Pages

Sunday, February 20, 2011

မြူနှင်းတို့ ထာဝရဝေ


ခရီး စတင်ခဲ့ကြတော့ ဂယာမှ၊ မင်းသိဒ္ဓတ် လောက်ထွတ်မှူး အဖြစ်သို့ရောက်ရှိရာ တောရွာလေး ဂယာ၊ ခရီးဆုံးတော့ သက္ကတိုင်း၊ အလောင်းတော်မင်းသိဒ္ဓတ် ဖွားမြင်တော်မူရာ သုဒ္ဓေါဓနမင်း၏ စံရာတိုင်းပြည်ကြီး။

မနက်အာရုဏ်မတက်မီ စတင်ထွက်ခွာခဲ့ကြသော ခရီးသွားတစ်စုသည် ဂင်္ဂါမြစ်ကြီးကို အကြိမ် ကြိမ် ဖြတ်ရ သည်၊ ဘီဟာနယ်မှ ယူပီပြည်နယ်တို့ကိုဖြတ်သန်းပြီး နေလုံး ပြောက်ချိန် အရှေ့လောကဓာတ်မှ  လ၀န်းပေါ် ချိန်ဝယ် ခရီးတစ်ခုဆုံးသို့တိုင်ခဲ့သည်။ နီပေါနိုင်ငံရောက်ခဲ့ပြီ၊ ဟိမ၀န္တာတောင်စောင်းဝယ် တည်ရှိနေ၍လား မပြောတတ်ပါ လ၀န်းသည် ကမ္ဘာမြေပြင်နှင့် ပို၍နီးနေသည်ထင်ရသည်၊ လ၀န်းမှ ယုန်ရုပ်သည် ခုန်ထွက်တော့ မယောင်ထင်ရ၏၊

ရောက်ခဲ့ရပြီ သူတို့ပြည်သို့၊ သက္ကတိုင်း သူတိုင်းသားတို့၏ မွေးရပ်မြေသည် နှင်းတို့ဝေနေဆဲပင် ရှိနေ သေး သည်။ ရှေးကလည်းနှင်းတို့ဝေခဲ့ပေမည်၊ အေးချမ်းပျော်ရွှင်စွာ နေထိုင်ခဲ့ကြပေမည်၊ အမြဲတမ်း ကမ္ဘာမြေပေါ်ရှိ လူသားများကို ဆွဲဆောင်ညွတ်နူးစေသော သူတို့မြေသည် အံ့ချီးဖွယ်ကောင်းလှပါ၏။ ဆောင်းအခါများဝယ် နှင်းတို့အထွတ်တပ်ထားသော ဟိမ၀န္တာတောင်တန်းကြီးသည် သက္ကတိုင်းကို ရင်တွင် ထွေးပွေ့လျှင်ရှိနေမည်။ နွေရာသီတွင်တော့ ဆောင်းနှင်းတို့ကို သက္ကတိုင်းသူတိုင်းသားတို့အား အရေဖျော်ပြီး စီဆင်း သောက်စို့စေ ပြန် သည်။ ဟိမ၀န္တာသည် ကိုယ်ရုံလွှာနှင်းများကို ဂင်္ဂါမြစ်၊ ယမုံနာ၊ အစိရ၀တီ၊ မဟီ၊ သရဗူ မြစ်တွင်း သို့စီး ဆင်း စေ လျှက် လောကကြီးကို အလှဆင်သည်။ မိုးဝသန်အခါများတွင်တော့ ပေးဆပ်သွန် ချခဲ့ ရသမျှတို့ကို အတိုး ချပြီး ကောင်းကင်ပြင်က ကျလာသမျှ မိုးစက်မိုးပေါက်တို့ကို ဟိမ၀န္တာတောင်တန်းကြီး မမောမပန်း တစ်ဝကြီး သောက်စို့ပြန်သည်။ သုံးရာသီနှင်းတို့ရှိသည်၊ အေးချမ်းသော တိုင်းပြည်ပါတည်း၊ နှင်း တစ်ကန့်၊ တောင်တန်း တို့တစ်တန့် ဖြင့် တစ်သန့်စီလှနေသော သူတို့မြေ၊ သက္ကမည်သော လူမျိုးတို့ စိုးစံခဲ့ရာမြေ၊ မင်းသိဒ္ဓတ် အိမ်ရှေ့စံဘယသော်မယ်နှင့် ရွှေလက်တွဲကြည်ဖြူခဲ့ရာတိုင်းပြည်၊  ဗုဒ္ဓ အလောင်း တော်မြတ်၏ ဖွားရပ်မြေ။

“ အော် ဘုန်းဘုန်းတို့ ရောက်ကြပြီလားဘုရား၊ ခရီးအဆင်ပြေကြရဲ့လားဘုရား၊ ဘုန်းဘုန်းတို့ အဆင်ပြေ အောင် တပည့်တော် ကြိုတင်ပြီး ဂိတ်တွေကို ပြောထားပါတယ်ဘုရား၊ ဂယာကနေမြန်မာဘုန်းတော်ကြီးတွေ ကြွလာလိမ့်မယ်၊ အတင်ပြေအောင်စီစဉ်ပေးဖို့ပေါ့ဘုရား၊ ရာသီဥတုနဲနဲအေးပါတယ်၊ လ္ဘက်ရည်ဘုန်းပေး ပါဦး ဘုရား၊ အခုအရှင်ဘုရားတို့ ရောက်နေတဲ့ တည်ခိုခန်းကတော့ ဒီမှာသီတင်းသုံးနေတုန်း ကျိန်းစက်ရမယ့် ကျောင်းပါပဲဘုရား၊ ဟောဒါကတော့ ဒီတည်ခိုခန်းပိုင်ရှင်ပါဘုရား၊ ဒီဟော်တည်ကို bamboo hotel လို့ ခေါ်ပါ တယ်”၊

ဤကဲ့သို့ ၀မ်းပန်းတသာ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားနေသူမှာ နီပေါ်သူ မဂဏေသှ ဖြစ်ပါသည်။ မြန်လိုပြောပြီး လျှောက်ထားသွားခြင်းဖြစ်ပါသည်၊ နီပေါသူတို့သည် အဆင်းသာလှကြသည် မဟုတ်သေးပါ၊ စကားဆိုဟန်သည်လည်း ညင်သာပျော့ပျောင်း နားထောင်ကောင်းလှပြန်သည်၊ သီရိလင်္ကာသူတို့နှင့် ခြားနား ပါသည်။ အိန္ဒိယသူတို့နှင့် မတူပြန်ပါ၊ သို့သော် မြန်မာပြည်ဖွားတို့နှင့် ခပ်ဆင်ဆင်တူနေခြင်းမှာ အမြင်မှား ခြင်းမျိုး မဟုတ်ကြောင်း ပြောရဲပါသည်။  မဂဏေသှသည် မြန်မာပြည်တွင် လာရောက်ပြီး ပညာသင်ယူကာ ဓမ္မာစရိယအောင်မြင်ပြီးနောက် ဖွားရပ်တိုင်းပြည်သို့ပြန်၍ ဗုဒ္ဓသာသနာတော်အတွက် အားကြိုးမာန် တက် ဆောင်ရွက်နေသော အာဇာနည် သမီးမြတ်ဖြစ်ပါသည်၊

သူမကိုသိခဲ့တာကြာပါပြီ၊ ဟုတ်ပါတယ်၊ သူမ မဂဏေရှဆိုတာ မြန်မာတွေပေးလိုက်တဲ့ အမြတ်ရတနာ သမီး ချစ်ပါတည်း။ ဗုဒ္ဓသမီး တော်ဖြစ်ရေး တောင်တန်းအသီးသီး၊ မြစ်ချောင်းအသွယ်သွယ်၊ နိမ့်ချီတစ်ခါ မြင့် ချီတစ် လှည့် ခရီးရှည်ကြီးကို စွန့်စွန့်စားစားဖြင့် ဖြတ်သန်းပြီး လာရောက်ခဲ့သော နီပေါသူ၊ မြန်မာပြည်က သူမကို သီလရှင် အဖြစ် ချီးမြောက်ခဲ့သည်၊ မသုဓမ္မ၀တီရယ်လို့ နာမည်ပေးခဲ့ပြန်သည်၊ ရဟန်းတော် စာဆိုကြီး ရဝေ ထွန်းက သမီးချစ် အဖြစ်စာဖွဲ့သီသည်၊ သူမဘ၀ သူမအလှတို့သည် မြန်မာစာပေလောကတွင် ထွန်းလင်း လျှက် စံတော်ဝင်သည်၊
ဆရာကြီး မသုဓမ္မ၀တီ၏ ၇၇ နှစ်ပြည့် ပူဇာ သဘင်သို့မြန်မာ ရဟန်းတော်ပင့်သံဃာများ အဖြစ် ဗုဒ္ဓဂယာ မြန်မာ ကျောင်းမှ ငါးပါး နှင့် ကုသိနာရုံမှ ဆရာတော်ငါးပါတို့ကြွရောက်ချီးမြှင့်ကြသည်။ ပူဇာသဘင် အခမ်းအနားတွင် မြန်မာသီလရှင် ၀တ် စုံများဖြင့် တင့်မောကြွကြွလှပနေသော နီပေါသူ သီလရှင်များကို တွေ့ရသည်မှာ မြန်မာ ပြည်လား ထင်ရပြန်သည်၊ 
သည်သာမကသေး၊ မြန်မာစကားကိုလဲ ရေလည် ပတ်နတ်ဆို တတ်ပြန် ချေတော့” သာကီမျိုးဟေ့ တို့မြန်မာ” လို့တောင်အော်လိုက်ချင်နေမိသည်၊ စိတ်ကို မနည်း ထိန်းသိမ်းနေရပြန်သည်၊ အနေခက်လှပါသည်၊

အခမ်းအနားတွင် ကုသိနာရုံ မြန်မာဆရာတော်ကြီးက သဘာပတိ အဖြစ်ချီးမြှောက် တော်မူသည်၊ နိုင်ငံ ဆိုင်ရာ လူကြီးများမှ သက်ဆိုင်ရာ ဘွဲ့တံဆိပ်တို့ကို ဆရာကြီးအား အပ်နှင်းသည်၊ တိဗက် ဆရာ တော်တစ်ပါးမှ ဆရာ ကြီးအား တဘက်တစ်ထည်လည်ပင်းတွင် ရစ်သိုင်းဖွဲ့လျှက် ဖြင့် ဂုဏ်ပြုသည်၊ ဆရာကြီးမှလည်း သဘာပတိ ဆရာတော်၊ မြန်မာဆရာတော်၊ သီရိလင်္ကာဆရာတော်၊ အိန္ဒိယဆရာတော်နှင့် ကြွရောက်လာသော နိုင်ငံတော် အကြီးအကဲများကို တစ်ဘက်တစ်ထည်စီ လည်တွင်းသိုင်းလျှက် ချစ်ကြည် ရင်နှီးမှုကို အလေးအမြတ် ထားတုံ့ ပြန်သည်၊ သာဓုသံသည် လုမ္ဗနီရဂုံတောကို တင့်မောစေပြန်သည်။

စိတ်အစဉ်သည် အတိတ်ဆီသို့ပြေးသွားပြန်သည်၊ အလောင်းတော်မြတ် ဖွားမြင်တော့ အင်ကြင်းပင်တို့ ဖူးပွင့် အစုံစုံဖြင့် အစွမ်းကုန်တင့်မောခဲ့ပေသည်၊ နီပေါနိုင်ငံ၏ ပန်းမာလာကြီး မဂဏေရှသည်လဲ ၇၇ နှစ်ပြည့် မွေးနေ့တွင် တပည့်ပေါင်းများစွခြံရံလျှက် လုမ္ဗနီရဂုံတောတွင် တင့်မောလှပေစွ၊

ဆရာကြီးမှ ဓမ္မလက်ဆောင်တော်အဖြစ် ဖွားတော်မူစေတီတော်မြတ်ပုံတူ တစ်ဆူနှင့် အဖြူရောင်တဘက် တစ် ထည်စီတို့ကို ကြွရောက်တော်မူလာကြသော မြန်မာသံဃာတောများအား ကပ်လှူပူဇော်ပါသည်၊ နှင်းတို့ တစ် ချို့ တ၀က် လုမ္ဗနီရဂုံတောတွင် ရစ်သိုင်းဖွဲ့သီနေသေးသည်၊ ဟိမ၀န္တာတောင်တန်းများဆီက လေနုအေး သည် နှင်းထုနှင့် အတူ ရှိနေ၏။ အင်ကြင်းနှင့် ဇမ္ဗုသပြေပင်တို့အကြားတိုးဝင်သွားသော လေနုအေးသည် တစ်ခုသော တေးသီချင်းပမာ၊ နှင်းတစ်သန့်၊ တေးတစ်ကန့်ဖြင့် လုမ္ဗနီရဂုံတောသည် ဒေါ်သုဓမ္မ၀တီကို ဂုဏ်ပြုနေ သယောင် ထင်ရသည်။

No comments:

Post a Comment