စိမ်းညို့ညို့တောင်တန်းများကိုရမြင်တိုင်း
ကြည်နူးခြင်းတစ်ဝက် ၀မ်းနည်း ၀မ်းသာမို့
ပြောမပြတတ်ဘူး..တကယ်၊
တောင်ညိုပြာတွေပြောပြတဲ့ ဇာတ်လမ်း
အလွမ်းဖွဲ့တစ်ခုထက်ပိုပါတယ်..၊
အတြရသူတို့အတွက်……
နှင်းခါးရိုက်မယ်.သွေးခဲမတတ်အေးမယ်..၊
ချောင်း မြောင်း အင်း အိုင် ဂနိုင်အထပ်ထပ် ကျော်ဖြတ်ရမယ်..
လဲရင် ပြန်ထ ထူမမယ့်သူဆိုတာ ကိုယ့်ကိုကိုယ်ပဲ..၊
အထီးကျန်မယ်..ခရီးပမ်းမယ်
အလွမ်းကို စာဖွဲ့မသီ တောကြားမှာပျော်အောင်နေရသည်၊
ဂုဏ်မမက်ခဲ့ကြဘူး
ဘ၀တစ်ခုလုံး ပုံအပ်ခဲ့ကြတယ်
ယုံမှတ်ခြင်းတစ်ခုတော့ရှိကြလေရဲ့
တို့မျိုးဆွေ တောင်ပေါ်သားတို့ကို
လိုအပ်သမျှကူမယ်
ငြိုငြင်ပင်ပန်းသမျှ ဖေးမမယ်
သွေးခဲမတတ် အေးနေပေမယ့် ချွေးရွှဲရွှဲနဲ့ပြုံးနေမယ်၊
အောက်ချင်းငှက်အော်သံ နှင်းစက်ကျသံခပ်ပြင်းပြင်းတို့ကို
အတြရတို့..ညည်းချင်း ကဗျာရှည် အဖြစ်ခံစားမယ်၊
ဒါပေမယ့် သူတို့ထားခဲ့တဲ့ဇာတ်လမ်း
ရင်တွင်းမှာတော့ မှတ်တမ်းတစ်ခုပါ၊
လှော်ခတ်ရင်းနဲ့တက်ကျိုး….
ဘ၀တိုင်း ဒီအဖြစ်မျိုးနဲ့ကင်းပါစေလို့..
တောင်ညိုညိုတွေကိုမြင်ရတိုင်း
ကြည်နူးခြင်းတစ်ဝက်မှာ ၀မ်းနည်းခြင်းတွေ ခက်ဖြာနေတယ်..၊
ကံကြမ္မာရယ်..ရက်စက်လွန်းတယ်လို့သာပဲ..။
တောင်ပြာတန်းတွေ...........
တုန်းဟီးသွားအောင် အော်ပစ်လိုက်ချင်တယ်..။
......................................
တောင်တန်းသာသနာပြု ဘ၀နှင့် ပျံလွန်တော်မူခဲ့ကြရသည့် ..သီတင်းသုံးဖော် ညီတော် နောင်တော်တို့အား ဦးညွတ်လေးစွာဖြင့် ဖွဲ့သီပါသည်။
No comments:
Post a Comment