အနောမာ တစ်ဘက်ကမ်းမှာ အလွမ်းတွေကင်းသတဲ့
ကျော်ဖြတ်မယ် တကယ်ကြံတော့
လွမ်းမိပါရောလား
ယသော်ရယ်..၊
သားရာဟု ရင်ခွင်ပိုက်ပြီး
ထွေးလိုက်မယ်ကြံပါသေး
ခွဲရေးခက်တယ်
မယ် ယသော်ရယ်..၊
ကြင်ဖော်မဲ့ ယသော်ခင်မှာ
ရွှေနန်းမြင့်စံရပေမယ့်
လက်တွဲလို့ ပလ္လင်ထက်မှာ
စံမြန်းခွင့် ဘယ်မရနိုင်ဘူး
တွေးမိပြန်တယ်..၊
ဟယ်..
ရှိစေတော့
စုန်ချည် ဆန်ချည် အပြန်ပြန်နဲ့
အဖန်ဖန်သွားခဲ့ရတဲ့ဘ၀ဘုံ
လွမ်းစရာတွေလည်းစုံလှ
အခုတော့ ထားရစ်ခဲ့ပြီ…၊
မယ်ယသော်နဲ့သားရာဟု
ခွင့်ပင် မပြုပေမယ့်
အနောမာ တစ်ဘက်ကမ်းမှာမှ
အလွမ်းတွေကင်းမှာမို့....၊
မောင်ဆန်နဲ့ ကဏ္ဍက
ငါကိုယ်တော်လှမ်းကြွတော့မှာမို့
ထကြစမ်းကွဲ့…..
လွမ်းရတဲ့ည..ထားခဲ့ပြီကွဲ့..အလွမ်းည..၊
.........................
သူ့ကိုသိသည်၊
အိမ်ရှေ့စံ အဖြစ် လျာထားခံရသူဖြစ်သည်၊ သက္ကလူမျိုးတို့အတွက် အားအင်တစ်ရပ်
အဖြစ်တင်စား ထင်ရှားသူဖြစ်သည်၊ သိဒ္ဓတ္ထမင်းသား၏ သွေးရင်းသားရင်းညီတော်လည်း ဖြစ်သည်၊
သကျဘုရင်သုဒ္ဓေါဓနနှင့် မိထွေးတော်ဂေါတမီ၏ သားတော်ဖြစ်သည်၊ ကပိလမင်းနေပြည်ကြီး၏ နန်းတော် တွင် ကြောင့်ကြမဲ့ နေခဲ့ရသူ၊ နုနယ်ပျိုမြစ်၍ မြင်မြင်သူနှစ်သက်စေနိုင်သောကြောင့်
နန္ဒ အမည် ပေးခြင်း ခံရသူ၊
နောင်တော်
မင်းသိဒ္ဓတ် တောရပ်စံပြီး နောက်တွင် သကျလူမျိုးများနှင့် ကပိလမင်းနေ ပြည်၏ ဒုတိယ
ရာထူးအိမ်ရှေ့စံဖြင့် နေရသူ၊ ရာထူးဘက်ကကြည့်ကြည့် ရုပ်ရည်ဘက် ကြည်ကြည့် တင့်တယ် မြင့်မြတ်နေ သူ၊
ရှေ့ရေးကိုမျှော်တွေးကြသော သကျဘုရင်နှင့်မိဖုရားတို့က အိမ်ထောင်ဖြင့်နှောင်ဖွဲ့
မည်ကြံစည်ကာ အိမ်ထောင်ပြုပေးရန်စီမံလေပြီ၊
အိမ်ရှေ့စံလေး ဘ၀သည်
အဘက်ဘက်ကပြည့်စုံနေသည်ထက် တစ်ဆင့်တက်ကာ ရွှေလက်ဆွဲ ကာ ပျော်ပွဲဝင်နိုင်ရေး
မျှော်တွေးလိုက်တိုင်း တစ်ရေးရေးဖြင့် ကြည်နူးနေမိသည်…၊
မြတ်ဘုရားသည်
မြတ်ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့မှ စ၍လောကကြီးတွင် သစ္စာ သိ မြင်နိုင်သော
ပုဂ္ဂိုလ် သတ္တ၀ါများကို အမြဲမပြတ်ကြည့်ရှုတော်မူသည်၊ သစ္စာသိမည့် သူဆိုလျှင်
မိုင်ပေါင်းများစွာ ခရီးကို ကြွတော်မူလေ့ရှိသည်၊
ယနေ့မင်္ဂလာဆောင်တစ်ခုသို့ကြွရပေမည်၊
မင်္ဂလာ ဆောင်ကားညီတော် နန္ဒမင်းသား ထိမ်းမြားခြင်း မင်္ဂလာဖြစ်သည်၊
သကျလူမျိုးတို့အနာဂတ်၏ ဖန်တီး ရှင်ဆိုနိုင်လောက် သော မင်းသား နန္ဒထံသို့
ဘုရား ရှင်ကြွလေပြီ၊
ညီတော်နန္ဒ
ငါဘုရားနဲ့ ကျောင်းလိုက်မလား..၊
ငယ်ငယ်ကတည်းကပင်
သိက္ခာရင့် ကျက်တည်ကြည်သော နောင်တော် မင်းသိဒ္ဓတ် တစ်ဖြစ် လဲ နောင်တော်ဘုရားစကားကို နန္ဒ
မလွန်ဆန်ဝံ့.၊
မှန်ပါ
..၊ လိုက်ပါမည်ဘုရား..၊
နန္ဒမင်းသားနောင်ဘုရားနောက်တော်ပါးက
သပိတ်ကိုင်၍ကျောင်းတော်သို့လိုက်ရလေပြီ၊
စုလျားရစ်ပတ်
လက်ထပ်လုလု နှမတော်ကိုထားပြီး ကျောင်းတော်လိုက်ခဲ့ရသော မင်းသားသည်
နောက်ဆံတင်းလျှက်
တငဲ့ငဲ့ဖြင့် လှည့်ကြည့်လှည့်ကြည်…၊
လမ်းခုလတ်တွင်ဖြစ်သည်၊
နန္ဒမင်းရဲ့
နှမဇနပဒကလျာနီနဲ့ ဒီသစ်ငုတ်တိုပေါ်က မျောက်ဘယ်က သူလှသလဲ..၊
အသဲကွဲမတတ်ခံစားရပြီ၊
မေးစရာရှားရော့ထင့်၊ နတ်သူဇာနဲ့ မျောက်အို ဘယ်လိုဆိုပြီးနှိုင်းလိုက်တာ လဲ
နောင်တော်ရယ်..နန္ဒမင်းသားငိုလုလု..၊
အေး
နောင်ဘုရားနဲ့ဆက်ပြီး လိုက်ခဲ့ဦး..၊
ရုတ်တရက်….နတ်ပြည်နတ်နန်းအခမ်းခမ်းတို့ဖြင့်
လှချင်တိုင်းလှနေသော သူဇာနတ်ပျို ဥဒဟိုတို့ကို နန္ဒမင်းသား အငေးသားဖြင့်
စိတ်တို့ကယောင်ခြောက်ခြားဖြစ်ရပြီ၊
ညီတော်
ဒီနတ်သမီးတွေနဲ့ မင်းနှမ ဇနပဒကလျာနီဘယ်သူပိုလှလဲ..၊
ဆိုင်းတွငေးဆံ့မရှိ၊
နောင်ဘုရားရယ်..အိမ်မှကျန်ရစ်တဲ့
ဇနပဒကလျာနီက သစ်ငုတ်တိုပေါ်က မျောက်အလားထင်ရပါပြီ၊
သူတို့ကိုရချင်လိုက်တာနောင်ဘုရားရယ်..၊
အေး..ငါဘုရားနဲ့ကျောင်းလိုက်ခဲ့ပေတော့၊
ဒီဂါထာကိုရွတ်နတ်သမီးလာဂါထာခေါ်တယ်ညီတော်၊
ဘုရားရှင်သည်
ညီတော်အား ကမ္မဋ္ဌာန်းစည်းဖြန်းနည်း တစ်ခုပေးလိုက်သည်၊ နန္ဒ သည် ဂါထာကို နေ့ည မပြတ်ရွတ်ဖတ်သည်၊
အနက်အဓိပ္ပာယ်မသိ၊ တဖြည်းဖြည်းချင်း စိတ်စိုက်ရွတ်ဖတ်လာရာ နောက်ဆုံးတွင်
နန္ဒမင်းသား.နတ်သမီးလိုချင်မှု၊
တွယ်တာခင်မင်မှု
အားလုံးကို အောင်နိုင်သော ဘုရားရှင်အလိုချင်ဆုံး၊ ဘုရားရှင် အရစေချင်ဆုံး ဖြစ်သော
အရဟတ္တဖိုလ်သို့ တိုင်လေသည်၊
ကြည်နူးရသည်၊
မင်းသားနန္ဒ နောက်ဆံတင်းမှုကုန်ဆုံး ဘ၀ဇာတ်တွေသိမ်းပြီး၊ အငြိမ်းကြီးငြိမ်းလေပြီ။
…………….
ဘကြီးဘုရား၊
ဟဲ့..ထွန်းအံ့
ဘာတုန်းရေးကြီးသုတ်ပျာ မည်းမည်းသည်းသည်းနဲ့ မင်းအဖေ မြဆောင်လိုက်ရိုက် ပြန်ပလား၊
မဟုတ်ပါဘုရား..၊
ထွန်းအံ့မောနေသည်၊
နောက်လဲ လှည့်ကြည့်လှည့်ကြည့်လုပ်နေရသည်၊
တပည့်…တပည့်တော်..ကျွဲတွေ
မြောင်းထဲမျောပါပြီးပြွန်ပေါက်ထဲပါသွားတာ..
အကုန်လုံးသေကုန်ပြီထင်တယ်ဘုရား၊
အဲဒါအိမ်မပြန်ရဲလို၊ ဘကြီးဘုန်းကြီးဆီလာတာပါဘုရား၊
အဲဒါဘကြီးဘုန်ကြီးကယ်ပါဦး၊
တပည့်တော်ကိုရင်ဝတ်တော့မယ်ဘုရား၊
ဟေ…၊
မင်းအဖေ
မြဆောင်တော့လိုက်လာမှာပေါ့၊
ခက်တော့ခက်လားကွာ၊ အေးပါ ကိုရင်ဝတ်ချင်လဲဝတ်ရ မှာပေါ့၊
မင်းအဖေ အခြေအနေကိုတော့ကြည့်ဦးမယ်၊
………………
…………………..
ဦးဇင်း၊
ဘာတုန်းဟ၊
မင်းက ရေးကြီးသုတ်ပြာနဲ့၊ ဆိုစမ်းပါဦး၊
ဟိုကောင် ဦးဇင်းရဲ့တူ
ထွန်းအံ့ကြောင့် ကျွဲခုနှစ်ကောင်ရေထဲမျောပါပြီး ပြွန်ပေါက်ထဲပိတ်မိတာ အကုန် သေ ကုန်ပြီ၊
အဲဒါ ဦးဇင်းဆီများလာသလားလို့ သိချင်လို့၊
အင်း
မင်းက ထွန်းအံ့ ငါ့ဆီလာတော့ကာ ဘာလုပ်မှာတုန်း၊
အာ….ဒီကောင်တော့
သေရအောင်သာပြင်ပေါ့ဘုရား၊
ဟေ့ကောင်မြဆောင်
ငါ့ညီ ငါ့စကားနားထောင်စမ်း၊
ထွန်းအံ့ငါ့ဆီလာတယ်၊
မင်းလာမယ်သိလို့ ငါခဏ အတိမ်းခိုင်းထားတယ်၊
စိတ်လျှော့ပါ၊
သူကြောင့်ချည်းလို့ တစ်ထစ်ချမပြောပါနဲ့သူတို့ကံကြမ္မာနဲ့လဲဆိုင်ပါလိမ့်မယ်၊
မင်းသားကိုရင်ဝတ်မလို့
ဆိုပြီး ငါလာပြောတယ်၊ အဲဒါဝတ်ပေးလိုက်တော့မယ်၊
မင်းသဘောတူတယ်မို့လား၊
ဦးမြဆောင်စိတ်ပေါက်ပေါက်နှင့်…
တင်ပ၊
ဦးဇင်းနိုင်အောင်ထိမ်းနိုင်ရင်တော့ ၀တ်ပေးလိုက်ပေါ့ဘုရား၊
တပည့်တော်ပြန်မယ်၊
ဦးမြဆောင်
အကိုဖြစ်သူဦးဇင်းကို ပုဆိန်ပေါက်ဦးချပြီး အိမ်ပြန်လေပြီ၊
ထိုနေ့ညနေချမ်းတွင်
ထွန်းအံ့ ကိုရင်ဝတ်သည်၊ အိမ်မပြန်ရဲသဖြင့် ရွာကျောင်းတွင် ကြာကြာမနေပဲ မြို့ တက်သည်၊
နောက်တော့စာမေးပွဲများအောင်မြင်ပြီး၊ ကျောင်းတိုက်တစ်တိုက်တွင်စာချဘုန်းကြီးဖြစ် သည်၊
ယခုအချိန်တွင် ကျောင်းတိုက်၏ တိုက်အုပ်ဆရာတော် ဦးနာယကအဖြစ်ထင်ရှားနေတော့ သည်၊
ငယ်ရွာကျောင်းတွင်ကား
ဦးနာယကကွယ်ရာတွင် ကျွဲပျောက်ကိုယ်တော်ကြီးဟု ချစ်စနိုးခေါ်ကြသည်၊
ဦးနာယကကြားလျှင်ပြုံးနေတတ်သည်၊
အတိတ်တို့သည် ရွေ့လျှောခဲ့ငြား….။
No comments:
Post a Comment