောင်ရှိလှသည်၊ အောင်ချင်းငှက်အော်သံကြားရသည်၊ နာဂများ၏ တောင်ပေါ်ရိုးရာတေးကို နားထောင်ရသည်၊ တောင်ပေါ်သူတောင်ပေါ်သား များနှင့် နှစ်နှစ် တာနေခဲ့ရသည်၊
အပြန်ခရီးတွင် ရွာသူ ရွာသားတစ်ချို့လိုက်ပို့ကြသည်၊ ပြန်တော့မည် မပြောရက်သဖြင့် ခန္တီးမြို့ ခဏသွားဦး မည်ပြောကာ ထွက်ခွာခဲ့ရသည်၊ နှင်းတို့သည် ဝေနေဆဲပင် ချင်းတွင်းမြစ်လဲ စီးဆင်းနေဆဲပင်၊ ရင်တွင်းက သံယောဇဉ်တို့လဲ အသံမြည်နေဆဲပင်..။ ဤသည်လဲ ဘ၀တစ်ဆစ်ချိုးတစ်ခုသာ၊
၂၀၁၀ ဒီဇင်ဘာလ ၁ရက်နေ့တွင် ရန်ကုန်မြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီး၏ ဘွဲ့နှင်းဆောင် တွင် တောင်တန်းပြန်မိတ်ဆွေသူငယ်ချင်းများနဲ့ အတူ ဘွဲ့ယူကြရသည်၊ ကြိုးစားမှု ရလာဘ်တစ် ကို အောင် အောင်မြင်မြင် ရရှိကြသဖြင့် ပျော်နေကြသော မိတ်ဆွေသူငယ်ချင်းများ၏ အပျော်တို့သည် ပတ်ဝန်းကျင်ကို ရိုက်ခတ်နေတော့သည်၊
ဘွဲ့ရပြီးတော့ ရန်ကုန်မြို့ရဲ့ တက္ကစီသမားများကို အလှူပေးရင် နိုင်ငံခြားထွက်နိုင်ရေး လမ်းစရှာရပြန်သည်၊
တစ်နေ့သုံးခေါက် အနည်းဆုံးသွားရသည်၊ လမ်းညွှန်မည့်သူ အနီးကပ်မရှိသဖြင့် အခက်အခဲများကြုံရသည်၊
နောက်ဆုံးတော့ နိုင်ငံခြားထွက်ခွာခွင့် ပတ်စပို့၊ ဗီဇာနှင့် မိတ်ဆွေတစ်ပါးဆီမှ ထောက်ခံစာတို့ ရောက်လာ သည်၊ သေချာသွားပြီ၊ ဘ၀တစ်ချိုးရောက်လာပြန်ပြီ၊
ဤသို့ဖြင့် ၂၀၁၀ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာသို့ ပျံသန်းမည့် ခရီးစဉ်တွင် ကျောင်းနေဖက် မိတ်ဆွေသူငယ်ချင်း ၃ပါး၊ အခြားမြန်မာ ရဟန်းတော်၃ပါးနှင့် အတူ မြန်မာစံတော်ချိန် ၉နာရီ ၄၅မိနစ်တွင် စတင်ထွက်ခွာခဲ့ကြ သည်၊ ကောင်းကင် ကနေ အမိမြန်မာပြည်ကို ကြည့်မိတော့ ရင်ထဲလွမ်းသလို လို ဖြစ်နေမိသည်၊
ဘင်္ဂလာပင်လယ်အော်တွင် မြူတွေဆိုင်းနေသည်၊ ထိုင်းလေကြောင်းလိုင်း ခရီးသည်တင် ဂျက်လေယျာဉ် ကြီး၏ လေတိုးနေသံတရွှီးရွှီးသည်သာ မင်းမူနေသည်၊
ထိုင်းနိုင်ငံဒေသ စံတော်ချိန် နေ့လည်ပိုင်း ၁၁ ၄၅မိနစ်တွင် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်သည်၊ သီရိလင်္ကာနိုင်ငံ သို့ ဆက်လက်ပြန်သန်းမည့် လေကြောင်းလိုင်းကို ကြော်ငြာဘုတ်များတွင် ရှာဖွေရသည်၊ ငါးမိနစ်တစ်စင်း လေယျာဉ်များဆင်းနေသည် ထင်ရသည်၊ ကြော်ငြာဘုတ်များပေါ် က နိုင်ငံများကို ကြည့်ပြီး တောသား ကမ္ဘာပတ် ချင်နေမိသည်၊
ညပိုင်း၁၀နာရီ ၄၅မိနစ်တွင် သီရိလင်္ကာလေကြောင်းလိုင်းဖြင့် ဆက်လက်ပြန်သန်းလာရာ နောက်နေ့မနက် ၂ နာရီတွင် သီရိလင်္ကာနိုင်ငံ ဘန္ဒရာနိုက်ကေးလေဆိပ် သို့ရောက်ရှိပါပြီ၊ လာရောက်ကြိုဆိုသူ များနှင့် ပြည့်နေသည်၊ မန်း- တက္ကသီလာက မိတ်ဆွေများကို ပြန်တွေ့ရသဖြင့် ကြည်နူးနေမိ သည်၊ လေဆိပ်က ထွက်တော့ မီးရောင်တို့ထိန်ထိန်ညီးနေသည်၊
လမ်းဘေးဝဲယာတွင် ဗုဒ္ဓရုပ်ပွားတော်များကို ခန့်ခန့် ထည်ထည် ဖူးတွေ့ရသည်၊ အဖြူရောင် ဗုဒ္ဓရုပ် ပွားတော် ကြီးများသည် တစ်မူထူးပြီး ကြည်ညိုဖွယ်ကောင်းလှသည်၊
အရင်ရောက်နှင့်နေသောဝါရင့် မြန်မာကျောင်းသားကြီများမှ လိုက်လံဦးဆောင်ညွှန်ပြမှုဖြင့်သီရီလင်္ကာနိုင်ငံ
၏ထင်ရှားသော ကေလနိယတက္ကသိုလ်ကြီးတွင် ကျောင်းသားဖြစ်ခဲ့ရပါပြီ၊ ကျောင်းစတက်သည့်နေ့ ကမြင်ရ သည့် မြင်းကွင်းမျာကို သတိရနေမိသည်၊
မြက်ခင်းပြင် စိမ်းစိမ်းများ အပေါ်တွင် ဆင်ဟာလီ ကိုရင်ငယ်များ စာကျက်နေကြသည်၊ ညီကို အရင်းပမာပြုံးပြ နှုတ်ဆက်ကြသည်၊ ထိုအပြုံးများထဲတွင် အတိတ်သမိုင်း အပိုင်းအစများကို ပြန်လည်တွေ့ ရှိလိုက်သလိုခံစားနေ မိသည်၊
“အော်ငါတို့ကာ ခွဲခြားမရသော သကျပုတ္တများပါလား” လို့လဲ တွေးနေမိပါသတည်း။
No comments:
Post a Comment