Pages
Saturday, January 14, 2012
ဝိသုဒ္ဓိမဂ္ဂ- ရှေးဦးထေရ၀ါဒ အဋ္ဌကထာ
ထေရ၀ါဒ အဋ္ဌကထာကျမ်းပြု မထေရ် အရှင်မဟာဗုဒ္ဓဃောသသည် ပိဋကတ်သုံးပုံကို အကျယ်ဖွင့် ဆိုရေး သား တော်မူခဲ့သည်၊ ရေးသားခဲ့သော အဖွင့်ကျမ်းများစွာတို့တွင် ၀ိသုဒ္ဓိမဂ္ဂကျမ်းသည် လက်ရာ အမြောက် ဆုံး ဖြစ်သည်၊ ၀ိသုဒ္ဓိမဂ္ဂ တစ်ကျမ်းတည်းဖြင့်ပင် သီရိလင်္ကာသို့ ရောက်လာသော အိန္ဒိယနိုင်ငံသားကြီး ဗုဒ္ဓဃောသ ကို ဗုဒ္ဓမတ္တညူ အဖြစ်လက်ခံတော်မူကြသည်၊
ဝိသုဒ္ဓိမဂ္ဂကျမ်းသည် ၀ိပဿနာလမ်းစဉ်ကို ရှင်းရှင်း လင်းလင်းဖွင့်ပြသည့် ကျမ်းမြတ် မဟာတစ် ဆူဖြစ် သည်၊ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှရှိ ထေရ၀ါဒဗုဒ္ဓဘာသာ ပညာရှင်များသည် အကျင့်လမ်း စဉ် ၀ိပဿနာနည်းနှင့် ပတ်သက်လျှင် ၀ိသုဒ္ဓိမဂ္ဂကို ကိုးကားရေး သားပြောဆိုကြ ရသည်၊ မြန်မာနိုင်ငံ အနေနှင့် ယင်းဝိသုဒ္ဓိမဂ္ဂကျမ်းကို ၁၉၃၁ ခုနှစ်တွင် ဦးဖေမောင်တင်က အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုသည်၊ Pali Text Society က မြန်မာ ပညာရှင်ကြီး ပြန်ဆိုသည့် ကျမ်းကို ထုတ်ဝေခဲ့သည်၊ အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး ပုံနှိပ်မူ ဖြစ်သည်ဟု ဆိုင်နိုင်ပါသည်၊
ထို့အပြင် အဖျောက်ဆရာတော် အရှင်နန္ဒမာလာနှင့် မဟာစည်ဆရာတော်တို့ကလည်း မြန်မာဘာသာဖြင့် အကျယ်ရေးသားဖွင့်ဆို တော်မူကြသည်၊ ခေတ်သစ် ၀ိပဿနာ နည်းပြတို့၏ ရှေ့သွားဦးဆောင် တစ်ဆူ ဖြစ်တော်မူသော မဟာစည် ဆရာတော်၏ ၀ိသုဒ္ဓိမဂ္ဂကျမ်းကို မြန်မာပြန်နှင့် ရှိသော ကျမ်းများတွင် အကောင်းဆုံး ဟု ဆုံးဖြတ်တော်မူကြ သည်၊
ယခင်သိထားသော အစဉ်အလာများနှင့် မတူထူးခြားချက်မှာ ဤကျမ်းမြတ် ၀ိသုဒ္ဓိမဂ္ဂကို ရေးသားရန် ကျမ်းပြု အရှင်ဗုဒ္ဓဃောသတောင်းပန်ရသည် မဟုတ်ပဲ သီရိလင်္ကာနိုင်ငံ သားရဟန်းတော်များက သာ တောင်းပန်ကြသည်ဟု ပညာရှင်များက ယူဆကြသည်၊ တောင်းပန်ရခြင်း အကြောင်းများစွာတို့တွင် ထူးခြားသော အချက်တစ်ချက်ပါဝင်နေသည်ကို တွေ့ရသည်၊ ထိုအကြောင်းမှာ မဟာဝိဟာရ၀ါသီ ဂိုဏ်းသားတို့နှင့် မတူ ထူးခြားသော အဘယဂီရိ ဂိုဏ်းသားများ၏ ပေထက် အက္ခရာတင် ပိဋကတ် များကို သာမက သက္ကတ ဘာသာပြန် ကျမ်းများကို သင်ယူလေ့ကျက်၊ ထို့နောက် ပိဋကတ်တော်များကို သက္ကတ ဘာသာဖြင့် ရေးသားဖွင့်ဆိုနေခြင်း ကြောင့်ဖြစ်သည်ဟု ပြောဆိုကြသည်၊
အဘယဂိရိဂိုဏ်းသားများသည် သက္ကတ ဘာသာနှင့် ရှိနေသော ဓမ္မရုစိ၊ မဟာယာနဂိုဏ်း၏ ကျမ်းစာများကို သင်ယူကြသည်၊ နောက်နောက်သော သူများကလဲ အသစ်ဖြစ်သော မဟာယာနအယူအဆများကို လိုက်ပါ သင် ယူလိုကြပြန်သည်၊ ထိုသို့သင်ယူခြင်း အားဖြင့် အဘယဂိရိဂိုဏ်းသားတို့၏ အယူဝါဒများ တိုင်းတစ်ပါး သို့ ပြန်နှံ့ရန်လွယ်ကူပြန် သည်၊
သီရိလင်္ကာတွင် တည်ရှိနေပြီဖြစ်သော ဘုရားဟောပါဠိတော်များကို အယူဝါဒ တစ်ပါးမဖက် အကျယ်ဖွင့် ဆိုရေး သားရန်လိုလားနေချိန်ဖြစ်သည်၊ ပါဠိဘာသာဖြင့် ရေးသားဖွင့်ဆိုလိုက်ခြင်းအားဖြင့် အခြားသူများ လဲနားလည် နိုင်ပြီး တိုင်းတစ်ပါးသို့ ပြန့်နှံ့ရန်လွယ်ကူသည်၊ ထိုသို့ဖွင့်ရန်ရေးသားရန် ပြည့်စုံသည့် ရဟန်းတော်မှာ ဗုဒ္ဓဃောသ မထေရ်သာ ဖြစ်နိုင်သည်ဟူသော အကြောင်းကြောင့် သီရိလင်္ကာနိုင်ငံသား မထေရ်များက ၀ိသုဒ္ဓိမဂ္ဂ ကျမ်းကို ရေးသားရန် တောင်းပန်ကြသည်။
ဗုဒ္ဓဃောသမထေရ်မြတ်နှင့် ပတ်သက်ပြီး ဖွားရာဒေသမှာ ဆွေးနွေးဖွယ်ဖြစ်နေသေးသော်လည်း အများစု ယူဆ သည့် အချက်မှာ မဟာဗောဓိတစ်ဝိုက်၊ ဂယာဝန်းကျင်ရှိ ပုဏ်ဏားရွာတွင် ဖွားမြင်ကြောင်း ယူဆကြ သည်၊ ထိုအရပ်မှာပင် ရေ၀တ မထေရ်ကြီး၏ လမ်းညွှန်ချက်ဖြင့် ရဟန်းဖြစ်တော်မူခဲ့သည်၊ ပိဋကတ်သုံးပုံကို သင်ယူ သည်၊ ထို့နောက်တွင် ယင်းဒေသရှိ ကျောင်းတိုက်၌ပင်နေလျှက် အဋ္ဌသာလိနီကျမ်းနှင့် ဉာဏောဒယကျမ်း တို့ကို စီရင်သည်၊
ထိုကျမ်းတို့ကို ရေးသားစဉ်နေထိုင်သော ကျောင်းတိုက်မှာ မဟာဗောဓိကျောင်း တိုက်ဖြစ်သည်၊ အဆို ပါ ကျောင်းတိုက်ကို လှူဒါန်းသူမှာ သီရိလင်္ကာနိုင်ငံသား မင်းတစ်ပါး ဖြစ်နေခြင်း ပင်ဖြစ်သည်၊ သိရီမေဃ၀နမင်း ( ၃၀၄- ၃၂၂)  တည်ထောင်ခဲ့သော မဟာဗောဓိကျောင်းတိုက်သည် မဟာဝိဟာရ၀ါသီ ဂိုဏ်းသားများ အဆက်ကျောင်းတိုက် ကြီးပင်ဖြစ်သည်၊ ထိုစဉ်က ထင်ရှားနေသော မဟာယာနကျောင်း တိုက်ကြီးများဖြစ်သည့် ၀ိကရမသီလာ၊ နာလန္ဒာ၊ ဥဒန္ဒပူရီကျောင်းတိုက်ကြီးများနည်းတူ မဟာဗောဓိကျောင်း တိုက်မှာလဲ ထေရ၀ါဒ အယူအဆများကို သင်ယူရာ ဗုဒ္ဓတက္ကသိုလ်ကြီးပင်ဖြစ်သည်၊
ဆရာသမားများ၏ ယုံကြည့်အားကိုးမှုခံရသော ဗုဒ္ဓဃောသမထေရ်မြတ်သည် ဘုရားရှင်၏ပါဠိတော်များကို အကျယ်ဖွင့် ဆိုရေးသားလိုပြန်သည်၊ ထိုအချက်ကို ဖြည့်ပေးနိုင်သည့် အချက်မှာ ပါဠိတော်အစုံနှင့် အာစရိယ၀ါဒ အစုံရနိုင်သော သီရိလင်္ကာသို့ သွားရောက်ရေးသားမှ ဖြစ်နိုင်ကြောင်း ပြောဆို မိန့်ကြားခြင့်ခံ ရပေမည်၊ ဤသို့ဖြင့် လင်္ကာကျွန်းသို့ ကြွလာခဲ့ပေသည်ဟု ကောက်ချက်ချနိုင်သည်၊
မြန်မာနိုင်ငံသာသနာတော်တွင် ဗုဒ္ဓဃောမထေရ်မြတ်ကို ဒုတိယဘုရား အရာထားလျှက် ကြည်ညိုကြသည်၊
“ဗုဒ်စ၊ ဗုဒ်လယ်၊ ဗုဒ်ဆုံး” ဟုဆိုရိုးပြုကြသည်၊ ဗုဒ်စဆိုသည်မှာ ဘုရားရှင်ကို ဆိုလိုခြင်းဖြစ်သည်၊ သီလ၊ သမာဓိ၊ ပညာတို့ဖြင့် ထုံးမွှမ်းထားသော ပိဋကတ်သုံးပုံ သာသနာတော်ကို ဟောကြားတော်မူသည့် သဘောကိုဆို လိုသည်၊ ဗုဒ်လယ် ဆိုသည်မှာ ပါဠိပိဋကတ်တော်များကို အကျယ်ဖွင့်ဆိုရေးသားသည့် ဗုဒ္ဓဃောသမထေရ်မြတ် ကို ဆိုလိုသည်၊
ထူးထူးခြားခြား “ဗုဒ်ဆုံး” ဆိုသည်မှာ မြန်မာနိုင်ငံသား၊ အင်းဝခေတ်၊ ငယ်မည် မောင်ပုတ်( မောင်ဗုဓ်) ရဟန်းဘွဲ့တော်၊ ဇမ္ဗုဓဇမထေရ်၊ ညောင်ကန်ဆရာတော်ပင်ဖြစ်သည်၊ ဆရာတော်သည် ရှေးမထေရ်မြတ် များရေးသားတော်မူခဲ့သည့် အဋ္ဌကထာများကို နိဿယျ( ပါဠိတစ်ချက်၊ အနက်တစ်တန်) ရေးသားတော်မူ သည်၊ ခေတ်ပြိုင် မြန်မာ ရဟန်းပညာရှိ အလယ်တွင် စာတင်ကျန်ရစ်အောင် သိက္ခာ၊ သမာဓိ၊ စာဉာဏ်ကြီးသော မထေရ်မြတ်ကြီး တစ်ပါးပင်ဖြစ်သည်၊
 ထေရ၀ါဒအဋ္ဌကထာကျမ်းပြုအရှင်မြတ်များပေါ်ထွန်းရာ ကိဉ္စိပူရမြို့
ဗုဒ္ဓဃောသမထေရ်မြတ်နောက်တွင် ပေါ်ထွန်းလာသော အဋ္ဌကထာဆရာ၊ ဋီကာဆရာ အများစုသည် အိန္ဒိယ နိုင်ငံတောင်ပိုင်း၊ တမီးနာဒူးပြည်နယ်၊ ကဉ္စီပူရ( kanchipuram) မြို့သားများဖြစ်ကြသည်၊ သမိုင်း မှတ်တမ်းများတွင် ကွန်ဂျီဗာရန်( conjeevaram) အဖြစ်လဲ ထင်ရှားသည်၊ ပလ္လ၀မင်းများ စိုးစံရာ မင်းနေပြည်ဖြစ်ခဲ့ဖူးသည်၊ ရွှေမြို့တော် အဖြစ်လဲခေါ်ဝေါ်ကြသေးသည်။ 
Friday, January 13, 2012
ရှေဦး ဗုဒ္ဓတက္ကသိုလ်ကြီးများ
အိန္ဒိယနိုင်ငံသည် ခေတ်အဆက်ဆက်ကတည်းကပင် ဘာသာရေး၊ ပညာရေး၊ ဒဿနဆိုင်ရာအတွေး အခေါ်များဖြင့် မှုံးခြယ်ထားသော နိုင်ငံကြီးဖြစ်သည်၊ ကမ္ဘာ့ဘာသာကြီးများအဖြစ် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာနှင့် ဆစ်ခ်ဘာသာတို့မှာထင်ရှားသည်၊ ပညာရေးအနေအားဖြင့် ရှေးဦး တက္ကသိုလ်ကြီးများပေါ် ထွန်းရာဒေသကြီးဖြစ်သည်၊ 
 The ancient taxila area, its borderlands
အတွေးအခေါ်ဒဿနဆိုင်ရာ အနေနှင့် မူများပြားလှသည်၊ ဟိန္ဒူဒဿန၊ ဗုဒ္ဓဒဿန၊ ဂျိန်းဒဿန၊ ဆစ်ဒဿန၊ ယောဂဒဿန၊ ဂန္ဓီဒဿန၊ ကရိရှနမူရတိဒဿနစသည်ဖြင့် ယနေ့တိုင်အောင်ပင် အရှေ့အနောက်ကမ္ဘာများက လေးစားရသော အတွေး အခေါ်အယူအဆများထွက်ပေါ်လျှက်ရှိသည်၊
အိန္ဒိယနိုင်ငံ၏ စောဆုံးတက္ကသိုလ်ကြီးဟုဆိုနိုင်သော ကျောင်းတော်ကြီးသည် ဇာတကများတွင်တက္ကသီလာ သည်ထင်ရှားသည်၊ အိန္ဒိယနိုင်ငံတစ်ဝှန်းကမင်းညီမင်းသားတို့သည် တက္ကသီလာ သို့ သွားရောက်ပြီး မင်းတို့ တတ်အပ်သော ပညာရပ်များကို သင်ယူကြရသည်၊ ယခင်ကအိန္ဒိယနိုင်ငံတွင် ပါရှိပြီး ယနေ့ခေတ် ပါကစ္စတန်တွင်ရှိနေသော တက္ကသီလာ( taxila) သည် UNESCO အထိမ်းသိမ်းခံ ကမ္ဘာ့ အမွေ အနှစ်ဖြစ်သည်၊
တက္ကသီလာသည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဆိုင်ရာ အထင်ကရနေရာကြီးဖြစ်သည်၊ စာပေများတွင် ဂန္ဓာရတိုင်း၊ တက္ကသီလာ အဖြစ်ဖော်ပြကြသည်၊ တရုတ်ခရီးသွားဖြစ်သော ဖာယီယန်(Fa-Hien)နှင့် ဟူယင်ဆန်( Hieun- Tsang) တို့ရောက်ရှိလာပြီး သူတို့ခရီးသွားမှတ်တမ်းတွင် မှတ်တမ်းတင် ထားကြ သည်၊ ထို့အပြင် နာလန္ဒာ တက္ကသိုလ် ကြီးမှာလဲ အိန္ဒိယနိုင်ငံရှေးဟောင်း ပညာဆည်းပူးရာ ဌာနကြီးဖြစ်သည်၊ နာလန္ဒာသည် ယနေ့တိုင်အောင်ပင် ကမ္ဘာအရပ်ရပ်မှ ပညာလာရောက်သင် ယူနေကြသော ပညာရှင်၊ ပညာ သင်များနှင့် စည်ကားနေသည်၊
ဝိကရမသီလာ၊ ဥဒန္တပူရီတို့မှာလဲ ထင်ရှားသော ဘာသာရေးဆိုင်ရာ ကျောင်းတော်ကြီးများဖြစ်ခဲ့ကြသည်၊ အထက်ပါကျောင်းတော်ကြီးများသည် ဗုဒ္ဓဘာသာဆိုင်ရာ အတွေးအခေါ်များ၊ ဟိန္ဒူဘာသာ ဆိုင်ရာ အတွေး အခေါ်များ ပေါ်ထွက်ရာ ၀ိဟာရကြီးများဖြစ်ကြသည်၊ အသင်္ဂ၊ ၀သုဗန္ဓု၊ နာဂဇုနဟူသော မဟာယာနကျောင်း တော်သားကြီးများသည် ဆိုပါတက္ကသိုလ်ကြီးများနှင့် နီးစပ်ခဲ့ကြသူများ ဖြစ်ကြသည်၊ 
 The great Nalanda University, India
မြန်မာနိုင်ငံတွင် မန္တလေးသာသနာ့တက္ကသိုလ်၊ ရန်ကုန်သာသနာ့တက္ကသိုလ်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၊ ထေရ၀ါဒတက္ကသိုလ်စသည်ဖြင့် ပညာသင်ယူရာဌာနကြီးများကို တက္ကသိုလ်ဟုခေါ်သည်၊ ဂန္ဓာရတိုင်းရှိ တက္ကသီလာ ပညာသင်ယူရာဌာနကြီးကို အလေးပြုခေါ်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်၊
အိန္ဒိယနိုင်ငံသည် ပြည်နယ် နှစ်ဆယ့်ရှစ်ခုဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့ လူဦးရေ ဒုတိယအများ ဆုံး နိုင်ငံကြီးဖြစ်ကာ ရာသီဥတုစုံပြီး မယုံနိုင်လောက် ကိုးကွယ်မှုများပြားသော နိုင်ငံကြီးဖြစ် သည်၊ ရှေးဟောင်း သမိုင်းများတွင် အဓိက လူမျိုးစုကြီးနှစ်စုကို ဖော်ပြလေ့ရှိသည်၊ ယင်းလူမျိုးနှစ်စုမှာ အာရယန်နှင့် ဒြာဗီဒီယန်တို့ဖြစ်သည်၊ 
အိန္ဒိယနိုင်ငံ၏ တောင်ပိုင်း အကျဆုံးပြည်သည် တမီးနာဒူးပြည်နယ်ဖြစ်ပြီး ဒြာဗီဒီယန်တို့၏ ယဉ်ကျေးမှု၊ ဘာသာ၊ စာပေ၊ အနုသုခုမ ထွန်းကားရာ ဒေသကြီးဖြစ်သည်၊ ရှေးယခင်ကတည်းကပင် ဗုဒ္ဓဘာသာနှင့် နီးစပ်သော ဒေသကြီးဖြစ်ခဲ့သည်၊ မောရိယအင်ပါယာ အသောမင်းတရား၏ သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာ ထေရီ တို့သည် တမီးနာဒူးပြည်နှင့် ကပ်လျှက်ရှိသော သီရိလင်္ကာနိုင်ငံသို့ ကြွရောက် ခဲ့ကြသည်၊ တတိယ သင်္ဂါယနာ အပြီးတွင် အိန္ဒိယနိုင်ငံ တောင်ပိုင်းသို့ ဗုဒ္ဓသာသနာတော်သည် အရှိန်အဟုန်နှင့် ရောက်ရှိ လာတော့သည်၊
တတိယ သင်္ဂါယနာတွင် သံဃာတော်များစစ်ဆေးအတည်ပြုထားသော ပိဋကတ်တော်များသည် မဟိန္ဒမထေရ် မြတ်နှင့် အတူ သီရိလင်္ကာနိုင်ငံ( သီဟဠဒီပ) သို့ ရောက်လာသည်၊ ပိဋကတ်တော် အစုံသည် ထိုစဉ်ကတည်း ကပင် အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့တွင် အခိုင်အမာတည်ရှိနေပြီဖြစ် သည်၊ 
မဟာယာန ကျောင်းတော်ကြီးများကိုသာမက ထေရ၀ါဒနိုင်ငံများသို့ပါ ရောက်ရှိလာသော ခရီးသည်မှာ ဖာဟီယန် ဖြစ်သည်၊ မဇ္ဈိမဒေသတွင် လှည့်လည်ရင်း ပိဋကတ်များရေးကူးသည်၊ သို့သော် မဇ္ဈိမဒေသတွင် ရှာမတွေ့ခဲ့၊ မိမိတိုင်းပြည် တရုတ်နိုင်ငံတွင် နာမည်မျှ မကြားဖူးသေးသော ဒီဃနိကာယ်၊ သံယုတ္တနိကာယ်နှင့် အချို့ ပိဋကတ်တော်များကို သီရိလင်္ကာနိုင်ငံတွင် ရေးကူးနိုင်ခဲ့သည်၊
အသောမင်းတရားကြီးနှင့် သားတော် သမီးတော်တို့သည် မြတ်ဘုရား သာသနာတော်အတွက် ပါဠိပိဋကတ် တော်များကို အပြည့် အစုံထိမ်းသိမ်းနိုင်ခဲ့ကြသည်၊ တတိယ သင်္ဂါယတနာတွင် မြောက်ပိုင်းသို့ ခွဲထွက် သွား ခဲ့သော သံဃာအများစုသည် ပိဋကတ်တော်များကို ပြုပြင်ရေးသားကြသည်၊ သံဃာအရေ အတွက်များပြားစွာဖြင့် ကက်ရှမီးယား သင်္ဂါယနာကို တင်ခဲ့ကြသည်၊
ထိုသင်္ဂါယနာသည် ဘီ စီ တစ်ရာစု ၀န်းကျင်ဟုပညာရှင်များ အဆိုပြုကြသည်၊ ကနိရှကမင်းနှင့် မြောက်ပိုင်း ဘုရင် အဆက်ဆက်တို့သည် မြောက်ပိုင်း ဗုဒ္ဓဘာသာကို အားပေးကြသည်၊ တက္ကသိုလ်ကြီးများ ထူထောင်ကာ ပညာရှင်များကို အားပေးခဲ့ကြသည်၊ ပညာရှင်များကလဲ အဖွင့်ကျမ်းကြီး များရေးသားခဲ့ကြ၏၊ အသင်္ဂ၊ ၀သုဗန္ဒု၊ နာဂဇုနစသောသူများသည် မြောက်ပိုင်းဗုဒ္ဓဘာသာ၏ အဋ္ဌကထာဆရာ ကြီးများအဖြစ် ထင်ရှားသည်၊
ထိုအချိန်အထိ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိသွားသော ဘုရားဟောပါဠိတော်တို့ကို အကျယ်ဖွင့် ဆို ရေးသား သည့် အဖွင့် အဋ္ဌကထာကျမ်းများ အကြောင်း အထောက်အထားကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးပါ၊ ထိုအချိန်တွင် အသင်္ဂ၊ ၀သုဗန္ဒုတို့နှင့် ဂုဏ်ရည်တူ ထေရ၀ါဒ အဋ္ဌကထာဆရာ တစ်ဦး ပေါ်ထွန်းလာသည်၊
အိန္ဒိယနိုင်ငံ အလယ်ပိုင်းသား အရှင်မဟာဗုဒ္ဓဃောသပင်ဖြစ်သည်၊ သမန္တပါသာဒိကာ၊ သုမင်္ဂလ၀ိလာသိနီ၊ ပပဉ္စသူဒနီ၊ သာရတ္ထပကာသနီ၊ မနောရထပူရဏီ၊ အဋ္ဌသာလိနီ၊ သမ္မောဟ၀ိနောဒနီ၊ ပဉ္စပကရဏအဋ္ဌကထာ၊ ကင်္ခါဝိတရဏီ၊ ဓမ္မပဒအဋ္ဌကထာ၊ ပရမတ္ထဇောတိကာနှင့် ဇာတကတ္ထဋ္ဌကထာ တို့ဖြစ်သည်၊  ပိဋကတ်သုံးပုံကို အဋ္ဌကထာဖွင့်ဆိုခဲ့သည်၊ 
 Religious ruin of Sri Lanka
ထိုကျမ်းများတွင် မဟာယာန၏ အဆို အမိန့်ကို တစ်စိုးတစ်စိမျှ မတွေ့မြင်ရဟု သုံးသပ်ကြသည်၊ သို့သော် အရှင်မဟာဗုဒ္ဓဃောသ သီရိလင်္ကာနိုင်ငံသို့ မရောက်မီ ကတည်းကပင် မဟိန္ဒမထေရ်မြတ်နှင့် ဒေ၀ါနံ ပိယတိဿတို့ ထူထောင်ခဲ့သော မဟာဝိဟာရ၀ါသီဂိုဏ်းသားတို့၏ ထေရ၀ါဒ အတွေးအခေါ်များကို မနှစ် သက်သော မဟာယာနသို့ယိမ်းသည့် အယူအဆများကို နှစ်သက်ဟန်ရှိသည့် အဘယဂီရိဂိုဏ်းသား များပေါ်ထွန်းနေပြီ ဖြစ်သည်၊
မည်သို့ပင်ဖြစ်စေကာမူ မဟာဝိဟာရ၀ါသီကျောင်းတိုက်၊ အဘယဂီရိကျောင်းတိုက်တို့သည် ထေရ၀ါဒ သာသနာတော်၏ အထင်ကရတက္ကသိုလ်ကြီးများဖြစ်ခဲ့ကြသည်ကား သေချာလှပေသည်။ နာလန္ဒာ တက္ကသိုလ်၊ ၀ိကရမသီလာတက္ကသိုလ်၊ ဥဒန္တပူရီတက္ကသိုလ်ကြီးများထက် သက်တန်းပိုရှည်သည်၊ အိန္ဒိယနိုင်ငံတောင်ပိုင်းသား အများစုသည် သီရိလင်္ကာနိုင်ငံသို့ ကူးပြီး ထေရ၀ါဒ ပိဋကတ်တော်များ ကို လေ့လာကြရသည်။ 
Tuesday, January 10, 2012
နေမင်း လမင်း သိန်းရာထောင်
ချင်းတွင်းမြစ်ညာရပ်ဝန်းသည် တော်သလင်းလပြည့်နေ့ဆိုရသော်ငြား နှင်းတို့ ဝေလုလုရှိနေသည်၊ မိုးရိပ် တိမ် တောင်တို့ ပြိုဆင်းပြီး နှင်းအသွင်ပြောင်းတော့မယောင် အုံ့ဆိုင်းနေသည်၊ သလ္လာခေါ် ချင်းတွင်း သည် တောင်ရိုး ကို ခေါင်းနဲ့တိုက်လိုက် တောတန်းကို အမြီးဖြင့်ရိုက်လိုက်ဖြင့် ခရီးနှင်သည်၊ အကွေ့ အကောက် များစွာဖြင့် လှနေ ပြန်သည်၊
မိုးရာသီလဲမပီလှတော့၊ ဆောင်းနှင်းတို့လဲ မလှိုင်သေးသဖြင့် မြစ်ရေပြင်သည် လှိုင်းအိလေးများဖြင့် ကွန်ယက် ဖွဲ့ထားသလို လှနေသည်၊ ရှေးယခင်ရွှေနန်းထက်ဆီက ဤကာလရာသီ မျိုး မြစ်ရိုး တွင် လှေ ချင်းပြိုင် လျှက် လှေ ပွဲသဘင်ခင်းကြသည်၊ ၀ါဆို၊ ၀ါခေါင်မိုးရေဦးဖြင့် အမှိုက်၊ ဒိုက်တို့ လဲ မျော ပါခဲ့ပြီဖြစ်၍ ရေ ပြင်သည် ပြန့်ပြူး နေသည်၊ ဆောင်း အ၀င်၊ မိုး အဆုတ်မို့ အာကာတစ်ခွင်သည် ကြည်လင်သန့်ရှင်း နေသည်၊ တော်သလင်းလ မြစ်ရေပြင်သည် လှိုင်းကြမ်းမပါပဲ ငြိမ့်ငြိမ့်လေးစီးသည်၊
“ရေယဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊ မြစ်လုံးငယ်ညံသည်၊ လှော်တက်သံမြိုင်မြိုင်နှင့်၊ လှေပြိုင်ကျင်း တဲ့ လကိုလေး” ဟု လတော်သလင်းကို စာဆိုညွှန်းလျှက် ဖွဲ့ဆိုခဲ့ကြသည်၊
ရေသင်ဖြူးခင်းသော ချင်းတွင်းမြစ်ညာထက်ဖျားဆီက ခန္တီးမြို့သူ မြို့သားများ အဖြူရောင်ဝတ်ရုံဖြင့် ယောဂီ တဘက်ကိုယ်သိုင်းကာ ဥပုသ်ဇရပ်သို့တက်လာကြသည်၊
“လောကလင်းမှာ၊ ပေါ်ယံသာ၊ သူ ငါ ကွဲရုံသိ၊
ဓမ္မလင်းသာ၊ နာမ် ရုပ်နှစ်ဖြာ၊ ခွဲခြားနိုင်ကုန်ဘိ၊
အလင်း နှစ်ဖြာ၊ ထင်လင်းစွာ၊ စိတ်မှာခွဲခြားသိ၊
ဓမ္မအလင်း၊ လောကအလင်း၊ အမြင်ရှင်းစေဘိ”၊
ဓမ္မသဘင်ပွဲသို့လာကြသော ဓမ္မမာမကသူတော်စင်များ၏ ညီညာဖျဖျဆိုလိုက်သံသည် ဆောင်းအေးအေး ကို နွေးထွေး သက်သာစေသလိုရှိသည်၊
လောကမှာ အလင်းသုံးမျိုးရှိပါတယ်၊ လူတွေဖန်တီးထားတာမဟုတ်တဲ့ သဘာဝအလင်းတွေပေါ့၊
ဘာတွေတုန်းဆိုတော့ နေမင်းကြီးရဲ့ အလင်းရယ်၊ လမင်းရဲ့ အလင်းရယ်၊ ပြီးတော့ ဓမ္မအလင်းရယ်ဆိုပြီး သုံးမျိုးရှိပါတယ်၊
မြတ်စွာဘုရားရှင်သိတော်မူတဲ့အလင်းဆိုတာလဲ တစ်ဦးတစ်ယောက်ကလုပ်ထားတာ မဟုတ်ပါဘူး၊ ရှိပြီးသား အလင်းဓာတ်ကို ဖော်ထုတ်ပြတာပါ၊ သစ္စာလေးပါးအလင်းလို့ဆိုတဲ့ အဲဒီအလင်းကို ရှာဖွေဖော်ထုတ်ပေးပြီး အများ သတ္တ၀ါများသိအောင် ထုတ်ဆောင်ဟောပြသူများကို ဗုဒ္ဓလို့ ခေါ်ခဲ့ကြတာပေါ့၊
ဘ၀ပေါင်း မရေအတွက်နိုင်ကြာမှ၊ ကမ္ဘာတွေအသင်္ချေ၊ အသင်္ချာကြာမှတစ်ခါသာပေါ်ပေါက်လာတတ်တဲ့ တရား များမို့ အဲဒီလင်းဓာတ်ကို အရှိအလင်းဓာတ်၊ ဓမ္မဓာတ်လို့ ပြောကြတာပါ၊ မပြောင်းလဲတဲ့ အရှိတရား စစ်စစ်ကြီးပါ၊
ဘာဏုရာဇာ ဒေါင်းဖန်ဝါက၊ သဟဿရောင်၊ ချည်တစ်ထောင်ဖြင့်၊
လူ့ဘောင်လောက အစဉ်လှအောင်၊ ထွန်းပြမနှေး၊ အလင်းပေး၏။
လောကမှာ နေမင်းဆိုတာရှိတယ်၊ မြင်မြင်သမျှလောကကြီးကို သာယာလှပအောင် နေမင်းကြီးက ဖန်ဆောင် တယ်၊ နေမင်းကြီးရှိလို့ လူတွေ နေ့စဉ်လုပ်ငန်းဆောင်တာတွေပြုလုပ်ဆောင် ရွက်လို့ ဖြစ် တာပါ၊ တွေးကြည့်စမ်းပါ၊ နေမင်းကြီး မရှိဘူးလို့၊ နေမင်းကြီးမရှိရင် လူဆိုတာလဲ ဖြစ်မလာနိုင်သလို၊ သူ့အလင်း ရောင်ကြောင့် သူ၊ ငါ၊ မြို့၊ ရွာ၊ သူတိုင်းပြည်၊ ကိုယ့်တိုင်းပြည်၊ ခွဲခြား သိရပါတယ်တဲ့၊ သိပြီးတော့ သာယာ လှပအောင် ဖန်တီးနိုင်ကြတာ၊ လောက လူသားများ အပေါ်ကျေးဇူးများပါတယ်၊
နေမင်းကြီးဆိုတာလဲ လောကဖြစ်ရိုးဖြစ်စဉ်အရ လောကကြီးကို အရှေ့အရပ် အလင်းပေးပြီး၊ အချိန် တန်တော့ အနောက်ဖက်ဝင်ရောက်ပျောက်ကွယ်သွားပြန်ပါတယ်၊
အဲဒီလိုအချိန်မျိုးမှာမှ.....
လ၀န်းသော်၊ ငွေစန္ဒာက၊ လူ့ရွာလောက၊ 
အစဉ်လှအောင်၊ ထွန်းပမနှေး၊ အလင်ပေး၏။
အခုလို အေးချမ်းသာယာတဲ့ လပြည့်နေရဲ့ ညချမ်းမျိုးမှာ လကလဲသာ၊ မြစ်ပြင်ကလဲ ငြိမ့်ငြိမ့်လေး စီးနေ တယ်၊ တောင်ကမ်းပါးယံများဆီက ရောင်ပြန်ဟပ်ပြီး လှနေတဲ့ လသာညမျိုးကို တွေးဆပြီးကြည့်ကြည့် စမ်းပါ၊ တော်သလင်းလဆိုတော့ မြစ်ပြင်ကကိုလဲပဲ ရနံ့သင်းပြီး ဆွဲဆောင်နေသလိုရှိနေမယ်ပေါ့၊ လဆိုတာ မသာပဲရှိကြည့် ပါလား မြစ်ပြင်ကို ကြည့်ဖို့မပြောနဲ့ ချောက်ထဲ မကျအောင်တောင် ဂရုစိုက်နေရမယ်၊
ပိုပြီးကြည်နူးစရာ ကောင်းတာက ဗုဒ္ဓဖြစ်တော်စဉ် အများစုဟာ လပြည်ညတွေများပါတယ်၊ လပြည့်နေရဲ့ ထူးခြားချက်က စိတ်ကို ကြည်လင်နေစေတယ်၊ လူဆိုး သူဆိုးတွေ လပြည့်ည လှုပ်ရှားတာ တွေ့ရခဲတယ်၊ ဘုရားအလောင်းတော် သန္ဓေတော်ခတဲ့ညဟာ ၀ါဆိုလပြည့်ညပါ၊ ဖွားတော်မူတော့ ကဆုန် လပြည့်နေ့၊ တောထွက်တော်မူတော့လဲ ၀ါဆိုလပြည့်နေ့၊ တရားဦးဓမ္မစင်္ကြာဟောတော်မူတော့လဲ ကဆုန် လပြည့်နေ့ပါ၊ သဘာဝ အလင်းရောင်ကိုပေးတဲ့ လမင်းဆိုတာလဲ လူ့လောကကြီးကို အလှဆင်တယ်၊ လှစေတယ်၊ ကောင်းမြတ်ခြင်းတွေကို ဖြစ်စေအောင် တွန်းအားပေးတယ်၊ လောကလူသားများ အတွက် ကျေးဇူးများပါတယ်၊ 
နေမင်း လမင်း၊ ထွန်းလင်းတောက်ပြောင်၊
သိန်းရာထောင်ထက်၊ လင်းလက်တောက်ပ၊
မြတ်ဗုဒ္ဓ၏၊ ဓမ္မတန်ဆောင်၊ အလင်းရောင်သည်၊
မိုက်မှောင်အ၀ိဇ္ဇာ၊ ကိလေသာကို၊
ပယ်ခွာရှင်းလင်း၊ အမှောင်ခွင်းသည်၊
အလင်းဆုံး အရောင်ဖြစ်ပါပေသည်ဘုရား။
အခုန ပြောခဲ့တဲ့ အလင်းရောင်တွေဆိုတာ အပေါ်ယံသာပဲ လင်းနေတာပါ၊ အမြင်လောကကြီးကိုတော့ လှစေတာ အမှန်ပါ၊ သို့သော် စိတ်ကို သောကကင်းအောင်၊ စိတ်ဆိုး စိတ်ညစ်တွေကင်းအောင် မလုပ်နိုင် ဘူး၊ မြတ်ဗုဒ္ဓရဲ့ ဓမ္မအလင်းကြတော့ကား ရုပ်ကို လှစေတဲ့ တရားတွေ၊ စိတ်ကို ပြုပြင်ပေးတဲ့ တရားတွေ၊ လူ့လောက ကြီးထဲမှာနေတတ်၊ ထိုင်တတ်အောင် သွန်သင်ပေးတဲ့ တရားတွေရှိတယ်၊ မေတ္တာ ထားပုံထားနည်း ရှိတယ်၊ ဆက်ဆံပေါင်းသင်းနည်းတွေရှိတယ်၊
နေရောင်၊ လရောင်နဲ့ကြည့်လိုက်တဲ့ အခါ သူ၊ ငါ၊ မင်း၊ ကျွဲ၊ နွား စသည်မြင်ပါတယ်၊ အဲဒီလိုမြင်နေတဲ့ အမြင် ဟာ အပေါ်ယံအမြင်ပဲရှိပါတယ်၊ တကယ့် အမှန်မဟုတ်ပါဘူး၊ လောကအမြင် အမှန်တရားပေါ့၊ ဓမ္မအမြင်နဲ့ မြင် လိုက်တဲ့ အမှန်ကြတော့ကား ရှိရှိသမျှ ရှုပ်နဲ့ နာမ်လို့ မြင်လာမှ အမှန်မြင် ပါတဲ့၊ အဲဒီအမြင် မျိုးရဖို့ နေရောင်နဲ့ မရနိုင်ပါ၊ လပြည့်ညရဲ့လရောင်နဲ့လဲ မမြင်နိုင်ပါ၊
ဒါကြောင့် မြတ်ဗုဒ္ဓရဲ့ တရားတော်တွေဆိုတာ နေမင်းထက် အလင်းသာတယ်၊ လမင်းထက် ပိုပြီး အေးချမ်း ပါတယ်၊ နေရောင်၊ လရောင်တို့ နဲ့ မသိနိုင်တဲ့ ဓမ္မအလင်း ကို ရနိုင်တယ်၊ အလင်းသုံးမျိုးထဲ မှာတော့ မြတ် ဗုဒ္ဓရဲ့ ဓမ္မအလင်းက အမြတ်ဆုံးလို့ မှတ်လိုက်ပါ၊ ဤကဲ့သို့အလင်းသုံးမျိုးကို ခွဲခြားသိပြီး အလင်းတကာ အလင်းဆုံးဖြစ်တဲ့ မြတ်ဗုဒ္ဓ၏ အလင်းဓမ္မနဲ့ ရုပ်၊ နာမ် သဘော၏ အမှန်တရားများကို ခွဲခြားသိမြင်ပြီး သစ္စာ အလင်းရနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ စိတ်ရည်သန်လျှက်ဖြင့်..
အလင်းဓမ္မ၊ ကိုယ်စီရ၊ အေးမြကြပါစေ။
အလင်းရရန်၊ စိတ်ရည်သန်၊ ကြိုးပမ်းနိုင်ပါစေ။
သာဓုသံသည် ချင်းတွင်ကမ်းယံကို ပဲ့တင်ထပ်စေသည်၊ မြူနှင်းတို့ အကြားမှ နေရောင်သည် လောကကို အလင်းဖြာစေလျှက် လှနေတော့သည်။
Sunday, January 8, 2012
ဘကြီးအောင် ညာတယ်
‘သံယောဇဉ်ဆိုး၊ တရားမျိုး၊ ပယ်ချိုးနိုင်ပါစေ
သံယောဇဉ်ကင်း၊ အမြင်ရှင်း၊ လက်ငင်းချမ်းသာမည်၊
 တောကျောင်းလေးဝန်းကျင်သည် သံယောဇဉ်ကင်းကြောင်း လင်္ကာလေးဖြင့် ညံစီနေသည်၊ ထိုမနက်သည် ဗုဒ္ဓဘာသာရဟန်းတော်များ ၀ါလသီတင်း စတင်ဆိုရသော နေ့ထူးတစ်နေ့ဖြစ်ပါသည်၊ မြန်မာရာသီလရာ များတွင် ဘုရားရှင်၏ သားရဟန်းတော်များ ၀ါ( ၀ါသ) စတင်ဆိုရခြင်းနှင့် ပတ်သက်ပြီး ၀ါဆိုလ၊ ၀ါခေါင်လ၊ သီတင်းကျွတ်လဟု ၀ါ(၀ါသ)နှင့်ပတ်သက်ပြီး သုံးလရှိသည်၊  
သီတင်းဝါလသည် သုံးလနေကြရသည်ဖြစ်သောကြောင့်၊ သုံးလတွင် အလယ် ဖြစ်သော ၀ါလကို ၀ါခေါင်လ၊ မြန်မာစကားတွင် ခေါင်သည် အလယ်ဟူသော အဓိပ္ပာယ်ကို ရစေသည်၊ အိမ်တွင် ခေါင်တိုင်သည် အလယ်က မြင့်မားသော တိုင်ကိုဆိုလိုသည်၊ သီတင်းဝါလကုန်ဆုံးပြီဆိုတော့ သီတင်းကျွတ်လဟုခေါ်ကြသည်၊ ရဟန်း တော်များဝါဆို၊ ၀ါကပ်ခြင်းနှင့် ဆက်စပ်ပြီး ရှေးမြန်မာများ ထိုသို့ ၀ါဆို၊ ၀ါခေါင်၊ သီတင်းကျွတ်ဟု မှည့် ခေါ်ခဲ့ကြသည်၊
ယနေ့ တောကျောင်းလေးတစ်ကျောင်းတွင် ၀ါဆိုရပါပြီ၊ မန္တလေးရွှေမြို့တော် နေရစဉ်ကတော့ ၀ါစဉ် အလိုက် ၀ါဆို၊ ၀ါကပ်ကြရသည်၊ ၀ါတော်ခြောက်ပါဘုရားဟု အသံအောင်သော ‘ဗျတ္တ၊ ပဋိဗလ’ ရဟန်းတော်တစ်ပါးက လျှောက် ထားလိုက်လျှင် သက်တော် ရှစ်ဆယ်ရှိပြီး ၀ါတော်ခြောက်ရရှိတော်မူသော မဟာထေရ်ကြီးတစ်ပါးမှ ‘ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံ ဥပေမိ’ ဟုရွတ်ဆိုတော်မူသည်၊
ထို့နောက် အစဉ်အားဖြင့် နောက်ဆုံး ၀ါသို့ရောက်လာသည်၊ ဘုရားရှင်၏ သား ရဟန်းတော်တစ်ပါး အနေနဲ့ ပထမဆုံးဝါဆိုတော့ ရင်ခုန်မိဖူးသည်၊ သံဃာတော်များ အလည် အရွတ်၊ အဆိုများ မှားသွားလေမလားဟူသော စိတ်မျိုးကြောင့်လား၊ သို့မဟုတ် အော် ငါတော့ ဘုရားရှင် သားတော် ဦးပဇင်း အဖြစ်နဲ့ ၀ါတောင်ဆိုရပါကော ရယ်လို့ ကိုရင်ဘ၀ကို လွမ်းစိတ်ကြောင့်လား မသိ ရင်ခုန်ခဲ့ဖူးသည်ကတော့ အမှန်ပေ၊
အခုတော့ ချင်းတွင်းမြစ်နံဘေးက အိမ်ခြေ ၂၀ ကျော်ကျော်ရှိ ရွာလေး၏ ဦးထိပ်တွင် ဆောက် လုပ်ထားသော တောကျောင်းတွင်ဖြစ်သည်၊ အခုတစ်ကြိမ်ဝါဆိုရပြန်တော့လဲ ရင်ခုန်မိပြန်သည်၊ အော် မိဝေး၊ ဖဝေး၊ ဆရာသမားဝေးတဲ့ တောကျောင်းလေးမှာ တစ်ယောက်တည်း ၀ါဆိုရပြန်ပြီကောရယ်လို့၊
‘ကဲ  ဒကာကြီး၊ ဒကာမကြီးများ အခုန ဦးဇင်းဆိုပြလိုက်တဲ့ မြန်မာလင်္ကာလေးက ဘာပြောတာတုန်းဆိုတော့၊ သံယောဇဉ်ဆိုတာ မကောင်းဘူးလို့ ဆိုလိုပါတယ်၊ အဲလိုမကောင်းတဲ့ သံယောဇဉ်ကို ဖယ်ဖျက်ချိုးနှိမ်ရမယ်၊ သံယောဇဉ်ကင်းသွားရင်၊ အမြင်တွေလဲ ရှင်းသွားပါလိမ့်မယ်လို့ ဆိုလိုတာနော်၊ သံယောဇဉ်က ဆယ်မျိုးတောင် ရှိတယ်၊ ဆယ်မျိုးကို ထားလိုက်တော့၊ 
အဲဒီသံယောဇဉ်ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကိုပြောပြမယ်၊ ဟောဒီ ဦးဇင်းကိုင်ထားတဲ့ ယပ်တောင်နဲ့ စားပွဲပေါ်က ရေခွက်လေးကို ကြိုးချည်လိုက်တယ်ဆိုကြပါစို့၊ အဲလိုချည်ထားပြီး ယပ်တောင်လေးကို ဆွဲလိုက်ရင်၊ ရေခွက်လေး လှုပ်မယ်၊ အဲလိုပဲ ရေခွက်လေးကို မလိုက်ရင် လဲ ယပ်တောင်လေး ပါသွားမယ်၊ ဘာလို့တုန်းဆိုတော့ ယပ်တောင်နဲ့ ရေခွက်အကြား ကြိုချည်ထားလို့ လို့ မှတ်ပါ၊
အဲဒီကြိုးလေးကို သံယောဇဉ်လို့ခေါ်လိုက်ပါ၊ တစ်ခုနဲ့ တစ်ခု ချည်မထားရင်ဘာမှမဖြစ်ပါဘူး၊ သံယောဇဉ် ဆိုတဲ့ ကြိုးက သက်ရှိကိုလဲ ချည်တယ်၊ စွဲတယ်၊ သက်မဲ့ကိုလဲ ချည်နှောင်တတ်၊ စွဲတတ်ပါတယ်၊
ဥပမာပြောပြမယ်၊ အမေရိကန် သမ္မတကြီးကခိုင်းလို့ သူ့စစ်သားတွေက အီရတ်က လူတွေကို သေနတ်နဲ့ ပစ်တာ နေ့တိုင်းသေကြတယ်၊ ထောင်ချီရှိနေပြီ၊ ဟောဦးဇင်းတို့၊ ဒကာကြီး၊ ဒကာမကြီးတို့ မတုန်လှုပ်ဘူး၊ သူတို့နဲ့ ကိုယ်တို့နဲ့ ကကြိုးနဲ့မှ ချည်မထားတာကိုး၊
ကဲ နောက်တစ်ခုကြတော့ မြန်မာပြည်အောင်ပိုင်း ငလျှင်လှုပ်လို့ဆူနာမီထ၊ ရေတွေကြီးပြီးလူတွေသေတော့ နဲနဲ တုန်လှုပ်တယ်၊ ဘာလို့ဆိုတော့ အော် တို့နိုင်ငံသားတွေ ဒုက္ခရောက်နေကြပါလားလို့ သိတဲ့ အသိလေးဆိုတဲ့ ကြိုးချည်ထားလိုက်လို့ပါ၊
ကိုင်း အခုနေများ ခန္တီးမြို့ပေါ်က ကိုယ်နဲ့ သိတဲ့လူတစ်ယောက် ဆုံးသွားတယ်ဆိုကြပါစို့၊ အော် သူကတော့ ငါနဲ့ အတော်ရင်းနှီးတယ်၊ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်ပါလားလို့ သိပြီး တွေးတွေးပြီး တုန်လှုပ်တယ်၊ နေမထိ ထိုင် မသာတောင်ဖြစ်ကြမယ်၊
အဲ.. ကိုယ်မိသားစုထဲက တစ်ယောက်လောက်ဆုံးလိုက်ရင် ငိုရပြီကော၊ ပူဆွေးရပြီကော၊ ဘာလို့ဆိုတော့ ကိုယ်နဲ့ သူနဲ့အကြားမှာရှိတဲ့ ကြိုးကို ဆောင့်ဆွဲလိုက်သလိုဖြစ်တာ၊ အဲဒါ သက်ရှိပေါ်မှာ စွဲတဲ့ အစွဲ၊
သက်မဲ့အရာဝတ္တု အပေါ်စွဲတာပြောရရင်၊ ဒကာကြီးတို့၊ ဒကာမကြီးတို့ ကြားဖူးကြပါလိမ့်ယ်၊ ဘကြီးအောင် ညာ တယ်ဆိုတာလေ၊ ကြားဖူးကြတယ်နော်၊ အဲ. အဲဒီဇာတ်လမ်းထဲမှာဘုန်းကြီးကျောင်းသားလေး
မောင်ချစ် ရယ်၊ ပန်းပုထုတဲ့ ရွာလည်က ဦးအောင်ချိမ့်ရယ်၊ ပြီးတော့ မင်းသမီး အရုပ်လေးရယ်ပေါ့၊
မောင်ချစ်က နေ့စဉ် ပန်းပုဆရာကြီးဦးအောင် အိမ်ရှေ့ကနေကျောင်းကို ဖြတ်ဖြတ်ပြီး သွားရပါတယ်၊ တစ်နေ့ ကျတော့ ဦးအောင်က သစ်သားလေးတစ်ခုကို ပန်းပုစတင်ပြီး ထုတယ်ပေါ့၊ မောင်ချစ်ကမေးတယ်၊ မင်းသမီး အရုပ်ကလေးထုမယ်လို့ ပြောလိုက်တယ် ဘကြီးအောင်က၊ နှစ်ရက်လောက်နေတော့ မင်းသမီးပုံလေးက လှလာတယ်၊ မောင်ချစ်က လိုချင်တယ်၊
အဲဒါနဲ့ရောင်မလားမေးလိုက်တာ၊ ရောင်းမယ်တဲ့၊ ဘယ်လောက်လဲမေးတော့ တစ်ကျပ်တဲ့၊ တစ်ကျပ် နဲ့ ရောင်းမှာဆိုတော့ မောင်ချစ်ခများ တစ်နေ့ တစ်နေ့ရတဲ့ မုန့်ဖိုးလေးကိုစုထားတာ၊ မစားရက် မသောက်ရက် ပေါ့၊ အငတ်ခံပြီးစုရတာပါ၊  
တစ်ကျပ်ပြည့်လုလုမှာ ဘကြီးအောင်က မင်းသမီးရုပ်ကလေးကို မြို့ပိုင်းမင်း ကို ရောင်း လိုက်ပါ တယ်၊ မောင်ချစ်ခများ ဘယ်လိုပြောရမှန်းမသိဘူးဖြစ်သွားတယ်၊ မြို့ပိုင်မင်းဆီကနေ လုရအောင်လဲ မြို့ပိုင်း မင်းမှာက သေနတ်ကြီးနဲ့ဆိုတော့ မလုရဲဘူးပေါ့၊ 
ဒီလိုနဲ့ အိမ်ပြန်လာပြီး၊ ထမင်းလဲ မစားဘူး၊ ကျောင်းလဲမသွားတော့ဘူး၊ ဘာမှလဲမေးလို့မရတော့ဘူး၊ ဒီလိုနဲ့မောင်ချစ်လေး ဆုံးသွားပါတယ်၊ မောင်ချစ်ဆုံးတယ်ကြားကြတော့ လာမေးကြတဲ့ အထဲမှာ ပန်းပု ဆရာကြီး ဦးအောင်ချိမ့်လဲပါလာပါတယ်၊ မောင်ချစ်အမေကို မေးပါတယ်၊
မောင်ချစ်လေး ဟိုနေ့ကတောင် ငါနဲ့စကားပြောလိုက်သေးတယ်၊ ဘယ်လိုဖြစ်တာတုန်းမေးတာပေါ့၊ ဒီတော့မှသူ့ အမေက ဘကြီးအောင်ရယ် ကျုပ်သားလေး မသေခင်ပြောတာကတော့ ဘကြီးအောင်ညာ တယ်ပဲ ပြောပါတယ် ဘကြီးအောင်ရယ်တဲ့၊
ကဲ… သဘောပေါက်ပြီထင်တယ်၊ မောင်ချစ်လေး ဘာလို့ သေတာတုန်းမေးရင် လိုချင်တာ မရလိုက်လို့၊ ဘယ်လောက်လိုချင်နေတုန်းမေးရင် သံယောဇဉ်ဖြစ်ပြီး လိုချင်တောပေါ့၊ သံယောဇဉ်ဆိုတဲ့ကြိုးက သက်ရှိကို လဲ ချည်တယ်၊ သက်မဲ့ကိုချည်တယ်၊ ဒါကြောင့် သံယောဇဉ်မထားနဲ့လို သူတော်ကောင်းတွေက မိန့်ခဲ့ကြတာပေါ့၊ ပြောခဲ့ကြတာပေါ့၊
လူ့လောက၊ လူ့ဘ၀ထဲရောက်လာတာ ကံပေးလို့ပါလား၊ ကံပေးလို့ရ၊ ကံကြုံလို့ ဆုံကြရတဲ့ အဖြစ်တွေလို့ သိလိုက်ရင် သက်သာပါတယ်၊ ကိုယ့်ဘ၀ကို သက်သာအောင်နေတတ်ရမယ်၊ နောက်ဆုံး သံယောဇဉ်တွေ မရှိတော့တဲ့ ကြိုးတွေကင်းတဲ့ အငြိမ်းဓာတ်ကို ရအောင်အားထုတ်နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိရမယ်၊ ကျင့်ရမယ်ပေါ့၊
လာတုန်းကလဲ တစ်ယောက်တည်းနော်၊
လက်တွဲခေါ်ကာ ဖော်မပါဘူး၊
ဥစ္စာချည်းနှည်း၊ ကိုယ်ထည်းတည်း၊
ပြန်သွားတော့လဲ တစ်ယောက်တည်းနော်၊
လက်တွဲခေါ်ကာဖော်မပါဘူး၊
ဥစ္စာချည်းနှည်းကိုယ်ထည်းတည်း၊
လာပြီးတော့နား၊ မသွားသေးခင်၊
ချိန်လေးတွင်မှ၊ ၀န်းကျင်ယှက်နွှယ်၊
နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ် မဲ့ငို၊
ချစ်မုန်းပိုကြ၊ မလိုဒေါသ၊
လိုလောဘဖြင့်၊ ဘ၀ဇာတ်ခုံ၊
ကကြိုးစုံခဲ့၊ ကံကုန်မိုးချုပ်၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့လျှင်ဧည့်တို့ပါတကားလို့။
တောကျောင်းလေးဝန်းကျင်သည် သာဓုသံဖြင့် လှိုင်နေသည်၊ ၀ါဆိုမိုးဦးတို့လဲ ပြိုတော့ မယောင် ဟန်ဆောင်လျှက် တိမ်ကွန်ယက်ဖွဲ့နေသည်၊ လျှပ်ပန်း ဇာချည်တို့က တောင်ရိုးပေါ်တွင် ကခုန်နေသည်၊ တရားပွဲပြီးဆုံးသဖြင့်သတ္တ၀ါ အနန္တတို့အား ကြေးစည်ရိုက် အမျှဝေလိုက်သံသည် တောထပ်ထပ်၊
တောင် အသွယ်သွယ်မှသည် ချင်းတွင်းမြစ်ရိုးတစ်လျှောက် စုန်ဆန်နေတော့သယောင်...။
 .................................................................................................................................
မှတ်ချက်၊ အထက်ပါတရားတော်ကို လွန်ခဲ့သော ငါးနှစ်ခန့်က နာဂတောင်တန်း ပဒူးမုန်းနာဂ ရွာလေးတွင်ဟောပြောခဲ့ခြင်းဖြစ်သည်။
Saturday, January 7, 2012
တွန်းပို့လိုက်သလို
‘ကိုရင် မင်းစဉ်းစားပါဦးကွာ’၊
စာသင်တိုက် တစ်တိုက်တွင်ဖြစ်သည်၊ ကိုရင်ကြီးတစ်ပါး နာယကဆရာတော်ကြီး၏ရှေ့တွင် ရို့ရို့လေး ထိုင်နေ သည်၊
‘ဘာလို့ မင်းက လူဝတ်လဲချင်ရတာလဲ၊ အကြောင်းတော့ရှိမယ်၊ ငါ့ကို ပြောစမ်းပါဦး’၊
‘တို့ဘုရားရှင်များလက်ထက်တုန်းကတော့ ရဟန်းတော်များ လူဝတ်လဲခြင်းကိစ္စများ အများအားဖြင့်ကြုံရ တာကတော့ မင်းလဲ အသိဖြစ်ပြီးပါပြီး၊ မာတုဂါမနဲ့ တွေ့ရ၊ မြင်ရ လို့စိတ်ဖောက်ပြန်တတ်တဲ့ အဖြစ်မျိုးများ ပါတယ်၊ မင်းလဲအဲလိုထင်တာပဲ၊ ဘယ်နဲ့ ဟုတ်ရဲ့လားဟဲ့၊ ကိုရင်ကြီး’၊
‘မှန်ပါ’၊ အသံထွက်သည်ဆိုရုံလေးဖြေသည်၊
‘အေးပေါ့၊ ကိုရင် တို့က လူဝတ်မလဲရဘူး၊ လူမထွက်ရဘူးတော့ မပြောလိုပါဘူး၊ သို့သော် လမ်းမှား ကို တွေးမိ နေရင်တော့ တို့က လမ်းမှန်ရောက်အောင် ပြုပြင်ပေးရအောင်လို့ပါ’၊
‘မင်းစဉ်းစားကြည့်စမ်းပါ၊ တို့ဘုရား က ရဟန်းဘ၀ကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံးမှာ ကိုးဘ၀ ပဲရရှိခဲ့တယ်၊ ရှိပါတယ်၊ လင်္ကာလေး၊ မင်းလဲရမှာပေါ’့၊
“ရသေ့ငါးခါ၊ ရဟန်းမှာကိုး၊
လူမျိုးငါးပါး၊ နှစ်နဂါးတည်း၊
သိကြား ဘီလူး၊ ခြင်္သေ့ထူးစွ၊
တစ်စီပ၊ ဘ၀နှစ်ဆယ်လေး၊ ဆိုတာလေ”၊
ရဟန်းဘ၀နဲ့ တို့ဘုရားကိုးဘ၀ရရှိခဲ့တယ်၊
အခုမင်းက လူဝတ်လဲချင်တယ်လို့ ငါ့ကိုလျှောက်တယ်၊ ကဲ..မင်းကိုငါပြောပြပါဦးမယ်၊
မင်းအခု စွဲလမ်းနေတဲ့ မာတုဂါမလေးကို မျက်စိထဲမြင်ကြည့်ပြီး၊ ဝေဖန်ကြည့်စမ်း၊
ဒီလိုကွာ၊ နှုတ်ခမ်းနီဆိုးထားလို့ လှနေတာ၊ ကဲ အဲဒီနှုတ်ခမ်းနီကို ဖယ်ကြည့်စမ်း၊
နံ့သာတင်ထားလို့ လှနေတယ်ထင်တာ၊ အဲဒီနံ့သာဖယ်ကြည့်စမ်း၊ လှသေးလား၊
‘မှန်ပါ’၊ မလှတော့ပါဘုရား’၊
'အေးပေါ့’၊
နာယကဆရာတော်ကြီး ကိုရင်ကြီးတော့၊ လူဝတ်လဲချင်တဲ့ စိတ်ပျက်ကရောဆိုတဲ့အနေနဲ့၊
ဆံကေသာနက်မှောင်နေတာက ဆီနဲ့လူးထားလို့၊ မလူးပဲထားကြည့်ပါလား၊ မလှတော့သလို၊ အနံ့ကအစ မကောင်းတော့ဘူးဗျ၊
‘မှန်ပါ’၊
‘ကဲ နောက်ဆုံးမင်းတို့လှတယ်လိုထင်နေတဲ့၊ ခန္ဓာကိုယ်ကို ဆင်ထားတဲ့ အ၀တ်၊ တန်ဆာ၊ ပိုးဖဲ၊ ကတ္တီပါတွေ ဖယ်ကြည့်လိုက်စမ်းကွာ’၊
ဤတွင် ကိုရင်ကြီးဆီမှ
'အောင်မလေး၊ ဆရာတော်ပြောမှပိုပြီး မြင်လာပါပြီဘုရား'၊
ငိုကြီးချက်မဖြင့် လျှောက်လေတော့သည်။
'သုကရံ သာဓုနာ သာဓုံ၊ သာဓုံ ပါပေန ဒုက္ကရံ'။
သူတော်ကောင်းသည် ကောင်းမှုကို လွယ်ကူစွာပြုသည်၊ 
မသူတော်သည် ကောင်းမှုကို ပြုလုပ်ရန်ခက်ခဲသည်။
Our Ayeyawady
If you look at a map of Myanmar, you will see the two great things: Ayeyawady River and Chinndwin River. The first one is more influence then latter one. When we mention the history of Myanmar, we need the first place for the first one, which is Ayeyawady, than whatever.
This first one has long history and its glory is forever to Myanmar people from her started time and to the present days. She had said that her love is forever and had stood alongside Myanmar people. We can understand our glory, history, myths, religion, land, town, villages, and notion of our thoughts and habits by understanding my first one, Ayeyawady. 
Here you and I precisely need to look at Ayeyawady as our mother. We had and still have our Ayeyawady civilization, the culture of art in valley of Ayeyawady. Tagaung city is situated at the eastern bank of river, Ayeyawady. We proud of it, that what we have is our river, mother. Our ancestors had found this kingdom, takaung on her land as if her hand. Before the Buddha, sakyan people migrated to the area of Ayeyawdy, and then they settled down there and built a grand city they named it takaung where later known as the cradle of Myanmar culture, a dynasty of Myanmar later they sail along the river which is Ayeyawady.
At that time, it come into my mind, the water may be  pretty cool, both side of river have the snow, a sound of birds goes like the water fall than we have  seen it ,nowadays, Because they sailed their first trip. Every situation gives them an interesting and they were welcomed with beautiful wavelets. they were carrying away putting them on her back. That scenery was vivid and clear.
Here I would like to mention our first kingdom as it is mentioned in ‘the glass palace of chronicle’ it goes like that’
“Takaung was known as Thanthanapura in the time of Kakusandha the Buddha, as Ratthapura in the time of konagamana the Buddha, as thintwe in the time of Kassapa the Buddha, and as Takaung in the time of our Buddha Gotama. Abhiraja the Sakya Sakiyan was its first ruler”.
 (The glass palace chronicle of the kings of Myanmar. P. 1 by Pe Maung Tin and G.H. luce).
‘Wow’ when we look at this point, we have had a very long history of our land as contemporary of Indian culture. According to that event, we had, I dare say, stood up on ourselves and on own feet from the very ancient time. 
Later the great city has come out as a result of their sailing though alongside the Ayeyawady.  Above city was also situated eastern bank of the river. The city’s glory was spread in all places of the country. The birth place of the teaching of elder monks (Theravada) in Buddha’s Order is in that city. “If someone has not been that city, he real is not Myanmar”, said that by people, as the saying.
That city was full of pagodas, and gives cool and colorful radiation to all directions in Southeast Asia. Everybody knows the name of city that is pagan which second city of upper Myanmar.
 King Aniruddha (Anoyathar) was the most powerful one in Arimaddhanapura, victory city. Later it was change as pagan which means a village of Pyu- the ancient tribe in Myanmar. First our kingdom was built in the bank of Ayeyawady and the heart city was known as pagan also built in bank of Ayeyawady. The last one, ok, here I want to say is Mandalay- gems city. Mandalay where there last two kings ruled the father and his son. Father was record as the great benefiter of Buddha’s teachings. He, the king of gems city, supported monks to collect Buddha’s teachings and made the fifth Buddha’s synod which was most excellence than what had done by others kings in the history.
Ajatasathu who was second king and made first Buddha’s synod, after three months demised of the Buddha- got into Nibbana, in Rajagaha, now it was known as Patna in India.  In Myanmar the king Mindon was last one who made Buddha’s fifth synod, as the remark of 2400th of Buddha’s Parinibbana, in Mandalay. This last kingdom, gems city was also situated in the eastern bank of Ayerawady River. 
Ayeyawady, our mother knows the initial, the middle and the last of our historical events, the golden ages and the wooden ages, ups and downs of life.
‘Ask, if it has doubts, ask it’
If any doubts come into your thoughts,
you do ask river our mother she taught.
A history and the glory to flee our doubts.
Splendid her dynasty to see about.
For embrace our grace what she’d sought,
And forever, forever.. She’ll give a new fought,
For future with struggle- real struggle thoughts. 
Thursday, January 5, 2012
နဋရာဇာ ဘုရားကျောင်း
အိန္ဒိယနိုင်ငံကြီးတွင် သမိုင်းအစဉ်အလာကြီးမားပြီး အာရှတိုက်ရှိလူမျိုးများကို တစ်နည်းနည်းဖြင့် လွှမ်း မိုးနိုင် သော ဇာတ်လမ်းကြီးရှိသည်၊ လူမည်း တမီးလ်များနှင့် အာရယန်လူဖြူတို့၏ တိုက်ပွဲကို အခြေပြု ထားသောရာမာယဏဇာတ်လမ်းကြီးပင်ဖြစ်သည်၊ ထိုထဲကတမီးလ်လူမျိုးများသည် အိန္ဒိယနိုင်ငံ တောင်ပိုင်း တွင် အခြေချနေထိုင်ကြသည်၊
တမီးလ်နာဒူးပြည်နယ်သည် တမီးလ် လူမျိုးများ၏ ယဉ်ကျေးမှုစတင်ရာ( the cradle of Dravidian culture) ဖြစ်သည်၊  တမီးနာဒူးပြည်နယ်သည် ၁၃၀,၀၅၈ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ခရိုင်၃၂ဖြင့် ဖွဲ့စည်းထား သည်၊
Cuddalore ခရိုင်လဲ တစ်ခု အပါအ၀င်ဖြစ်သည်၊ ချီဒမ်းပဒမ်း ( chidambaram)မြို့ လေးသည် Cuddalore ခရိုင်တွင်တည်ရှိပြီး ရာသီဥတုသာယာသည်၊  မြို့လေး၏ အလည်တွင် နဋရာဇ ဘုရားကျောင်း ရှိသည်၊ လေးထောင့်ကျကျတည်ဆောက်ထားပြီး ကြီးမားခိုင်းခန့်သည်၊ အ၀င်မုခ်ဦးကြီးများ သည် ခန့်ထည်ပြီး အလည်က ဘုရားကျောင်းကို လေးဖက်လေးတန်က ၀ိုင်းရံထားသည်၊ ချီဒမ်းပဒမ်းမြို့လေး တွင်ဘယ်နေရာက ကြည့်ကြည့် နဋရာဇ ဘုရားကျောင်းကို အထင်သားမြင်နိုင်သည်၊ 
 Nataraja temple, chidambaram city, india
ဘုရားကျောင်း အတွင်းက သူတို့နတ်ဘုရားသည် လက်လေးချောင်းကို တစ်မျိုးစီ ကနေဟန်ဖြစ်စေ လျှက်၊ ခြေထောက်ဖြင့် သတ္တ၀ါတစ်ကောင်ကို နင်းထားဟန်ဖြစ်သည်၊ ဤရုပ်တုကိုနေရာတိုင်းတွင် အသုံးပြုကြသည်၊ မြေဓာတ်( earth element)၊ ရေဓာတ် ( water element)၊ လေဓာတ် ( air element)၊ မီးဓာတ် (fire element)၊ တို့အပြင် နဋရာဇရုပ်တုက အာကာသဓာတ်(cosmic) ကိုကိုယ်စားပြုသည် ဆိုပါသည်၊ ဟိန္ဒူဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ ဗဟိုချက်မအဖြစ် တင်စား၊ ယုံကြည်ကြသည်၊
သီဝနတ်ဘုရားကိုယ်စားတော်ဟု ဆိုကြသည်၊ nataraja ( နဋရာဇ) ကို the lord of dance ဟုပြောပြသည်၊ အကနတ်ဘုရားဟုဆိုလိုနိုင်သည်၊ ပါဠိနီးစပ်သော ပုဒ်ပင်ဖြစ်ပါသည်၊ ချီဒမ်းပဒမ်းမြို့လေးသို့ရောက်လျှင် နဋရာဇဘုရားကျောင်း ရောက်ပြီးပြီလား မေးကြသည်၊ ဘုရားကျောင်းသည် မြို့လေး၏ အလည်တွင် တည်နေ သည်ကား တစ်ကြောင်း၊ ကြီးမားခန့်ထည်ကသည်က တစ်ကြောင်း၊ ဘာသာရေးဆိုင်ရာ အမြတ်တနိုးထားကြ၊ယုံကြည့်ကြသည်ကတစ်ကြောင်းစသည့် အကြောင်းများကြောင့် မေးကြခြင်းပင်ဖြစ် သည်၊ 
 နဋရာဇာ ရုပ်တု( The Lord of Dance )
၂၀၁၁ရဲ့နောက်နေ့ရက်နေ့( ၃၁၊ ၁၂၊ ၂၀၁၁) တွင် သီရီလင်္ကာနိုင်ငံမှ အလည်ရောက်လာကြသော မိတ်ဆွေ ရဟန်းတော်နှစ်ပါးအတူ နဋရာဇဘုရားကျောင်းသို့သွားရောက်လေ့လာကြသည်၊ 
ပြောစရာတစ်ခုရှိသည်မှာ တမီးလ်ပြည်နယ်သားများသည် သီရီလင်္ကာနိုင်ငံနှင့် ရှည်ကြာသော စစ်ပွဲ မှတ်တမ်း များရှိသည်၊ သူတို့နှစ်နိုင်ငံ အကြားက စစ်ပွဲသမိုင်းသည် နှစ်ပေါင်းထောင် ချီပြီးကြာမြင့်ခဲ့ပြီဟု ဆိုနိုင်သည်၊ သီရီလင်္ကာနိုင်ငံ သမိုင်းမှတ်တမ်း များတွင် တွေ့နိုင်သည်၊
၂၀၁၀တွင် လက်ရှိ သီရိလင်္ကာနိုင်ငံသားကြီး မဟင်ဒါရာဇာက တမီးလ်စစ်ကို အနိုင်တိုက်ပြီးအောင်ပွဲဆင် လိုက်နိုင်သည်၊ လံကာကျွန်းတွင် မဟင်ဒါသည် ရာဇ၀င်တွင်ခဲ့ပြီ အောင်နိုင်သူကြီးအဖြစ်၊ သို့သော် တမီးလ် သားများသည် သူ့ကိုသက်သတ်လွတ် လူသတ်သမားကြီးဟု ခေါ်ကြသည်၊ အကြောင်းမှာ မဟင်ဒါသည် သက်သတ်လွတ်စားသည်ဟုဆိုကြသည်၊ သက်သတ်လွတ်ကိစ္စသည်လဲ အိန္ဒိယနိုင်ငံတွင်ကြီးမားသော ကိစ္စတစ်ခုဖြစ်သည်၊၊
ထားတော့သူတို့ ရဲ့တစ်ဖက်စီခံစားချက်ကို၊ မိတ်ဆွေများနဲ့အတူ နဋရာဇဘုရားကျောင်းထဲရောက်ပြီ၊
Which is your country?
Are you from sri lanka?
မေးကြသည်၊ ကြည့်လိုက်တော့ ဒေါသအရိပ်သန်းနေသော လူငယ်များဖြစ်သည်၊ သိလိုက်ပါပြီ၊ 
အဖြေကိုလဲမြန်မြန်ဆန်ဆန်ပင်ပြောလိုက်ရသည်၊
No…no. we are from Burma.
မြန်မာဟုပြောလျှင် မသိနိုင်သောကြောင့် ဘာမားဟုခပ်မြန်ပြန်ဖြေလိုက်ရသည်၊
အတူပါလာသော မိတ်ဆွေက သီရိလင်္ကာနိုင်ငံ အမှတ်အသားပါသော လွယ်အိပ်ကိုလွယ်ထားသောသော
ကြောင့်ဖြစ်သည်၊ ဤသို့ဖြေလိုက်သည်ကိုပင် သဘောကျဟန်သိပ်မရှိလှ ထင်ရသည်၊ လူငယ် တစ်ယောက်စ၊ နှစ်ယောက်က ဂျိုကြည့်ကြည့်ကြသည်၊ အနိုင်ရတဲ့စစ်၊ ရှုံးတဲ့စစ်၊ ဘယ်စစ်မှ မကောင်းပါ၊ ရင်ထိတ်လိုက်တာ သူတို့ကိုကြည့်ရတာ၊
ထိုစဉ် အင်္ဂလိပ်စကားကျွမ်းကျွမ်းကျင်ကျင်ဖြင့် လူတစ်ယောက်ရောက်လာသည်၊ ပါမောက္ခတစ်ဦး ပင်ဖြစ် ကြောင်း မိတ်ဆက်သည်၊ သဘောကောင်းလှသည်၊ သူ့ကိုယ်ပိုင်လုပ်ငန်းများကို ခဏထားပြီး ဘုရားကျောင်း အတွင်းသို့ လိုက်ပို့ပြသသည်၊ ထိုသူမပါလျှင်လဲ တစ်ချို့နေရာများကို ၀င်ရောက်ခွင့် ရမည်မဟုတ်ပါ၊
ဥပမာ အတွင်းပိုင်းအကျဆုံးတစ်နေရာ ထိုနေရာသည် နဋရာဇနတ်ဘုရားရုပ်တု အစစ်ထားရှိ ရာနေရာဖြစ်သည်၊ အစောင့်အကြပ်များလှသည်၊ အစောင့်အကြပ်အားလုံးနီးပါးသည် အပေါ်ပိုင်းတွင် အ၀တ် ၀တ်မထားသော ယောင်္ကျားသားများဖြစ်ကြသည်၊ထိုအဆောင်ထဲသို့ဝင်လျှင် လူတိုင်းထိုကဲ့သို့ပြုလုပ်ရ သည်၊ သူတို့က half- naked ဟုခေါ်ကြသည်၊ 
နဋရာဇာ ဘုရားကျောင်းရောက် စာရေးသူ၊ မိတ်ဆွေရဟန်းတော်နှင့်အတူ ပါမောက္ခ၊ 
ပါမောက္ခက သူမပါလျှင် ထိုအခွင့်အရေးမျိုးရနိုင်မည်မဟုတ်ပါ၊ ထို့ကြောင့်သူနဲ့ အတူလိုက်ပါဝင်ရန်ပြော ပါသည်၊ နောက်ဆုံးတော့ သင်္ကန်းချွတ်၊ အံသကိုက်ချွတ်ပြီး သူနဲ့အတူ လိုက်ဝင်ရသည်၊ အတွင်းတွင် ပန်းအနံ့ များအီနေသည်၊ မီးခိုးများလုံးနေသည်၊ ဆီများဖြင့် ချောနေသည်၊ အလင်းရောင် လဲကောင်းကောင်း မရပါ၊ မိန်း၊ ယောင်္ကျား၊ ကလေး၊ လူရွယ်အားလုံးဝင်ကြသည်၊ အမျိုးသမီးများဖို့မူ လုံလုံခြုံခြုံအ၀တ် အစားဖြင့် ၀င်ခွင့်ပြုသည်၊ တော်ပါသေးသည်၊ ပါမောက္ခမှနေရာ အစုံလိုက်ပြီး ရှင်းပြသည်၊
ညနေခင်းနေရောင်ပျောက်လုလုတွင် နဋရာဇာဘုရားကျောင်းမှ ထွက်ခဲ့ကြသည်၊ ပါမောက္ခသည် လိုက် လံ ပြသရုံသာမက အပြန်တွင် လမ်းဘေးဆိုင် တစ်ဆိုင်မှ အိန္ဒိယရိုးရာ( ကျရေ) လဘက်ရည် ဒါနပြု လိုက်သေးသည်၊ ကုလားပြည်တွင် ဤလိုလူမျိုးရှိသေးသည်ကိုလဲ အံ့သြ၀မ်းသာနေမိသည်၊
နဋရာဇာ ဘုရားကျောင်းကြီးသည် ညနေခင်းနေရောင်တွင် ထီးထီးမားမားကြီးကောင်းကင်သို့ ထိုးတက် လျှက်၊ ဟိန္ဒူလူမျိုးများ၏ ပူဇော်တေးဖွဲ့သံနှင့် စည်းဝါးသံတို့သည် ဘုရားကျောင်းဝန်းကျင်တွင် တုန်ဟီး ရစ်ဝဲနေတော့ သည်။