Pages

Saturday, March 17, 2012

လောကထဲက အသိနဲ့ အရှိ



လောကတွင် လူအဖြစ်ရသော် လူများကြုံတွေ့ရမည့် သဘောများမလွဲ မသွေတွေ့ကြုံရမည်သာဖြစ် သည်၊ လူသားစင်စစ်မှ ဘုရားဖြစ်လာသော ဗုဒ္ဓဘုရားရှင်က လူတိုင်းတွေ့ကြုံရမည့် သဘော တရား များ ကို ဟောပြ လမ်းညွန်ထားသည်၊ ဗုဒ္ဓကိုယ်တော်တိုင်လဲ တွေ့ကြုံခဲ့ရသည်၊ ဘ၀ အသင်္ချေ အတွေ့ အကြုံ များဖြင့်   ပြန်လည်ဟောပြသော အခါတစ်ဘ၀ အမြင်ဖြင့်ဟောကြားထက် ပိုမိုပြည့်စုံသည်၊ ဗုဒ္ဓ တရားတော် များသည် လူသားနှင့် အနီးဆုံးဖြစ်သည်ဟု ဘာသာဝါဒကို လေ့လာဆန်းစစ် သူများ က ကောက်ချက် ချကြသည်၊

သောက ဒုက္ခများနှင့် ရင်ဆိုင်လာရသော အခါတုန်လှုပ်တတ်ခြင်းသည် တုန်လှုပ်တတ်သော သဘော ရှိသေးသော အမြင်မျိုး ရှိနေခြင်းကြောင့်ဖြစ်သည်၊ လိုခြင်မှုကြောင့် တုန်လှုပ်ရသည်၊ ပေးလိုက် ရခြင်း ကြောင့်လည်း တုန်လှုပ်ရပြန်သည်၊ တုန်လှုပ်ရုံသက်သက်မျှမက တော့ပဲ စိတ်တင် အစွဲထား လိုက် သောအခါ ထိုအစွဲဆွဲအားများကြောင့် ဘ၀အလှ၊ ဘ၀ရသများ ပျက်ပျယ်ရပြန်သည်၊ တနုံ့နုံ့ခံစား သည်၊

ဆင်းရဲပါသည်ဆိုသော သောကသဘောကို စေ့စေစပ်စပ် ရှုပြီးခံစားသည်၊ တုန်တုန်လှုပ်လှုပ်ခံစားခြင်း မျိုးဖြစ်သည်၊ ဗုဒ္ဓလမ်းညွှန်သည့် အရှိအတိုင်းသိရှိသော သဘောမျိုးပါသည့် ဒုက္ခသစ္စာကို ရှုခြင်းမျိုး မဟုတ် ပါ၊ ငါ့မှဖြစ်ရလေခြင်း၊ သူ့ကြောင့်ငါ ဖြစ်ရလေခြင်း ဆိုသော..သူနှင့် ငါ၏..အကြားရှိ ဆင်းရဲခြင်း သဘောကို ရှုခြင်းဖြစ်သည်၊ 
ရလာဘ်မှာကား ငါမှားတယ်၊ သူမှားတယ်ဆိုသော ကောက်ချက်မျိုး ထွက် တတ်သည်၊ သူနဲ့ ငါအလုပ် ရှုပ်နေခြင်းသည် လောကီ သဘောဖြစ်သည်၊

သူကြောင့်ဖြစ်တယ်ဆိုရင် လုံးဝမမှန်ဘူး၊ ငါကြောင့်ဖြစ်တယ်ဆိုရင် နည်းနည်းမှန်သေးတယ်၊ သူရယ်၊ ငါရယ်ကြောင့်မဟုတ်ပါဘူး၊ ဖြစ်တတ်တဲ့သဘောမို့ဖြစ်တာလို့ တွေးရင် တော်တော်မှန်ပါတယ်တဲ့၊

လောကရှိသူငါ အားလုံးလူဟူသမျှများသည် ဥစ္စာစည်းစိမ်မရှိခြင်းဆင်းရဲ( အလာဘ)၊ အခြံအရံမရှိခြင်း ဆင်း ရဲ( အယသ) ကဲ့ရဲ့ရှုတ်ချခြင်းဆင်းရဲ (နိန္ဒ) ကိုယ်စိတ်ဆင်းရဲခြင်း( ဒုက္ခ)တို့ကို သာ ဆင်းရဲမှတ် ထင်သည်၊

ထိုဆင်းရဲခြင်းကိုတော်လှန်ဖို့ အတွက်ဥစ္စာ စည်းစိမ်မရှိသဖြင့် ရှိအောင်လုပ်ရသည်၊ မိတ်ဆွေအသိုင်း အ၀ိုင်းရလာအောင်ကြိုးပမ်းရသည်၊ ကဲ့ရဲ့ရှုတ်ချခြင်းမခံရအောင်ကိုယ်ကျင့်တရားထိန်းသိမ်းရသည်၊
တတ်နိုင်သလောက် ကိုယ်စိတ်ဆင်းရဲကို ပယ်ဖျောက်ရသည်၊ မှန်မှန်ကန်ကန်အသုံးချတတ် လျှင် လောကဓံ ဆင်းရဲခြင်းလေးပါးက မိတ်ဆွေများ သဖွယ်ထောက်ပံ့ကူညီတတ်သည်၊ ဘ၀တက်လမ်း အတွက် လှေကား ထစ်များ ဖြစ်သည်၊

ဥစ္စာကလဲပေါ( လာဘ) အခြံ အရံကလဲ ပြည့်စုံ( ယသ) ချီးမွမ်းမှုလဲခံရ( ပသံသ) လာဘ၊ ယသ၊ ပသံသ ဆိုသော ထိုသုံးပါးဖြင့်လောကီဘုံဓလေ့ ထုံမွေ့နေသော သူအတွက် လောကီချမ်းသာဆိုနိုင် သော သုခများ မလွဲမသွေရရှိမည်သာဖြစ်သည်၊ 

“ငါ..ချမ်းသာတယ်၊ ငါ့မှာ အခြံအရရှိတယ်၊ လောက အလယ်ဂုဏ်တင့်တယ်တယ်” ဆိုပြီး ရရှိလာသော ချမ်းသာမှုလေးကို တရားလွန်ခံစားလိုက်လျှင်၊ ဘ၀ ကို ခပ်ဖော့ဖော့လေးလိုက်ပြီး မျှောလိုက်လျှင် လာဘ၊ ယသ၊ ပသံသတို့သည် ပြောင်းပြန်ဖြစ်လာ တတ်သည်၊

ထိုသို့ လာဘ၊ ယသ၊ ပသံသတို့ကင်းပြီးဆင်းရဲခြင်းများနှင့် လုံးထွေးကာ နောက်ဆုံးတောင်းစားရ သည့် ဘ၀ရောက်လျှက်တောင်မှ “နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေ သည်၊ ကောင်သေဠင်းကျ၏တည်း” ဖြစ်နိုင်သည်၊

ထိုအခါကျမှ ဆင်းရဲလေခြင်းဟုတွေးမိပေမည်၊ ချမ်းသာခြင်း၊ အခြံအရံပြည့်စုံခြင်း၊ ချီးမွမ်းပြော ဆိုခံရခြင်း၊ ထိုအရာများဖြင့် နေသာထိုင်သာရှိနေခြင်းကိုလည်း မြတ်ဗုဒ္ဓက လောကဓံဟု ဟောပြောခဲ့ သည်ကိုထိုသူ မသိခဲ့၍သာ ဖြစ်သည်၊

ကြားရတတ်ပါသည်၊ “ဒီလူတို့နဲ့ အတူတူ ဘ၀ အခြေတည်ကာစက လူတော်လူကောင်းတစ်ယောက်ပါ၊ 
အခုလိုချမ်းသာသွားမှ ပဲသူ့ရဲ့ကိုယ်ကျင့် သိက္ခာကလူများအကြားပြောစရာဖြစ်လာတယ်တဲ့”ချမ်းသာခြင်း
လောကဓံကိုမခံနိုင်ခြင်းဖြစ်သည်၊

ငယ်ငယ်ကတည်းကပြည့်စုံစွာနေထိုင်လာသော လူငယ်တစ်ယောက်သည် ဘ၀လောကဓံပြည့်စုံနေသော ဆရာကြီးတစ်ဦးထံရောက်သွားသည်၊ ပြီးတော့ ဘ၀အတွေ့ အကြုံများဖြင့် စာရေးချင်သည်ပြောလာသည်၊

ဤတွင်ဘ၀လောကဓံပြည့်စုံနေသော ဆရာကြီးက “မင်း အိမ်ကနေထွက်ပြေး ကွာ”တဲ့ ပြောလိုက်တဲ့ စကား၊ ချမ်းသာခြင်း သက်သက်သိနေရုံဖြင့် အကောင်းချည်းမရနိုင်။ ဆင်းရဲခြင်းသည်လည်း လိုအပ်နေသေး လျှက်ရှိကြောင်းပြောလိုက်ခြင်းပင်ဖြစ်သည်၊

တစ်ခုရှိသေးသည်၊ သလွန်မွေ့ယာတွင် အခန့်သာထိုင်ပြီး အရံအရွေတော် ၀န်းရံခနေသော သူတစ်ယောက် အနံ့ အရသာနှင့် ထုံးမွှမ်းပြည့်စုံသော ထမင်းကို သုံးဆောင်ရာ ခံတွင်းမတွေ့ ဖြစ်နေသည်၊ 

တစ်နေ့တွင် ဘ၀အတွေ့အကြုံရှိ လူပညာရှိတစ်ဦးထံမှ ထမင်းစားကောင်းနည်း၊ ခံတွင်းတွေ့ နည်းတစ်ခုရ လိုက်သည်၊

ထိုထမင်းတစ်နပ် အတွက် ရွှေပလ္လင်၊ သလွန်မွေ့ယာမှ ဆင်းရသည်၊ သစ်ခုတ်၊ ၀ါးခုတ်၊ မြေပေါက်၊ ရေထမ်း၊ ပင်ပင်ပန်းပန်း အလုပ် လုပ်ခိုင်းသည်၊ ပြီးတော့ ထမင်းတစ်နပ်ကြွေးသည်၊ ထိုထမင်းတွင်အရသာ အထူးမပါ၊ ဆားနှင့် ငရုပ်သီးစပ်စပ်သာဖြစ်သည်၊ 


ထိုထမင်းစားရသော လူငယ်၏ မှတ်တမ်းတွင် အကောင်းဆုံး အဖြစ် ရေးသွင်းခြင်းခံလိုက်သော ထမင်း တစ်နပ်သည် ထမင်းကြမ်းနှင့် ဆားဟင်း သာ ဖြစ်သည်၊ တစ်ခါတစ်ရံ ဆင်းရဲခြင်း သည် နှုတ်ကို မြိန်စေ သည်။ ဒုက္ခသည် အသိတိုးစေသည်။

အသိ အရှိ၊ လောကဓံနဲ့ညှိ၊ အသိသာမြတ်တန်ဖိုး၊
အသိတိုးလျှင်၊ ဤလူ့ခွင်၊ နေလျှင်မြတ်သကိုး၊
အသိအကျင့်၊ အသွင်တင့်၊ များဖြင့် လူ့တန်ခိုး။

Thursday, March 15, 2012

မြန်မာရဟန်းတော်များ နှင့် တမီးဘုရားကျောင်း အလှူ


အိန္ဒိယနိုင်ငံကြီးသည် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့သည်၊ 

ဘာသာအယူဝါဒများ ကြောင့် လည်းကောင်း၊ အနုသုခမပညာရပ်များကြောင့်လည်းကောင်း၊
ခေတ်အမြင် တို့ကိုပြောင်းလဲ ဆန်းသစ် သော အတွေး အခေါ်များကြောင့်လည်းကောင်း၊ 
အသား အရောင်ခွဲခြားဆက်မှုသမိုင်းကို မီးမောင်းထိုးပြသော ဒဿဂီရိနှင့် ရာမတို့ဇာတ်လမ်းကြောင့် လည်းကောင်း၊ စာပေ အဆင့် အတန်း မြင့်မားမှုကြောင့်လည်းကောင်း ကမ္ဘာ့သမိုင်းတွင် နေရာတော်တော် များထင်ကျန်ရစ်သည်၊

ယနေ့ တိုင်အောင်ပင် ကမ္ဘာအရပ်ရပ်က လူသားများကို ဆွဲဆောင်နေဆဲပင်ဖြစ်သည်၊
ယောဂီသူ တော်စင် များတေးသီရာ ဂင်္ဂါမြစ်သည်လည်းကောင်း၊ 
ယမုံနာမြစ်သည်လည်းကောင်း ဟိမ၀န္တာတောင် တန်းကြီး ကို မြစ်ဖျားခံစီဆင်းလျက် 
လူသားများကို အကျိုးပြုနေသလိုပင် အိန္ဒိယနိုင်ငံကြီး၏ ထွေပြား သော အယူဝါဒ၊ ဇာတ်စနစ်၊ ဘာသာ စာပေ၊ ပထ၀ီ အနေအထားများသည် အယူဝါဒအမျိုးမျိုး ကိုဖြစ် ထွန်း စေသည်၊ 
 နေဗေလီရောက် ဗုဒ္ဓဘာသာအခမ်းအနားရောက် မြန်မာရဟန်းတော်များ

ဟိန္ဒူဘာသာကြီး၏ အခြေခံသည်ပင် များပြားပွေလီသည်၊ ကွဲပြားခြားနားသော ယုံကြည်မှုများရှိသည်၊ ကွဲပြားများပြားသည့်အားလျော်စွာပင် နောက်လိုက် နောက်ပါ ယုံကြည်သူတို့လည်း များပြားသည်၊ ရာမမင်း ၏မွေးရပ်မြေဖြစ်သည်၊ ပြောမဆုံးနိုင်သော ရာမယဏနှင့် မဟာဘာရတဇာတ်လမ်းကြီးများ ၏ နောက် ခံမြေသည် အိန္ဒိယမြေပင်ဖြစ်သည်၊  

မြတ်ဗုဒ္ဓပွင့်ထွန်းရာမဟာဒေသကြီးဖြစ်သည်၊ဂျိန်းဘာသာရေးဂုရ မဟာဝီရမွေးဖွားရာဒေသ ဖြစ်သည်၊ 
ခရစ်တော် အလည်ရောက်ခဲ့ရာ မဟာဒေသကြီးဖြစ်သည်၊ 
ကိုလံဘတ်ကို ဆွဲဆောင်ခဲ့သော နေရာ တိုင်းပြည်ဖြစ်သည်၊ 

နတ်ပေါင်းကုဋေ ကုဋာချီရှိပြီး ကိုးကွယ်ကြသည်၊ လူသားဘုရားများစွာလည်း ပေါ်ထွန်းသည်၊ ကမ္ဘာသိ သူတော်စင်လူသားများ အစဉ်မပြတ်ပေါ်ထွန်းရာနေရာဖြစ်သည်၊ 

မဟတ္တမဂန္ဓီ၏မွေးရပ်မြေဖြစ်သည်၊ တစ်ပြည်သူမာသာထရီဇာ လာရောက်ပြီး လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာနေရာ ဖြစ်သည်၊ 
ဗုဒ္ဓသာဝကများ ဘာဝနာစည်းဖြန်းရာနေရာထူး၊ ဂျိန်းဘာသာဝင်တို့နေရာမြတ်၊ 
ကိုယ်ယုံကြည်ရာ ကိုးကွယ်လျှက်လှည့်လည်နေထိုင်ရာ ဒေသထူးကြီးဖြစ်သည်၊ 

ယနေ့ ကာလများ တိုင်အောင်ပင်အိန္ဒိယ နိုင်ငံလမ်းများပေါ်တွင်အရောင်အသွေးစုံသော ဘာသာရေး
ခေါင်းဆောင်များ ရာ၊ ထောင်၊ သောင်း မကများပြားလှစွာ ယှဉ်တွဲလျှောက် လှမ်းနေကြသည်၊
 တမီးမင်္ဂလာဆောင်တွင် မြန်မာရဟန်းတော်များ ပရိတ်ရွတ်ဖတ်နေကြစဉ်

ထူးခြားချက်မှာ အိန္ဒိယနိုင်ငံတွင် အခြေတည်ပေါက်ဖွားလာသော ဘာသာဝါဒတိုင်းသည် အဟိံသ၀ါဒ ကို လက်ကိုင်ထားကြသည်၊ သူတစ်ပါးအသက်သတ်ဖြတ်ခြင်းကို အထူးတားမြစ်ကြသည်၊
ယနေ့တိုင်အောင်ပင် အိန္ဒိယနိုင်ငံဂန္ဓီ၏ အဟိံသ၀ါဒဖြင့် ထင်ရှားသည်၊ ထိုလမ်းစဉ်ဖြင့် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးကို ရယူနိုင်ခဲ့သည်ဆိုနိုင်သည်၊

ဟိန္ဒူဘာသာဝါဒလမ်းစဉ်ကို သုံးသပ်ပြသော ပညာရှင်များက
 “Hindisim is a religion admitted of vast diffrernces of beliefs and practices among its followers”.ဟုသုံးသပ်ကြသည်၊

ဟိန္ဒူဘာသာသည်များပြားကျယ်ပြန့်ပြီးနောက်လိုက်နောက်ပါများအကြားတွင် ယုံကြည်ချက်အမျိုးမျိုး အား ကျင့်သုံးမှုကို လက်ခံထားသည်ဟုဆိုနိုင်သည်၊

ဗုဒ္ဓဂယာလိုဘုရားပွင့်ထွန်းရာနေရာမြတ်နှင့်အနီးတွင်ပင် လူတစ်ယောက်သည် မိမိခန္ဓာကိုယ်နှင့် ဦးခေါင်း တို့ကို နွားချေးရောသော ပြာများ သုတ်လိမ်းကာ၊ နွားသတ္တ၀ါကို ပန်းများပန်ပေးလျက် လှည့် လည်သွား လာနေသည်ကို တွေ့ရတတ်သည်၊

မေးမြန်ကြည့်မိရာ သူတို့ရိုးရာပူဇော်နည်းတစ်ခု ဖြစ် သည်ဟုပြောပြသည်၊  
ယနေ့တွင် ဘာသာဝါဒအမျိုးမျိုးရှင်သန်သည်၊

 ဘုရားကျောင်းဖွင့်ပွဲမှ ဟိန္ဒူဘာသာရေးခေါင်းဆောင်များ

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးနာဒူးပြည်နယ်ရှိ Annanalai university တွင် မြန်မာရဟန်းတော်ရှစ်ပါး ph.d တက်ရောက်သင်ယူလျက်ရှိသည်၊ ရောက်၍မကြာမီပင် သတင်းဌာနများမှလာရောက်သတင်းယူကြသည်၊

ထို့နောက်နေဗေလီမြို့လေးတွင် ဗုဒ္ဓဘာသာ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရသည်၊
Chidambaram မြို့လေးရှိ မင်္ဂလာဆောင်တစ်ခုတွင် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများကို အမြတ်တနိုး ခံယူပြီး မြန်မာရဟန်းတော်များကို အထူးဧည့်သည်တော်များ အဖြစ်ကြွရောက်စေသည်၊ မင်္ဂလာဆောင် တွင် ပရိတ်ရွတ်ရသည်မှာ ထူးခြားသည်၊ မင်္ဂလာဆောင်တွင် ဗောဓိပင်လက်ဆောင် ပေးရသည်မှာ ပို၍ထူးခြား ပါသည်၊

၁၃. ၃ ၂၀၁၂ မနက်တွင်ဖြစ်သည်၊ မြန်မာရဟန်းတော်များနေထိုင်ရာ ချစ်ဒမ်းပဒမ်း( cihdambaram) မြို့လေးသို့ ဘွန်နာဂေရီ( Baunagari) မြို့လေးရှိ ဟိန္ဒူဘုရားကျောင်းဖွင့်ပွဲသို့ ကြွရောက် အခွင့်ကြုံ လာသည်၊ မည်သို့မျှ မမှော်လင့်နိုင်သော အခွင့်ထူး တစ်ခုဖြစ်သည်၊ အထူးဧည့်သည့်တော်များ အဖြစ် လာရောက်ခေါ်ခြင်းဖြစ်သည်ဟုပြောသဖြင့် မြန်မာရဟန်းတော်များ လိုက်ပါ ခဲ့ကြသည်၊

အခမ်းအနားသို့ရောက်သော အခါဟိန္ဒူဘာသာခေါင်းဆောင် ကိုယ်တစ်ပိုင်းဝတ်ဂုရုကြီးများနှင့်မြေပေါ် 
တွင်အတူထိုင်ကြရသည်၊ သူတို့ပူဇော်နေသမျှ အားနာပါးနာထိုင်ပေးနေရသည်၊ ကုလားဆိုင်း တီးနေခြင်း မှာ နားဆူလှသည်၊ မည်သည့် အနံ့ဟုပြော ရန်ခက်ခဲသော အနံ့ အသက်များကြောင့်ခေါင်းနောက်တောက် အီတီဖြစ်လာသည်၊ နေပူကြဲကြဲတွင် ချွေးတစ်လုံးလုံးဖြင့်မို့ အနေခက်လှသည်၊

အခမ်းအနာအပြီးတွင် မြန်မာရဟန်းတော် များကို ဧည့်ခံဆောင်သို့ခေါ်သွားသည်၊ ငှက်ပျော်ဖက် ခင်းပေး သည်၊ ပြီးတော့ အနံ့စုံသော ကုလား ထမင်းဟင်းများ လာချပေးသည်၊ နေပူပူဟင်းပူပူကို ထူးထူးဆန်းဆန်း စားရသည်မှာလည်း အနေခက်လှသည်၊ အစားနည်းလှပါလားဆိုသော အမြင်မျိုးဖြင့် ထပ် ထည့်ပေးရန်ကြိုး ပမ်းနေမှုကို လက်ကာပြီး မနည်းထိန်းနေပါသည်၊ 
အလှူ့ရှင် အလှူ့အမများမှာ ပြုံးပျော် နေကြသည်၊ 

 ဘုရားကျောင်းဖွင့်ပွဲသို့ ဖိတ်ကြားသော အလှူ့ရှင် အလှူ့အမများနှင့် အမှတ်တရ

အခုလိုကြွရောက်လာခြင်းကိုလည်း အထူးဝမ်းသာကြောင်းပြောပြကြ သည်၊ နောက်များလည်း အခွင့် အခါ ကြုံက ဆုံခြင်းပါသေးကြောင်း ပြောကြသည်၊

ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ စာပေ၊ အနုလက်ရာ၊ ယုံကြည်မှုတို့ဖြင့် ရှုပ်ထွေးနေသော အိန္ဒိယနိုင်ငံ ကြီး၏ တစ်စိတ်တစ်ပိုင်း အနေအားဖြင့် သူတို့ရိုးရာ ဘာသာရေး အခမ်းအနားများသို့ တက်ရောက်ခွင့် ရသဖြင့် ဗဟုသုတများစွာရပါသည်၊ နောက်များ အခွင့် အခါရှိလျင်လည်း ပါဝင်ဆင်နွှဲ ချင်ပါသေးသည်။

ဗုဒ္ဓသားတော်ရဟန်းတော်များကိုမြင်ရသဖြင့် သကျနွယ်ဖွားမြတ်ဘုရား၏ “သမဏာနဉ္စ ဒဿန မင်္ဂလာ” ကို သဘောပေါက်စေခြင်၍ဖြစ်သည်။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ…။


Saturday, March 10, 2012

မြန်မာရဟန်းတော်များနှင့် တမီးလူမျိုး

  Annamalai university. Tamil Nadu, india

နွေတစ်နေ့လည်ခင်း၊ အနမလိုင်း ( Annamamlai university) စာကြည့်တိုက်ထဲတွင် ဟိုတစ်စု၊ ဒီတစ် စုဖြင့် ကျောင်းသူကျောင်းသား စကားပြောသူပြော၊ စာဆွေးနွေးသူဆွေးနွေးဖြင့် ငြိမ်ငြိမ်လေး စည်ကားနေ သည်၊ စာအုပ်စဉ်မြင့်မြင့်ကြီးများတွင် အတန်းလိုက်စီထားသော စာအုပ်တို့မှာ နံရံလေး ဘက်ပတ်လည် ၀ိုင်းနေသည်၊ စာကြည့်တိုက်ဝန်ထမ်းများသည်လဲ ပြာတာပြာတာဖြင့် စာကြည့် တိုက် ကို စိုးမိုးနေသည်၊

တမီးနာဒူးပြည်နယ်သည် အိန္ဒိယနိုင်ငံကြီး၏တောင်ဘက် အကျဆုံးပြည်နယ်ကြီးတစ်ခုဖြစ်သည်၊ 
တမီး လူမျိုး အများစုနေထိုင်ရာပြည်နယ်ကြီးဖြစ်သည်၊ ပင်လယ်ပြင်နှင့် နီးစပ်သည်၊
ဒြာဗီဒီယန်လူမျိုးများ နေထိုင်ရာဒေ သကြီးဖြစ်သည်၊ ကမ္ဘာ အရပ်ရပ်တွင် တမီးလူမျိုးများ သန်းပေါင်း ၂၂၀ ရှိသည်ဟု သိရ သည်၊ ဘင်္ဂလာဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာနိုင်ငံတို့တွင်နေထိုင်ကြသည်၊

တမီးနာဒူးပြည်နယ် သည် တမီးလူမျိုး အများဆုံးနေထိုင်ရာဒေသဖြစ်သည်၊ ရာမာယဏဇာတ်လမ်း ကြီးတွင် သီရိလင်္ကာ( သီဟိုဠ်)ဘုရင် ရာဝဏမင်းသည် သီတာမင်းသမီးကို ခိုးယူသည်၊ ရာမမင်းသား သည် ရာဝဏမင်းလက်မှ သီတာမင်းသမီးကို ကယ်တင်ရာတွင် ရာမမင်းသားဘက်မှ မျောက်များ ပါဝင်တိုက်ခိုက် ကြသည်၊

ထိုမျောက်များမှာ တမီးလူမျိုးများပင် ဖြစ်သည်ဟု ဆိုကြသည်၊ အသားမည်းပြီး၊ ရုပ်ရည်လက္ခဏာ ကြမ်းတမ်းသောကြောင့် မှတ်တမ်းတင်ရာတွင် မျောက်သတ္တ၀ါများအဖြစ် မှတ်တမ်းတင်ကြသည်၊ အသားမည်းကြသည်၊ တောတောင်ရေမြေသဘာဝကို မြတ်နိုးကြသည်၊

ယနေ့တိုင်အောင်ပင် ကျောင်းသူ ကျောင်းသားများနှင့် အချို့လူများဖိနပ်မစီးကြပါ၊ သမိုင်းကြောင်းများ အရ ဗင်ဒယာတောင်တန်းကြီးတောင်ဘက်ပိုင်းကို တမီးနယ်၊ မြောက်ဘက်ပိုင်းကို အာရယန်နယ် အဖြစ် သတ်မှတ်ကြသည်၊ ယနေ့တမီးသည် လူမျိုးအမည်ဖြစ်ပြီး နာဒူးသည် နိုင်ငံဖြစ်သည်ဟု ပြောကြ သည်၊ ကြီးများကျယ်ပြန်သော ယဉ်ကျေးမှုကို ပိုင်ဆိုင်ကြသည်၊ ဒြာဗီဒီယန်ယဉ်ကျေးမှုသည် အရှေ့ တောင် အာရှတစ်ဝိုက်သို့ ပျံ့နှံ့ရောက်ရှိသည်၊ 

 ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောဝပ်ကျောင်းတော်

ယနေ့ ကမ္ဘောဒီးယာနိုင်ငံ၏ နိုင်ငံဂုဏ်ဆောင်နှင့် နိုင်ငံတော်အလံတွင် အထွတ်တပ်ထားသော အန်ကော ၀ပ်ကျောင်းတော်ကြီးသည် ဒြာဗီဒီယန်တို့လက်ရာဖြစ်သည်၊
လေထောင့်ကျကျတည် ဆောက်လေ့ရှိပြီး လေး ဘက်လေးတန်းတွင် မြင့်မားသော မုခ်ဦးကြီးများဖြင့် တန် ဆာဆင်လေ့ရှိကြသည်၊ အလယ်တွင် ခန့်ငြားသော ဘုရားကျောင်းဖြင့် တန်ဆာ တည်ထားကြသည်၊ ချစ်ဒမ်းပဒမ်း မြို့လေးတွင် နဋရာဇာ ဘုရားကျောင်းရှိသည်၊

ဆိုပါနဋရာဇာဘုရားကျောင်းသည် အန်ကောဝပ်ကဲ့သို့ ဆောက်လုပ်ထားခြင်းဖြစ်သည်၊ အလည် အဆောင် ကြီး၏အတွင်းတွင် လက်လေးချောင်းဖြင့် ကနေသော ဟန်ဖြင့် သီဝကိုယ်စားနတ်ဘုရား ရုပ်တုကို ထည့် သွင်းထားသည်၊ ထူးခြားသည်မှာ ထိုနတ်ဘုရားရုပ်တူအနီးသို့ဝင်လျှင် အပေါ်ပိုင်း အ၀တ်မ၀တ်ရခြင်းဖြစ် သည်၊ တစ်ခါကမိတ်ဆွေများနှင့်ရောက်ဖူးသည်၊

မြန်မာ ရဟန်းတော်၈ပါးကျောင်းတက်နေသော ဤချစ်ဒမ်းပဒမ်းမြို့လေးတွင်နဋရာဇာဘုရားကျောင်း နှင့် အနမလိုင်း ( Annamalai university) တို့သာ ကြည်ရှုစရာရှိသည်၊ 
 တမီးလူမျိုးများနှင့် အမှတ်တရ

ဤမြို့လေးသို့ ဧည်သည်အဖြစ်နှင့်ရောက်လာလျှင်လဲ ဤအရာနှစ်ခုနှင့် ပတ်သက်ပြီးသာမေးလေ့ရှိ သည်၊

ယနေ့ အနမလိုင်းတက္ကသိုလ် စာကြည့်တိုက်တွင် ရောက်နေသည်၊ ဗုဒ္ဓဘုရားရှင်နှင့် ခေတ်ပြိုင် ဂျိန်း ဘာသာ အကြောင်းကျမ်းများ ရှာဖွေလို၍ဖြစ်သည်၊ စာကြည့်တိုက်တွင် ရေးသားလမ်းညွှန်ထားသော ကျမ်းများကိုကြည့်နေစဉ်အနားသို့လူငယ်နှစ်ယောက်ရောက်လာသည်၊ ဗီဟာပြည်နယ် ဂယာမြို့ က လာခဲ့ကြောင်းမိတ်ဆက်ကြသည်၊

အချီစကားမရှိပဲ ဂေါတမဘုရားဘယ်မှာ မွေးလဲမေးကြသည်၊ ဗုဒ္ဓ၀င်အကြောင်းရှင်းပြလိုက်သည်၊
ယနေ့ခေတ်ပြည်နယ် အမည်များပါတပ်၍ ပြောပြလိုက်ရာ လူငယ်နှစ်ယောက်ဖော်ဖော်ရွေရွေဖြစ် လာ သည်၊ ကျေးဇူးတင်ရသည်၊

ဘုရားရှင်လက်ထက်တော်တွင် သာသနာမရောက်ခဲ့သော ဤနေရာမျိုးတွင် ဗုဒ္ဓ၀င်ကိုစိတ်ဝင်စား သဖြင့် ၀မ်းသာရသေးသည်၊ ဤတောင်ပိုင်း တမီးပြည်နယ်သို့ အသောကမင်း လက်ထက်ရောက်မှ သာသနာ ရောက်ရှိလာကြောင်းသမိုင်းက ဆိုသည်၊

 တမီးလူမျိုး မင်္ဂလာဆောင်တွင် မြန်မာရဟန်းတော်များ ပရိတ်ရွတ်ဖတ်နေကြစဉ်

သမိုင်းက မည်သို့ဆိုစေ ယနေ့ တမီးပြည်နယ်သည် ဗုဒ္ဓသာသနာတော်ကို စိတ်ဝင်စားနေကြသည်၊ ဗုဒ္ဓဘာသာရဟန်းတော်များကို တရိုတသေဆက်ဆံကြသည်၊ အလေးအမြတ်ထားကြသည်၊ ကြီးကျယ် သော အခမ်းအနားရှိလျှင်ဧည့်သည်တော်အဖြစ်ပင့် ဖိတ်ကြသည်ကိုတွေ့နေရသည်၊ ဗုဒ္ဓဘာသာ အစဉ်အလာ အတိုင်း ရွတ်ဖတ်ပေးမှုကို တရိုတသေခံယူ ကြသည်။ 


Friday, March 2, 2012

နွေလေရူးကြောင့်




ဆောင်းနှောင်း၍ နွေပြောင်းလုလု မနက်ခင်းတစ်ခု၊ နှင်းဥတို့လဲစီနေသည်၊ ကောင်းကင်တစ်ခွင် မင်းလွင်မြူ ခိုး မိုးရိပ်တိမ်တောင်တို့သည် ပြိုတော့မလိုလို၊

နွေမနက်ခင်း နှင်းဥတို့သည် မြင်ရခဲသည်၊ နေလာလျှင် ရုတ်ချည်းပျောက်တတ်သည်၊ ဆောင်းကို လွမ်းသ လိုလို၊ မိုးကိုပဲအားကိုးရတော့ မလိုလို ဖြစ်နေသည်၊ ဟိုဒီမရောက် ရာသီအပြောင်းကို အခွင့် အရေး ယူပြီး နေမင်းပူတော့သည်..၊

ထိုကြောင့်ထင်သည်၊ စာဆိုရှင်က “ဆောင်နှောင်းနွေစ၊ တပေါင်းလ၌၊ မြောက်လေပြန်၊ တောင်လေ ဆန်၍၊ လေဟန်မတည်၊ တိုက်တတ်သည်ကြောင့်၊ တပေါင်းတံခူး၊ လေသုန်သုန်..”၊
ဟုဖွဲ့သီခဲ့သည်၊

ဦးဇင်း
ဟေ..

တပည့်တော်တို့ ဘွဲ့တွေကို ခေါ်လိုက်ရင် ဘာနေ့မွေးတယ်ဆိုတာ သိတယ်နော်၊
သီရီလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံစတဲ့ ထေရ၀ဒါနိုင်ငံတွေမှာလည်း အဲလိုပဲလားဘုရား၊

ကိုယ်သိသလောက်တော့ မဟုတ်ဘူးထင်တယ်၊ ဥပမာကွာ မင်းတို့ငါတို့ သိတဲ့ ဂျာမန်ရဟန်းတော် ကြီး ဉာဏတိလောက မြန်မာနိုင်ငံမှာရဟန်းဖြစ်တယ်၊ သူ့ကို ဉာဏတိလောကလို့ ဘွဲ့ အမည်ပေး လိုက်ကြတယ်၊ အဲဒါမြန်မာနည်းထင်တယ်၊

 နောက်တော့ ဉာဏတိလောကမထေရ်ကြီး သီရီလင်္ကာ ရောက်လာတယ်၊ သူ့ဆီကို နိုင်ငံတကာက တပည့်တွေရောက်လာ တယ်၊ နောက်တော့ ရဟန်းပြုကြတယ်၊ အဲဒီကိုယ်တော်အကုန်လုံးကို ဉာဏပုဏ်ဏိ က၊ ဉာဏမောလိ၊ ဉာဏာဓရ၊ ဉာဏ၀ိမလ၊ ဉာဏသတ္တု စသည်ပေးလိုက်တာပဲလေ..၊ တို့လိုပြောရင် အင်္ဂါသားတွေချည်းတော့ ဟုတ်ဟန်မတူ ဘူးနော်..၊

အဲတော့ ပါဠိဘွဲ့ကိုတော့ပြောင်းကြပါတယ်၊ ထေရ၀ါဒရဟန်းတော်တိုင်းပေါ့၊ သို့သော် မြန်မာနည်း လို့ နေ့ အလိုက်၊ နံသင့်တော့ မဟုတ်ဘူးထင်တယ်၊ သီရိလင်္ကာဆိုမင်းသိတယ်လေ၊ ဘုရားဆွေတော် မျိုး တော် အမည်တော်တွေကို ဘွဲ့ယူကြတာ၊ အာနန္ဒ၊ ကဿပ၊ ပိယဒဿီ၊ ရာဟုလာ၊ သာရိပုတ္တ မထေရ် စသည်ခေါ်ကြတယ်၊

အော်..တင်ပ  အဲလိုလား၊
ဦးဇင်းဘွဲ့ကရော..နေ့အလိုက်မှည့်ခေါ်တာပဲလား၊
အေးပေါ့..၊
ကိုယ်က ကြာသပတေးသားဆိုတော့ ငယ်ဆရာက ပဏ္ဍ၀လို့ပေးလိုက်တယ်၊
ဒါပေမယ့် ပြောရရင် နဲနဲရှည်တယ်..၊ ဇာတ်လမ်းဆန်တယ်ပေါ့မောင်ရင်ရာ၊

တင်ပါပြောပါ နားထောင်ရတာပေါ့..၊

လေပြေတစ်ချက်သုတ်ကနဲ့တိုက်သည်..၊
ရွက်ခြောက်တစ်ချို့ပါလာသည်၊
ဥသြတေးသံသဲ့သဲ့ကြား လိုက်မိသည်၊

ငါ့ကိုမွေးတော့ အသားက ဖြူဖြူဖွေးဖွေးလေးမို့ နာမည် အတိအကျမရှိသေးပဲ ဖြူဝင်းလို့ခေါ်တယ်လို့ အမေကပြောဖူးတယ်၊ နောက်တော့ တို့ရွာကို ရခိုင်ဆေးဆရာကြီးတစ်ယောက်ရောက်လာတယ် လို့ ပြောပါတယ်၊ သူက ငါ့ကို ဖြူသာထွန်းလို့ နာမည်အမှည့်ခိုင်းတယ် ဒါနဲ့ ငါလဲ ဖြူသာထွန်းဖြစ် လာတယ်၊

နောက်တော့ အဖေက နေမကောင်းဖြစ်တယ်၊ အဲဒါငါ့နာမည်နဲ့ဆိုင်တယ် ဆိုပြီး ဗေဒင်က ဟောတော့၊ ရွာဦးကျောင်းဆရာတော်က ငါ့ကို မြင့်ကျော်လို့ပြောင်းလိုက်ပြန်တယ်၊ အဲဒါနဲ့ ငါက မြင်ကျော်ဖြစ် လာပြန်ရောကွ၊

တင်ပ၊
အသက်ဆယ့်နှစ်နှစ်လောက်ရှိတော့ ကိုရင်ဝတ်တယ်၊ ဆရာတော်က ငါ့ဘွဲ့ကို ပညာသာရလို့ပေး တယ်၊

ဦးဇင်းပြောတော့ပဏ္ဍ၀ဆိုဖျ..၊
အေးပါ မင်းကလဲ နေပါဦး..၊
ငါပညာသာရဖြစ်နေတုန်း ပထမပြန်စာမေးပွဲတွေဖြေရပါတယ်၊ ငါလဲစာဖြေမယ်လုပ်တော့ ဥက္ကဌ ဆရာတော်ကြီးဘွဲ့ ဦးပညာသာရဖြစ်နေရော..၊ အဲဒီတော့ ဆရာတော်ကြီးကို ငါ့ဘွဲ့ကို ပညာသာရ ကနေ ပဏ္ဍ၀လုပ်လိုက်ပြန်ရော..၊

ဒါနဲ့ ဦးပဏ္ဍ၀ဖြစ်လာတယ်ပေါ့..၊

အေးပေါ့၊ ဒီကြားထဲဇာတ်လမ်းရှိသေးတယ်၊ ငါ့ ပထမပြန်စာမေးပွဲတွေအောင်တော့ ရွာမှာ နာမည်ရ တယ်ပေါ့ကွာ၊

ဟိုက ကိုရင် ပဏ္ဍ၀၊ ဒီက ကိုရင် ပဏ္ဍ၀နဲ့ တလေးတစားခေါ်ကြတယ်၊ ရွာနီးချုပ်စပ်က ဆရာတော် ကြီးတွေကလဲ ဟ မောင်ပဏ္ဍ၀..၊ မောင်ပဏ္ဍ၀နဲ့ပေါ့ကွာ..၊

တင်ပ..၊
ငါရဟန်းဘောင်တက်ခါနီးမှာပေါ့ကွာ..

ဦးပဏ္ဍ၀ခဏ စကားရပ်ထားသည်၊

တင်ပ ရဟန်းဖြစ်ခါနီးတော့ဘာဖြစ်လဲဖျ..၊ ဆက်ပါဦး..၊
တို့ရွာ အရှေ့ပိုင်းက အင်းကြင်းတဲ့..၊

ဘုရား…ဘာလဲ..လူနာမည်လား..၊
အေးပေါ့..ကောင်မလေးပေါ့..၊
အော်..

သူငဲ့ကြည်သည်၊  ပြီးတော့စကားဆက်သည်..၊

တန်ခူးလကြီးပေါ့ကွာ..၊ ဒီလိုနွေပေါ့..၊ မှတ်မိနေသေးတယ်..၊ ပိတောက်တွေပွင့်လိုက်တာမြိုင်လို့ပေါ့၊
အင်ကြင်း ရေခတ်လာတုန်း ပိတောက်အခူးခိုင်းလို့ ခူးပေးလိုက်တယ်..၊
အဲဒီနေ့က ငါ့ကို သူခေါ်တာမှတ်မိနေတယ်..၊ ကိုပန်တဲ့..၊ အရင်ကတော့ ကိုရင်ပန်လို့ခေါ်တာပါ..၊

အလဲ့ တယ်ဟုတ်ပါလားဘုရား..၊

နောက်တော့ငါလဲ ရဟန်းဘောင်တက်တယ်..၊ သူခေါ်တဲ့ ကိုပန်ကိုတော့ ငါမမေ့ဘူးပေါ့ကွာ..၊
ငါသိမ်ဆင်းတော့ အင်ကြင်းကိုတွေ့တယ်..၊ ဦးဇင်းပန် အပြီးဝတ်တော့မှာလားတဲ့..၊ ငါဘာမှ ပြန်မပြောနိုင်ခဲ့ ဘူး..၊

အာ…ဦးဇင်းဇာတ်လမ်းက နန္ဒမင်းသား၊ ဇနပဒကလျာဏီဇာတ်လမ်းနဲ့ ခင်ဆင်ဆင်လိုဖြစ်နေမယ်
ထင်တယ်..၊

အေးပေါ့ ဆိုပါတော့..၊
ဦးဇင်း အခုရော သတိရနေသေးလား..၊

အင်း ရက်ပေါင်းထောင်ချီ..၊ လအလီလီပြောင်း..၊ နှစ်တွေဟောင်းတော့လဲ ဧသာ သင်္ခါရဓမ္မတာ လို့ပဲ ဖြေရ ပါတယ်..၊
တွေးရင်တော့လဲ ရေးရေးတော့ပေါ်သားကွ..၊ 
ပိတောက်တွေ…၊ နွေနေပူတွေပေါ့..၊ အေး..ဒီလို နွေပေါ့..၊

ထိုအခိုက် ပိတောက်နံ့ ရသလိုလိုထင်မိသည်၊ 
ရဋ္ဌသာရမထေရ်မြတ်ကြီး၏ နှမလက်လျော့နေလေ တော့ကို ဆိုမိသည်..၊ 
ထိုနေ့က နွေတေးရှင် ကိုဥသြ အချွဲပိုသည်ထင်မိပါသည်၊

အော်..တို့ဦးပဏ္ဍ၀ကြီးလဲ မခေဘူးနော်..၊

ထိုအခိုက် နွေတပေါင်းလေရူးက ဘယ်ဝေ့ညာဝိုက်တိုက်ခတ်သည်..။ နွေလေရူးတွင်…..


 .......................................
မှတ်ချက်။ သီတင်းသုံးဖော်နောင်တော်ကြီးတစ်ပါး၏ ဇာတ်လမ်းကို ပြန်ရေးပြပါသည်။ 

Tuesday, February 28, 2012

အကြည့်တတ်ဖို့လိုတယ်..



ဗောဓိပင်ခြေရင်းသည် ငြိမ်းချမ်းလှသည်၊ ကမ္ဘာအရပ်ရပ်က သူတော်စင်များဖြင့် စည်ကားနေသည်၊ ဗုဒ္ဓ သာဝက သကျပုတ္တ၊ သကျဓီတာတို့၏ ဘုရားရှင်အား ပူဇော်နေကြသည်မှာ ကြည်နူးစရာကောင်း လှသည်၊

အရှေ့နောက် ကမ္ဘာသွားလာလှည့်လည်လျှက်ရှိသော မြန်မာ့ဦးဆောင် မဟာထေရ်မြတ်ကြီးတစ် ပါးမိန့်ရှိဖူး တာ အမှတ်ရပါသည်၊ ဗောဓိပင်ခြေတွင်ဖြစ်သည်၊

တို့ဗုဒ္ဓတရားတော်ဆိုတာ လိုနေလို့ ထပ်ထည့်စရာမရှိဘူး၊ ပိုနေလို့နှုတ်ပယ်စရာလဲ မလိုဘူး၊
အနက်အဓိပ္ပာယ်ပြန်ချက် ဖြည့်စွက်စရာ မရှိဘူးစသည်ပါပြီးသားပဲ၊ သို့သော် တို့အရှေ့ကမ္ဘာက ပြင် လို ဖျက်လိုတဲ့ သဘောထားလေးတွေ တွေ့တွေ့နေရပါတယ်၊ 
တို့များအနောက်တိုင်းက လူတွေနဲ့ ခဏခဏတွေ့တယ်၊ သူတို့ဗုဒ္ဓဘာသာကို စနစ်တကျလေ့လာကြ တာတွေ့ရပါတယ်၊

စည်းကမ်းကြီးတယ်၊ဘုရားဟောလား၊ နောက်ထပ်ဖွင့်လားစသည်သိအောင်ကို လေ့လာကြပါတယ်၊
 လေ့လာပြန်တော့လဲ တို့လို ထေရ၀ါဒတစ်ခုတည်းကိုလေ့လာတာမဟုတ်ဘူး၊ မဟာယာန၊ ၀ဇရာယန စသည်စုံ အောင်လေ့လာ ကြတယ်၊ သူတို့ကောက်ချက်ပြုတာလေးတွေတွေ့ ရပါတယ်၊ ထေရ၀ဒါ က မြတ်ဗုဒ္ဓ လမ်းစဉ်နဲ့ပိုပြီးနီးတယ် ဆိုတဲ့သဘောလေးပေါ့၊ ပါဠိတော်ကို မူထားတယ်၊ ပါဠိဘာသာကို သုံးတယ်ပေါ့၊ 
အရှေ့အနောက်ကမ္ဘာမှထေရ၀ါဒ၊ မဟာယာန သကျပုတ္တ၊ သကျဓီတာများ စုဝေးလျှက်

အနောက်ကမ္ဘာ ဗုဒ္ဓသာသနာတော်အခြေခိုင်နေပြီ၊ ပြင်ပြီးရေးလိုက်တဲ့ ကျမ်းဆိုတာ မရှိဘူး၊ မှတ်တမ်း တင်ကျမ်းပဲရှိတယ်၊ ခေတ်အဆက် ဆက်လဲ စုပေါင်းစုပေါင်းပြီးတော့ ပြန်လည် အတည်ပြုခြင်းတွေ လုပ်ကြတယ်၊ မြန်မာလိုပြောရင် သင်္ဂါယနာတင် တယ်ပေါ့၊ အဲလို အတည်ပြုတဲ့အခါမှာလည်း ရှေ့မူကို ဖျက်ပြီး ပြန်လည်ရေး တာမျိုးမရှိဘူး၊ ရှေ့နည်းက နှောင်းလူများ အသိခက်နေလို့ တစ်မျိုးဖွင့်ပြတာ မျိုးပဲရှိတယ်၊ ဘုရားဟော တွေက ခေတ်နဲ့ညီအောင်လေ့လာလို့ရပါတယ်၊ ခေတ်မီအောင်ဆိုပြီတော့ မပြောင်း လိုက်နဲ့..၊

မြောက်ပိုင်းလို့ လူသိများတဲ့ မဟာယာနကတော့ စလိုက်ကတည်းက ပါဠိတော်ကို မူမထားဘူး၊ ခေတ် အလျှောက်ရှေ့ရောက်နေတဲ့ သက္ကတကို မူလုပ်လိုက်ကြတယ်၊ နောက်ရေးတွေလဲ များလို့ သုတေသီ ပြောပါတယ်၊ ဒိအပြင်လဲပဲ နောက် နောက်သော အကျယ်ဖွင့်ဆိုရှင်တွေက ဂိုဏ်း၊ ဂဏတစ် ခုဆန်ဆန် ပြုလိုကြတဲ့သဘောတွေပါနေတယ်၊ နာဂဇုန၊ မသင်္ဂ၊ ၀သုဗန္ဒုတို့ဆိုတာ မြောက်ပိုင်း အဋ္ဌကထာ ဆရာကြီးတွေပဲ သူတို့ဖွင့်ဆိုချက်လိုက်ပြီး ဒီကနေ့ တန္တရယာနတို့ ၀ဇရာယာန တို့ပေါ်လာတယ်၊

မြောက်ပိုင်းဗုဒ္ဓဘာသာကို အတိအလင်းခွဲလိုက်ရင် မဟာယာနကတော့ မူရင်းပေါ့သူတို့၊ နောက်တော့ သီးခြား တန္တရယာနရယ်၊ ၀ဇရာယာနရယ်လို့ ပြောကြပါတယ်၊ တို့တောင်ပိုင်းကျတော့အဲလို ကျယ် ကျယ်ပြန့်ပြန်ကြီးမူတစ်ခုအနေနဲ့မပေါ်ဘူး၊ ခိုင်ခိုင်မြဲမြဲလည်းရှိတယ်၊ အရင်ကပေါ့၊ အခုတို့ များဒီရောက် မှ မြန်မာနိုင်ငံမှာ ဂိုဏ်းကွဲလိုလို၊ ဂိုဏ်းသစ်လို လိုတွေ ပေါ်နေတယ် လို့ကြားရပါ တယ်၊ ပြင်လိုက်တာလား၊ လိုနေတယ်ထင် လို့ ဖြည့်လိုက်တာလား၊ ဘာရယ်တော့မပြောတတ်ဘူးပေါ့၊

နာမည်ကြီးချင်တာလား၊ ဒါလဲထည့်ပြောရမယ်၊ ဘာလိုဆိုတော့ ဘာသာရေးကို အသုံးချပြီး ဘယ်လို နာမည်ကြီးကြီး နာမည်ကြီးရင်ပြီးရောဆိုတဲ့ သူများကလဲ တစ်ရော ဂါဖြစ်နေတော့ ခက်တယ်၊ တပည့် တော်ကို ဆရာတော်ကြီးတစ်ပါး အမိန်ရှိဖူးတာ အမှတ်ရနေတယ်၊ တို့ အရှေ့တိုင်းမှာ ဗုဒ္ဓဘာသာ မူရင်းပျောက်လုလုဖြစ်နေတယ်၊ အနောက်ကမ္ဘာ ဘုရားပွင့်နေတယ်တဲ့၊ နောက်တော့ ရှိသေးတယ်၊  

ပါမောက္ခချုပ်တစ်ပါးပြောဖူးတာလေး၊ တော်တော်မှတ်သားဖို့ကောင်း တယ်၊ ကိုယ်ကသူများ ကို လေ့ လာတော့မယ်ဆိုရင် အထိုင်ကောင်းကောင်းတော့လိုမယ်၊ ထေရ၀ါဒမူ ဘက်ကကြည့်ပြီးလေ့လာ ရမည်၊ ထိုင်ပြီးလေ့လာရယ်၊ ကျောထောက်နောက်ခံပြုထားရယ်၊  မတောက်တစ်ခေါက်အသိလေး နဲ့ တွေ့ရာ ဖတ်ပြီး ၀ါဒတစ်ခုမလုပ်ဖို့ သိပ်အရေးကြီးတယ်၊

ဒါတွေကိုပြောနေတာက တို့က ထေရ၀ါဒ၊ သူတို့က မဟာယာနလို့အမည်တပ်ပြီး ပြောဖို့လေ့ လာ နေတာမဟုတ်ဘူး၊ ဗုဒ္ဓဘာသာအကြောင်းမေးလာရင်၊ ကိုယ့်နိုင်ငံကျင့်သုံးနေတဲ့ လမ်းစဉ်ကို ဗုဒ္ဓလမ်းစဉ်၊ ထေရ်မြတ်ကြီးများအယူအဆနဲ့တိုက်ဆိုင်ပြီး ပြောကြပြီဟေ့ဆိုရင် အရင်းအမြစ်ခွဲခြား တတ်အောင်လို့ပြောတာပါ၊

သီတဂူဆရာတော်ကြီး အမိန့်ရှိဖူးတာလေးကောင်းတယ်၊ သူ့ဆရာအနီးစခန်းဆရာတော်ကြီးက ဆရာကြီး ဦးဆန်းထွန်း( မန်းတက္ကသိုလ်) လူဝတ်မလဲမီကပြောတယ်လို့ပြောပါတယ်၊

ဆရာကြီး ဦးဆန်းထွန်းက ရဟန်းတော်ဘ၀နဲ့ အိန္ဒိယနိုင်ငံတစ်ခွင် လှည့်လည်ပြီး လေ့လာပါတယ်၊
ပြန်လာတော့ အနီးစခန်းဆရာတော်ကြီးကို လျှောက်တယ်ပြောပါတယ်၊ တပည့်တော် အိန္ဒိယတစ်ခွင် လိုက်ပြီးလေ့လာလိုက်တာဘုရား၊ တပည့်တော်တို့ လေ့လာထားတဲ့ ပိဋကတ်တော်ရဲ့ အဆို အမိန့် ဖြစ်တဲ့ နိဗ္ဗာန်တို့၊ ရှေ့ဘ၀၊ နောက်ဘ၀၊ ကမ္မစတာတွေကို သံသယဖြစ်မိပါ တယ်ဘုရားတဲ့၊

အဲဒီတော့ ဆရာတော်ကြီးက" အေးမင်းက ကမ္ဘာပတ်ပြီး လေ့လာလာတဲ့သူဆိုတော့ ငါမင်းကို ပြိုင်ပြီး မငြင်းလိုဘူး၊ ဒါပေမယ့် မင်းပြောတာတွေ ဟောဒီ ပိဋကတ်တော်တွေနဲ့တိုက်ပြီး ကိုက်ညီ ရင် တော့ ယူ ပေါ့ကွာ" ဆိုပြီး ပိဋကတ်တော်တွေရှေ့ချပေးလိုက် တယ်ဆိုပဲ၊ ပြီးတော့ အမိန့်ရှိလိုက်သေးတယ်၊
အေး မင်းက ပိဋကတ်သင်ပြီး မိစ္ဆာဒိဋ္ဌိဖြစ်နေတာကွတဲ့၊

ဒါကြောင့်တို့များပြောချင်တယ်..

၁၊ ပိဋကတ်သင်ပြီး မိစ္ဆာဒိဋ္ဌိမဖြစ်စေနဲ့၊
၂၊ ထေရ၀ါဒမူဘက်ကကြည့်ပြီးလေ့လာတတ်ပါစေ၊

 အရှေ့အနောက် ကမ္ဘာ မြန်မာ့ဦးဆောင် မထေရ်မြတ်သီတဂူဆရာတော်

အိန္ဒိယနိုင်ငံ၊ ဂယာဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခြောက်ရာကျော်က နီပေါနိုင်ငံသား၊ သိဒ္ဓတ္ထမင်းသားသည် ဗောဓိပင်ခြေတွင် သဗ္ဗညုတဉာဏ်ရရှိတော်မူခဲ့သည်၊ ဂင်္ဂါမြစ်ဝှမ်းတစ်ခုလုံးသို့ သွားလာတော်မူလျှက် ငြိမ်းချမ်းရေးတရားဟောတော်မူသည်၊

ယနေ့ ဗုဒ္ဓဂယာ အရပ်ဒေသရှိ ဗောဓိပင်ခြေတွင် ဗုဒ္ဓသာဝကသကျပုတ္တ၊ သကျဓီတာတို့ဖြင့် အရောင် စုံလျှက် လင်းလက် တောက်ပ နေသည်၊ ဗောဓိညောင်ပင်မှ အလင်းဖြာဆင်းသက်လိုက်သော ရောင် ချည်တို့သည် ဗုဒ္ဓသာဝက သူတော်စင်များမျက်ဝန်းတို့တွင် အရောင်ဟပ်လင်းဖြာနေတော့ သည်။

.........................................................................................
အဘိဓမ္မာ မဟာသိပ္ပံတွင် သီတဂူဆရာတော်နှင့်၊ ပါမောက္ခချုပ်ဆရာတော်တို့၏ သြ၀ါဒတို့ကို ကြည်ညိုရေးသားပါသည်။ 


Saturday, February 25, 2012

ငြိမ်းချမ်းရေး နွေခရီးရှည်



ရာသီပြောင်းလုလု ဆောင်းနှောင်း၍ နွေဟန်တို့ ပေါက်လေပြီ တောင်ပြန်လေတွင် အမည်ဖော် မပြတတ်သော ဝေဒနာပါသည်၊ ရှိုးရှိုးရှဲရှဲ မြည်လိုက်သော သစ်ရွက်ခတ်သံများသည် ရင်ကိုထိတ်စေသည်၊ လမ်းများပေါ်ဝယ် အရှေ့၊ နောက်၊ တောင်၊ မြောက် အရပ်လေးနှာသို့ သုတ်ခြေတင်ပြေးလွှားနေရသော လူအုပ်ကြီးထဲတွင် မျော်ပါနေသည်၊ ကတ္တရာလမ်းပေါ်က အပူရှိဟပ်နေခြင်းသည် သိသာနေသည်၊ ကောင်း ကင်ပြန့်ပြန့်တွင် တိမ်မျှင်ကင်းလျှက် ရှင်နေမင်းလင်းလက်နေသည်၊ ပူ၏။

ဟိုအဝေးတွင် တိမ်တောင်လိုလို မင်းခိုရည်တို့က မြူနှင့်ရောပြီး ကနေသယောင်ထင်ရသည်၊ ယိမ်းထိုးနေ သည်၊ လေပြေအနွှဲ့တွင် တဖွဲတဖွဲကျရောက်လာသော ဖုန်ခိုးနှင့် မြေနံ့တို့ အထီးကျန်ဆန်ဆန်ပါနေသည်၊ ကွန်ကရစ် တောကြီးဖြစ်နေတဲ့ မြို့တိုက်တာ အဆောက် အဦးတွေဆီက ရောင်ပြန်ဟပ်နေခြင်းသည် အပူတစ်မျိုးတိုး စေသည်၊ တောစပ်စပ်တွင် ကျေးငှက် တို့သီချင်း ဆိုကြသည်၊ အဘယ်ကို ရည်၍ဆိုသည် မမှန်းနိုင်သော်လည်း ရင်တွင်သို့ထိုး ဖောက်ဝင်ရောက် သည်၊ ညဦးယံသည် နေမင်း သူရိန်အပူရှိန်ဖြင့် 

အိုက်စပ်စပ်ရှိသည်၊ သန်ခေါင်ယံတစ်ရေးနိုး လျှင် နှင်းပေါက်တို့ တံစက်မြိက်တွင် သီးနေတတ်သည်၊
နွေဦးမနက်ခင်းအလင်းရောင်တွင် ရိုးရိုးရဲရဲ အလင်းဓာတ်များပါသည်၊ ထိုအလင်းဓာတ်များသည် မြှူသလို ကလူသလို ဖြင့် ခဏ အကြာတွင် မခံသာအောင်ပူတော့သည်၊ လိုချင်တာ မရသေးသဖြင့် အမိမြေကိုပင် စွန့်ပြီး ပြေးနေရသော ဘ၀ကို တွေးမိတိုင်းရင်တွင်းကလဲ ပူသလိုလိုရှိသည်၊ အိုက်စပ်စပ် ညဉ့်ဦးယံတွင် အိပ်မပျော်နိုင် အားပဲ အတွေးများနှင့် လူးလွန့်ရင် ညဥ့်နက်နက်ကို ဖြတ်သန်းရသည်၊ ဘယ်ဆီဘယ် ၀ယ်က မှန်းမသိသော ဟိန္ဒူသူတော်စင်ဆာဒူးကြီးများ၏ ပူဇာတေးဖွဲ့လိုက်သော အသံသည် ညဥ့်ယံကို တစ်မျိုး သက်ဝင်စေသည်၊

တွေးရင်ဖြေရသည်၊
အန္တော တတ္တာ ဗဟိတတ္တာ၊ ဒွိဥဏှေဟိ ပဋာပိတာ။
သတ္တာ သောတ္ထိံ န ဂစ္ဆန္တိ၊ အဂ္ဂိ တတ္တာဝ အာတပေ။

အပြင်ကပူ အတွင်းကလဲ ပူ၊ အတွင်း အပြင် အပူနှစ်မျိုးဖြင့်
ပူလောင်နေသော သတ္တ၀ါတို့သည် နွေနေပူပူတွင်
နေလှန်းခံနေရသလိုရှိ၍ ချမ်းသားခြင်းကို ငါဘုရားမမြင်..။

ရာသီပူခြင်းသည် ရှောင်တိမ်း၍ရကောင်းသည်၊ အပူရှိန်အတိုင်းအတာ ကာလရှိသည်၊ ဘယ်လောက်ပူမည် ကြိုတင်ခန့်မှန်းနိုင်သည်၊ ခုခံကာကွယ်စရာရှိသည်၊ နွေကာလတစ်လျှောက်သာ ပူပေမည်၊ စိတ်ပူခြင်းသည် အတိုင်းမဲ့ဖြစ်သည်၊ လိုချင်မှုဖြင့်ပူရသည်၊ မလိုချင်တာရ၍လဲပူရပြန်သည်၊ ချစ်၍ ပူရသည်၊ မချစ်၍လဲ ပူရပြန်သည်၊ မသိလို့ပူရသည်၊ သိပြန်တော့လဲ ပူရပြန်သည်၊ သူ့ကြောင့် ကိုယ်ပူရသည်၊ ကိုယ့်ကြောင့် သူတို့ပူတာမြင်ရတော့လဲ ပူရပြန်သည်၊ အပူပတ်လည်ဝိုင်းတော့သည်၊

နွေနေပူပူတွင် ခယောင်းတောကြားထဲ တပင်တပမ်းအလုပ်လုပ်နေရသော မြင်ကွင်းသည် အိန္ဒိယနိုင်ငံကြီး၏ အရက်စက်ဆုံးပြကွက်ဖြစ်သည်၊ ရေရှားသည်၊ အလုပ်ကြမ်းသည်၊ လူဦးရေ အဆမတန်များပြားသည်၊ ပူလျှင်လဲ သူသာပဲရှိသည်၊ အေးပြန်လျှင်လဲ သူသာပဲ ကဲရော့မည်၊ အလွန်တရားများ ရှင်သန်ရာနေရာသည် အိန္ဒိယနိုင်ငံဖြစ်သည်၊ နွေပူပူကို ဖြတ်သန်းဖူးပြီ၊ ဆောင်းအေးအေးကို ခံစားဖူးပြီ၊ လွင်ပြင်တွေ ကို ဖြတ်ဖူးပြီ၊ တောင်တန်းများကို တက်ဖူးပြီ၊ ဟိမ၀န္တာတောင်တန်း များဆီအလည်ရောက်ဖူးပြီ၊ ဂင်္ဂ့ါကို အကြိမ်ကြိမ် ဖြတ်သန်းဖူးပြီ၊ မြစ်ပြင်ဂင်္ဂါတွင် ရွက်လွှင့်နေသော ကိုတံငါတို့တေးသံကို ကြားဖူးပြီ၊ အိန္ဒိယနွေ သည် လှသည်ဟုမဆိုနိုင်၊ 

ရက်စက်မှုတွေပါနေသည်၊ နွေအခါနေပူလျှင် လေလာအောင်မျှော်ရသည်မှာ ထုံးစံတစ် ခုဖြစ်သည်၊ သို့သော် ဗီဟာပြည်နယ်နွေခါရောက်လျှင် လေတိုက်ပင် လျှင် ရှောင်ပြေးရသည်၊ ထိုလေတွင် မခံမရပ်နိုင်လောက်အောင် အပူဓာတ်များပါဝင်နေသည်၊ လွင်ပြင်ပြန့်ပြန့် ကြီးကို ဖြတ်သန်းတိုက်ခတ် လာ သော လေသည် မပူပဲရှိရောမည်လား၊

သို့သော်ဤကဲ့သို့ နွေကာလကြီးတစ်ခုတတွင် စိတ်ငြိမ်းရေး အပြီးတိုင်ရပြီးသော ဘုရားရှင်နှင့် တကွ ရဟန်းတော်ပေါင်းများစွာသည် ဂင်္ဂါကို ဖြတ်လျှက် ခယောင်းကြမ်းလမ်းများကို ဖြတ်လျှက်၊ နွေလေပြင်း တို့ကို မမှုပဲ ခရီးရှည်ကြီးကို သွားဖူးကြသည်၊ မိုးလည်း မလာသေး၊ နှင်းလဲ ပျောက်စကာလမို့သာသည်ဟု ညွှန်းဆို သည်၊ ဘုရားရှင် ရာဇဂြိဟ်မြို့တွင် သီတင်းသုံးနေသည်၊ မွေးရပ်မြေမှ မင်းချင်းယောင်္ကျားတို့ အစုအစုဖြင့် လာရောက်ပြီး မွေးရပ်မြေသက္ကတိုင်းသို့ပြန်လည်ကြွရောက်ရန် လာကြသည်၊ သို့သော်ထို မင်းချင်းတို့ မင်းစေဘ၀ဖြင့် လာရသော စိတ်အပူများကင်းစင်စွာဖြင့် ရဟန်းဖြစ်ခဲ့ကြသည်၊ 

 သက္ကတိုင်းမှ ခရီးနှင်လာကြ သော မင်းချင်းတို့သည် ကိုယ်ပင်ပန်းခြင်းများကို အပြီးတိုင်ငြိမ်းကြလေသည်၊ ဘုရား ရှင် တပည့်သား သာဝက အဖြစ်ခံယူကြသည်၊ ဘုရင်သုဒ္ဓေါဓနမင်းသည် နောက်ဆုံး သားတော်ဘုရား နှင့်ဖွားဘက်တော် အမတ်ကာဠုကို ဖူးမြော်ခွင့်ရလိုကြောင်း လျှောက်ထားခိုင်းလေသည်၊ အမတ်ကာဠုဒါယီ သည် နောင်တော်ဘုရားနှင့် တွေ့ပါက ရဟန်းပြုခွင့်ပေးမည်ဆိုလျှင်ပင့်ပါမည့် အကြောင်း လျှောက်တင်လေ သည်၊ ဤသို့ဖြင့် တစ်ခုသော နွေဦးရဲ့ တပေါင်းလမှာ…..

တောလုံးစိမ့်မျှ၊ ချမ်းငြိမ့်ကြည်သာ၊
လေပြည်လာလျှက်၊ သည်ခါသာလှ၊
ကပ္ပိလသို့၊ ဇိနဘုန်းမော်၊
စက်တော်ချီကြွ……စသည် နွေမဆန်သေး၊ ဆောင်းရေး မပြယ် အလှကြွယ်သော တပေါင်းလ ရာသီတို့ကို အမတ်ကာဠုဒါယီ မြွက်ဆိုလျှက် ပင့်ဆောင်သည်၊ 

ဘုရားရှင်သည် မွေးရပ်မြေသို့ နောက်တော်ပါ သံဃာ ပေါင်းခြံရံလျှက် ခရီးရှည်ကြီးကို ဤလို နွေတပေါင်း တွင် ကြွလှမ်းတော်မူသည်၊

ဘုရားလွန်တော်မူပြီးသော်လည်း ဘုရားရှင် ဆံတော်ဓာတ်တို့ကိန်းဝပ်ရာ မြန်မာပြည်က မြတ်ရွှေတိဂုံသည် တပေါင်းလပြည့်တွင် ပူဇော်ပွဲကျင်းပသည်၊ မြစ်ရိုး ချောင်ကမ်းကမ်းတွင် ၀မ်းစာရေးရှာဖွေစားသောက် ရသော ကိုတံငါတို့ သောင်ပြင်သဲစပ်တွင် သဲကို စေတီပြုကာ ဘုရားရှင်အား ရော်ရည်မြော်မှန်း ပူဇော်ကြသည်၊

သောင်းကမ်းများထက်ဆီတွင် ရော်ရီကြွေလုလု ရွက်ဟောင်များ၊ ညွန့်နုစိုစို ပင်ပျို ရွက်သစ်များဖြင့် အရောင်စုံလျှက် လှနေသည်၊ တောလုံးလင်းလျှက်ကြွနေတော့သည်။