တောင်တန်းများဝိုင်းရံထားသည်၊
သမိုင်းအစဉ်အလာရှိသော ရွာများသည် တောင်တန်းကြီး အခြေတွင် ၀န်းခိုနေကြသည်။ ထိုရွာများတွင်
စလေဟူသော ရွာတစ်ရွာပါဝင်၏၊ နောက်တစ်ရွာ၏ အမည်ကား ဗျိပုံဟုခေါ်ကြသည်၊ ထိုနှစ်ရွာသည်
တောင်တန်းကြီးကမ်းပါးယံတွင်ထင်းထင်းကြီးဖြစ်နေသော ကျောက်ဖြာ ကြီးနှင့် သက်ဆိုင်သည်၊
ထိုကျောက်ဖျာကြီးသည်
ထိုရွာနှစ်ရွာ၏ အဓိကသမိုင်းနှင့် သက်ဆိုင်နေသည်၊
ထိုရွာနှစ်ရွာအောက်နားတွင်
ဝန်တင်ကုန်းဟူသော ရွာလေးတစ်ရွာရှိပြန်သည်၊ တောထဲဝင်ပြီး ထင်း၊ သစ်၊ ၀ါးစသည်များကို
ခုတ်ပြီး သယ်ယူရန် ၀န်စည်း၊ စလွယ် စတင်တင်ရာတွင် တည်ထားသောကြောင့် ထိုအမည်ကို ရသည်။
ဝန်တင်ကုန်း
ရွာလေး သို့မရောက်မီ ညာဘက်သို့ ချိုးဝင်လိုက်လျှင် အသောကမင်းကြီး၏ သားတော် မဟိန္ဒ မထေရ်မြတ်၏
ခြေတော်ရာ တစ်ဆူရှိသည်၊ ဘုရားငုံပြီးတည်ထားသည်။ နှစ်စဉ်တပေါင်းလတွင်
ဘုရားပွဲကျင်းပကြသည်။ ရွာနီးချုပ်စပ်က လှည်းများဖြင့်လာရောက်ကြသည်။
ဆွမ်းတော်ကြီးတင်ကြ လှူသည်၊ ပန်းများတင်လှူ ပူဇော်ကြသည်။ တပေါင်းလပြည့်နီ;လျင်ဘုရားပွဲတော်လာခရီးသည်
ပရိတ်သတ်များနှင့် စုဝေးစည်ကားနေတတ်သည်။ ဘုရားစောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း
လည်းရှိ သည်။
ကျောင်းအနီး
တွင် ခရီးသွား၊ ခရီးလာ ဘုရားဖူးများသောက်သုံးနိုင်ရန် ရေကန်တစ်ခုတူးဖော် ထားသည်။
အမျိုးသားများသာ ရေကန် အတွင်းဆင်းပြီးခတ်ရသည်၊ အမျိုးသမီး ဆင်းခတ်ပါက
အထူးသတိထားရသည်၊ ထမီးရေစက်ကျလျင် ရေချက်ချင်းခန်းခြောက်သည်ဟု ဆိုကြသည်။
တစ်နှစ်က ထိုကဲ့သို့ဖြစ်ဖူး ကြောင်း လူကြီးသူမများပြောကြသဖြင့် ကြားရဖူးသည်၊ မည်သည့်နှစ်ကဟု မသိပါ။ ထိုရေကန်လေးသည် ယခင်က ရေကောင်းများ မထွက်ပဲ၊ ရေပုတ်များသာထွက်သည်ဟု ပြောကြသည်။
တစ်နေ့သော်
နူနာရောဂါစွဲကပ်နေသော ဘုရင့် အနွယ်တော်မောင်နှမနှစ်ယောက်ရောက်လာကြသည်၊ သူတို့သည်
ရွာနီးချုပ်စပ်သို့ဝင်ရောက်တောင်ယမ်းစားသောက်ကြသည်၊ တစ်နေ့သော် တောင်ရမ်း ရာမှ
အပြန်ထိုရေများပုတ်နေသော ရေကန်တွင်ရေချိုးလေသည်။ သူတို့၏ နူနာဝေဒနာများ ပျောကင်းကုန် သည်ဟုဆိုကြသည်။
ထိုရေကန်လေးနှင့်တွဲပြီး မဟိန္ဒမထေရ်မြတ်ခြေတော်ရာတည်ရှိရာ စေတီတော်ကို
ရေပုတ်ခြေတော်ရာဟု
ကမ္ဗည်းတပ်ကြသည်။ ယနေ့တိုင်
ထိုသို့ခေါ်ကြသည်၊
တပေါင်းလပြည့်ည ဘုရားပွဲကျင်းပသော အခါ မိုးမချုပ်မီမှောင်ရီရီတွင် တောင်ကမ်းပါးယံက ကျောက်ဖြာ ကြီးကိုမြင်ရသည်။ ဘုရားပွဲလာသူများကို ငုံ့ကြည့်နေသလိုထင်ရသည်။
သေချာကြည့်သော်
ကျောက်ဖြာမဟုတ်၊ ဘီလူးမတစ်ယောက် ငုတ်တုတ်ထိုင်ပြီးငိုနေသည်ဟု ဆိုကြသည်။
အက်ကွဲကြောင်းများသည် မျက်ရည်စီးကြောင်းများဟု ပြောကြသည်။
ဇာတ်လမ်းရှိသည်၊
ကျောက်ဖျာဖြစ်သွားသော ထိုဘီလူးမသည် ညတိုင်းတောင်ခြေရှိရွာများသို့ ၀င်ရောက်ပြီး
လူသားစား သတ်ဖြတ်လေ့ရှိသည်။
တစ်နေ့သော်
သိကြားမင်းက ဘီလူးမအား အကျွတ်တရားရစေလိုသဖြင့် ဆင်းလာသည်၊ ဘီလူးမ ကိုလဲ ပြောထားသည်၊
တောင်ခြေရှိရွာများကို သွားရောက်စားသောက်နေသည်ဟုသိ ရသည်၊ နောက်နေ့ များတွင်
ထိုရွာများကို ၀င်ရောက်စားမည်ဆိုလျင် ကြက်တွန်သံမကြားမှ စားရမည်။
ကြက်တွန်သံကြား လျင်ပြန်လာရမည်။ အကယ်၍ ကြက်တွန်သံ မကြားပါက ကြိုက်သလောက်စားနိုင် သည်။
“ကဲစားလေတော့”ဟုသိကြားမင်းကပြောလိုက်လေသည်။
ထိုအစားခံရမည့်ရွာလေးသည်
စားလေ ( စလေ) ဖြစ်လာသည်၊ ထိုရွာရှိလူများကို စား၍ကုန်ပါ က နောက်ထပ်လူများကို ဖြည့်ပုံ၍ပင်ပေးဦးမည်ဟု
သိကြားမင်းကတိဆိုလေသည်။ ထိုရွာလေး ကို ဖြည့်ပုံ(ဗျိပုံ) ဟုဆိုကြသည်။ ဘီလူးမညစဉ်ညတိုင်းဆင်းသည်။
ကြက်တွန်သည်၊ မစားရပဲ ခရီးအဝေးကြီးကို ပြန်လာရသည်။
နောက်နေ့များလဲ ရှေုရက်များ နည်းတူ ကြက်တွန်သံကြားရမြဲပင်၊ နောက်ရက်များတွင်လဲ ကြက်တွန်သံ ကြားရပြန်သည်။ မစားရသည့်ကာလများကြာလာခဲ့ရာ
ဘီလူးမငိုရပြီ။ တစ်ညတွင် စိတ်ပျက်လက် ပျက်ပြန်လာသော ဘီလူးမသည် မျက်ရည်များဖြင့်
ငိုနေလျှက်ပင် တောင်နံရံကို ကျောပြုမှီပြီး ထိုင်လိုက်ရာ
ကျောက်ရုပ်ကြီးဖြစ်သွားတော့သည်။ ညစဉ်တွန်သော
ထိုကြက်မှာ သိကြားမင်းက အယောင်ဆောင်တွန်ပြလိုက်ခြင်းဖြစ်သည်ပြောကြသည်။
ထိုသမိုင်းအစဉ်အလာရှိသော
ရွာလေးများသည် ခြေတော်ရာဘုရားပွဲသို့လာကြသည်။ စီးပွားရေး အကွက်မြင်သော လူများကလည်း
ခြောက်ကောင်ဝိုင်း၊ မြားပေါက်ဝိုင်းစသည် အလောင်းကစား မျိုးစုံဖြင့် လာကြသည်။ ဘုရားပွဲလာသူများနှင့်
အလုပ်ဖြစ်ကြသည်။
နှစ်စဉ်ဇာတ်ပွဲလည်းငှားကြသည်။
ဇာတ်ပွဲနှင့် ခြောက်ကောင်တို့ကြောင့်လူများ ရုတ်ရုတ်သဲသဲဖြစ် ရသည်။ ပွဲတော်စည်ကားသည်ဟုပြောကြသည်။
ထိုခြေတော်ရာ ဘုရားပွဲတော်သို့
အဖေနှင့် အတူသွားရသည်။ သဲချောင်းကြီးတစ်လျောက်ခြေ လျင် လျှောက်ရသည်။ သဲချောင်းကြီး အဆုံးတွင်
ဘုရားပွဲသို့ရောက်တော့သည်။ အဖေသည် ဘုရားပွဲထဲ သို့တန်းမ၀င်ပဲ တောလမ်းအတိုင်းသွားကာ
ရင်ခတ်ပန်များကို ချိုးသည်။ ပြီတော့ ဇာတ်ကရာ နေရာကို ပတ်ပြီးခြေတော်ရာရှိရာတောင်တော်သို့ တက်သည်။
ရင်ခတ်ပန်းများဖြင့် ပူဇော်သည်။ ဘုရားရှိခိုးသည်၊
ဇာတ်ပွဲစလေပြီ၊
လူများ ဇာတ်ပွဲရှိရာသို့ဝင်ကြလေပြီ၊ ပွဲဈေးတန်းတွင် လူမရှိသလောက်ဖြစ်ချေပြီ၊
ထိုအခါမှ
အဖေသည် ပွဲဈေးတန်းသို့ ဆင်းလာသည်။ ဟိုတို့တို့ ဒီဟာတို့တို့ဝယ်ကြွေးသည်။ မုန့်ဟင်းခါး၊
ကြာဆံသုတ်၊ ဘူးသီးကြော်၊ မုန့်လင်မယားစသည်စားရသည်။
ထို့နောက်ပွဲသိမ်းလုသိမ်းခင်ဖြစ်နေသော
ခြောက်ကောင်ဝိုင်းသို့သွားကာဇိမ်နှင့် စိန်ပြေနပြေထိုးတော့ သည်။
တပေါင်းလပြည့်ဝန်းသည် ကောင်ကင်းတွင် ရှင်းရှင်လင်းလင်းသာနေပြီ။ ဇာတ်ပွဲကလည်း
မြိုင်နေပြီ၊ အဖေထိုးသော ခြောက်ကောင်ဝိုင်းကလဲ အမြတ်ချည်းရနေသည်။
သို့သော်
အဖေသည် လက်ထဲသို့ လေးဆယ်ငါးကျပ် (၁၉၈၇-၈) လောက်အရတွင် ဆက်မကစား တော့ပါ။
ငါ့သား လာဆိုပြီး ကျောပိုကာ လသာသာတွင် ပွဲမကြည့်ပဲရွာသို့ပြန်လာသည်။
လမ်းတွင်
အဖေပြောတာများ မှတ်မိနေသည်။
“ဟာ..ငါ့သားရေ..မင်းသား မဆိုးဘူးကွ…ဟဲလဲ
ဟဲနိုင်တယ်။ အသံလဲအောင်တယ်ကွ။ နှဲသမားလဲ ဆိုင်းချက်ကို လိုက်နိုင်သားပဲ”ဟုပြောလေ့ရှိသည်။
အေးအေးချမ်းချမ်းဖြင့် ညခင်းဝယ် တပေါင်းလသာသာဖြင့် သဲချောင်းတစ်လျောက်
သားဖြစ်သူ ကို ကျောပိုးလိုက်၊ ရေစပ်စပ်တွင်ခြေ ကျင် လျောက်စေ လိုက်ဖြင့်
ဝေရီဝေလင်းတွင် အိမ်နားရောက်သည်။ အမေရေနွေအိုးတည် ဆွမ်းချက်နေပြီ၊
“ဟော…တော်ပြန်လာပလား”
ဟု အဖေ့ကိုမေးသည်။ ပြီတော့တစ်ဆက်တည်း “ငါ့သားဇာတ်ပွဲတော့ကြည့် ခဲ့ရလား၊ ကောင်းရောကောင်းရဲ့လား”
ဟုဆီးကြိုပြီး မေးလေ့ရှိသည်။
မိမိမှာကား
အိပ်ချင်စိတ်များကြောင့်ထင်ရသည်။ ဘာမှန်ပြောရမည် မသိဖြစ်နေသည်။ စလေ(စားလေ) ရွာ၊ ဗျိပုံ(
ဖြည့်ပုံ) ဘီလူးမ၊ သိကြားမင်း၊ ကြက်တွန်သံ၊ ကျောက်ဖျာကြီးတစ်ခု၊ ကျား၊ ဆင်၊ လိပ်၊ မုန့်ဟင်းခါး၊
ဘူးသီးကြော်၊ ပုဇွန်၊ ငါး၊ ကြက်တို့ကိုသာ တစ်လှည့်စီမြင်ယောင်နေမိသတည်း။
..............................................
မှတ်ချက်၊ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က အဖေနှင့် အတူသွားခဲ့ရသော ဘုရားဖူး ခရီးစဉ်တစ်ခု ဖြစ်ပါသည်။ လွန်ခဲ့သောဆယ်နှစ်ကျော်က အဖေကွယ်လွန်ခဲ့ပါပြီ။
လွမ်းမိတယ် အညာရယ်
ReplyDeleteမီးမရှိတဲ့ ကျောက်တာရွာလေးရယ်
လသာသာအောက်မှာ သူငယ်ချင်းများနဲ့ ကစားခဲ့တာတွေရယ်
ရေခါးရွာဘက်ကို နွားလှည်းလေးနဲ့ လသာသာမှာ သွားခဲ့တာတွေရယ်
ရေခါးရွာမှာ ပျံလွန်တော်မူခဲ့တဲ့ အဘိုးရဲ့ ဘုန်းကြီးပျံပွဲ
ရွာကလုပ်တဲ့ ကျောက်ပျဉ်တွေ...........
တမာရနံ့တွေရယ်.......
နွေနေရဲ့ အပူ.............
အညာကို လွမ်း တမ်တမိတယ်.............
အညာသူ အမိုး