Pages

Tuesday, April 10, 2012

ထိုတစ်ညလ၀န်းသာသည်



“အဖေ”

ဘုရား…ကိုရင် ပြောလေ၊ ဘာပြောမလို့လဲ..၊ 

ကျုပ်ကိုရင်ဘ၀နဲ့မပျော်တော့ဘူး…၊ အဲဒါလူ ထွက်တော့မလို့..၊


အဖေငေးနေသည်..၊ ပြီးတော့ သက်ပြင်းချသည်..၊ လက်ကဆေးလိပ်တို့ကို ပြာချွေသည်၊
ပြီးတော့ကိုရင်ဘက်မျက်နှာလှည့်လာသည်၊

‘ကိုရင်..’၊

အဖေခေါ်လိုက်သော အသံသည် တိတ်ဆိတ်နေသော ညကို ပိုမိုလေးနက်စေသည်၊
ဗျ…အဖေ့..ဘာပြောမလို့လဲ..၊ကျုပ်လူထွက်ရမယ်လား..၊

တပည့်တော်လေ ငယ်ငယ်လေးကတည်းက ကိုရင်ဝတ်ချင်ပေမယ့်လို့..၊ မ၀တ်ခဲ့ရဘူး၊ အမေအဖေ တို့ကို ကူပြီးလယ်ယာလုပ်ငန်း ၀ိုင်းဝန်းလုပ်ကိုင်ခဲ့ရတယ်၊ ရွာကကျောင်းနေဘက် သူငယ်ချင်းတွေ ကိုရင်တွေ ၀တ်ကြ၊ ပြီးတော့မြို့ရောက်..၊ စာမေးပွဲအောင် ရွာပြန်လာရင်တပတော်ပြေးပြေးကြည့်ပြီး ၀မ်းသာခဲ့ရပါတယ်..၊

ကံမရှိလို့ ကိုရင် မ၀တ်ဖြစ်ခဲ့ပေမယ့်၊ ရွာက ဦးဇင်းကိုရင်တွေ ပြန်လာရင် ၀မ်းသာခဲ့ရတယ်၊
နောက်တော့ တပည့်တော်က အိမ်ထောင်တွေကျပေါ့..၊ အဲဒီကျတော့ တပည့်တော်ငယ်ငယ်က ကြည်ညိုခဲ့ရတဲ့ ကိုရင်ကြီးတွေက ဘုန်းကြီးတွေဖြစ်လို့ တွေ့လိုက်တိုင်း တပည့်တော်မှာ ၀မ်းသာ လိုက်ရတာ၊

ကိုယ်ကိုယ်တိုင် ကိုရင် မ၀တ်ခဲ့ရပေမယ့်လို.အပေါင်း အသင်းတွေကို ဦးဇင်းဆရာတော်တွေအဖြစ် နဲ့ မြင်လိုက်ရတိုင်းဝမ်းနည်းဝမ်သာပေါ့ ကိုရင်ရယ်..၊


သူတို့ကလဲတပည့် တပန်းတွေ အစုံနဲ့ပေါ့၊ တပည့်တော်မှာလဲ ငါကိုရင်မ၀တ်နိုင်ပေမယ်လို့
သားတွေရှိလာရင်တော့ ကိုရင်ဖြစ်စေပြီး၊ ကိုရင့်ရဲ့ ခမည်းတော်ဒကာကြီးအဖြစ် အခေါ်လိုက်အုံးမယ် လို့တွေး
တွေးပြီးပျော်လိုက်ရတာပေါ့ကိုရင်…၊

ဒီလိုနဲ့ ကိုရင့် အကိုကြီးမွေးတော့ ငါတော့ ကိုရင့် အဖေဖြစ်ရပြီဟဲ့လို့ စိတ်ထင်ခဲ့မိတယ်၊
ကံကမပါတော့ ကိုရင့် အကိုကြီးလဲ ကိုရင် လေးငါးဝါရတော့ လူထွက်ပြီး၊ အိမ်ထောင်ကျပေါ့..၊ ဒီလိုနဲ့ အဖေလေ ကိုရင့်ရဲ့..အကိုလတ်ကျတော့ မျှော်လင့်ခဲ့ပြန်တယ်၊ ဒါပေမယ့် အရင်လိုပဲ မထူးပါဘူး .၊
နောက်တစ်ယောက်၊ နောက်တစ်ယောက်မျှော်လင့်လိုက်တာ..၊ အရင်သားတွေလိုပဲ..၊
တပည့်တော်မှာသားတွေ အများကြီးမွေးထားပေမယ့်လို့၊

အမေ အဖေအဘိုးဘွား အစဉ်အဆက်က အဖေတို့ရဲ့ ဦးကြီးဦလေးတွေ ဘုန်းတော်ကြီးတွေဖြစ်ခဲ့ရပြီး ဗုဒ္ဓဘာသာဖြစ်လာရပေမယ့်လို့ တပည့်တော်မှာတော့ ရှင်သာမဏေရဲ့ ဒကာ၊ ကိုရင့် အဖေမဖြစ်ခဲ့ ရဘူးကိုရင်၊ တပည့်တော်စဉ်းစားတယ်၊

သားတွေအများကြီးမွေးပြီး သားတစ်ယောက် လောက်မှ သာသနာတော် အတွက်မပေးဆပ်ရရင် ဗုဒ္ဓ ဘာသာဖြစ်ရပေမယ့် အဖေလူဖြစ်ကျိုးနပ်တယ်လို့ မအောက်မေ့ဘူးကိုရင်ရယ်..၊

ကိုရင်ငေးနေသည်.၊ ပြီးတော့ သက်ပြင်းချသည်..၊ ဒကာကြီးပြောနေသည်များကို နားထောင်နေသည်၊

ရှင့်ဒကာဖြစ်ခဲ့ပြီးပေမယ့်၊ လူတစ်ရာမှာတစ်ရောက်လောက်သာ ဖြစ်နိုင်တဲ့ ရဟန်း ဒကာကြီးဖြစ်ပါစေ ကိုရင် ရယ်..၊

ဦးကံလှ အသံတွင် ၀မ်းနည်းနေဟန်ပါနေသည်၊ အားမာန်တစ်ချို့လဲပါသည်၊ တောင်းပန်နေသံလည်း ရှိသည်၊ မျှော်လင့်ချက်တို့လဲရှိသည်၊


“အဖေကျုပ်ကျောင်းပြန်တော့မယ်..”၊

အိမ်ကြမ်းပြင်တွင် ကျုံ့ကျုံ့ထိုင်ကာ ဦးကံလှသားကိုရင်ကို ဦးချကန်တော့လိုက်သည်၊ ညသည် လှနေသည်၊ လပြည့်ည မဟုတ်သေးသော်လည်း တိမ်ကင်းကင်းဖြင့်လှနေသော ပြည့်လုလုလ၀န်းသည် ရွှန်းရွှန်း ဝေနေသည်၊

ထိုတစ်ည အဖေ့အိမ်မှ ပြန်လာခဲ့သောကိုရင်သည် အဖေ့ဆန္ဒကိုပြည့်စေလျှက် စာတွေသင်သည်၊ စာမေး ပွဲတွေအောင်မြင်သည်၊ ကျောင်းတိုက်တည်ကာစာချပေးသည်၊ အဖေ့သားများစွာကိုပြုစု ပျိုးထောင်သည်။ နယ်လှည့်တရားဟောသည်၊
ဤသို့ဖြင့်…...
မြန်မာနိုင်ငံမှ အထင်ကရ ဆရာတော်ကြီးတစ်ပါး၏ ငယ်ဘ၀ပုံရိပ်ကိုရေးပြခြင်းဖြစ်သည်၊
 
ဤအကြောင်းကို တွေးလိုက်တိုင်း အဖေ့ကို သတိရပါသည်၊
 ……………………………


2 comments:

  1. အရှင်ဘုရားရဲ့ စာတွေကို တပည့်တော် လာဖတ်တဲ့အခါတိုင်း ခံစားရပါတယ်ဘုရား.....

    ReplyDelete
  2. ခံစားရပါတယ်။

    ReplyDelete