Pages

Monday, May 30, 2011

အနိုင်ရဖူးသည်


‘ဘုန်းကြီး တပည့်တော် လှေသောင်တင်နေလို့ လိုက်ကူပြီ ရေထဲချပေးပါဦး’
‘ဟုတ်ပြီ ဒကာကြီးရေ့ ‘

ဖတ်လက်စ စာအုပ်ကို ဘေးချ ကျောင်းပေါ်က ဆင်းပြီး ဒကာကြီး တစ်ဦးနဲ့ အတူ ချင်းတွင်း သောင်ဆီသို့ ဆင်းခဲ့ကြသည်၊ ချင်းတွင်သောင်သည် ကျယ်ပြန့်သည်၊ မိုးအခါများဆိုလျှင် မြစ်ရေသည် ကမ်းလုံးပြည့် စီးဆင်းသည်၊ တနိုင်းချောင်းဖျား မိုးအားကြီးလျှင် ချင်းတွင်းရေ ကြီးသည်၊ နတ်မှော်ချောင်းဖျား မိုးများလျှင်လဲ ချင်းတွင်း ကမ်းလုံးလျှံသည်၊ 

သောင်ပြင်တွင်ရှိသမျှသော အမှိုက်၊ ဒိုက်၊ တဲအို၊ တဲပျက်တို့ကို အတင်းဝင် တိုက်ပြီး ဆွဲယူ ၀ါးမျိုတတ်သည်၊ ရေကြီးတုန်း ကမ်းပေါ်တင်ထားသော လှေတို့သည် ရုတ်တရက်ရေ အကျတွင် ကမ်းပေါ်တင်ပြီး ကျန်ရစ်တတ်သည်၊ ချင်းတွင်း အထက်ဖျားသည် တံတားမရှိ၊

မြစ်ကို ဖြတ်ကူဖို့ လှေသာလျှင် ရှိတော့သည်၊ တောင်ပေါ်သားတို့သည် တောင်ယာဆီ သို့ နေ့စဉ် သွားကြ ရသည်၊ တစ်ဘက်ကမ်းသို့ကူးရမည်ဆိုလျှင် လှေသာလျှင် အားကိုးစရာ ရှိတော့သည်၊

တစ်ခါတရံ တစ်ဘက်ကမ်းသို့ ကူရန် သောင်ပြင်တွင် လှေကြုံ စောင့်နေသော တောင်ပေါ်သားတို့မှာတေး တကြော်ကြော် ရှိနေတတ်သည်၊ ဘယ်လို အဓိပ္ပာယ်ရှိမည် မသိရသော်လဲ မျှော်တော်ယောင် သီချင်း ဖြစ်မှာ သေချာသည်၊ ခရီးကြုံတိုင်း ကိုယ် ကိုယ်တိုင်လဲ သောင်ပေါ်တွင်လှေကြုံ စောင့်ဖူးပါသည်၊ လာခဲသည်၊ အစုန်လှေ မျှော်လျှင် အဆန် တွေ့တတ်သည်၊ အဆန်မျှော်လျှင် အစုန်လှေတို့က လက်ယပ်ပြီး ခေါ်တင် ချင်ကြသည်၊

‘ဒကာကြီးက ဘယ်သွားမလို့လဲ’

‘တပည့်တော် ကျဝါးချောင်းဘက် ကူးမလို့ပါ၊ ရွာထဲကလူတွေကလဲ တောင်ယာ တက်နေကြတော့ မရှိကြဘူးလေ’

သူပြောရင်း တောင်ကုန်း အဆင်းအတက်တို့ကို ဆင်းလိုက် တက်လိုက်ဖြင့် ချင်းတွင်းသောင်သို့ လာခဲ့ ကြသည်၊ ဆောင်းလေဦးတို့ ခပ်ဖုံဖုံ တိုက်ခတ်နေသည်၊ ရွာထဲတွင် မသိသာသော်လဲ သောင်ခြေတွင် မြောက်လေဖြန်းနေသည်၊ လှိုင်းကြက်ခွတ်လေးများ တရွရွဖြင့် မြစ်ပြင်သည် ကြွနေသယောင်ထင်ရသည်၊ တလျှပ်လျှပ်ဖြင့် လှလို့လဲနေသည်၊

သောင်ပြင်တွင် ကျန်ရစ်သော လှေခွံကြီးကို ဦးဆွဲ ပဲ့တွန်းဖြင့် ရေချကြရသည်၊ ချွေးတစ်လုံးလုံးနှင့်မို့ ဆောင်း လေတို့သည် မအေးနိုင်တော့၊ လှေခွံသည် ချင်းတွင်းမြစ်ရေသို့ အကျတွင် သောင်ပြင်တွင် ပက်လက်လှန်ကာ အပန်း ဖြေရတော့သည်၊

‘ ဘုန်းကြီး၊ ရပြီ တပည့်တော် ကျဝါးဘက်သွားလိုက်ဦးမယ်၊ ဥပုသ်နေ့ကြရင် ပြန်ခဲ့မယ်’

ပြောပြောဆိုဆို ချင်းတွင်း အထက်ဆီသို့ သူ ဆန်တက် သွားလေသည်၊ မိမိသည်သာ ချင်းတွင်း သောင်ပြင်တွင် တစ်ယောက်ထည်း ကျန်ရစ်သည်၊

တောင်တန်း သာနာပြုဘ၀တွင် တောင်ပေါ်သားတို့နှင့် အတူ ချင်းတွင်းကို ဤသို့ အနိုင်ယူခဲ့ဖူးပါသည်၊ မြစ် ကြောတွင် အစုန်ခရီးသွား တစ်စုဆီက အားမာန်ပါပါ ဟစ်ဆိုလိုက်သော တေးသံ သည် ချင်းတွင်း သောင် ကမ်းတွင် ရစ်ဝဲပဲ့တင်ထပ် နေတော့သည်၊ ချင်းတွင်း မြစ်ကြောတွင် စုန်ဆင်းသူတို့ ရှိသည်၊ ဆန်တက်နေသော သူတို့ကိုလဲ တွေ့နိုင်သည်၊

Sunday, May 29, 2011

အဆာ

အညာနွေသည် ပူလွန်းလှသည်၊ ရွက်ခြောက်တို့သည် တဖြောတဖြော အသံပေးပြီး ရှပ်တိုက်ပြေးနေသည်၊ အပူလှိုင်းတို့သည် အညှာတာမဲ့ဖြတ်သန်းနေသည်၊ ခယောင်း ပတ်ကြားတို့ဆီက တဖျစ်တဖျစ်သည် အဝေးက ကြားလောက်သည်၊ မိုးသည် အရိပ်အယောင်မျှ မမြင်ရသေးပေ၊ နေ၀င်နေထွက် ယာခင်းဝင်ရသော အဖြစ်သည် ရာသီပူ စိတ်ပူဖြင့် လူးလှိမ့်ခံနေရသည်၊

မွန်းလွဲလုပြီ အိမ်သူကား ထမင်းလာ မပို့သေးပါ၊ ရင်တွင်း ပူဆာသည် မနေသာတော့၊ မျှော်ရပြီ၊ လာပါပြီ၊ အိမ်သူ ထမင်းထုတ်လေးကို ခေါင်းတင်ပြီး၊

‘ တော့် ဆာနေပြီလား’

‘ မင်းနောက်ကျလှချည်းလား’

‘ကောက်ညှင်းက မနပ်နိုင်လို့ တော့်’

‘အေးပါကွာ၊ ကဲ ဘယ်မလဲ ထမင်းက’

အိမ်သူသည် ပြောပြောဆိုဆို ထုပ်လာသော အင်ဖက်ကို အသာဖြန့်ချပြီး အိမ်သားရှေ့သို့ ချပေးလိုက်သည်၊

‘မင်းကွာ ကြည့်စမ်း ကောက်ညှင်းပေါင်းက နဲလှချည်းလား၊ ဒီလောက်ပူပြီး ပင်ပန်းနေတာ
မစားဘူးကွာ၊ ကဲ ပြန်ချက်ချေ’

ဆိုပြီး ကောက်ညှင်းပေါင်းကို တအား လွှင့်ပစ်လိုက်လေသည်၊ ကောက်ညှင်းပေါင်းသည် တည်ပင်တွင် ကပ်နေလေသည်၊

အိမ်သူသည် လင်သားအား မပြောသာချေ၊ အသာယာပင် ထပြန်ပြီး ထမင်းပြန်ချက်ဖို့ ရွာသို့ဝင်လေသည်၊ နဂိုက ဆာရသည့် အထဲ နောက်ထပ် ထပ်ပြီး စောင့်ရသော အဖြစ်ကို မခံသာလွန်းသဖြင့် တည်ပင်ကပ်နေသော ကောက်ညှင်းပေါင်းကို ခွာစားရပြီ၊ သို့သော် အားကောင်း မောင်းသန် ယာထွန် အိမ်သားကြီးသည် ကုန်အောင်ပင် မစားနိုင်ပါ၊

စိတ်အဆာသည် ဆန်းကြယ်သည်၊ အဆာလွန်၍လား မပြောတတ်၊ သို့တည်းမဟုတ် စိတ် အဆာသည် ၀မ်း အဆာထက် ပိုလေသလား မသိ ယာခင်းထွန် သမားကြီး တွေးနေလေသည်၊

သူ့ အရပ်နဲ့ သူ့ဇာတ်

‘ နေက ပူလွန်းတယ်နော် ဦးဇင်း’

‘ အေးပေါ့ မင်းလဲ ကြားဖူးသားနဲ့ တော်သလင်းနေ ပဇင်း( ပုဇဉ်း) သေဆိုတာ’

‘အာ ဦးဇင်းကလဲ တော်သလင်းနေ ပုဇွန်သေလို့ပဲ ကြားဖူးပါတယ်’

‘ မင်း ဘာသိလို့လဲ တို့ဆီမှာ ပုဇွန်မရှိဘူး၊ ပဇင်းပဲ ရှိတယ်’

‘ ဦးဇင်းက ဘယ်ကလာတာမို့လဲ’

‘ ကျောက်ပန်းတောင်းကလေ’

‘အော် တင်ပ တင်ပ’

ဘာမှ မပြောသာ၊ သူ့ အရပ်သူသာလျှင် အသိဆုံးဖြစ်ပေမည်၊
ကျုပ် မျက်စိထဲမတော့ လကမ္ဘာကိုသာ မြင်ယောင်နေမိသည်၊

Thursday, May 26, 2011

သူ နဲ့ ကျနော်


 ပုံရိပ်

ချင်းတွင်းဆီသို့ ပြန်ရောက်ဖြစ်တယ်၊ မြစ်ရေကြည်သည် ညင်ညင်သာသာ ဖြေးလေး ညှင်းတွဲ့ စီးဆင်းနေတယ်၊ ချင်းတွင်းသည် ပြည့်ပြည့်ဖြိုးဖြိုးမဟုတ်ပဲ အရွယ်ကျနေသော သူတစ်ဦးကိုကြည့်ရ သလိုဖြစ်နေတယ်၊ အော် ချင်းတွင်း သင်လှခဲ့၊ မာန်ကြွယ်ခဲ့၊ ဘယ်သူ့ကိုမှ မမှု၊ တွေ့သမျှကို ပြုချင်တိုင်းပြုပြီး ပြေးထွက်ရှောင် ပြေးသွား တတ်တဲ့ သင့်ရဲ့ပုံရိပ်တို့ကို လွမ်းနေမိတယ်၊ ဟုတ်တော့လဲ ဟုတ်ပါတယ် ချင်းတွင်ရယ် ငါအရောက် နောက် ကျတော့ သင့်ရဲ့ပြည့်ဖြိုးတဲ့ အလှကို ဘယ်မြင်ခွင့်ရမလဲ၊ ကြည့်စမ်းပါဦး၊ ချင်းတွင်းရယ် ပိန်ပျော့ပြီး စီးဆင်းမှု များပင် ပြတ်တောက် သွားမယောင်ထင်မိတယ်၊

သင့်ကို ကြည့်ရတာ ငါတောင် အသက်ရှုမ၀သလို ခံစားမိပါရဲ့၊ ကြည့်လိုက်စမ်းပါ့၊ ရာသီကောင်းချိန်ဆို သင့်ကို မထေမဲ့မြင်ပြုဖို့ မပြောနဲ့ အနားကပ်လာရင်တောင် ရေအောက်စုံးစုံးမြှုပ်ပြစ်နိုင်တဲ့ တစ်ချိန်က ခွန်အားတွေ ကိုမှ မထောက် ပိန်းကောလေးနဲ့ တစ်ဘက်ကမ်း ကူးသွားကြတဲ့ သူတွေက ရက်စက်တယ် ထင်မိတယ်၊

မြင်ခဲ့ရဖူးတယ် ချင်းတွင်းရယ်၊ တိမ်တောင်တိမ်လိပ် မိုးရိပ်တွေနဲ့ အတူ တောတန်းကိုမမှု၊ တောင်တန်းတွေကို ဖြတ်ပြီး တေးသံစဉ်တလွင်လွင် အားမာန်အပြည့် ကြွကြွရွရွ လှလိုက်ပုံများ၊ ရောင်စုံတောက်တဲ့ တိမ်စိုင်တွေ တောင်ရှုံးလောက်အောင်လှခဲ့တဲ့ ချင်းတွင်း၊

ဆောင်းဆို ရှက်လို့ ထင်ရဲ့ နှင်းပ၀ါကြီးခြုံပြီး ဘယ်သူမှ မနိုးသေးခင် အသံလွင်လွင်ပေးပြီး အဝေးကြီးကို ခရီးနှင် ရတယ်၊ တကယ့် အဝေးကြီးပါ၊ ခရီးဆုံးအောင် မပြေးနိုင်ဘူးထင်ရဲ့၊ မြစ်မင်း ဧရာရင်ခွင်ထဲ ခိုဝင်ပြီး ခရီး ဆက်ရတယ်၊ စာနာမိပါတယ်၊ ချင်းတွင်းက တော အထပ်ထပ် တောင် အသွယ်သွယ်ကို ဖြတ်ရတယ်၊ အကြင်နာမဲ့ လူသားတိုရဲ့ တူးဖြိုခြင်းကို ခါးစီးခံရတယ်၊ တစ်ပါးသူ့ ရင်ခွင်ခိုဝင်လို့ သစ္စာမဲ့တယ်လို့ မပြော ရက်ဘူး ချင်းတွင်းရယ်၊

အခုတော့ မြင်ရပြီ၊ နွေ တပေါင်းက ညှဉ်းလို့ထင်ရဲ့ ခိုးငွေ့တွေ တလူလူနဲ့ မှုန်တေကြီးလုပ်လို့၊ ဗျိုင်း တစ်အုပ် က ခပ်နိမ့်နိမ့် ပျံသန်းပြီး မထေမဲ့မြင် ပြုသွားတယ်၊ တစ်ဘက်နဲ့ တစ်ဘက်ထိလုနီး သောင်းကမ်း တွေကလဲ မျက်နှာမှာ အမာရွတ်တွေ ပေါက်နေသလိုပဲ ပြည့်လို့၊ သောင်ပြင်ကြီး ကြားဖြတ်လို့ ဖြစ်နေလိုက်ပုံများ မျက်နှာ ပြင်မှာ ဟက်တက်ကွဲ ဒဏ်ရာကြီးကို ကြည့်ရသလိုပဲ၊ ပြန်မတွေ့တော့ဘူး ထင်မိတာ၊ ပြန်ဆုံဖြစ်သေး လို့ဝမ်းသာနေမိတယ်၊


သရုပ်မှန် (၀န်ခံချက်)


ချင်းတွင်မြစ်ဖျားရှိ ပဒူးမုန်း နာဂရွာလေးတွင် တောင်တန်း သာသနာပြုဘ၀ဖြင့် နှစ် နှစ် တာနေ ခဲ့ရ ဖူးသည်၊ မိုးတွင်း အခါ ချင်းတွင်းမြစ် ရေကြီးတာကို ကြုံခဲ့ရဖူးသည်၊ ကမ်းလုံးလျှံပြီး ကမ်းနားက နာဂရွာ တွေနဲ့ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ ကလေးမြို့၊ မင်းကင်းနှင့် မုံရွာမြို့ကြီးတွေကို ခြိမ်းခြောက် နိုင်ခဲ့သည်၊ ဆောင်း အခါလဲ သူနဲ့ နီးနီးနေဖူးသည်၊ နှစ်စဉ်ဘုရားပွဲ အတွက် သောင်ပြင်တွင် တဲထိုးပြီး ချမ်းအေးတဲ့ ပြာသိုလ မှစတင်ပြီး တပေါင်းတိုင်အောင် ချင်းတွင်းမြစ်ရိုး တစ်လျှောက် စုန် ဆန်နေတဲ့ သင်္ဘော၊ မော်တော်များကို အားမနာ ပါးမနာ အရပ်ခိုင်းပြီး အလှူခံရသည်၊ သောင်ပြင်ဆီက ဖြတ်တိုက်လာတဲ့ လေအေးအေးတို့က ဆောင်းမှန်း သိအောင်ပြသည်၊ 

ဆောင်းခါကာလ အားနွဲ့ခဲ့သမျှ နွေတွင် ရေမပြတ်ရုံတမယ် ရှိတော့သည်၊ အဲဒီလို နှစ် နှစ်တာ ကာလနေခဲ့ရပြီးထိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံတို့သို့ ရောက်ခဲ့ရသည်၊ မြန်မာပြည်သို့ ခဏ ပြန်ရောက်ခိုက် ခန္တီးနယ်၊ လက်ပံသာကျေးရွာတွင် မိမိကိုယ်တိုင် ဦးစီး ဆောင်ရွက်ခဲ့ရသော ကျောင်းအောင်ပွဲ ရေစက်ချ ပင့်သဖြင့် မန္တလေးမြို့မှ ခန္တီးမြို့သို့ ရုတ်တရက် သွားခဲ့ရသည်၊

ချင်းတွင်းမြစ်ဘေးက ပဒူးမုန်းနာဂရွာလေးတွင် တစ်ညအိပ်ခဲ့သည်၊ လွမ်းစရာများ ပြောမပြတတ် အောင် ရှိလှသည်၊ မိုင်ပေါင်း ၇၅၀ ရှည်သော ချင်းတွင်းမြစ်သည် သမိုင်းတွင် မှတ်တမ်း တင်ရလောက်အောင် ရေအား နည်းနေသည်ဟု မှတ်တမ်းတွေ့ရသည်၊ 

သူတို့မှတ်တမ်း မတင်လဲ ချင်းတွင်းကို နားလည်သည်၊ ဥသြသည် လွမ်းလွမ်း ဆွေးဆွေး အော်မြည်သည်၊ ချင်းတွင်းသည် တောင်တန်းများ အကြား ခေါင်းလျှိုး နေရသော အဖြစ်ကို အပြန်ခရီး လေယျာဉ်ထက်မှ ကြည့်ရ၊ မြင်ရသည်မှာ……………။

Wednesday, May 25, 2011

သတိတော့ ထားပါ

သူတို့ရွာသည် သူတို့မူဖြင့်နေကြသည်၊ ပတ်ဝန်ကျင်ရွာများနှင့် မတူကြပါ၊ အထူးသဖြင့် စကားတွင် ထင်ရှား သည်၊ လေးလေးပင်ပင် ပြောတတ်သည်၊ စကားအဆုံးတွင် ‘ လကွယ်’ ထည့်ပြီး ပြောတတ်သည်၊ သွားလကွယ်၊ စား လကွယ် စသည်ဖြစ်၏၊ သူတို့ရွာကို စကျင်ရွာဟု ခေါ်သည်၊ အနုပညာလဲ မြတ်နိုးသည်၊ အနုပညာကို စော်ကားလျှင် သူတို့ရွာသားများ မခံတတ်ကြ၊ ပွဲငှားထားလျှင် ဇာတ်သူ ဇာတ်သားများ ထိုက်ထိုက်တန်တန် ဖျော်ဖြေ ကပြကြရသည်၊ ဇာတ်ခိုလျှင် ခဲဖြင့်ပေါက်တတ်သည်မှာလဲ သူတို့ပင်ဖြစ်သည်၊

တစ်ခါသော် သူတို့ရွာတွင် ဇာတ်ကသည်၊

ဇာတ်မှာနောက်ကျမှ ရောက်လာသလို ပွဲထွက်တော့လဲ နောက်ကျသည်၊ ကပြတော့လည်း ညံ့သည်၊ မင်းသမီး မင်းသားများ အကမကောင်း၊ အသံညံ့ကြ၏၊ ဤတွင် စကျင်ရွာသားများ ခံဖြင့်ပေါက်ကြတော့သည်။

ပွဲဆူသဖြင့် လုံခြုံရေးများရောက်လာပြီး ၀ိုင်းဝန်း ထိန်းသိမ်းကြသည်၊ ခဲဖြင့် ပေါက်သော စကျင်သားများကို လိုက်လံ ဖမ်းဆီးကြသည်၊

ကွမ်းယာဆိုင်တွင် ထိုင်နေသော ရွာသားတစ်ယောက်ကို ရဲက မသင်ကာသဖြင့် စစ်ဆေး၏၊

‘ဟေ့ကောင် မင်း စကျင်သားလား’
‘ အဲ ဟုတ်ဖူး လကွယ်’
‘ အာ ဟုတ်ပြီ လကွယ်တွေလိုက်ဖမ်းနေတာ လာလိုက်ခဲ့ပေတော့ မောင်ရင်ရေ’

ပြောရဦးမယ်

စာသင်တိုက်တစ်တိုက်တွင်ဖြစ်သည်၊ မြန်မာပြည်အရပ်ရပ်မှ လာရောက်နည်းခံ သင်ယူကြသော စာသင်များ ပေါများသည်၊ နယ်စုံက လာသောကြောင့် စကားလဲစုံသည်၊ အတွေ့အကြုံလဲ များကြသည်၊ တစ်ချို့စာသင် သားများက ထိထိမိမိပြောတတ်သည်၊ တစ်ချို့က ဒေသစကားများ ပြောကြသဖြင့် တစ်မျိုးနားလည်ပေးရသည်၊ ထိုအထဲတွင် ဦးဓမ္မိကသည် အတည်ပေါက်ဖြင့် ပြောတတ်၏။

တစ်နေ့၊
ရွာမှ အတူတူရောက်ခဲ့ကြသော ဦးဇင်းတစ်ပါးက

“ ဦးဓမ္မိက ဘယ်နှစ်ဝါရပြီလဲ”ဟုမေးရာ
‘ မောင်ရင်ကလဲ သိသားနဲ့ ကိုးဝါလေ” ဟုပြန်ပြော၏၊
‘ ဟင် ဦးဇင်းကလဲ ရွာက ထွက်လာကတည်းက ကိုးဝါက မတက်သေးပါဘူး’
‘ မောင်ရင် ငါက စကားကို ဘလောင်ဘလဲ မပြောတတ်ဘူး၊ တစ်မျိုးပဲပြောတတ်တယ်၊ မင်းသိသားနဲ့’၊