Pages

Wednesday, May 9, 2012

ချင်းတွင်း ယမုံနာ ဂင်္ဂါ.လွမ်းဆွတ်ခြင်း



ချင်းတွင်းမြစ်နံဘေးသို့ ရုတ်တရက်အကြည့်

ချင်းတွင်းမြစ်ဖျား၏ မနက်ခင်းသည် နှင်းတို့ဝေနေတတ်သည်၊ ပတ်လည်ဝန်းရံနေသော တောင်တန်း များတွင် မြူနှင့်နှင်းတို့ ရောယှက်ခြုံသိုင်း တံတိုင်း ခတ်ရံထားသလို ရှိနေတတ်သည်၊ နှင်းထုကိုထိုး ထွင်းဖောက်ထွက်လာသော လေအေးနုနုသည် ခိုက်ခိုက်တုန်အောင်အေးသည်၊ သစ်ပင်တောစပ်များ သည် နှင်းအေးအေးကို မခံနိုင်သည့်အလား ရှောင်တိမ်းသလိုဖြင့် ဟိုဒီတိမ်းပြီး ယိမ်းက နေသလိုရှိပြန် သည်၊

နေလာနှင်း အကြဲတွင် တောင်တစ်ရိုး ထိုးထိုးထောင်ထောင်ဖြင့်  ပင်ကြီးပင်ငယ်အသွယ်သွယ် တို့ အပြိုင်အရိုင်လှကြသည်၊ ညအခင်းတွင်ထိုသစ်ပင်များကိုမြင်ရလေက နီးလိုက်ဝေးလိုက်ဖြင့် လူတစ်  အုပ် တန်စီသွားနေသလိုထင်မိတတ်ပြန်သည်၊ လေ အသုတ်တွင် ခပ်နွဲ့နွဲ့ဖြင့် ယိမ်းကလိုက်ကြ သလို၊ နှင်းရှင်းတဲ့ တံခူး၊ ကဆုန်လများတွင်လည်း စိမ်းစိုညိုညက်၊ ပြိုးပြိုးပြက်ပြက်ဖြင့်၊

လေပြေရယ်ကလာ
သစ်ပင်မှာ ဟိုဒီတိမ်းတယ်
ယိမ်းနွဲ့ဟန်ပါ၊

ပင်အိုပင်ပျိုတို့အထက်ဝယ် ဟိုဒီဝဲပျံသန်းကာ တေးသီကြသော ကျေးငှက်တို့သည် ဟိုဒီခုန်ကူး မြူး ကြသည်၊ တိမ်ယံထိလုလုတွင် အောက်ချင်း ငှက်မောင်နှံတို့ ၀ဲချီပျံသန်းကြသည်၊ အတောင်ခတ်သံ တစ်ဟီးဟီးဖြင့် ခရီး အဝေးကြီးကို နှင်နေကြဟန်ရှိသည်၊ သူတို့လို အတောင်ပံသာရှိရင် မန်းတောင် တော်ခြေက ခရေတောသို့ ပြန်လိုက်ချင်သည်၊ မန်းတောင်တော်ပေါ်ဝဲလိုက်ချင်သည်၊

ခရေတွေ ကောက်ပြီး ဘုရားလှူလိုက်ဦးမည်၊ အခုတော့ ချင်းတွင်ခြားနေသည်၊ တောင်တံတိုင်း ပတ်ခြာ လည်ဝိုင်း နေသော အရပ်တွင်နေနေရသည်၊ ထိုစဉ်ဘယ်ဆီကမသိ တွန်ကျူးလိုက်သော ဥသြ ငှက်၏ လွမ်းတေးကိုကြားရသည်၊ အမည် မသိကျေးငှက်တို့ သူတို့ ဘာသာ ဘာဝါ အလိုက် အော်မြည် ဟစ်ကြွေးကြသည်၊ စိတ်သည် ဟိုဒီမရောက်ပဲတောတန်းသို့သာ အာရုံ စူးစိုက်နားထောင်လိုက်ပါ လျှင် ကျေးငှက်တို့၏ တေး သီချင်းသည် စီစီညံနေသည်။

ကျေးငှက်ရယ်က သာ
ဘာသာဝါသူတွန်ကျူးတယ်
လွမ်းဘွဲ့သံသာ၊

သူ၊ မာယာဆန်သည်၊ တစ်ခါတစ်ရံ မြစ်ပြင် အပြည့်ရေများဖြင့် ပြည့်နှက်ဝုန်းဆန်နေတတ်သည်၊
တောင်ကမ်းပါးယံကို ခေါင်းနှင့်တိုက်သည်၊ သောင်ပြင်၊ တောတန်းများကို အမြီးနှင့်ရိုက်ခတ်သည်၊
ထိုအချိန်တွင် သူ့တွင် အားမာန်ပြည့်သည်၊ တောလုံးဟီး၊ တောင်လုံး ထပ်အောင် တဟီးဟီး၊ တဒီးဒီး ရယ်မောပြနိုင်သည်၊ 
 ချင်းတွင်းမြစ်ကို စုန်ဆန်နေသော ရှော်တယ်ခေါ် ကားစက်တပ် မော်တော်

တစ်ခါတစ်ရံ၌ကာ ကြိုးသေးသေးတစ်ချောင်းသာသာ ရှိပြီး ကိုတံခါ၏ စားကျက်ဖြစ်ရပြန်သည်၊
ဘယ်သို့ဆိုစေ၊ သူတာဝန်ကျေသည်၊ တောင်ပေါ်နေတိုင်းရင်းများကို သူ့ကျောပေါ်တင်ဆောင်ပြီး သယ်ယူကာ ခရီးပို့ ခရီးကြို အလုပ်ကိုဘယ်သူမှ မခိုင်းရပဲ နှစ်ပေါင်းထောင်ချီလုပ်ခဲ့သည်၊

ခေတ်အလိုက်ဖြစ်ပေါ်လာသမျှကို သူမငြင်းနိုင်၊ သူ့ကျောပေါ်ကို ကားစက်တပ်ထားသော ရှော်တယ် ခေါ် စက်လှေကြီးများဖြင့် ဒီးဒီခတ်အောင် စုန်ဆန်ကြသည်၊ သူ့ကျောကို ခွဲပြီး ခရီးဆက်ကြပေမယ့် လှိုင်းကြမ်း တို့ ငြိမ်သက်တော့ ချင်းတွင်းမြစ်ပြင်သည် သာယာနေလျှက်ပင်။

မြစ်ပြင်ရယ်က သာ
ရှော်တယ်မှာ လေဟုန်စီးတယ်
ဒီးဒီးသံပါ၊

မောက်ရမည့်နေရာမောက်၊ချိုင့်ဝှန်းရမည့်နေရာချိုင့်ဝှန်း၊ ကွေ့ရမည့်နေရာကွေ့၊ ကောက်ရမည့်နေရာ
ကောက်၊ ကျယ်ပြန့်၊ ၀န်းဝိုက်၊ ရှုက်ဖိုကြီးငယ်နှင့် ချင်းတွင်းတစ်လျှောက်သည် လှသည်၊

ကိုတံငါ တေးတကြော်ကြော်နှင့် လှေငယ်ကို လှော်ခတ်သွားသည်၊ လှိုင်းငယ်များ ကမ်းသို့ပြေး တက်ကြသည်၊ ကမ်းတက်လှိုင်းတို့ ပြန်အဆင်းတွင် ခရုငယ်များ ရေစုန်မျှောပြီး လိုက်ကြသည်၊ ပျော်စရာ၊
ကြီးမားသော စက်လှေကြီးများ၏ အရှိန်နှင့် လှိုင်းကြမ်းကြီးများ ကမ်းပေါ်တက်လာလျှင် ခရုငယ်နှင့် ငါးပေါက်များသောင်ပြင်တွင် တင်ကျန်ရစ်တတ်သည်၊ ငါးများဖလပ်လပ်ခုန်ကာ လူးလားခတ်နေ ကြသည်၊ ခရုငယ်ဖော် တသင်းတို့ကား ရေရှိရာသို့ သောင်ပြင်ပြန့်ပြန့် သဲဝါကြန့်ကြန့်တို့ကို ဖြတ်ကာ အပြေးပြိုင်ကြသလိုရှိသည်၊

သဲပြင်နု ၀ါ
ခရုမှာ စိန်စိန်ပြေးတယ်
လုယက်သူငါ၊

 ဂင်္ဂါမြစ်အတွင် ပူဇာတေးဖွဲ့နေသည့် အိန္ဒိယသူ၊ အိန္ဒိယသားများ

နှစ်တို့ အတန်ကြာပေမယ့် မမေ့နိုင်သေးပါ၊ အိန္ဒိယနိုင်ငံကြီး၏ ဂင်္ဂါမြစ်ကြီးကို ဖြတ်သန်းဖူးသည်၊ ယမုံနာမြစ်ကို ကျော်ဖြတ်ဖူးပါပြီ၊ ဒြာဗီယန်တို့၏ ကာဝေရီမြစ်ကိုလည်း ကျော်ဖြတ်ဖူးပါပြီ၊ ယခု အချိန်တိုင် ရင်တွင် စီးဆင်းနေသည့် မြစ်ကား ချင်းတွင်းသာ။

သာ…သာ…သာ..သာ..
ရှုခင်းမှာ ပုံကာစုတယ်
ရှုလှည့်စမ်းပါ။

…………..................................
ချင်းတွင်းမြစ် အထက်ဖျားရှိ ပဒူးမုန်းနာဂ ရွာလေးတွင် ရောက်နေခိုက် ရေးခဲ့သော ကဗျာလေး ကို ပြန်လည်ခံစားတင်ပြပါသည်။ 

No comments:

Post a Comment