Pages

Monday, February 21, 2011

တေး နိဗ္ဗူ

                                      နိဗ္ဗုတာနုန သာ မာတာ၊ နိဗ္ဗုနုန သော ပိတာ။
                                      နိဗ္ဗုတာနုန သာ နာရီ၊ ယဿာယံ ဤဒီသော ပတိ။

သက္ကတိုင်းသား ကပိလ၀တ္ထုမင်းနေပြည်၏ အိမ်ရှေ့စံ မင်းသိဒ္ဓတ်ကို ပြောင်းလဲနိုင်စွမ်းသောတေးတစ်ပုဒ်၊ သီဆိုသူ မကိသာ၊ နွဲ့နွဲ့နှောင်းနှောင်းဖြင့် လှသော ကပိလ၀တ္ထု သူလေး၊ 

ဖွားဇာတာတွင် ရဟန်းပြုမည့် လက္ခဏာပါကြောင်း  နန်းတော်ရှိ ပညာရှင် ဝေဒဗြဟ္မဏများ၏ ဟောပြော ချက် အရ သားတော်သိဒ္ဓတ်မင်းသား တောထွက် ရဟန်းပြုသွားမှာ စိုးရိမ်သော ဖခင်ကြီးသည် အလှတကာတို့ထက် အလှ၊ အနုတကာတို့ထက် အနု၊ မြတ်တကာတို့ထက် အမြတ်၊ သာလွန်မှုများတို့ထက် သာလွန်သော ခံစား ခြင်းတို့ဖြင့် သားတော်ကို ရစ် နှောင်သည်၊ အိမ်ရှေ့စံမင်းသားသည် အကျဉ်းခံပမာ မလူးလွန့်သာခဲ့ပေ၊

အဆင်းဖြင့် ရစ်တွယ်စေပြန်၏။ အသံဖြင့် ငြိကပ်စေ၏။ အနံ့ဖြင့် ထုံးနှောင်၏။ ထူးပေ့ဆန်းပေ့ ဆိုသော ရသာ တဏှာကို အစွမ်းကုန်ပြည့်ဆည်းပေး၏။ ကောင်းပေ့ ညွန့်ဆိုသော မွေ့ယာသလွန်ထက်တွင် မိန်းမော စေခဲ့ ၏။ လက်ရှိကမ္ဘာ၊ သက်ရှိအရာတို့နှင့် ကင်းနေသလို ဖြစ်နေခဲ့သည်။ အတုအယောင် ဟန်ဆောင် အလှတရား များတွင် မင်းသားနစ်မျောခဲ့သည်။

အရှိတရား၏ ရုတ်တရက် မြင်ကွင်းတွင် အလှတရားတို့ဆိတ်သုန်းနေကြောင်း အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ ဖြင့်သာ ပြည့်နှက်နေနေကြောင်းကိုသိလိုက်ရသော မင်းသားတွက် မသက်သာလှပါ။
လမ်းပေါ်က အမှန်တရားများကို မကြည့်လို၊ မမြင်လို၍

‘ ပြန်ကြစို့ ဆန္န၊ ရွှေနန်းတော်ကြီးပြန်ကြစို့”၊

နန်းတော်တွင်  အလှတရားရှိလို ရှိငြား ရှာကြည့်မိသေးသည်။ ရှာဖွေချိန်ကို နေ့ညမထား အချိန်ရတိုင်း ရှာနေ မိသည်။ ရင်တွင်းက အပူဓာတ်ကို ငြှိမ်းသတ်ဖို့ရှာနေခဲ့သည်။

နန်းတော်ဦးရောက်တော့ သီချင်းသံသဲ့သဲ့ ကြားမိသည်၊ ဘာတဲ့လဲ၊ ထားလိုက်ပါ၊ ဤနန်းတော်ကြီး တစ်ခုလုံး ရှိသာယာသော တေးသီချင်းပေါင်း များစွာကို ကြားခဲ့ဖူးပြီ၊ အေးချမ်းသော အရသာကို စကားလုံးထဲမျှ ရှာမ တွေ့ခဲ့၊  တွေးရင်း တွေးရင် နီးလာရာ သီဆိုနေသော တေးသံလဲ ပီပြင်လာသည်။ ရစ်ဝဲဖွဲ့သိုင်းလျှက် နီး လိုက် ဝေးလိုက်ဖြစ်နေသည်၊ သီချင်းသံနောက်လိုက်မိ၏။

‘ နိဗ္ဗုတ တဲ့လား၊ ကိသာ နင်ငါ့ကိုကြည့် ပြီး အေးချမ်း တယ် လို့ဆိုတယ်၊ ကျေးဇူးပါ ကိသာရယ်၊  ဆန္န ရော့ မကိသာကို ပေးလိုက်စမ်းပါ၊ ငါ့လည်ဆွဲကို”။

တိတ်ဆိတ်နေတဲ့နန်းတော်ထဲက ည၊ ဟန်ဆောင် အလှတရားတို့ ကွာကျတဲ့ ည၊ တစ်မှေး ခဏ အိပ် ပျော် ခိုက်လေး ရံရွေတော်တွေး ဖြစ်နေလိုက်ပုံများ ငါ တစ်နေ့က ဆန္နနဲ့မြင်ခဲ့တဲ့ အရာနဲ့များဘာခြား နားသေးလဲ၊
 ‘ ဟိုတစ်နေ့က ငါဥယျာဉ် ကပြန်တော့ လမ်းမှာ ဆန္နနဲ့ အတူတွေ့ခဲ့တဲ့အရာတွေကို ဦးတည်နေတဲ့ အလှ၊ ဟင် အခုမှ တွေးမိတယ်၊ ငါ့ ကြင်ယာတော် မယ်ယသော်က သားတော်တစ်ပါး ဖွားမြင်တယ်ဆိုပါလား၊ ဒါလဲ ဟန်ဆောင် အလှတရား တစ်ခုပါပဲ၊ တော်ပြီ၊ ဆန္န ထ ထ၊ ကဏ္ဍက မြင်းကို တင်းကုတ်က ထုတ်ခဲ့စမ်း ဟိုခပ် ဝေးဝေးမှာ အနောမာမြစ် ရှိတယ်၊ အဲဒီကို သွားကြစို့”၊

တိတ်တဆိတ် ထွက်ခွာခဲ့လို့ နန်းရင်ပြင်ရောက်တော့ မယ်ယသော် ရင်ခွင်ကြားက သားတော်လေးများ ‘ အဲ့ ကနဲ့’ ငိုလေမလား လို့ လှည့်ကြည့်မိသေးတယ်၊

လပြည့်ဝန်းကြီးက သာလို့၊ မိုးနံ့တို့က သင်းလို့၊ ညတေးရှင် ပုရစ်ကောင်တို့က တကျီကျီညီးတွားလို့၊ အခု ထိရင်ထဲရှိနေ ကြားနေမိတာက မကိသာရဲ့ တေးတစ်ပုဒ်၊

နိဗ္ဗုတာ နုန သာ မာတာ ၊ နိဗ္ဗုတာ နုန သော ပိတာ။
နိဗ္ဗုတာ နုန သာ နာရီ ၊ ယဿာယံ ဤဒိသော ပတိ။
တဲ့လား ကိသာရယ်၊………………

No comments:

Post a Comment