ရာသီပြောင်းလုလု ဆောင်းနှောင်း၍ နွေဟန်တို့ ပေါက်လေပြီ တောင်ပြန်လေတွင် အမည်ဖော် မပြတတ်သော ဝေဒနာပါသည်၊ ရှိုးရှိုးရှဲရှဲ မြည်လိုက်သော သစ်ရွက်ခတ်သံများသည် ရင်ကိုထိတ်စေသည်၊ လမ်းများပေါ်ဝယ် အရှေ့၊ နောက်၊ တောင်၊ မြောက် အရပ်လေးနှာသို့ သုတ်ခြေတင်ပြေးလွှားနေရသော လူအုပ်ကြီးထဲတွင် မျော်ပါနေသည်၊ ကတ္တရာလမ်းပေါ်က အပူရှိဟပ်နေခြင်းသည် သိသာနေသည်၊ ကောင်း ကင်ပြန့်ပြန့်တွင် တိမ်မျှင်ကင်းလျှက် ရှင်နေမင်းလင်းလက်နေသည်၊ ပူ၏။
ဟိုအဝေးတွင် တိမ်တောင်လိုလို မင်းခိုရည်တို့က မြူနှင့်ရောပြီး ကနေသယောင်ထင်ရသည်၊ ယိမ်းထိုးနေ သည်၊ လေပြေအနွှဲ့တွင် တဖွဲတဖွဲကျရောက်လာသော ဖုန်ခိုးနှင့် မြေနံ့တို့ အထီးကျန်ဆန်ဆန်ပါနေသည်၊ ကွန်ကရစ် တောကြီးဖြစ်နေတဲ့ မြို့တိုက်တာ အဆောက် အဦးတွေဆီက ရောင်ပြန်ဟပ်နေခြင်းသည် အပူတစ်မျိုးတိုး စေသည်၊ တောစပ်စပ်တွင် ကျေးငှက် တို့သီချင်း ဆိုကြသည်၊ အဘယ်ကို ရည်၍ဆိုသည် မမှန်းနိုင်သော်လည်း ရင်တွင်သို့ထိုး ဖောက်ဝင်ရောက် သည်၊ ညဦးယံသည် နေမင်း သူရိန်အပူရှိန်ဖြင့်
အိုက်စပ်စပ်ရှိသည်၊ သန်ခေါင်ယံတစ်ရေးနိုး လျှင် နှင်းပေါက်တို့ တံစက်မြိက်တွင် သီးနေတတ်သည်၊
နွေဦးမနက်ခင်းအလင်းရောင်တွင် ရိုးရိုးရဲရဲ အလင်းဓာတ်များပါသည်၊ ထိုအလင်းဓာတ်များသည် မြှူသလို ကလူသလို ဖြင့် ခဏ အကြာတွင် မခံသာအောင်ပူတော့သည်၊ လိုချင်တာ မရသေးသဖြင့် အမိမြေကိုပင် စွန့်ပြီး ပြေးနေရသော ဘ၀ကို တွေးမိတိုင်းရင်တွင်းကလဲ ပူသလိုလိုရှိသည်၊ အိုက်စပ်စပ် ညဉ့်ဦးယံတွင် အိပ်မပျော်နိုင် အားပဲ အတွေးများနှင့် လူးလွန့်ရင် ညဥ့်နက်နက်ကို ဖြတ်သန်းရသည်၊ ဘယ်ဆီဘယ် ၀ယ်က မှန်းမသိသော ဟိန္ဒူသူတော်စင်ဆာဒူးကြီးများ၏ ပူဇာတေးဖွဲ့လိုက်သော အသံသည် ညဥ့်ယံကို တစ်မျိုး သက်ဝင်စေသည်၊
တွေးရင်ဖြေရသည်၊
အန္တော တတ္တာ ဗဟိတတ္တာ၊ ဒွိဥဏှေဟိ ပဋာပိတာ။
သတ္တာ သောတ္ထိံ န ဂစ္ဆန္တိ၊ အဂ္ဂိ တတ္တာဝ အာတပေ။
အပြင်ကပူ အတွင်းကလဲ ပူ၊ အတွင်း အပြင် အပူနှစ်မျိုးဖြင့်
ပူလောင်နေသော သတ္တ၀ါတို့သည် နွေနေပူပူတွင်
နေလှန်းခံနေရသလိုရှိ၍ ချမ်းသားခြင်းကို ငါဘုရားမမြင်..။
ရာသီပူခြင်းသည် ရှောင်တိမ်း၍ရကောင်းသည်၊ အပူရှိန်အတိုင်းအတာ ကာလရှိသည်၊ ဘယ်လောက်ပူမည် ကြိုတင်ခန့်မှန်းနိုင်သည်၊ ခုခံကာကွယ်စရာရှိသည်၊ နွေကာလတစ်လျှောက်သာ ပူပေမည်၊ စိတ်ပူခြင်းသည် အတိုင်းမဲ့ဖြစ်သည်၊ လိုချင်မှုဖြင့်ပူရသည်၊ မလိုချင်တာရ၍လဲပူရပြန်သည်၊ ချစ်၍ ပူရသည်၊ မချစ်၍လဲ ပူရပြန်သည်၊ မသိလို့ပူရသည်၊ သိပြန်တော့လဲ ပူရပြန်သည်၊ သူ့ကြောင့် ကိုယ်ပူရသည်၊ ကိုယ့်ကြောင့် သူတို့ပူတာမြင်ရတော့လဲ ပူရပြန်သည်၊ အပူပတ်လည်ဝိုင်းတော့သည်၊
နွေနေပူပူတွင် ခယောင်းတောကြားထဲ တပင်တပမ်းအလုပ်လုပ်နေရသော မြင်ကွင်းသည် အိန္ဒိယနိုင်ငံကြီး၏ အရက်စက်ဆုံးပြကွက်ဖြစ်သည်၊ ရေရှားသည်၊ အလုပ်ကြမ်းသည်၊ လူဦးရေ အဆမတန်များပြားသည်၊ ပူလျှင်လဲ သူသာပဲရှိသည်၊ အေးပြန်လျှင်လဲ သူသာပဲ ကဲရော့မည်၊ အလွန်တရားများ ရှင်သန်ရာနေရာသည် အိန္ဒိယနိုင်ငံဖြစ်သည်၊ နွေပူပူကို ဖြတ်သန်းဖူးပြီ၊ ဆောင်းအေးအေးကို ခံစားဖူးပြီ၊ လွင်ပြင်တွေ ကို ဖြတ်ဖူးပြီ၊ တောင်တန်းများကို တက်ဖူးပြီ၊ ဟိမ၀န္တာတောင်တန်း များဆီအလည်ရောက်ဖူးပြီ၊ ဂင်္ဂ့ါကို အကြိမ်ကြိမ် ဖြတ်သန်းဖူးပြီ၊ မြစ်ပြင်ဂင်္ဂါတွင် ရွက်လွှင့်နေသော ကိုတံငါတို့တေးသံကို ကြားဖူးပြီ၊ အိန္ဒိယနွေ သည် လှသည်ဟုမဆိုနိုင်၊
ရက်စက်မှုတွေပါနေသည်၊ နွေအခါနေပူလျှင် လေလာအောင်မျှော်ရသည်မှာ ထုံးစံတစ် ခုဖြစ်သည်၊ သို့သော် ဗီဟာပြည်နယ်နွေခါရောက်လျှင် လေတိုက်ပင် လျှင် ရှောင်ပြေးရသည်၊ ထိုလေတွင် မခံမရပ်နိုင်လောက်အောင် အပူဓာတ်များပါဝင်နေသည်၊ လွင်ပြင်ပြန့်ပြန့် ကြီးကို ဖြတ်သန်းတိုက်ခတ် လာ သော လေသည် မပူပဲရှိရောမည်လား၊
သို့သော်ဤကဲ့သို့ နွေကာလကြီးတစ်ခုတတွင် စိတ်ငြိမ်းရေး အပြီးတိုင်ရပြီးသော ဘုရားရှင်နှင့် တကွ ရဟန်းတော်ပေါင်းများစွာသည် ဂင်္ဂါကို ဖြတ်လျှက် ခယောင်းကြမ်းလမ်းများကို ဖြတ်လျှက်၊ နွေလေပြင်း တို့ကို မမှုပဲ ခရီးရှည်ကြီးကို သွားဖူးကြသည်၊ မိုးလည်း မလာသေး၊ နှင်းလဲ ပျောက်စကာလမို့သာသည်ဟု ညွှန်းဆို သည်၊ ဘုရားရှင် ရာဇဂြိဟ်မြို့တွင် သီတင်းသုံးနေသည်၊ မွေးရပ်မြေမှ မင်းချင်းယောင်္ကျားတို့ အစုအစုဖြင့် လာရောက်ပြီး မွေးရပ်မြေသက္ကတိုင်းသို့ပြန်လည်ကြွရောက်ရန် လာကြသည်၊ သို့သော်ထို မင်းချင်းတို့ မင်းစေဘ၀ဖြင့် လာရသော စိတ်အပူများကင်းစင်စွာဖြင့် ရဟန်းဖြစ်ခဲ့ကြသည်၊
သက္ကတိုင်းမှ ခရီးနှင်လာကြ သော မင်းချင်းတို့သည် ကိုယ်ပင်ပန်းခြင်းများကို အပြီးတိုင်ငြိမ်းကြလေသည်၊ ဘုရား ရှင် တပည့်သား သာဝက အဖြစ်ခံယူကြသည်၊ ဘုရင်သုဒ္ဓေါဓနမင်းသည် နောက်ဆုံး သားတော်ဘုရား နှင့်ဖွားဘက်တော် အမတ်ကာဠုကို ဖူးမြော်ခွင့်ရလိုကြောင်း လျှောက်ထားခိုင်းလေသည်၊ အမတ်ကာဠုဒါယီ သည် နောင်တော်ဘုရားနှင့် တွေ့ပါက ရဟန်းပြုခွင့်ပေးမည်ဆိုလျှင်ပင့်ပါမည့် အကြောင်း လျှောက်တင်လေ သည်၊ ဤသို့ဖြင့် တစ်ခုသော နွေဦးရဲ့ တပေါင်းလမှာ…..
တောလုံးစိမ့်မျှ၊ ချမ်းငြိမ့်ကြည်သာ၊
လေပြည်လာလျှက်၊ သည်ခါသာလှ၊
ကပ္ပိလသို့၊ ဇိနဘုန်းမော်၊
စက်တော်ချီကြွ……စသည် နွေမဆန်သေး၊ ဆောင်းရေး မပြယ် အလှကြွယ်သော တပေါင်းလ ရာသီတို့ကို အမတ်ကာဠုဒါယီ မြွက်ဆိုလျှက် ပင့်ဆောင်သည်၊
ဘုရားရှင်သည် မွေးရပ်မြေသို့ နောက်တော်ပါ သံဃာ ပေါင်းခြံရံလျှက် ခရီးရှည်ကြီးကို ဤလို နွေတပေါင်း တွင် ကြွလှမ်းတော်မူသည်၊
ဘုရားလွန်တော်မူပြီးသော်လည်း ဘုရားရှင် ဆံတော်ဓာတ်တို့ကိန်းဝပ်ရာ မြန်မာပြည်က မြတ်ရွှေတိဂုံသည် တပေါင်းလပြည့်တွင် ပူဇော်ပွဲကျင်းပသည်၊ မြစ်ရိုး ချောင်ကမ်းကမ်းတွင် ၀မ်းစာရေးရှာဖွေစားသောက် ရသော ကိုတံငါတို့ သောင်ပြင်သဲစပ်တွင် သဲကို စေတီပြုကာ ဘုရားရှင်အား ရော်ရည်မြော်မှန်း ပူဇော်ကြသည်၊
သောင်းကမ်းများထက်ဆီတွင် ရော်ရီကြွေလုလု ရွက်ဟောင်များ၊ ညွန့်နုစိုစို ပင်ပျို ရွက်သစ်များဖြင့် အရောင်စုံလျှက် လှနေသည်၊ တောလုံးလင်းလျှက်ကြွနေတော့သည်။
No comments:
Post a Comment