Pages

Saturday, January 12, 2013

မဇ္ဈိမ



အထင်ကရ မဇ္ဈိမ ခရီးသွားကြ ခရီးလာကြ၊
ငြိမ်းချမ်းမှုတွေရှာကြ တွန်းလှန်မှုတွေပြုလုပ်ကြ။

သမိုင်းလည်းလှ အယူမျှပြီး ဂင်္ဂါစီးတဲ့ မဇ္ဈိမ၊
ယမုံနာပျော်တဲ့ မဇ္ဈိမ မဟီ သရဗူ၊
အစိရ၀တီတို့ တူယှဉ်တွဲတဲ့ မဇ္ဈိမ၊
မဇ္ဈိမလမ်း ပေါ်ထွန်းရာ မဇ္ဈိမ။

ရာမတို့ ကပြ အသုံးတော်ခံခဲ့ကြတဲ့ မဇ္ဈိမ၊
နှင်းတွေဝေတဲ့ မဇ္ဈိမ မိုးတွေစွေတဲ့ မဇ္ဈိမ၊
နွေနေပြင်းတဲ့ မဇ္ဈိမ၊
အရာအားလုံး လှတဲ့ မဇ္ဈိမ။

သိဒ္ဓတ္ထဂေါတမ နွယ်ဖွား ဟောကြားတဲ့၊
မင်းမရှိ ပြည်သူမရှိ ကျွန်မရှိ ဗြဟ္မဏ မရှိ၊
အားလုံး တူညီယှဉ်တွဲ လျှောက်လှမ်းနိုင်တဲ့ မဇ္ဈိမ၊
အရာအားလုံးတွေထက် သာ၍လှ။

ဂရိနွယ်ဖွား အလက်ဇန္ဒား အလည်ရောက်ခဲ့တဲ့ မဇ္ဈိမ၊
မောရိယ အသောကရဲ့ မွေးရပ်မြေ အလှ၊
ဂုရုကြီးတွေ ပူဇာတေးဖွဲ့တဲ့ မဇ္ဈိမ၊
ဂန္ဓီကြီးသွားခဲ့လမ်းတွေ ဖုန်မသိပ်သေးတဲ့ မဇ္ဈိမ။

အားလုံးနဲ့အတူ ချီတက်ခွင့်ရနေတဲ့ မဇ္ဈိမ။
 သွားသွားလာလာ လူစီးကြောင်းကြီးနဲ့
အတူမျောပါခွင့်ရနေတဲ့ မဇ္ဈိမ၊
ဂင်္ဂါစီးနေသရွေ့ အမြဲလှနေမယ့် မဇ္ဈိမ။

 .........................................

အိန္ဒိယနိုင်ငံ၊ မြန်မာကျောင်းသားများ အဖွဲ့မှ ထုတ်ဝေနေသော ဒွါဒသမအကြိမ်၊ ကျောင်းသား မဂ္ဂဇင်းတွင်
အရှင်စန္ဒနသာရ အမည်ဖြင့်ဖော်ပြခြင်းခံရသော ကဗျာဖြစ်ပါသည်။



No comments:

Post a Comment