သာသနာရင်းမြစ် တောကဖြစ်၍၊
တောပစ်မြို့ပေါ် သားတော်ပျော်က၊
တော်မတော်ပင် ကြံတွေးစဉ်၍၊
လျင်လျင်မြန်မြန် တောရပ်ထံသို့၊
ပြန်ကြွခဲ့ပါတော့..သားတော်မောင်ဘုရား..
ရွာဦးကျောင်းတွင် လူများစုနေကြသည်.၊ ရွာသူရွာသားလုံး၏ အပြုံးမျက်နှာတို့သည် ထင်ထင်ရှားရှား ရှိလှ သည်၊ သူတို့မျက်ဝန်း တွင်ဂုဏ်ယူပြုံးလည်းရှိသည်၊ မျှော်လင့်ချက်တို့လည်းပါသည်၊ ရင်ထိတ်နေဟန် တို့လည်း မသိမသာ ပါနေသည်၊
ဘုန်းကြီးဒီနေ့ ဒကာမဒကာမများကိုပြောချင်တာ့ ကျုပ်က ဒီရွာမှာနေလာတာ ကြာပြီ၊ စာတတ်လို့ ရယ်မဟုတ်ဘူး၊ ဒုလ္လဘ၀တ်ရင်း အနေကြာလာပြီတော့ ဆရာတော်ကြီးကိုပြုစုရင်းနဲ့.၊ သီလပေး၊
ရေစက်ချလောက်တတ်ပြီး ဆရာတော်ကြီးလွန်တော့ ကျောင်းစောင့်ဆိုပြီးနေလာတာပါ..၊ ဆက်ခံမယ့် ရဟန်းတော်များ မရှိတော့ ရှိတာလေးနဲ့ဖြစ်အောင်နေခဲ့ကြတယ်ပြောကြပါတော့၊
ဒါပေမယ့် ကျုပ်လို စာမတတ်ပေမတတ်ကျောင်းထိုင်မျိုး မဖြစ်ရအောင်ဆိုပြီးနော်..မောင်ဓမ္မိကလေးကိုမြို့ တက်စာသင်စေခဲ့ကြတယ်၊ သူကလဲအောင်လိုက်တဲ့ စာမေးပွဲတွေ ကျုပ်ဖြင့် ကျေနပ်လိုက်တာ..၊
အခုတော့ ကျုပ်လိုတောထွက် ရဟန်းအိုကြီးနဲ့ ရွာက ဒကာဒကာမတွေ မျှော်လင့်ချက်ကြီးကြီးထား မျှော် လင့်ခဲ့ကြတဲ့..၊ တရားဟောလဲကောင်း..၊ နိုင်ငံခြားကကိုပဲ ဘီ အေ၊ အမ်အေစတဲ့ ဘွဲ့တွေတော်တော် များများရလာ တဲ့ မောင်ဓမ္မိကလေးကို ကျောင်းအပ်ဖို့ အသိပေးချင်လို့ခေါ်လိုက်တာပါ..၊
…………………………………………………………………………………………………………..
မောင်ဓမ္မိက မင်းကိုဒီတောရွာကျောင်းမှာ ကျောင်းထိုင်ခိုင်းဖို့ ငါပြန်ခေါ်လိုက်တာပဲ..၊
"..ဘုရား.."
နိုင်ငံခြား ပြန်ကိုယ်တော်လေး၏ ဘုရားဆိုသော အသံနဲနဲကျယ်သွားသယောင်ထင်ရသည်၊ မျှော်လင့် ချက်ဖြင့် အရောင်တောက်နေသော ရွာသူရွာသား အဖို့ မျက်နှာကွက်ကနဲ့ဖြစ်ရသည်၊
မဖြစ်နိုင်လောက်ဘူး ထင်တယ်ဘုရား..၊ ဒီကျောင်းက တောကျောင်းဆိုတော့ ပြီးတော့ ကျောင်းလို့ သာပြောရတယ်၊ အခင်း မလုံ၊ အကာ မရှိ၊ ကျောင်းဝိုင်းကလဲ ကောင်းကောင်း မဟုတ်၊ ပြီးတော့ တော ရွာ ကျောင်းဆိုတော့ တပည့်တော် သင်ထားတာ တတ်ထားတာတွေနဲ့ မကိုက်လောက်ဖူးထင်တယ် ဘုရား၊ မဖြစ်နိုင်လောက်ပါဘူးဘုရား၊
နိုင်ငံခြားပြန်တပည့်၏စကားကိုကြားလိုက်ရသော ရဟန်းအိုကြီး၏ မျက်နှာသည် အိုသည်ထက်ရင့်ရော် သွားသလိုထင်ရသည်၊
အော် မောင်ဓမ္မိက မင်းဒီလိုပြောလိုက်တော့ ငါအံ့သြလိုက်တာ..၊ ဒီရွာက မင်းအဖေအမေ ဘိုးဘွား တွေခေါင်းချသွားတဲ့ရွာပါကွာ..၊ ငါမင်းလို စာမတတ်ခဲ့ဘူး..၊ ဒါပေမယ့် မင်းကျောင်းရောက်လာ ကိုရင် ၀တ်တော့ ငါလိုကြီးမှ ရဟန်းဖြစ်ရပေမယ့် ငါ့နှလုံးသားမှာ မင်းကို ငါလို မဖြစ်စေရဘူးဆိုတဲ့ စေတနာ ထားခဲ့ပါတယ်.၊
မင်းကိုစာတတ်အောင် အသင်ခိုင်းမယ်..၊ စာတတ်တဲ့သူများဦးဆောင်ရင် ငါလိုတောထွက် ဦးဇင်းကြီး ဦးဆောင်နေတာထက် အဆပေါင်းများစွာတိုးတက်လိမ့်မယ်လို့တွေးခဲ့ဖူးတယ်..၊
မင်းမြို့တက်တော့ မင်းမကြောင့်မကျမတောင့်မတနဲ့ သူများနည်းတူ နေနိုင်အောင် ဒီရွာက ဒကာ ဒကာမတွေထောက်ပံ့လှူဒါန်းခဲ့ကြတာပါ မောင်ဓမ္မိကရယ်..၊ ဒါပေမယ့်တို့တောရွာလေးကမင်းဆီက ဘာ မှပြန်ပြီး မမျှော်လင့်ခဲ့ကြဖူးဘူး..၊
မောင်ဓမ္မိက စာမေးပွဲအောင်သတဲ့ဟဲ့ဆို တစ်နွေလုံးပင်ပန်းခဲ့သမျှ ဖြေသိမ့်နိုင်ကြတယ်..၊
ရဟန်းအိုကြီး၏ စကားသံတွင် ရှိုက်သံတစ်ချို့စွက်လာသည်၊
နောက်ကျတော့မင်းက မြန်မာနိုင်ငံတင်မကဘူး၊ နိုင်ငံခြားမှာတောင် ပညာတွေသွားသင်ဦးမယ် ဆိုတော့ တို့များ အိပ်မက်မှာ သာရောက်ဖူးရမယ့် နေရာမျိုးကို တို့ရွာလေးက သားကောင်းတစ်ယောက်
တော့ရောက်ပြီဟဲ့လို့ ရွာနီးချုပ်စပ်ကတောင်တို့တောရွာလေးကို မောကြည့်တာခံရတော့ မင်းဒီလို ဖြစ် လာအောင် ထောက်ပံ့လိုက်ရတဲ့ အကျိုးတွေနပ်ပြီလို့ ငါကြွေးကျော်နိုင်ခဲ့တယ်..၊
တို့တောရွာလေးလဲ လူထဲသူထဲ နာမည်ကောင်းရခဲ့တယ်..၊ မောင်ဓမ္မိကတို့ ရွာလူတွေဆိုပြီး ၀မ်းပန်း တသာနှုတ်ဆက်တာခံရတော့ ငါဖြင့် မျက်ရည်တောင်လည်ခဲ့မိတယ်..၊ ရင်ထဲလဲမျှော်လင့်ချက်တွေ ခိုင်မာ လာတယ်..၊ ငါ့တပည့်ကွ တို့ရွာသားတစ်ယောက်ရယ်လို့ငါ့မှာဖြင့်လေ..၊
ရဟန်းအိုကြီး၏ အသံတို့နစ်ဝင်သွားသည်၊
ငါ့တပည့် မောင်ဓမ္မိကပြန်လာရင်တော့ တို့ရွာလေး အပြောတင်မကဘူး..၊ အမြင်ပါဂုဏ် ယူရတော့ မယ်ဟဲ့လို့ တွေးလိုက်တိုင်း ငါပျော်ခဲ့ရပါတယ်..၊
ရဟန်းအိုကြီး၏ ပါးရေနာရေးတွန့်နေသော အရေးပါးပြင်တွင် မျက်ရည်စတို့လိမ့်ဆင်းလာသည်၊
အခုတော့ တတ်လိုက်ပါတဲ့ စာ..၊ သိလိုက်ပါတဲ့ ကမ္ဘာ့ အရေး..၊ ပြောတတ်လိုက်ပါဘိ..ဘာသန္တ မင်းမှာသင်စရာဆိုလို့ ကျန်တယ်တောင် မထင်လောက်အောင်တတ်နေတယ်လို့ ထင်ရတယ်..၊
ရဟန်းအိုကြီးတစ်ချက်ရှိုက်သည်..၊
ဒါပေမယ့် မင်းက တောရွာလေးမှာ ကျောင်း မထိုင်ချင်ဘူး..၊ ဂုဏ်ငယ်လို့ပေါ့..၊ မင်းတတ်ထားတဲ့ အတတ်တွေနဲ့ မကိုက်ဘူးပေါ့၊ မင်းလို နိုင်ငံခြားပြန် အတွက် သိမ်ငယ်စရာဖြစ်နေတယ်ပေါ့၊
မောင်ဓမ္မိကမင်းကို ပြောလိုက်ပါရဲ့ဗျာ၊ မင်းတတ်ထားတဲ့ ဘီ အေ၊ အမ် အေ၊ ပီအိပ်ခ်ျဒီဆိုတဲ့ အတတ် တွေကို ငါလိုတောထွက်ကြီးသိထားတဲ့ အသိမျိုး နဲ့တောင် လာမနိုင်းနဲ့ ရိုင်းလွန်းလို့..၊
မင်းလိုတတ်ပါတယ်..၊ သိပါတယ်..၊ ကမ္ဘာပတ်နိုင်ပါတယ်ဆိုတဲ့ အကောင်ရဲ့ နှလုံးသားနဲ့ ငါလိုပညာ မတတ်ပေမယ့် ရွာသူရွာသားတွေ ဘာသာရေး အသိပွားအောင် အေးချမ်းတဲ့ ဘုရားလမ်းစဉ်တွေကို ကျင့်သုံးလိုက်နာနိုင်အောင် သင်ပေးနိုင်ခဲ့တဲ့ ငါ့နှလုံးသားနဲ့ မလဲဘူးဓမ္မိကရေ..၊
ခေါင်းငိုက်စိုက်ကျနေသော အရှင်ဓမ္မိကခေါင်းပြန်မော့လာသည်..၊ သူ့ပါးပြင်တွင်လဲ မျက်ရည်စများနှင်...
ခွင့်လွှတ်ပါဘုရား..၊
ဆို့နစ်စွာလျှေက်လျှောက်ထားလိုက်သည်၊
တပည့်တော်……..
သူလဲရှိုက်သည်၊ ရှိုက်သံကို အနိုင်နိုင်ထိန်းရင်း..၊
တပည့်တော်ရဲ့မွေးရပ်မြေ….ဟောဒီ တောကျောင်းလေးမှာ ကျောင်းထိုင်ပါတော့မယ်ဘုရား..၊
တတ်စွမ်းသမျှ သင်ပြရင်းနဲ့ ရပ်ကျိုးရွာကျိုးဆောင်ရွက်ပါတော့မယ်ဘုရား၊
အတွန့်တွန့်အခွေခွေ အရေးကြောင်းများစွာနှင့် ရင့်ကျက်နေသော ရဟန်းအိုကြီး၏ လက်ဖမိုး အစုံကိုရှိခိုး ဦးခိုက်လိုက်သော အရှင်ဓမ္မိက၏ မျက်ရည်စတို့သည် ရင့်ရော်နေသော ရဟန်းအိုကြီးအတွက် အပြုံးတစ်ခု ဆင်ပေးလိုက်နိုင်ပြီ။
…………....
သင်ပြမည့်သူ မရှိမူ၍ ရွာသူ ရွာသား၊
ကလေးများလည်း ချောင်းကြို မြောင်းကြား၊
ငါးရှာ ဖားနှိုက် ကစားလိုက်ဖြင့်၊
ငယ်ခိုက်ချိန်လေး စာနှင့်ဝေးသည်၊
တွေးတိုင်းရင်လေးမိပါတယ်ဘုရား။
(အမေအိုမှာတမ်း)
……………………………………………………………..
ဖတ်ခဲ့မိဖူးသော ၀တ္ထုတစ်ပုဒ်ကို ပြန်လည်ခံစားပြပါသည်..။
No comments:
Post a Comment