Pages

Monday, April 2, 2012

ခရေရိပ်ဝယ်



ခရေပင်ရိပ်တွင်ဖြစ်သည်။ ပွင့်ကြွေတစ်ချို့ ပြန့်ကြဲနေသည်၊ တစ်ချို့လည်း ကြွေဆင်းနေဆဲပင်ရှိသည်၊

ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊
ဘ၀နောင်ခါ၊ ဖြစ်တိုင်းမှာလျှင်၊
တစ်ကိုယ်ထည်းတည်း၊ တောရပ်မှီးကာ၊
သုံးရပ်သိက္ခာ၊ သာသနာ၊
ကောင်းစွာဖြည့်ကျင့်နိုင်ရပါလို၏..

ဦးသုမနသည် အထက်ပါမြန်မာလင်္ကာလေးကို ခရေပင်ရိပ်တွင်တိုးတိုးလေး ရွတ်နေမိသည်၊ ခရေ  သည် မွှေးနေသည်၊ အုပ်ပြန့်ပြန့် အခက် အလက်များရှိသဖြင့် စိမ့်စိမ့်လေးအေးသည်၊ တစ်ဘက်က ယခင် ဘုရားသောက်တော်ရေကန်လေးရှိသဖြင့်လည်း ရေဓာတ်လုံလောက်သည်၊ မနက်တိုင်း ကြွေကျ လာသော ခရေပွင့်လေးများကို တစ်ပွင့်ချင်းလိုက် ကောက်ကာ ဘုရားတင်လှူ ပူဇော်ရသည်မှာ ဦးသုမနစိတ်တွင် အကြည်နူးဆုံးဖြစ်ရသည်၊  

ခရေပွင့်များကို ကြိုးဖြင့်မသီပဲ စတီးလင်ပန်း သန့်သန့်လေးတွင် ဖြန့်ခင်းပူဇော်လိုက်တိုင်း အတိုင်းမသိ ကြည်နူးခြင်းများဖြစ်ရသည်၊ ခရေရိပ်တွင်ဝါးကွပ်ပျစ်လေးလုပ်ထားသည်၊
လေဖြူးဖြူးတွင် အေးအေး လူလူတရားစာဖတ်သည်၊

တစ်ဘက်တွင် မိုးအခါရေများပြည့် နေတတ်သော ရေကန်တစ်ကန်ရှိသည်၊ မိုးခါ ရေပြည့်လျှင် ကြာပန်းများ ဖူးပွင့်အစုံစုံဖြင့် ကြည်နူးစရာဖြစ်သည်၊ ဤတောကျောင်းလေးသို့ ဦးသုမနရောက်စက အမိုးအကာ ပင် လုံလုံခြုံခြုံမရှိသေးပေ၊ ခရေပင်လေးလည်း မရှိသေး၊ ရေကန်ဟောင်းလေးနံဘေး တွင် တောခြုံစပ်စပ် တို့ ဗြုတ်စပ်အောင်ပေါက်နေကြသည်၊ ရေကန်ဟောင်းလေးကိုပြုပြင်သည်၊ ခရေပင် လေးကိုစိုက်ပျိုးခဲ့သည်၊

အခုနှစ်မိုးဆိုလျှင် ဦးသုမနတောကျောင်းလေးသို့ရောက်ခဲ့သည်မှာ ဆယ်မိုး ဆယ်နှစ်ပင်တိုင်ချေပြီ၊ စိမ့်ဓာတ်ရသဖြင့်ထင်ရသည်၊ ခရေပင်လေးသည် အထွားမြန်သည်၊ ပင်စည်ဝန်းဝန်းတွင် အခက် အလက်စုံစုံဖြင့်  ပင်ပျိုတို့မာန်အတိုင်း ရွှန်ရွှန်စိုစိုဖြင့်လှသည်၊ 
တစ်ရပ် ကျော်ကျော် က ရေစဉ်ရေ လောင်ရင်း ဖူးငုံလေးများကို ကြည့်ပြီး တစ်မျိုးကြည်နူးရသည်၊ တစ်ရပ်ကျော်ကျော်ဖြစ်လာလိုက် သည်မှာသုံးလေးနှစ်အတွင်း မြန်လိုက်တာဟုပင်ထင်ရသည်၊

အခုတော့ပွင့် တွေလှုင်လှုင်ဖြင့် ဦးသုမနအဖို့ကုသိုလ်ထူးလှသည်၊ တစ်ပွင့်စီကြွေကျလာသော ပန်းများကို သီတံဖြင့် မသီလို၊ ပန်းများ ကို သီတံဖြင့် သီလိုက်ဖြင့် လက်အရှိန်ကြောင့် အညှိုးမြန်သည် ထင်ရသည်၊ လင်ပန်းသန့်သန့်တွင် ရေစပ်စပ်လေးဖြင့် ထားရှိပူဇော်လျှင် ပို၍ကြည်နူးစရာကောင်း သည်ဟုထင် မိသည်၊ ကျောင်းလေးကို အကာအရံလုပ်နိုင်ခဲ့ပြီ၊ 

ခက်ခက်ခဲခဲကြိုးကြိုး ပမ်းပမ်း ဖြင့် ဆောင်ရွက်ခဲ့ရသည်၊ ကျောင်းလေးအတွင်းတွင် ရဟန်းခံကိစ္စများကြုံ လာလျှင် အရေးတကြီး လိုအပ်သော သိမ်ကိုလည်း သမုတ်နိုင်ခဲ့ပြီ၊ ရွာသူ ရွာသားများ အခါကြီးရက်ကြီးများ ဥပုသ်စောင့်ရင်း တရား ရှု၊ အပန်းဖြေနိုင်ရန် လေးပင်သုံး ပင်အဆောင်လေးကိုလည်း ရှိစုမဲ့စုအလှူအတန်းရ တာလေးဖြင့် ဆောက်နိုင်ခဲ့ပြန်သည်၊

မိဘမဲ့ကလေးသူငယ်များနှင့် အလှူမှ ကိုရင်ဝတ်ရင်းမြဲနေသော ကိုရင်ငယ်များ ကိုမြို့တက် စေပြီ စာသင် အခိုင်းလိုက်တာ တစ်ချို့ကိုရင်ကြီး၊ ဦးပဉ္စင်းငယ်များပင် ဓမ္မာစရိယတန်း သို့ရောက် ကုန်ကြပြီ၊
ကျောင်းလေးပုံပေါ်လာတော့ တပည့်များအတွက် ပူပန်ရနှင့် ဦးသုမနဘ၀သည် ရင့်ကျက် လာခဲ့ပြီ၊ ဆယ်နှစ်တာ ကာလ အတွင်းက သူ့ခြေသူ့လက် ဖန်ဆင်းချက်များသည် မြိုင်ဆိုင် နေလေပြီ၊

ဤတောကျောင်းလေးသို့ ဦးသုမနရောက်လာပုံမှာ ထူးသည်၊ ရွာနှင့်လည်း မနီးမဝေးရှိသည်က တစ်ကြောင်းတစ်ကိုယ်ထည်းနေလိုသော ဆန္ဒများကြောင့်လည်းကောင်း ငယ်ဆရာ၏လမ်းညွှန်ချက် ကြောင့် လည်းရောက်လာခဲ့ရခြင်းဖြစ်သည်၊


ရွာတွင် ငယ်စဉ်ကိုဘ၀နှင့်ငါးနှစ်နေရသည်၊ အခြေခံစာများကို တပျော်တပါးသင်ယူကြရသည်၊ ထူးခြား သည်မှာ ငယ်ဆရာတော်သည် မာန်မာနကင်းကင်းဖြင့် နေထိုင်သီတင်းသုံးခြင်းဖြစ်သည်၊ ဘုရား အထူး ကြည်ညိုသည်၊ ပန်းကပ်၊ ဆွမ်းကပ်၊ ဦးဆောင်ပြုလုပ်သည်၊ ကိုယ်အမူအရာအားဖြင့်လည်း ဦးဆောင်သည်၊
နောက်လာနောက်သားများ နည်းရလောက် အောင်ဘုရားရှင်ကိုကြည်ညိုသည်၊ 
ငယ်ဆရာတော်၏ ဦးဆောင်မှုကိုမြင်ရတိုင်း ဦးသုမနစိတ်တွင်ကြည်နူးရသည်၊

ဦးသုမနရဟန်းဘောင်တက်ပြီးနောက် မန္တလေးမြို့သို့ ငယ်ဆရာကပို့လိုက်သည်၊
လေးပြင်လေးရပ်ခြေစုံဆန့်စာဝါလိုက်ရင်းဖြင့် ဓမ္မာစရိယတန်း ရောက်ခဲ့သည်၊ 
ဆယ်နှစ်ခန့်စာသင်အပြီး တွင် ဇာတိရပ်ရွာပြန်ခဲ့ရသည်၊ 
ငယ်ဆရာခြေတော်ရင်းတွင် သုံးနှစ်ခန့်နေပြီးနောက်....

“မောင်သုမနရေ..မင်အကြောင်းလဲ ငါကသိတထားတယ်ကွ.၊
အခုမင်းကိုပြောချင်တာက..တောကျောင်းလေးတစ်ကျောင်းရှိတယ်၊ မင်းပဲငါကလဲထားစရာရှိတော့ ခေါ်ပြောရတယ်၊ ရွာနဲ့မလှမ်းမကမ်းပါပဲ၊ 
အိမ်ခြေ နှစ်ဆယ်လောက်တော့ ရှိမယ်ထင်တယ်၊ 
ငါတပည့် ငါနဲ့လဲမဝေဘူးပေါ့ကွာ၊ ငါ့အနေနဲ့မင်း ကိုနေစေချင်တယ်..”၊

ဒီလိုနဲ့ရောက်ခဲ့ရပါတယ်၊ အဲလိုငယ်ဆရာတော်ခေါ်ပြီးမိန့်တော့ အသက်သုံးဆယ်တဲ့နှစ်ပေါ့၊
တောရွာလေးရောက် ကျောင်းပေါက်ကိုပြင်၊ ကလေးငယ်များ ရှင်သာမဏေပြုပေး၊ ယဉ်ကျေးမှု သင် တန်းပြဖြင့် ရွာနီးချုပ်စပ်တွင် လူသိများလာသည်၊ ဆွမ်းစား၊ ကွမ်းစားကိစ္စများ အပင့်အဖိတ် များလာ သလို၊ ဆရာတော်ကြီးများမှလဲ အားကိုးစွာဖြင့် တက်တိုးလက်တောင်း အကူအညီတောင်း ပြောဟော စေပြန်သည်၊ ဒကာဒကာမများနှင့် သင့်တင်အောင်ပေါင်း၊ ဆရာ၊ ဒကာတာဝန်သိသိနဲ့ နေလာ လိုက်တာ၊ ဆယ်နှစ်သို့ တိုင်ခဲ့ပေါ့၊

ခရေပွင့်တစ်ချို့ဝေ့၀ဲကြွေဆင်းလာသည်၊ ညနေခင်းဘုရားဝတ်တက်လျှင် ဘုရားရှင်ပူဇော်ရန်ခရေပွင့် တစ်ချို့ကိုလိုက်ကောက်နေမိသည်၊ ခရေကောက်ပြီး ပန်းလှူပူဇော်ခဲ့သည်မှာလည်း ငါးနှစ်တိုင်တိုင် ရှိခဲ့ပြီ၊ တပည့်ကိုရင်တစ်ပါး မြို့ပို့တဲ့နေ့ကစလို့မှတ်မိနေသည်၊

မြို့ပို့သော တပည့် အဆင်ပြေချော မွေ့စွာဖြင့်ပညာသင်ယူနိုင်ပါစေကြောင်း ဆုတောင်းရင်း ထိုညက ပန်းလှူပူဇော်ခဲ့သည်၊ ထိုကိုရင်သည် ယခုဓမ္မာစရိယတန်းသို့ရောက်နေပြီး ဆက်လက်သင်နေသည် ကို ကြားရတိုင်း ၀မ်းသာနေမိသည်၊

တပည့်တစ်ပါးပို့မြို့တိုင်း ခရေပန်းများကိုကောက်လှူပူဇော်လာတတ်သည်မှာ ဦးသုမနအကျင့်ပင်
ဖြစ်နေတော့သည်၊ အနီးအပါးတွင် မရှိသော တပည့်များ အတွက် တောင်းဆုပြုပူဇော်စရာ အထူး မရှိ လျှင် ခရေကောက်ရင်း..

ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊
ဘ၀နောင်ခါ၊ ဖြစ်တိုင်းမှာလျှင်၊
တစ်ကိုယ်ထည်းတည်း၊ တောရပ်မှီးကာ၊
သုံးရပ်သိက္ခာ၊ သာသနာ၊
ကောင်းစွာဖြည့်ကျင့်နိုင်ရပါလို၏..

ကိုရွတ်ဆိုနေမိတတ်သည်၊ ဆုတောင်းပြည့်သည်ပြောရမည်၊ သူနေသော ရွာလေးအေးချမ်းသည်၊ တပည့် များဖြစ်ထွန်းသည်၊

မကြာခင် ဘုရားဝတ်တက်ကြတော့မည်၊ လက်ထဲတွင်ခရေတစ်ဆုပ်ရှိနေပြီ၊ ဘုရားကျောင်းဆောင်
 ပေါ်သို့ အတက်တွင် စုစုစည်းစည်းရှိနေသော ကျောင်းသားငယ်များနှင့် ကိုရင် ကြီး၊ ကိုရင်ငယ်များ၏ သြကာသ၊ သြကာသ၊ သြကာသ စသည်ဖြင့် ဘုရားဝတ်ပြု အစပျိုးသံသည်၊ 

ဦးသုမနရင်တွင် လက်ထဲက ပန်းခရေအနံ့များကဲ့သို့ မွှေးကြိုင် လှသည်၊ ဂုဏ်မကြီးတဲ့ပန်း ခရေ၊  ဘ၀ အစတေးခံ အကြွေပန်းပေမယ့် ကောက်ယူသိမ်းဆည်းကာ ရုပ်ပွားဆင်းတုတော်ရှေ့တွင် ချထားပူဇော် လိုက် လေပြီ။

1 comment:

  1. ဂုဏ်မကြီးတဲ့ပန်းခရ မိုးမိုး အကြိုက်ဆုံးပန်းပါ။
    တန်ဖိုးထားတတ်ရင် .................
    ခရေဆိုတာ ပန်းခြောက်သွားရင်တောင် ရနံ့မပယ်ဘူးလေ
    ပန်းတိုင်းမှာ သူ့တန်ဖိုးသူရှိပါတယ်။
    လူတိုင်းမှာလည်း သူ့တန်ဖိုးနဲ့ သူ့ပါလေ..........။ ။

    ReplyDelete