ညနေခင်းဖြစ်သည်။
ရွာလယ်လှည်းလမ်းကြောင်းတွင် ဖုံတစ်ထောင်းထောင်းရှိလှသည်။
ဖုံလုံးများအထက်တွင် တိမ်ရောင်ကွန့်နေသည်မှာ ပန်းချီရေးသည့် နှယ်ရှိသည်။
..မွေးမေပေးသော အသည်းကို ယူကာ
ကလျာနွဲ့နှောင်းဆီ အပြေးလာခိုက်ဝယ်..
ခရီးလမ်းမ ဗွေအလည်
ခလုတ်ကန်သင်းတိုက်ကာလဲ
အမေ့အသည်းနှလုံးလွင့်ကာကျတယ်..
အသည်းနှလုံးက စကားပြောလာပါတယ်..
“ဘယ်များနာသွားသေးလဲသားရယ်”
မှားပြီး မှားပြီ မေ..မေရဲ့... ချစ်ဇောတွေကြွယ်..
ဤသို့ အပြော တစ်လှည့်
အဆိုတစ်လှည့်ဖြင့် ကလေးငယ်ကိုလက်ဆွဲ၊ အပေါက်အပြဲအဖာရာ ဗလဗွာနဲ့ သူတောင်းစား
သားအဖဖြစ်သည်။
သူ့ အသံတွင် ကရုဏာအပိုပါသည်။
ချွဲနိုင်မှ ရမည်ဟူသော အယူများရှိလေသလားမသိ။
အိမ်တစ် အိမ်ရှေ့ရောက်တိုင်း သားငယ်က
ဝါးလုံးဗုံတောက်ကို တီးသည်။
အဖေဖြစ်သူက စဥ့်အိုးငယ်ကို မျက်နှာဝကျက်ထားသည့်ဗုံကိုတီးသည်။
ညှင်းနွဲ့နွဲ့ဖြင့် သီဆိုသည်။ သူဆိုသည့် သီချင်းသည် အမေ့မေတ္တာကို ပုံဖော်ထားသည်
သီချင်းဖြစ်သည်။
ချစ်သူက လိုချင်သောကြောင့်
အမေ့သည်းကို တောင်းယူလာသည့် သားသည် လမ်းခရီး အကြားတွင် လဲကျသွာသည်။ ထိုအခါ လက်ထဲမှ
လွတ်ကျသွားသော အမေ့အသည်းက ကရုဏာကြီးစွာဖြင့် ဘယ်များ နာသွားသေးလဲ သားရယ် ဟူသော
စကားကိုဆိုသည်။
ထိုသို့
အိမ်စဉ်လှည့်လည်တောင်းရမ်းရင်း ဘတိုးအိမ်ရှေ့ရောက်လာသည်။
ဘတိုးသည် ရွာတွင် အရက်ချက်ရောင်းသည်။
လူမိုက်များစုဝေးရာဖြစ်သည်။
ရန်မဖြစ်ပါဘူးသော နေ့တွင် ငါးကြိမ်ခန့်ရှိသည်။
သို့သော် ဘတိုးစိတ်ကြည်လင်နေလျင် သီချင်းဆိုတတ်သည်။ အသံကောင်းသည်။
အရက်အရှိန်ကြောင့် ကွဲအက်အက်ဖြစ်သော အသံတွင် ကရုဏာသံပေါက်နေ တတ်သည်။
မိဘမေတ္တာဘွဲ့ များကို
အဆိုများသည်။
သူတောင်းစားသားအဖသည်
ဘတိုး အရက်ဆိုင်ရှေ့သို့ရောက်လာသည်။
ဟေ့..မင်းတို့သားအဖခဏရပ်ဦး..
ဘတိုးသည် ခပ်ထွေထွေဖြင့်
အိမ်ပေါက်ထွက်လာသည်။
ငါ့ကို သီချင်းဆိုပြစမ်း..
သူတို့ သားအဖ တောင်းဆိုသူကို
အလိုပြည့်စေဖို့ ဗုံတောက်လေးနဲ့ စလိုက်ပြီ။
မိခင်မေတ္တာ
သီချင်းတစ်ပုဒ်ကိုသီဆိုသည်။ မူးသော ဘတိုးနောက်က လိုက်ပြီးတိုးတိုးဆိုသည်။
“မွေးမေပေးသော အသည်းကို ယူကာ
ကလျာနွဲ့နှောင်းဆီ အပြေးလာခိုက်ဝယ်..
ခရီးလမ်းမ ဗွေအလည်
ခလုတ်ကန်သင်းတိုက်ကာလဲ
အမေ့အသည်းနှလုံးလွင့်ကာကျတယ်..
အသည်းနှလုံးက စကားပြောလာပါတယ်..
“ဘယ်များနာသွားသေးလဲသားရယ်”
သား မှားပြီး မှားပြီ မေ..မေရဲ့...
ချစ်ဇောတွေကြွယ်..
ဟေ့ ကောင် ခဏရပ်ဦး၊
အဲဒီ သား
လူလေးဘယ်များနာသွားသေးလဲ သားရယ် ဆိုတာ ကိုမင်း မဆိုနဲ့ ၊
ငါဆိုမယ်။ ငါးမူးပေးမယ်။ အစကပြန်ဆိုကွာ..။
ဘတိုးသည် ထိုအပိုဒ်ကိုရောက်ရန်
စောင့်နေသည်။
သူတောင်းစားကြီးကလဲ တောင်းဆိုသူရှိ လာသောကြောင့် အရင်ကထက်ပိုချွဲသည်။
ညနေခင်း တိမ်ရောင်တောက်သဖြင့် ပိုပြီးအသက်ဝင်သည်။
မိမိအတွက်သီဆိုရန် ရောက်လာသော
အပိုဒ်တွင်
“သား လူကလေး ဘယ်များနာသွားသေးလဲ
သားရယ်.”
ဟုဆိုလိုက်သော ဘတိုးပါးပြင်တွင်
မျက်ရည်တို့ လိမ့်ဆင်းလာသည်။
အရက်သမားဘတိုးတွင် အမေ မရှိတော့ပါ။
..........................
ဖတ်မိဖူးသော ၀တ္တုတိုတစ်ပုဒ်ကို ပြန်လည်ခံစားပြပါသည်။
ဖတ်မိဖူးသော ၀တ္တုတိုတစ်ပုဒ်ကို ပြန်လည်ခံစားပြပါသည်။
No comments:
Post a Comment