Pages

Friday, October 18, 2013

တစ်ခါက တစ်ဘဝ




"ရှိတဲ့ ဆေးသာ ပေးလိုက် နာဂတွေဖြစ်တဲ့ ရောဂါ အကုန်ပျောက်တယ်။
ဒါပေမယ့် ကိုယ့်လူကိုယ်တိုင်တော့ အဲဒီရောဂါ မဖြစ်စေနဲ့..၊
အောက်ရပ် အောက်ရွာ အပြန်ခက်တတ်တယ်."



ဘုန်းဘုန်း အမေက နေမကောင်းလို့ ဆေးပေးလိုက်ပါဦးတဲ့။
နာဂကလေးတစ်ယောက်ကျောင်းပေါ်တက်လာသည်။ ဘုရားဦးချပြီး မိမိရှေ့သို့ ရောက်လာသည်။
အော်..။ အေး..၊ ရော့ ဘာမီတွန်နဲ့ ပါရာစီတမော အဲဒါကိုတိုက်လိုက်နော်။
ဟုတ် ဘုန်းဘုန်း။
......

ဘုန်းကြီး တပည့်တော် ဗိုက်နာနေလို့ ဆေးပါဦး။
အော်..၊ အေး..၊ ရော့ ပါရာစီတမောနဲ့ ဘာမီတွန်သောက်လိုက်။
မိမိရှေ့မှာပင် ရေခတ်ပြီး နာဂကြီးဆေးသောက်သည်။

ခဏကြာသော်.
ဘုန်းဘုန်းဗိုက်နာတာ ပျောက်သွားပြီ၊ အလုပ်သွားတော့မယ် ဆိုကာ..
ဓားတိုလေး နောက်ကြောပိုးလျက် နှင်းမှုံတွေအကြားထဲ သူတိုးဝင်ပျောက်ကွယ်သွားသည်။
...............

ဘုန်းဘုန်း ၊ ၀မ်းချုပ်နေလို့ ဆေးပေးလိုက်ပါဦးတဲ့၊ အဖေက..
နာဂကောင်မလေး ကျောင်းဆွမ်းလာပို့ရင်း ဆေးတောင်းသည်။
အေး၊ အေး၊ ရော့ ဘာမီတွန်နဲ့ ပါရာစီမောကို သောက်လိုက်လို့ပြောနော်။
နောက်နေ့မနက်တွင် ၀မ်းချုပ်သော နာဂလူမျိုးကြီး ကျောင်းသို့ ရွှင်လန်းစွာရောက်လာသည်။
ဘုန်းဘုန်းပေးလိုက်တဲ့ ဆေးသောက်တာ ၀မ်းချုပ်တာပျောက်သွားပြီဘုရား။

လာချင်တဲ့ ရောဂါလာ ဘာမီတွန်နဲ့ ပါရာစီတမောကိုဆေးလုပ်ပေးလိုက်ရင် ရောဂါကင်းစင်ကြသည်မှာ ထူးဆန်းသည်။
ဤ အကြောင်းကို မိမိထက် တောင်တန်းဝါရင့်သော သာသနာပြုဘက် သူငယ်ချင်းများကို စုံစမ်းကြည့် မိတော့..

အာ..၊ ကိုယ့်လူရေ၊ အဲဒါကို နာဂရောဂါလို့ ခေါ်တယ်။ ဘာဆေးသောက်သောက် ခဏလောက်တော့ သက်သာ ပျောက်ကင်းသလိုလိုရှိတတ်ကြတယ်။ ရှိတဲ့ ဆေးသာပေးလိုက်။ 
သူတို့ကလည်း ဖြစ်နေတဲ့ သူတို့ရောဂါကို အမည်တပ်ပြီးသာသောက် လိုက် ပျောက်သွားပဲတဲ့။ 
ကိုယ့်ကိုလည်း အရင်က နောင်တော်ကြီးတွေက လက်ဆင့်ကမ်းခဲ့တာပေါ့။ 

ဒါပေမယ့် ကိုယ့်လူကိုယ်တိုင်တော့ အဲဒီနာဂ ရောဂါ မဖြစ်စေနဲ့နော်။ မြေပြန့်မပြန်နိုင်ဖြစ်တတ်တယ်။
သူငယ်ချင်းက ထိုသို့ပြောပြီးရယ်နေသည်။ မိမိလည်း သူနဲ့အတူ ရယ်လိုက်မိသည်။
ချင်းတွင်းမြစ်ပြင်ဆီ တက်လာသော ဆောင်းလေအေးအေးသည် နည်းနည်းနွေးနေသလိုလိုရှိသည်။
.........................

ဟေ့၊ ကျီးကမ်းရေ၊ မင်းအဖေကိုကျောင်းလွှတ်လိုက်စမ်း။
ဟုတ်ကဲ့ ဘုန်းဘုန်း။

ခဏကြာသော် လူသာသနာပြု ဦးကျီးမိုးခေါ် ဦးကျော်လွင် ကျောင်းရောက်လာသည်။
ဒကာကြီးရေ၊ ကျုပ်လဲ ဖျားနေတာကြာပြီဗျ။ ဆေးမထိုးလို့ မဖြစ်တော့ဘူး၊ ခန္တီးဆင်းလိုက်ဦးမယ်။
အဲဒါကျောင်းကို မပြတ်မပြတ်စောင့်ထားဦးနော်။
တင်ပ၊ ဘုန်းဘုန်း၊

လွယ်အိပ်ကိုလွယ်၊ ထီးကို ထမ်းပြီး ကျောင်းရှေ့ ခရောင်းကြမ်း မဆိုသာသော မြေ၀ါလမ်းလေး အတိုင်း ချင်းတွင်းဆီသို့ လှမ်းလာခဲ့သည်။
မြစ်ဆိပ်တွင် ခန္တီးသို့ စုန်ဆင်းကြမည့် ရွာသူ ရွာသားများ မော်တော်စောင့်နေကြသည်။


ဘုန်းဘုန်း၊ ဘယ်သွား မလို့လဲဘုရား။
အော်..၊ နေမကောင်းလို့ ခန္တီးဆင်းပြီး ဆေးထိုးမလို့ကွ။
မေးလာသော နာဂကလေးငယ်များကို ပြန်ဖြေလိုက်သည်။

ဘုန်းဘုန်းကလဲ၊ ဘာမီတွန်နဲ့ ပါရာစီတမော မသောက်ဘူးလား။
ဘုန်းဘုန်းဖျားတာ ပျောက်တယ်လေ။
ပြုံးမိပါသည်။ ရိုးသားသော သူတို့ အမူအယာများသည် အပြစ်ကင်းသည်။

“ဘုန်းဘုန်း၊ အခုဖျားတာက နာဂ  အဖျားမဟုတ်ဘူး။ ကျီးကမ်းရဲ့.”

သူတို့နားမလည်သလို မိမိကို ကြည့်ကြသည်။ 
မော်တော်စုန်ဆင်းလာပြီ။
မြစ်အတွင်းက ဆောင်းလေအေးအေးသည် တစ်စိမ်းဆန်ဆန်ရင်ကို တိုးဝှေ့သည်။
အေးလွန်း၍ တုန်နေသည်။ 
ခရီးသည် စုံ၍ စုန်ဆင်းရန် အသင့်ဖြစ်ပြီမို့ မော်တော် ကမ်းကခွာလေပြီ။ 
 ....................................................

တစ်ခါက တစ်ဘ၀ရဲ့ အမှတ်တရပါ။ 

No comments:

Post a Comment