Pages

Wednesday, August 3, 2011

အလွမ်း အပမ်း ဘယ်သို့ ဖြေ



အထက်မျှော်လိုက်လျှင်-
ချင်းတွင်းမြစ်သည် တောင်တန်းများအောက် ခေါင်းလျှို   ပျောက်ကွယ် သွားသ ယောင် ထင်ရသည်၊
အောက်ဘက်သို့ စုန်ကြည့်လိုက်လျှင်လဲ-
မြစ်ချင်းတွင်းသည်ပင် မှုန်ပြပြနှင့် အဝေးတွင် နှင်းတို့နှင့် အတူေ၀၀ါးသွားတော့သည်၊
ပြုစားရက်နိုင်စွ၊ မြစ်တို့မာယာသည် ဆန်လေစွ၊

ချင်းတွင်းမြစ်ပြင်က ကိုတံငါတို့ ဟစ်ကြွေးလိုက်သော တေးသံသည် လေတွင် ၀ဲလျှက် ပျံလွင့်သည်၊ ဘာကိုရည်၍ ဘယ်ကို ညွှန်းဆိုသည် မသိရသော်လည်း တောင်ပေါ်သားတို့ တေးသံကြားရတိုင်း ဘယ်ဆီဘယ်ဝယ် မသိလွမ်းမိသည်မှာ ထူးတော့သည်၊

လွမ်းနေတုန်းခိုက် ခရီးများလဲသွားခဲ့ရသည်၊ ထိုခရီးသည် လှေဖြင့် ရံခါသွားရသည်၊ သို့သော် တပို့တွဲ၊ တပေါင်းလများဝယ် နတ်မှော်ချောင်းတွင် ရေသည် နာဂပျိုဖြူ သနပ်ခါးသွေးဖို့ ရေအတွက်ပင် အခက်တွေ့နေချေပြီ၊

သဲပြင်ပူပူတွင် ခရီးနှင်ရသည်၊ နတ်မှော်ချောင်းတစ်ဝိုက်တွင် အရိပ်ထိုးနေသော သစ်ပင်များသာမရှိပါမူ၊ ထိုခရီးသည် အတော်ပူပြင်းနေပေလိမ့်မည်၊ နတ်မှော်ချောင်းဖျားတွင် ရွှေလုပ်ငန်းရှင်များ စခန်းချနေထိုင်ကာ နေထိုင်ကြသည်၊ အောက်သား အများစုဖြစ်သောကြောင့် သဒ္ဓါတရားနှင့် အလှမ်းဝေးသူများလဲ မဟုတ်ကြပါ၊

မျှော်လင့်ချက်ဖြင့် ခရီးဆက်ရသည်၊ သဲပြင်သည်ပူသည်၊ နေမြင့်လျှင် ပင်ကြိုပင်ကြားက ထိုးဆင်းလာသော နေသည် ပူသည်၊ အလှူခံမည့်နေရာ ဌာနရောက်လျှင် ရွာရှိလူကြီးများနှင့် တိုင်ပင်ကာ ချောင်ကြို ချောင်ကြား မကျန် လိုက်လံရှင်းပြ အလှူခံရသည်၊ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသော အလုပ်ကို လုပ်ရချေပြီ၊

တစ်ခါတရံရှိသေးသည်၊

‘ဒကာကြီးများ ဦးဇင်းကတော့ ပဒူးမုန်းကျေးရွာက တာဝန်ကျ သာသနာပြု ရဟန်းတော်ဖြစ်ပါတယ်၊ အခု ဒကာကြီးတို့ဆီလာတာကတော့  ဦးဇင်းတို့ရွာက နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ ဘုရားပွဲအတွက် အလှူခံလာခြင်းဖြစ်ပါတယ’်
စသည်ဖြင့် သူ့အဆင် မပြေစကား မကြားရသေးမီ အနိုင်ပြောရသည်၊

ရာသီဥတုပူသည်၊ နွေနေပူသည်၊ သဲပြင်ကျိန်းစပ် အပူခိုးဟပ်သည်၊ မျက်နှာလဲပူရပြန်သည်၊ သို့သော် ရင်တွင်းက အပူကိုတော့ မီဟန်မတူပါ၊ ရှေးဆရာတော်များ နည်းတူ မိမိတာဝန်ကျစဉ် အဆင်တပြေဆောင်ရွက်ချင်သည့် စိတ်ဓာတ်သည် အပူတကာတို့ထက်ကဲနေပါသည်၊

ပြေသင့်သလောက်ပြေပါသည်၊ အလိုကျပြေရခြင်းမျိုးတော့မဟုတ်ပါ၊ အပြန်ခရီး နတ်မှော်ချောင်းသည် နီးလိုလိုဖြင့်ဝေးသည်၊ ပြေရာပြေးရသည့် ဘ၀သည် ဆုံးတော့မည်မဟုတ်ပါ၊ ပြေသည်ထင်ပြီးပြေးရသော်လဲ မပြေသည်ရှိတတ်ပြန်သည်၊

ထိုခရီးမျိုးလဲ သွားခဲ့ရဖူးပါသည်၊ ၀မ်းပလာခရီးသည် မပြေ ခရီးဖြစ်ခဲ့သည်၊ ဘုရားပွဲနီးလာလေ ပူပန်ရလေဖြစ်သည်၊ တောဘုရားပွဲလေး စည်စည်ကားကားဖြစ်ချင်သည်၊ တနိုင်းချောင်ဖျားဆီက ၀မ်းပလာသို့ ရွာကဒကာနှစ်ယောက် အဖော်ခေါ်ကာတက်လာခဲ့မိသည်၊

တိုက်တီးဆိုသော နာဂရွာလေးတွင် တစ်ညအိပ်ဖို့ စီစဉ်ကြသည်၊ နောက်နေ့ မျုား အဆက်မပြတ်ရွာနေသောကြောင့် နောက်ထပ် တစ်ညအိပ်လိုက်ရသည်၊ နောက်နေ့ညနေတွင် ၀မ်းပလာသို့ တက်ခဲ့ကြသည်၊

အလှူခံထွက်ဖို့ ခွင့်မပြုပါ၊ သက်ဆိုင်ရာက တားမြစ်ထားကြောင်း သိရသည်၊ လူရော ဒကာပါ အစုစုနှင့် ရောက်လာပြီး ဧရာဝတီတိုင်းက မုန်းတိုင်း နာဂစ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ဒုက္ခသည်များ အတွက် အလှူခံခြင်းကြောင့် တားမြစ်ထားခြင်း ဖြစ်ပါဖြစ်ပါသတဲ့၊ အကြောင်းမျိုးမျိုးပြ အလှူခံကြကြောင်းပြောပြသည်၊

နာဂစ်သည် ချင်းတွင်း အထက်ဖျားဆီက နာဂရွာလေး ပဒူးမုန်းကို တိုက်ခတ်လေပြီ၊ မပြေပဲ ခုနှစ်ရက် တစ်ပတ်ကြာခဲ့သည်၊ ဗဟုသုတ ရပါသည်၊ အိပ်ထဲမှ နှစ်ထောင် စိုက်လိုက်ရသည်၊ မော်တော်က ဘုန်းကြီးကိုသာ အလကား တင်သည်၊ ဒကာများကို အလကား မရဟု ဆိုလာသောကြောင့်ဖြစ်သည်၊
ပြေခါတစ်လှည့်၊ မပြေတစ်ဖုံဖြင့် လုံးပမ်းခဲ့ရသမျှတို့သည် လတပေါင်းတွင် အကျိုး ထင်ပါတော့သည်၊

ဘုရားပွဲတွင် ချင်းတွင်းမြစ်ကြော၌ စုန် ဆန် သွားလာနေသော မော်တော်ရေယဉ်များက အကြို အပို့ လုပ်ပေးကြပါသည်၊ တပေါင်းလ ဘုရားပွဲလေးသည် စည်စည် ကားကားပြီးဆုံးခဲ့သည်၊ သံဃာတော် လေးဆယ့်ငါးပါးကို ပင့်ဖိတ်ပြီး သံဃပူဇာပြုလုပ်နိုင်ခဲ့သည်၊ 

တပေါင်း အပူသည် တံခူးလေနှင့် အတူ လွင့်ပါးခဲ့လေပြီ၊
ဥသြတေးသံကို နားဆင်နိုင်ပြီ၊ ကောင်းကင်ပြင်သည် တိမ်တောက်တိုင်း လှနေသည် ထင်မိသည်၊

No comments:

Post a Comment