လူမှန်းသိကတည်းက တစ်ယောက်တည်း။
ကျောင်းနေချိန်ကျတော့
အထီး မကျန် တစ်ကျန်။
ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တော့ အဖော်မဲ့ခဲ့သူ တစ်ယောက်အကြောင်း။
………………..
မန္တလေးမြို့မှ ထွက်လာသော ဟိုင်းလတ်ကားလေးသည်
မိတ္ထီလာသို့ ညနေပိုင်း နှစ်နာရီကျော်ကျော် တွင် ရောက်သည်။ ပျော်ဘွယ်သို့ ခရီးဆက်ရဦးမည်မို့။
ရှေ့ခရီးဆက်ရန် စုံစမ်းရသည်။
ပျော်ဘွယ်မြို့မှ နတ်မောက်သို့ ညနေ ၄နာရီတွင် ထွက်မည့်
ကားတစ်စီးရှိကြောင်းသိရသည်။
သို့ဖြင့် ပျော်ဘွယ်မြို့သို့ ထွက်ခွာမည့်ကားကို မိတ္ထီလာကားဝင်းတွင်
လိုက်ရှာရသည်။
အဆင့်သင့်သော် ကားလေးပေါ်တွင် ခရီးသည်တစ်ချို့နှင့် ပျော်ဘွယ်သို့။
လေးနာရီထိုးလုလုနီးပါးတွင် ပျော်ဘွယ်ကားဂိတ်သို့ရောက်သည်။
ခေါင်းပေါင်းထားကြသော အညာသူ အညာများကိုတွေ့ရသည်။ ကိုယ်ကိုယ်တိုင်လည်း အညာသားမို့ ဆွေမျိုးများတွေ့လေးမလားကြည့်မိသည်။
လူချင်းမသိတောင် ရွာမေးလိုက်ပါလျင် အညာသားအဖြစ်ကို လူများသိကြပေမည်။
သို့သော် မမေးဖြစ်ခဲ့ပါ။
ဦးဇင်း၊ ဘယ်ကြမလဲ။ အရှေ့ခန်းကြွပါဘုရား။
ကုန်စုံတင်ထားသော ကားကြီး၏ အရှေ့ခန်းတွင်
လိုက်ပါရသည်။
ဂျိုးဂျိုးဂျိန်းဂျိန်း ဖုန်းအလိမ်းလိမ်းဖြင့် အညာလမ်းကိုကြားကြမ်းကြီးဖြတ်ပြေးနေသည်။
..............
...............
ဘယ်ဆင်းမှာလဲ ဘုရား။
ဒကာကြီးရေ။ ဦးဇင်းသစ်လှကျင်းမှာဆင်းမယ်ဗျာ။
အော်၊ တင်ပ၊
အကွေ့ အကောက် အနိမ့် အမြင့်များကို
စနစ်တကျလိုက်ပါးရင် သူဆက်မောင်းနှင်သည်။
သစ်လှကျင်းက နှစ်ခုရှိတယ်ဘုရား၊ အနောက်သစ်လှကျင်းနဲ့
အရှေ့သစ်လှကျင်းဆိုပြီး..
အော်၊ ဦးဇင်းက လျှော်ချောင်းနားက သစ်လှကျင်းပါ
ဒကာကြီး။
အော်..၊ တင်ပ၊ တင်ပ။
တပည့်တော်တို့က ရွာတော်နားက သစ်လှကျင်းကိုပဲ
ရောက်ပါမယ်ဘုရား။ မိုးတောင်ချုပ်နေပြီ။
ရပါတယ်ဘုရား။ အနောက်သစ်လှကျင်းကို တပည့်တော်
အသိတစ်ယောက်ဆိုင်ကယ်နဲ့ လိုက်ပြီး အပို့ခိုင်းပါ့မယ်ဘုရား။
သူပြောရင်း ကားစက်ကို မသိမသာတင်လိုက်သည်။
ကျေးဇူးတင်စရာကောင်းလှသည်။
……………..
ရွာတော်သို့ ရောက်ပါပြီ၊ နေလည်းအရောင်ပျောက်၍
အနောက်ရပ်တွင် တိမ်ရောင်တို့သာတောက်ပ၍ ကျန်ရစ်သည်။
ဟေ့..၊ အ၀ှာရေ၊ ဒီကိုလာစမ်းဦး၊
လူငယ်တစ်ယောက်ပြေးလာသည်။
ဒီဦးဇင်း သစ်လှကျင်းကို ကြွမလိုကွ။
အဲဒါမင်းလိုက်ပို့လိုက်စမ်း။
ဦးဇင်းဘုရား၊ ဒီဒကာလေးကို ဆိုင်ကယ်ဆီသာထည့်ပေးလိုက်ပါ။
သူလိုက်ပို့ပါလိမ့်မယ်ဘုရား။
အိမ်တစ်ချို့ မီးများပင်ထွန်းနေကြပြီ။
ညနေခင်းနေရောင်သည် ကောင်းကင်ယံတွင် ကြည့်နိုင်ပါမှ ခပ်ရေးရေး။
ဆိုင်ကယ် မောင်းသူ လူငယ်ဒကာလေးသည် စေတနာပါပါဖြင့်
လိုက်ပို့သည်။ တပည့်တော်က
ပြန်ရဦးမှာမို့၊
နည်းနည်းစက်ကို တင်ပြီးမောင်းပါမယ်ဘုရား။
ဦးဇင်းသေသေချာချာတော့ သတိထားပြီး လိုက်ပါဘုရား။
လေသည် တ၀ူးဝူးဖြင့် လူကိုတိုးဝှေ့သည်။
အနိမ့် အမြင့် အတက် အဆင်းများတွင် ရင်ထဲ တသိမ့်သိမ့်။
……………..
……………………
တပည့်တော်ရွာထဲအထိတော့ လိုက်မပို့နိုင်တော့ဘူးဘုရား၊
ပြန်ရဦးမှာမို့။
ဒီကနေ မြေလမ်းအတိုင်းဆက်သွာရင် လျှော်ချောင်းရွာကို
ရောက်ပါတယ်ဘုရား။ ရှေ့က ကုန်းတန်းလေး ကို ကျော်လိုက်ရင် ရွာ့တောင်ဘက် အပေါက်ပါပဲဘုရား။
အော်..၊ ကျေးဇူးတင်တယ်။ ကိုယ့်ညီရယ်။
အေးပါ၊ အေးပါ။ ကိုယ်ဆက်လျှောက်လိုက်ပါ့မယ်။
နိမ့်တစ်ခါ မြင့်တစ်လှည့်၊ ဖရုံခင်းတစ်တန်၊
ပဲခင်းတစ်ချို့၊ ပြောင်းခင်းစိုစိုသည် မှောင်ရီရီတွင် အိပ်စက်တော့မယောင်ရှိနေကြသည်။
……………
ရွာဦးကျောင်းသို့ရောက်တော့ ကျောင်းရှိ
ကိုရင်နှင့် ကျောင်းသားများ ဘုရားဝတ်တက် အပြီး ကြေးစည် ထိုးပြီး အမျှဝေနေကြပြီ။
ကျောင်းလှေကားအနီးက စဥ့်အိုးများအကြားတွင်
ထန်းရည်မူးနေဟန်ရှိသည် ဒကာကြီးတစ်ဦးလဲနေသည်။ အမျှဝေခြင်းနှင့် ထန်းရည်မူးသည် အလှသလိုလိုထင်မိသည်။
…………
မောင်ပဇင်းက၊
မှန်ပါ၊ တပည့်တော်က ဒီရွာက ဦးထွန်းအေးရဲ့
သားပါဘုရား။ အဖေဆုံးတဲ့ နှစ်ပတ်လည်မို့ အဖေ့ရွာကိုလာပြီး၊ ဘုရားပုံတော်လှူခြင်းပါဘုရား။
အော်..။ အေး၊ အေး၊ ဒါပေမယ့် ငါ့တပည့်တွေ အကြားမှာ
ထွန်းအေးဆိုတာ မမှတ်မိဖြစ်နေ တယ်မောင်ပဇင်းရေ။
အော်..။ မှန်ပါဘုရား၊ တပည့်တော် ဦးဓမ္မောဘာသရဲ့
သားပါဘုရား။ တဲကြီးကုန်းသူနဲ့ အိမ်ထောင်ကျသွား တဲ့ ဒီရွာသားဦးဓမ္မောရဲ့သားပါဘုရား။
အော်..။ ဟုတ်ပြီ၊ သိပြီးပေါ့၊ အော်..၊
အော်..၊ မောင်ပဇင်းက ဓမ္မောရဲ့သားကိုဗျ။
အခုဓမ္မောမရှိတော့ဘူးလား၊ အင်း…။ တယ်ပြီးလဲ
စောကြပေတာကိုးကွ။
ငါတောင်မသိလိုက်ရပါဘူးကွာ။
ပြောရင်ဖြင့် ဆရာတော်သည် မျက်မှောင်ကုတ်၍
အတိတ်ကိုကြည့်နေမိဟန်ရှိသည်။
အေးး..၊ အေးး.။
ဟု သာ အသံလေးလေးဖြင့် မိန့်တော်မူသည်။
………………
နောက်နေ့မနက်ခင်းကိုရင်များရွာထဲသို့
ဆွမ်းခံဝင်ကြသည်။
ကျောင်းလှေကားအနီးတွင် ထန်းရည်မူနေဟန်ရှိသော
ဒကာကြီးကား ခြေသံကြားသဖြင့်
ခေါင်းထောင်ကြည့်သည်။
အာ..။ ဦးဇင်းဘယ်ကလဲ..၊ အရင်ကမမြင်ဖူးပါဘူး။
အော်..၊ ဒကာကြီး ဦးဇင်းက ဒီရွာက ဦးထွန်းအေး..အဲ..အဲ..၊
ဦးဓမ္မောရဲ့သားပါဗျာ။
ဘုရား..ဓမ္မော..ဟုတ်လားဘုရား၊ တဲကြီးကုန်းသူနဲ့ရတဲ့
ပွေလီလို့ခေါ်တဲ့သူလား။
အင်းဟုတ်ပါတယ်၊ ဒကာကြီး၊
အခုဦးဇင်းက ဘာလုပ်ကြွလာတာတုန်းဘုရား။
ဦးဇင်းဒကာကြီးဆုံးတဲ့ နှစ်ပတ်လည်မို့
အဖေ့ရဲ့ ငယ်ဆရာကျောင်းမှာ ဘုရားပုံတော်လာလှူတာပါ ဒကာကြီး။
ဘုရား..။ ပွေလီ ဆုံးပြီလားဘုရား။
….
…..
တပည့်တော်က မိဘမဲ့မို့ ငယ်ငယ်ကတည်းက
ဆရာတော့်ကျောင်းကို ရောက်ရပါတယ်။
အဖော်မဲ့ပေါ့ဘုရား။
ကျောင်းရောက်တော့ ဦးဇင်းအဖေဖြစ်လာမယ့်
ပွေလီနဲ့ တွေ့ပြီး။
အထီးကျန်လို့ မဆိုနိုင်တော့တဲ့ ဘ၀လေးကို
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရပါတယ်။
တပည့်တော်ဘ၀မှာ အရင်းအနှီးဆုံး၊ အားအကိုးဆုံး၊
နားအလည်ဆုံးသူငယ်ချင်းဆိုတာ ဦးဇင်းရဲ့ အဖေပါ။
နောက်တော့ ပွေလီက ပဇင်းဘောင်တက်ပြီး။
မြို့စာသင်ထွက်တယ်။
( ၇) ၀ါရတော့ လူဝတ်လဲပြီး၊ ရှမ်းပြည်၊
ရှမ်းရွာတွေရောက်တယ်ကြားရပါတယ်။
နောက်တော့မှ တဲကြီးကုန်းသူနဲ့ အိမ်ထောင်ကျပြီး..။
ဘယ်ရောက်သွားတယ် မသိရတော့ပါဘူးဘုရား။
ပြောရင်း မျက်ရည်များတဖြိုင်ဖြိုင်ကျလာသည်။
ရှိုက်ရှိုက်၍လည်း ငိုနေသည်။
အော်..၊
ဒကာကြီး၊ ဦးဇင်းတို့ မန်းလေးဘက်မှာနေပါတယ်။
သူ့ကို စကားထောက်ပေးလိုက်သည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်လောက်
အဖြစ်အပျက်တွေပါဘုရား။
ဒါပေမယ့် အခု ပွေလီဆုံးပြီဆိုတာ သိရတော့၊
အသက်ပိုကြီးသွားသလို၊ အထီးကျန်ပိုဆန်သွားတယ်ထင် မိပါတယ်ဘုရား။
ဒါပေမယ့် ထန်းရည်မူးနေတုန်းမို့ အမိုက်ဇာတ်မသိမ်းနိုင်ဖြစ်နေရပါတယ်။
မျည်ရည်ဖြိုင်ဖြိုင်ဖြင့် ဦးအကြိမ်ကြိမ်ချနေသော
အဖေ့သူငယ်ချင်းဆိုတဲ့ ဒကာကြီးသည် တစ်သိမ့်သိမ့်ရှိုက်၍ တုန်နေသည်။
သူ့ရှိုက်သံသည် မိမိရင်သို့ ကူးလုလုရှိသည်။
…………………
ရွာထဲမှ ဆွမ်းခံအပြီးပြန်ကြွလာသော ကိုရင်နှင့်ကျောင်းသားတို့သည်
စကားပြောရင်း တွန်းတိုက်ရင်း
ဖြင့် ကျောင်း အတွင်းသို့ ၀င်လာကြပြီ။
ငယ်သူများဘ၀မို့သူတို့ ပျော်ရွှင်နေကြသည်။
No comments:
Post a Comment