Pages

Monday, September 26, 2011

ကမ်းခြေသူ

အိန္ဒိယနိုင်ငံတောင်ပိုင်း ချင်နိုင်းမြို့လေးသို့ရောက်ခဲ့သည်၊ 
နယ်ချဲ့ အင်္ဂလိပ်ပေးခဲ့သော နာမည်မှာ မဒရပ်ဖြစ်သည်၊ 
ပင်လယ်ကမ်းခြေက မြို့တစ်မြို့ဖြစ်သည်၊

သီရိလင်္ကာနိုင်ငံနှင့်နီးကပ်သော မြို့လေးဖြစ်သည်၊ မြို့လေး၏အထင်ကရဖြစ်သော မဒရပ်တက္ကသိုလ်ဝင်း အတွင်းမှကမ်းခြေဘက်သို့လှမ်းကြည့်လိုက်လျှင် ပင်လယ်ပြာပြာကြီးသည် ကျယ်ပြောလှသည်၊ ပြာလဲ့လဲ့ဖြင့် မျက်စိတစ်ဆုံး ရှုမျော်မဆုံးနိုင်တော့၊ မြို့နှင့် ပင်လယ်ပြင်ကို အနားသတ်ထားသောကမ်းခြေသည်ကမ္ဘာတွင် 
တတိယအကြီးဆုံးဖြစ်ပါသတဲ့၊

လှပါဘိသည်၊ 

ပင်လယ်ကူသင်္ဘောများ ကူလူးသွားလာနေကြသည်၊ ပင်လယ်ပြာပြာ ရေပြင်ခုံးမို့မို့တွင် လှေနာဝါ ကြီးငယ်သင်္ဘောများသည် လူးလွန့်လျှက် လှိုင်းကြက်ခွတ်များပေါ်တွင် လှချင်တိုင်း လှနေတော့သည်၊ ကြည့်နေရင်း ရင်တလျှပ်လျှပ်ဖြင့် အမည်ဖော်မပြတတ်သော ဝေဒနာများ ခံစားနေမိပြန်သည်၊

တစ်ချိန်က ကမ်းခြေကိုတက်လာခဲ့သော နယ်ချဲ့တွေကိုလား၊ သို့တည်းမဟုတ် အသောကမင်းတရားကြီး ဓမ္မာဝုဓ- တရားလက်နှက်ဖြင့် အောင်နိုင်ခဲ့သော သီရိလင်္ကာနိုင်လေးကိုလား၊ 
ညီညွတ်မှု အင်အားဖြင့် တိုက်ထုတ်ခြင်းခံရလိုက်သော နယ်ချဲ့စစ်ဘီလူးတို့ ပင်လယ်ပြင် အတွင်း တပ်ဆုတ်သွားသော နေ၀င်ချိန်တွေကိုလား၊ 

မနေ့တစ်နေ့ အလား ထင်ရသော ပင်လယ်ပြင်၏ မာယာပြကွက် ဆူနာမီလှိုင်းလုံးတွေကိုလား၊
ပြောမပြတတ်တော့ဘူး၊ ဒါပေမယ့် ရင်တွင်းမှာတော့ လှိုင်းခတ်သံတွေရှိနေသည်၊ တကယ်ပါ၊

ပင်လယ်ပြင်လေညှင်းတို့က အတင်းဝင်တိုးသည်၊ 
ကမ်းခြေတွင် လမ်းသလားနေသော မဒရပ်လှပျိုဖြူတို့ကို ဆော့မြှူသည်၊ 
ကမ်းခြေတွင်ပင်လယ်ပြင်က ငွေဇင်ယော်တို့နှင့် အတူမဒရပ်သူတို့လဲအတောင်ခတ်ပျံတော့လေမလား
ထင်မိသည်၊ ပျံချင်လဲပျံပါလေ၊ 

ကိုယ်တိုင်လဲလှိုင်းလေနှင့် ငွေရောင်ကမ်းတွင်အတောင်တတ်ပြီးပျံချင်စိတ်များဖြစ်ပေါ်နေမိသည်၊
အတူယှဉ်တွဲ ပျံဝဲလိုက်ချင်ပါဘိ၊

ရင်တွင်းခံစားချက်ကို မြိုသိပ်တိတ်တိတ်လေးနေခဲ့ရသည်၊ ကမ်းခြေကိုကျောပေးပြီး၊  မဒရပ်တက္ကသိုလ်ဝင်း အတွင်းသို့ရောက်ခဲ့ပြီ၊ မူဆလင်လက်ရာများဟုဆိုနိုင်သော အဆောက်အဦးများကိုတွေ့ရသည်၊   

စိမ်းစိမ်းစိုစိုဖြင့်လှသည်၊ ကမ်းခြေတွင်ပေါက်ရောက်လေ့ရှိသော အပင်များကို တွေ့ရသည်၊ တက္ကသိုလ် ပရ၀ဏ် အတွင်းတွင်လဲမဒရပ်သူလှပျိုဖြူတို့ကို ‘ပြုံးတော့မလို့...လိုဖြင’့် အိနြေ္ဒကြီးလှသည်ကို
မြင်တွေ့ပြန်ရသည်၊

တက္ကသိုလ်ဝင်း အတွင်းကျူးကျော် ချဉ်းနင်းဝင်ရောက်လာသော ပင်လယ်လေအေးတို့ကလဲ အိနြေ္ဒရှင်လှပျိုဖြူကျောင်းသူ ချောချောတို့ကို မူအားရက်နိုင်လွန်းဟုဆိုကာ တိုးဝှေ့ဖက်ရမ်းသည်၊ 

သူလေတို့၏ ဆံစများ လေတွင်လွန့်လူးသည်၊ လေအဝှေ့ကြောင့် သူလေးတို့၏ ကိုယ်ရုံလွှာဆာရီသည် သခင့်အား စွန့်ခွာတော့မယောင်ထင်ရသည်၊

လေးသရမ်း၏ ဆော့ကစားခြင်းခံနေရသော သူလေးတို့၏ ရှက်သွေးဖြန်းသော မျက်ဝန်း၊ မျက်လုံး၊ ပါးပြင်၊ ဘေဘီဝဲယာကြည့်လိုက် ခြင်းတို့သည် မဒရပ်တက္ကသိုလ်ကြီး၏ အလှတစ်ပါးဖြစ်ပေလိမ့်မည်၊

Sunday, September 4, 2011

ကျောင်းလွှတ် ပူဇာ


တစ်ယောက်တစ်အား၊ ၀ိုင်းကာကူညီ၊
ထိုဤကိစ္စ၊ ပြီးစီးရသည်၊
မြင်သာထင်ရှား၊ ပမာထားမည်၊
ကြည့်ကြပါလော့၊ ပျားနှင့် ပျားရည်၊
နှုတ်သီးဖျားဖြင့်၊ အများစုတည်၊
ပျားအုံကြီး၊ ခန့်ထည်း အံ့ဖွယ်ချီ။

ချင်းတွင်းအထက်ဖျား မိုးရိပ်တိမ်တောင်တို့ တစ်အုပ် တစ်ဖွဲ့ဖြတ်သန်းသွားသည်များမြင်ရဖန်များလာပြီ၊ ဂျိုးဂျိုး ဂျိန်းဂျိန်းဖြင့်လဲ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်တတ်သည်၊ စာကျက်ပြန် နွားမပျိုတို့ လန့်ခုန်သည်၊
နှင်းတို့ ကလဲ ကသုတ် ကယက်နှင့် ဆုတ်ထွက်ပြေးသယောင်ပြုနေသည်၊ တောင်လေတိုက်ခတ်လျှင် ဥသြသံသဲ့သဲ့ ပါလာတတ်သည်၊ မြောက်ပြန်လေလောင်လျှင်လဲ အသဲထဲ စိမ့်ကနဲ့နေတော့သည်၊

တပေါင်း၏ နေ၊ တပေါင်း၏ လေ၊ တပေါင်း၏ နှင်းကျန်၊ နွေတေးရှင် ငှက်ဥသြတို့သည် စိတ်ကို ကယောက် ကယက်ဖြင့် ချင်းတွင်းသောင်ပြင်က သဲမှုံလို လေတိုက်တိုင်း ယိမ်းထိုးလှုပ်ခါနိုင်စွမ်းတော့သည်၊

‘တပည့်တော်တို့ရွာက ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြသိန်းတန်ဘုရားပွဲ ရေစက်ချရင် ချန်ထားတာ အမြဲခံရပါတယ်၊ တပည့်တော်တို့ရွာမှာလဲ ဗုဒ္ဓဘာသာဝင်တွေရှိပါတယ်၊ 
အဲလို စုပေါင်းပြုတဲ့ကုသိုလ်ပွဲမှာ ရေစက်ချခွင့်မရတာ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ၀မ်းနည်းမိပါတယ်၊
ဒါကြောင့်တပည့်တော်က ဒီရွာကိုကြွရောက်ပြီးသာသနာပြုပေးနိုင်မယ်ဆိုင် 

တပည့်တော်တို့နေတဲ့ အိမ်ကို ကျောင်း အဖြစ်လှူမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်၊ နောက်တော့ ဆရာတော်တစ်ပါး ကြွလာပါတယ်၊ ဒါပေမယ့် တပည့်တော်တို့က ဘုန်းကြီးကို အပိုင်ရတာ မဟုတ်ပါဘူး၊ အငှားချပေးတာပါ၊ တာဝန်ကုန်တော့ ပြန်ကြွသွားတာပေါ့၊ 
တပည့်တော်တို့မှာသာ အမိမဲ့သား ရေနည်းငါးလို နေခဲ့ကြရတာပါဘုရား’

ဒီကနေ့တော့ဘုန်းကြီး အပိုင်ရပြီဆိုပြီးဝမ်းသာမိပါတယ်၊ ကျောင်းဆောက်ဖြစ်အောင်လဲ တပည့်တော်များ တိုက်တိုက် တွန်းတွန်းဆောင်ရွက်သွားမှာပါဘုရား၊

လက်ပန်သာဆိုသော ရွာလေးချင်းတွင်းမြစ်ဘေးတွင် တည်ရှိသည်၊ 
အိမ်ထောင်စုပေါင်း ငါးဆယ်ကျော်ရှိသည်၊ ခရစ်ယာန်ဘာသာကို အများစုကိုးကွယ်ကြသည်၊ 
လီဆူးလူမျိုး အများစုနေထိုင်သည်၊ နာဂလူမျိုးများလဲရှိသည်၊ ကချင် အမျိုးသားလဲနေထိုင်ကြသည်၊ ချင်းလူမျိုးလဲ ရှိပြန်သည်၊ အောက်ရပ်အောက်ရွာက ၀မ်းရေးအတွက် ထွက်ခွာလာကြသော 
ဗမာများ၊ ရခိုင်များလဲရှိပြန်သည်၊

ချင်းတွင်း အတက်ပိုင်းတွင် ခန္တီးမြို့နှင့် အပြိုင် သက်တမ်းရှိသော ရှမ်းရွာကြီး မှန်ပင်
( ကိုင်းတော) နှင့် ဘေးချင်း ကပ်လျှက်ရှိသည်၊ ခြံစိုက်ခြင်းကို အဓိကထားလုပ်ကိုင်ကြသည်၊
တောင်ယာလဲစိုက်ကြသည်၊ မှန်ပင်ရှမ်းရွာကြီးမှ အပျိုချောနှင့် လက်ဖက်ခြောက် နာမည်ကြီးသလို၊ လက်ပန်သာရွာလေးကလဲ အချောအလှတွင် ရှမ်ပျိုဖြူများကို မမီသည့်တိုင် ဂရိတ်ဖရုသီး၊ မာလကာသီးနှင့် ၀ါရှင်တန်သီးများ ထွက်ရာတွင် ရှမ်းရွာကြီး မှန်ပင်ထက်သာသည်၊

ထိုရွာလေးတွင် ဗုဒ္ဓဘာသာကျောင်း ပီပီပြင်ပြင်မရှိသေးပါ၊ အိမ်ကို ကျောင်း အဖြစ်လှူထားသော ကြိုးတိုးကြဲတဲ ခပ်နွဲ့နွဲ့ နှစ်ခန်းအိမ်လေးသာရှိသည်၊ 
အခုတစ်ဆင့်တိုးပြီး ကျောင်းဆောက်ကြတော့မည်၊  ထို့အတွက် ဦးဆောင်ခိုင်းလေပြီ၊
ကျောင်းပြီးလျှင် ကျောင်းထိုင်ရန်ဘုန်းကြီးပါးပါ ပေးရဦးမည်၊ 
ထိုအခြေ အနေမျိုး အတွက် အသင့်လျှော်ဆုံးဟု ဆုံးဖြတ်ကာ တာဝန်ပေးလေပြီး၊

စာရေးသူနဲ့ အတူ ချမ်းသာကြီးမြောက်တိုက်မှ ညီငယ် တစ်ပါးကဲ့သို့ချစ်ခင်ရသော ဦးဇင်းတစ်ပါး တောင်တန်းသို့ လိုက်ခဲ့သည်၊ တာဝန်ဖြင့် ရောက်လာခဲ့သူ မဟုတ်သော်ငြား တာဝန်ကျေသည်၊ 
ပဒူးမုန်းရွာလေးက ဇိနမာန်အောင်ဇရပ် ဆောင်လုပ်ရာတွင် အဘက်ဘက်က အားကုန် သွန်မှောက် ကူညီခဲ့သည်၊ တစ်နှစ်နီးပါလက်တွဲလာခဲ့သော ဦးဇင်းကို လက်ပန်သာရွာလေး အတွက် ပေးရတော့မည်၊

‘ဦးဇင်းကလဲ အခုဒကာကြီးတို့ဆီကျောင်းထိုင်မယ့် ဦးဇင်းကို ဦးဇင်းဆီမှာလဲ အင်မတန်မှလိုအပ်ပါတယ်၊ သို့သော် ဒကာကြီးမျာက ဦးဇင်းတို့ လိုအပ်တာထပ် ပိုနေတော့ အခုလိုကျောင်းထိုင်ဖို့ ခွင့်ပြုရတာပါ၊ ပြောချင်တာကတော့ အစစ အရာအရာ စိတ်ချပါရစေ၊ ပြီးတော့ သူက တာဝန်နဲ့ကြွလာတဲ့ သာသနာပြု ရဟန်းတော်တစ်ပါး မဟုတ်ပါဘူး၊ ကိုယ်ကျိုးမဖက် သက်သက် သာသနာတော်ရေး အတွက်သက်သက် ရောက်လာတာပါ’

အဲဒီလိုနဲ့ လက်ပန်သာရွာလေးတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ဖြစ်ပေါ်ဖို့အရေး စတင်ကြိုးပမ်းကြတော့သည်၊

စာရေးသူသည်၊ လက်ပန်သာကျောင်းမပြီးခင် တာဝန်ပြီး၍ အောက်ရပ်အောက်ရွာပြန်ခဲ့သည်၊
ထို့နောက် သီရီလင်္ကာနိုင်ငံတွင် ဆက်လက် ပညာသင်ယူသည်၊

ထို့နောက် အိန္ဒိယနိုင်ငံသို့ ဆက်လက်ထွက်ခွာလာခဲ့သည်၊ တောင်တန်းဒေသနှင့် တစ်နှစ်ကြာကွဲကွာခဲ့သည်၊ အိန္ဒိယနိုင်ငံတွင် တစ်လတာ နေပြီးမြန်မာနိုင်ငံ ခဏပြန်ရောက်သည်၊

‘ဦးဇင်းစာ အပို့ခိုင်းလိုက်လို့ပါဘုရား၊ ဦးဉေယျဓမ္မလို့ပြောပါတယ်၊
ကိုရင်တစ်ပါးရောက်လာသည်၊ လက်ထဲတွင် စာအိပ်တစ်အိပ်ကိုင်ထားသည်၊
‘တင်ပ ပေးကိုရင် ဒီကို’

စာဖောက်လိုက်သောအခါ အံ့သြရသည်၊ လွန်ခဲ့သော နှစ်နှစ်နီးပါးက စတင်ဆောင်ရွက်ခဲ့သော လက်ပန်သာရွာက ဘုန်းတော်ကြီးကျောင်းရေစက်ချပွဲ အတွက် ခန္တီးမြို့၊ ဗဟိုကျောင်းမှ ပင့်ခြင်းဖြစ်သည်၊ ၀မ်းသာလိုက်သည့် ဖြစ်ခြင်း…………..


ထိုကျောင်းရေစက်ချတွင် တရားဟောရသည်၊ မိတ်ဆွေများနှင့်ပြန်လည် ဆုံတွေ့ရသည်၊
တပေါင်းမိုးရိပ်တို့ အလိပ်လိပ်ဖြင့် ကောင်းကင်ပြင်တွင် မင်းမူနေသည်၊

ရွာနီးချုပ်စပ်က လူမျိုးစုံလာကြသည်၊ 
မှန်ပင်ရွာက ရှမ်းပျိုဖြူများ၊ ငွေရောင်တ၀င်းဝင်းဖြင့် ကချင်တိုင်းရင်သူများ၊
ပျော်တစ်ပြုံးပြုံးဖြင့် လက်ဆွဲနှုတ်ဆက်ကြသော ချင်းတွင်း ရောက်ဗမာများသည် ကျောင်းရေစက်ချပွဲလေးကို အသရေတိုးလှပစေတော့သည်၊

လက်ပန်သာထွက် ဂရိတ်ဖရုသီးများ၊ မာလကာသီးများ၊ ၀ါရှင်တန်သီးများ၊ တောင်ယာဆန် မာမာဆတ်ဆတ်လေးများ၊ ရှမ်းရွာကြီး မှန်ပင်မှ လက်ဖက်ချိုမွှေးတို့သည် လာရောက်ကြသော ဧည့်သည်များ အတွက် မျက်နှာပန်း လှစေသလို၊ 
ဘုန်းတော်ကြီးဆွမ်းဝိုင်းတွင်လဲ ရနံ့ကြိုင်ကြိုင်ဖြင့် မွှေးလှိုင်နေတော့သည်၊

ကျောင်းရေစက်ချ အာင်ပွဲလေးလဲ လှလိုက်သည့် အဖြစ်…..။

Thursday, September 1, 2011

ဖာဟီယန်


အသောကမင်း ပြီးနောက် တရုတ်နိုင်ငံမှ ပထမဆုံးရောက်ရှိလာသော ဘုရားဖူးမှာ ဖာဟီယန်ဖြစ်သည်၊ ဖာဟီယန်သည် မြတ်ဗုဒ္ဓပိဋကတ်တော်များကို ရေးကူးရန်နှင့် ဗုဒ္ဓ၀င်ဆိုင်ရာနေရာမြတ်တို့ကို ဖူးမြော်ရန် သမိုင်းကြောင်းတစ်လျှောက် စစ်မှန်ကြီးကျယ်သော ခရီးကို ခရစ်နှစ် ၃၉၉ တွင် နောက်လိုက်အဖော် သုံးပါးနှင့်အတူ စတင်ထွက်ခွာခဲ့သည်၊ 

မိမိတို့တရုတ်ဘာသာမှခြား ဆက်သွယ်ပြောဆိုရန်ဘာသာစကား သူတို့တွင်မရှိ၊ အိန္ဒိယနိုင်ငံသည် အနောက်အရပ်တစ်နေရာတွင်ရှိသည်ဟူသော အထောက်အထား မဆိုစဖွယ်နှင့် အခြားသော လမ်းညွှန်များမပါပဲ မိမိတို့ သဒ္ဓါတရားကိုသာလျှင် အဖော်ပြုလျှက် ထွက်ခွာခဲ့ကြသည်၊ သူတို့သည် တက်လမကန်( taklamakan) လွင်ပြင်ကို ဖြတ်သန်းကြရသည်၊

ဤလွင်ပြင်၏ သတိထားဖွယ်ရာမှာ အင်မတန် ပူပြင်းခြောက်သွေ့ပြီး ခရီးသွားများ အတွက် ကံမကောင်းစေနိုင်ခြင်းပင်ဖြစ်သည်၊

ဘုရားဖူးများသည် လွင်ပြင်ဒေသကြီး၏ အေးချမ်းသော နေရာဟုဆိုနိုင်သော ခိုတန်ပြည် ( Khotan) ကို ဖြတ်ကျော်ပြီး ကုရှ်( Kush) အိန္ဒုတောင်တန်းများကို ဖြတ်သန်းပြီးနောက် ပက်ရှဝါ( Peshawar) တွင် ရှေးခေတ်အခါက အမြင့်ဆုံးဟု ယူဆရသော ကနိရှကမင်း (Kanishaka) တည်ထားသည့် စေတီတော်ကို တအံ့တသြတွေ့ခဲ့ကြသည်၊ 
ထိုအချိန်တွင် သူတို့ သည် မဇ္ဈိမဒေသသို့ ရောက်ခဲ့ကြပြီ၊ ထိုစဉ် သူတို့ အထဲမှ ဘုရားဖူး မိတ်ဆွေနှစ်ယောက် ကွယ်လွန်ခဲ့ပြီဖြစ်သည်၊

ကျန်ရစ်သော ဖာဟီယန်နှင့် သူ၏မိတ်ဆွေ တောက်ချင်( Tao Ching) တို့သာ ကျန်ရှိနေသေးသော ခရီးကို အတူဆက်ခဲ့ကြသည်၊ မဇ္ဈိမဒေသတစ်ခွင်ရှိ မြတ်ဗုဒ္ဓနှင့် သက်ဆိုင်သော ကျောင်၊ ကန်၊ ဘုရားများသို့ လှည့်လည် သွားခဲ့ကြသည်၊ သက္ကတဘာသာနှင့် သက္ကတစာအုပ်များကိုလေ့လာလျှက် ၀ိနယပိဋကတ်ကို ရေးကူရင်း ပတ္တနားတွင် သုံးနှစ်ကြာနေထိုင်ခဲ့ကြသည်၊

ခရီးဆက်ရန် အချိန်ကျသော အခါ မြတ်ဗုဒ္ဓတရားတော်များကို လွယ်ကူစွာ နားလည်နိုင်ပြီး ကောင်းစွာ ကျင့်နိုင်သော နေရာဖြစ်သည့် မဇ္ဈိမဒေသတွင် ဆက်လက်ပြီးနေခဲ့ခြင်းကြောင်း တောက်ချင်က ဖယဟီယန်ကို ပြောလေသည်၊ 
ဤသို့ဖြင့် ဖာဟီယန်သည် စိတ်မကောင်းခြင်းကြီးစွာဖြင့် ကျန်ရှိနေသေးသောခရီးကို တစ်ယောက်တည်း ဆက်လက်ထွက်ခွာခဲ့သည်၊

ဖာဟီယန်သည် တာမရလိပတိ (Tamralipati) နောက်ထပ် ပိဋကတ်တော်များ ရေးကူးရင်း နှစ် နှစ် နေထိုင်ခဲ့ပြီး ကုန်သည်များ၏ သင်္ဘောဖြင့် အရှေ့ဘက် ကမ်းရိုးတမ်းမှသည် သီရိလင်္ကာနိုင်ငံသို့ ခရီးဆက်ခဲ့သည်၊

အိန္ဒိယနိုင်ငံကဲ့သို့ပင် ဗုဒ္ဓဘာသာ ထွန်းကားနေသော ကျွန်းကို ဖာဟီယန်တွေ့ခဲ့ပြီး ထိုစဉ်က တရုတ်နိုင်ငံတွင် မကြားဖူးသေးသော ဒီဃနိကာယ်၊ သံယုတ္တနိကာယ်နှင့် အခြားသော ပိဋကတ်တော်များရေးကူရန် အခွင့်သာခဲ့ပြန်သည်၊

သီရိလင်္ကာနိုင်ငံတွင်ရှိနေစဉ် တစ်နေ့တွင် စေတီပုထိုးများ လှည့်လည် ဖူးမြော်ရင်း ဘုရားဝတ်ပြု ပူဇော်နေသူတစ်ယောက်သည် တရုတ်နိုင်ငံလုပ် ယပ်တောင်ကို စေတီတော်တစ်အား ပူဇော်နေသည်ကို တွေ့ရလေသည်၊

အမိမြေတရုတ်နိုင်ငံနှင့် ဝေးခဲ့သည်မှာလဲကြာခဲ့ပြီး ရုတ်တရက် အမိမြေကို အမှတ်ရခြင်းများ ဖြစ်ပေါ်လာပြီး ဖာဟီယန်မျက်ဝန်းတွင် မျက်ရည်တို့ ပြည့်လျှမ်း ဝေ့သီနေခဲ့သည်။

Wednesday, August 31, 2011

အိုးဈေးနားက လူတွေ

Example is better than precepts

ကိုယ်တိုင်ကျင့်သုံးပြလိုက်ခြင်းသည် စည်းကမ်း၊ ဥပဒေများပြပြီး သတ်မှတ်ရသည် ထက်သာလွန်သည်

လူတစ်ချို့ရှိသည်၊ အပြော အဆိုကောင်းသည်၊ အသွင်အပြင်ကောင်းသည်၊ ဟန်ကောင်းသည်၊ ကြည်ညိုဖွယ်ဆောင်တတ်သည်၊ ထိုအရာအားလုံးသည် လူကိုတင့်တယ်စေသည်၊ အပေါ်ယံလှသည်၊ အဖုံးလှသည် ဆိုနိုင်သည်၊

သို့သော် စိတ်သည် ယောက်ယက်ခတ်နေသည်၊ အမှားမှန်ကို မသိ၊ အရှိဓမ္မကို အသိဖြင့် မညှိနိုင်၊
ရုပ်၊ နာမ်ဖြင့်ဖွဲ့စည်းထားသော လူမို့ ရုပ်လှသည်၊ နာမ်အလှလိုသေးသည်၊ သူလိုလူအတွက် ဥပမာရှိသည်၊ ဘာမှမရှိပဲ၊ ဘာမှ ထည့်မထားပဲ ပိတ်ထားသော အိုးနှင့်တူသည်၊ အနီးကပ်ကြည့်လျှင်သိနိုင်သည်၊

နောက်တစ်ယောက် ရှိသေးသည်၊ အပြောအဆိုအနေအထိုင် အဆင်မပြေလှ၊ ယဉ်ကျေးသိမ်မွေ့မှုမရှိ၊ ကြညိုဖွယ်မဆောင်တတ်၊ အပြောအဆို အပြုအမူတို့၌ အိနြေ္ဒမရှိ၊ သို့သော် အမှားအမှန်ကို သိသည်၊ အကြောင်း အကျိုး အကောင်း အဆိုးကို သိသည်၊ အရှိဓမ္မနှင့် အသိတရားတို့ မျှနေသည်၊ စိတ်၌စောင့်စည်းမှု အိနြေ္ဒရှိသည်၊ စိတ်အလှဖြင့် မွေ့လျော်သူဖြစ်သည်၊ 

သူ့အတွက် ဥပမာပေးထားသည်၊ အပြည့်ရှိလျှက် ဟင်းလင်းဖွင့်ထားသော အိုးနှင့်တူသည်၊ ထိုလူမျိုးနှင့် စိတ်ချင်းပေါင်းမိသော် ပျော်စရာကောင်းသည်၊

ရှိပါသေးသည်၊ နောက်တစ်ယောက်၊ အပြောအဆိုအနေအထိုင်လဲ မကောင်း၊ ရုပ်တရား သမ္ပတ္တိမရှိပေ၊ ကြည်ညိုဖွယ်မဆောင်တတ်၊ ယဉ်ကျေးသိမ်မွေ့မှုမရှိ၊ အရှိဓမ္မကို နားမလည်သလို အသိလဲ ကင်းဆိတ်နေသောသူ၊ စိတ်လဲယောက်ယက်ခတ်နေသည်၊ အဆင်းမလှသလို၊ အချင်းလဲ မလှသူ၊ ဘာမှလဲ မရှိ၊ ဘာမှ မရှိလို့ ဟန်ဆောင်ပြီးလဲ ပိတ်မထားတတ်၊ သူ့အတွက် ဥပမာရှိသည်၊ ဘာမှ မရှိသောအိုး ပိတ်မထားသည်နှင့် တူသည်တဲ့၊

ကျုပ်ကတော့ သူ့ကို ပျံကျရပ်ကွက်တွေမှာ တွေ့ရလေ့ရှိတယ်၊

သူလိုလူလဲရှိသေးသည်၊ အပြောအဆိုကောင်းသည်၊ အကောင်းပြောတတ်ရုံသာမဟုတ်၊ အရှိဓမ္မနှင့် ညှိပြီးပြောတတ်သည်၊ သူ့စကားတွင် အသိတရားတွေပါသည်၊ ကြည်ညိုဖွယ်ဆောင်သည်၊ အိနြေ္ဒရှိသည်၊ ရုပ်တရားကို အလှဆင်ထားသလို၊ စိတ်ကို တင့်တယ်စေသူလဲ ဖြစ်သည်၊
'ရှေ့ကကြည့်လဲယဉ်တယ်၊ နောက်ကကြည့်လဲ ယဉ်တယ်၊ အတွင်းကျကျသိလဲ လှတယ်'

သူ့အတွက် ဥပမာရှိပါသည်၊ အနှစ်တရား၊ အဆံများ အပြည့်ထည့်ထားပြီး ပိတ်ထားသော အိုးနှင့် တူသည်၊
တွေ့ရခဲပါသည်၊ အဆံရှိပြီး အသံမထွက်တတ်လို့ပါ၊

လောကလူသား အားလုံးအတွက် မိတ်ဆွေကောင်းကြီးတစ်ယောက်ပါ၊ 
ကျုပ်လဲ အဲလိုလူ ရှာနေတာပဲ။

Tuesday, August 30, 2011

အောင်ပွဲ

တပေါင်းလနေသည်ပူသည်၊
တပြိုက်တပြိုက်တိုက်ခတ်လိုက်သောလေနုအေးသည် ရင်တွင်းစိမ့်ပြီး အေးသည်၊
တိုက်ခတ်သောလေသည် မိုးနံ့သင်းသည်၊
မိုးရိပ်တိမ်တောင်တို့လဲ အကွက်စုံဆင်လျှက် ကောင်းကင်တွင် ဖြန့်ကျက်ထားသည်၊
အေးချမ်းသာယာတော့မည့် အရိပ်အယောင်တို့သည် အထင်းသားပေါ်လွင်လျှက်၊

လူစုံလဲစုံပြီ၊တောင်တန်းဗဟိုဆရာတော်ကြွရောက်သည်၊ အေးချမ်းသာယာရေးအကြီးအကဲများပါသည်၊
ရွာသူရွာသားများ ကျောင်းတွင်းကျောင်းပြင်မြိုင်နေပြီ၊ အားထုတ်ကြိုးပမ်းခဲ့ရသမျှတို့အကောင်အထည်
ပေါ်လေပြီ၊

‘တပည့်တော်တို့ရွာမှာ ဘာသာတရား စုံပါတယ်၊ ရိုးရားတောင်ယာ နတ်ကိုးကွယ်တဲ့ သူတွေလဲ ရှိပါသေးတယ်၊ဘာသာတရားနဲ့မရင်းနှီးသေးတဲ့သူတွေလဲရှိပါတယ်၊ ခရစ်ယာန်ဘာသာဆို နှစ်မျိုးတောင်
ရှိပါတယ်၊ ကက်သလစ်တွေလဲ ရှိသလို၊ နှစ်ချင်းတွေလဲရှိပါတယ်၊ 

ဒါပေမယ့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအနေနဲ့က အခုမှ စတင်ကြရမှာပါ၊ တပည့်တော်က ဘုန်းကြီးကျောင်းထွက်ပါ၊ ခန္တီးမြို့၊ ပေါမိုင်းကျောင်းထွက်ပါ၊ ဘုန်းတော်ကြီးတွေနဲ့ သက်ပတ်လို့ တပည့်တော်များ နားလည်တာက ဘယ်လိုလူပဲဖြစ်ဖြစ် ခွဲခြားမှုမရှိပဲ ရောက်လာတဲ့သူတွေကို ယဉ်ကျေးလာအောင်သင်ပြပေးခြင်းပါပဲဘုရား၊

တပည့်တော်တို့ ဘုန်းတော်ကျောင်းမှာ နေရစဉ်က မနက်တိုင်း ဘုရားဝတ်တက်ရပါတယ်၊ ကျောင်း သန့်ရှင်းရပါတယ်၊ အချင်းချင်းလဲ တဲ့အောင်နေရပါတယ်၊ ညီညွတ်ခြင်းဆိုတာ အဲဒီကတည်းက တပည့်တော်သိပါတယ်၊ 
ဒ်ီနေ့ကျောင်းတင်ပွဲဖြစ်တော့ကား ရွာသူရွာသားများကို သွန်သင်ပေမယ့် ခေါင်းဆောင် တစ်ဦးတော့ရပြီလို့ ၀မ်းသာမိပါတယ်ဘုရား’

အထက်ပါစကားများကို လျှောက်ထားသွားသူမှာ ပဒူးမုန်းရွာသစ်ရွာမှ ကျေးရွာဥက္ကဌဖြစ်သည်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထွက် ခရစ်ယာန်ဖြစ်သည်၊
ကျောင်းတင် ပူဇော်ပွဲနေ့က လျှောက်ထားသွားခြင်း ဖြစ်သည်၊

အခက်အခဲအမျိုးမျိုးကြားထဲမှ ၀ိုင်းဝန်းလုပ်အားများကြောင့် အိမ်ခြေတစ်ရာ့ရှစ်ဆယ်နီးပါးရှိသော
ကျေးရွာကြီးတွင် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းပေါ်ထွန်းခဲ့ပြီ၊ ဗုဒ္ဓဘာသာဝင်များ 

အတွက်အားတက်စရာဖြစ်ခဲ့ပြီ၊ တောင်တန်းကျောင်းသည် ရွှေတူးဖော်ရေး ကုမ္ပဏီတစ်ခုမှ အသုံးမပြုတော့သော ဂိုထောင်ကို ကျောင်း အဖြစ်လှူထားခြင်းဖြစ်သည်၊

ခြေတိုင်ရှည် ခပ်မြင်မြင့် အဆောက်အဦးဖြစ်သည်၊ လူမနေတာကြာပြီဖြစ်သောကြောင့် ရောက်ခါစဘုန်းကြီး အဆင်ပြေစေရန် ကျောင်းကို ကျားကန် ထားရသည်၊

ကျောင်းတင်ပွဲနေ့က လူစုံသဖြင့် ကျောင်းသည် ယိမ်းထိုး လှုပ်ယမ်းနေသည်၊ ဘုရားတရသည်၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းနှင့် ကပ်လျှက် ခရစ်ယာန်ကျောင်းရှိသည်၊
ဤပဒူးမုန်းရွာသစ်သည် တစ်ချိန်က ကချင်လူမျိုးများနေထိုင်သော ရွာဖြစ်သည်၊ နတ်မှော်ရွာဟု ထင်ရှားသည်၊

၁၉၇၀ ကျော်ကာလများဆီက နတ်မှော်ရွာလေးတွင် သေနတ်သံတွေညံခဲ့ဖူးသည်၊ ချင်းတွင်းကမ်းပါယံတွင် ယမ်းခိုးငွေ့တို့ တလူလူ လွင့်ပျံ့အုံ့ဆိုင်းခဲ့ဖူးသည်၊ စစ်သားနှစ်ယောက် ကျဆုံးသည်၊ ထို့နောက် စစ်တပ်ရောက်လာပြီးနောက် ရွာလုံးကျွတ်ပြောင်းရွှေ့လိုက်သည်၊

ကချင်လူမျိုးများအများစုဖြစ်သောကြောင့် ထိုပြောင်းရွှေ့သွာသောရွာလေးကို ကချင်ရွာဟုခေါ်သည်၊ ယနေ့ ခန္တီးမြို့တဘက်ကမ်း တွင်ရှိသည်၊ တောင်တန်းသာသနာပြုရဟန်းတော်များ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြသည်၊

ယခင်က နတ်မှော်ရွာလေးသည်၊ နှစ်အတန်ကြာ လူသူကင်းမဲ့ပြီး အထီးကျန်နေခဲ့သည်၊ ချင်းတွင်းနှင့် ပဏာရသော ထိုရွာလေးကို တောင်ပေါ်ဒေသမှ နာဂလူမျိုးများဆင်းလာကြသည်၊ တစ်စုရောက်၊ တစ်စုရောက်လာနှင့် ရွာပြန်ဖြစ်တော့သည်၊

‘ငါ့ကို ဒီနတ်မှော်ရွာမှာမွေးတာပေါ့၊ဟိုဘက်ကမ်းက သဲလုံလေ၊ အဲဒီနောက်ဘက်မှာ ပဒူးမုန်းရွာရှိတယ်၊
နဂိုက တို့ရွာကို ပဒူးမုန်းလို့ မခေါ်ဘူး၊ နတ်မှော်ရွာလို့ခေါ်တယ်လေ၊
ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်လို့ တို့ပြောင်းကြရတာပေါ့’

တစ်ခါတစ်ရံ ရွာသားဟောင်းများကြီးများက ပြန်ပြောတတ်ကြသည်၊ သူ့ အပြောဖြင့် ကိုယ်တိုင်ပင် လွမ်းလိုက်မိသေးရဲ့၊

ယနေ့ကာလများတွင် ချင်းတွင်းမြစ်ရေကြည်လင်သည်၊ ကျေးငှက်မြည်သံ သာယာသည်၊
တောင်ကမ်းပါးယံက တောင်ယာခင်းတို့ စိမ်းစိုသည်၊ ရွာသူရွာသားများ ညီညီညွတ်ညွတ်ရှိကြသည်၊ ခရစ်ယာန်ကျောင်းခေါင်းလောင်းသံ ကြားရသည်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းက အမျှဝေသံ ကြားရသည်၊

တစ်ချိန်က ယမ်းခိုးငွေ့တို့ အကြား ဓမ္မတေးသံတို့မြိုင်မြိုင်ဖြင့် သာယာဝေစည်နေပြီဖြစ်သည်၊

Saturday, August 27, 2011

အေးရိပ်တွင် ကွန်းခို

'ဘုန်းကြီးတို့ ဦးဆောင်ရင်ဖြစ်နိုင်ပါတယ်၊ တပည့်တော်တို့ရွာ ဒီလောက်ကြီးလဲ မဆိုးကြပါဘူး၊ အရင်တစ်တုန်းကဖြစ်တယ်ဆိုတာလဲ စိတ်ပါလို့ကြရယ် မဟုတ်ပါဘူး၊ ကလေးတွေဆိုတော့ မိုက်ရူးရဲဆန်ကြတာပါဘုန်းကြီး၊

ချင်းတွင်းမြစ်ဖျားတွင် တိုင်းရင်းသား မျိုးစုံနေထိုင်ကြသည်၊ ရှမ်းအမျိုးသားများလဲ ရှိသည်၊ ကချင်အမျိုးသားများလဲနေထိုင်ကြသည်၊ လီဆူလူမျိုး၊ နာဂလူမျိုး၊ ချင်းလူမျိုး၊ အောက်ရပ်အောက်ရွာက
မြန်မာအမျိုးသားများလဲ ပေါများသည်၊ 

ချင်းတွင်းထက်ဖျားရှိကျေးရွာ အားလုံးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ဗုဒ္ဓဘာသာဝင်များဖြစ်ခဲ့ကြသည်၊

တောင်တန်းဆရာတော်ဘုရာကြီး၏ ဦးဆောင်မှုဖြင့် ရစ်တူ၊ ဟဲပုံ၊ ဆာအစ်၊ သဲလုံ၊ ငါးကျွန်း၊ ဆံခါ၊ သုံးပန်၊ လပစ်၊ ယောင်ပေါ်ရွာတို့တွင်နေထိုင်ကြသော ချင်း၊ နာဂ၊ ကချင်၊ ရှမ်း၊ လီဆူးတို့သည် ဗုဒ္ဓဘာသာကို ရွာလုံးကျွတ်ခံယူခဲ့ကြသည်၊

ထိုရွာများထဲက တောင်ပေါ်ရွာလေး ရစ်တူနာဂအမျိုးသားများသည် နောက်ပိုင်းမြေပြန့်ဆင်းခဲ့ကြသည်၊ ဘယ်ညာခွဲပြီး ဆင်းခဲ့ကြရာ တစ်နေရာတွင် နန်ဖာရွာလေးဖြစ်လာသည်၊ 
နာဂလူမျိုးအများစုနေထိုင်ကြသည်၊ နောက်တစ်နေရာတွင် ပဒူးမုန်းရွာလေးဖြစ်လာသည်၊ 

နန်ဖာရွာလေးနှင့်ပတ်သက်ပြီး ရှေးသာသနာပြုဆရာတော်များက ကဗျာဖွဲ့ခဲ့ကြသည်ကို တွေ့ရသည်၊

စာဖွဲ့မမီလို့ မပြောတော့ပါ၊
လာကြည့်ပါကွဲ့ ဆွေသဟာ၊
မြန်ပြည်မှာ စံတစ်နှုံး၊
နန်ဖာရွာလေး ရှုမဆုံး၊

သူ့အပြောမလွန်ပါ၊ လို၍ပင်နေဦးမည်ထင်မိသည်၊ ရွာဦးထိပ်တွင် ဘုန်းတော်ကြီးကျောင်း ရှိသည်၊ ချင်းတွင်းမြစ်က တဖြေးဖြေး စီးလာခဲ့ပြီး  ရွာလေးကို ရုတ်တရက် နှုတ်ဆက်သွားသလိုဖြစ်နေသည်၊
တောင်မြောက်ဖြစ်နေသော ချင်းတွင်းသည် ဤရွာလေး အနားတွင် အနောက်ဘက်ဆီသို့ တစ်ဆစ်ချိုး ကွေ့ဆင်းသွားသည်၊

ထိုမြင်ကွင်းသည် လှ၏၊
မြင်နေရသူ အတွက် အရင်တွင်း တစ်ခုခုချန်ထားခဲ့သလိုခံစားရသည်၊

နန်ဖာရွာလေးအထက်နားတွင် ပဒူးမုန်းရွာရှိသည်၊ ဆွေရင်းမျိုးခြာများနေကြသည်၊ ဤနှစ်ရွာသည် လူမျိုးတူသည်၊ သာရေးနာရေး အတူတူဆောင်ရွက်ကြသည်၊ တစ်ရွာလုံးဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်၊
စာဖွဲ့ဖူးပါသည်၊

ဗုဒ္ဓဆုံးမ၊ နှလုံးသားတည်ကာ၊
ရွာသူရွာသား ယဉ်ကကျေးလှတာ၊
နတ်များ ဖန်ထား အလားတူစွာ၊
ရှာမှ ရှား စံထားသူတို့ရွာ။

ချင်းတွင်း တစ်ဘက်ကမ်းက ရွာလေးသည် တောင်ပေါ်ဒေသမှ လောလောဆယ် ဆင်းလာကြသော တောင်ပေါ်သား နာဂအများစုနေထိုင်သော ရွာကြီးဖြစ်သည်၊ 
ထူးသည်၊ တစ်ရွာထည်းပင်ဖြစ်သော်ငြား စကားမတူပါ၊ 
ဓလေ့မတူပါ၊ ကိုးကွယ်မှုအနေအားဖြင့် နတ်ကိုးကွယ်မှုများသည်၊ ဘာသာမဲ့လဲပါသည်၊

ထိုရွာလေးသို့ တစ်ခါက ခရစ်ယာန်သာသနာပြုများရောက်လာကြသည်၊
ပြီးတော့ သူတို့ ဘာသာသာလွန်ကြောင်း ပြောဆိုကြသည်၊

‘ဗုဒ္ဓဘာသာရဲ့ခေါင်းဆောင်ဖြစ်တဲ့ သိဒ္ဓတ္ထဂေါတမဆိုတာ အိန္ဒိယမှာမွေးတာပါ၊ ဝေးပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့ ဘာသာကိုဝင်ပါ’စသည် ပြောဆိုစည်းရုံးသည်၊
ဤတွင် ကျေးရွာ၏ လူပုဂ္ဂိုလ်ဆိုင်ရာ ဗုဒ္ဓဘာသာ သာသနာပြုခေါင်းဆောင်က-

‘ကျနော်ပြောပါရစေ ခင်ဗျား၊ ကျနော်တို့က ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်၊ အခုဆရာကြီးများက ကျနော်တို့ ကိုးကွယ်တဲ့ ဘုရားကို ကျနော်တို့နေတဲ့နေရာနဲ့ အဝေးကြီးလို့ ပြောပါတယ်၊ ကျနော်တို့ ဘုရားက အိန္ဒိယနိုင်ငံမှာမွေးတာပါ၊ မဝေးပါဘူး၊ ကျနော်တို့နဲ့ ရေ မြေချင်းစပ်နေပါတယ်၊ ဆရာကြီးတို့ရဲ့ ဘာသာရေးဆိုတာ ပိုပြီးဝေးပါတယ်၊ ကျနော်ကြားဖူးတာက ဆရာကြီးများရဲ့ ကယ်တင်ရှင်ဆိုတာ အရှေ့အလည်ပိုင်းမှလို့ပြောပါတယ်၊
ရေ မြေချင်းလဲ မစပ်ပါဘူး၊ ဘယ်လိုမှလဲ မနီးပါဘူး၊ 
ဘယ်မှာရှိတယ်ဆိုတာတောင် ကျနော် ပြောမပြတတ်ပါဘူး’

ဤသို့ဖြင့် ဗုဒ္ဓဘာသာဝင်များအတွက် အားတက်ခဲ့ကြရသလို ဤရွာလေးတွင် အခြားဘာသာဝင်များနှင့် အတူ ဗုဒ္ဓဘာသာဝင်များ၏ ဘုန်းတော်ကြီးကျောင်းလဲ လိုအပ်နေပေပြီ၊

ယခင်က ကြိုးစားခဲ့ကြဖူးသည်၊ 
သို့သော်မျှော်လင့်မထားသော အဖြစ်အပျက်များကြောင့်ရပ်ဆိုင်းထားခဲ့ရဖူးသည်၊
အခု မျှော်လင့်ခြင်းများ ပြန်လည် ရှင်သန်ခဲ့ကြပြန်ပြီ၊

‘ခရစ်ယာန်ဘာသာဆိုတာ အနေနီးတဲ့ တစ်စိမ်းပါ၊
ဗုဒ္ဓဘာသာဆိုတာ အနေဝေးတဲ့ ဆွေမျိုးပါ’တဲ့၊

ဆိုပါစကားစုလေးသည် ရင်တွင်းသို့ တွန်းအားတစ်ခုနဲ့ အတူ ရောက်လာသည်၊

မှတ်ချက်။ 
ကိုယ်တွေ့ဖြစ်ရပ်တစ်ခုပါ၊ ဘာသာရေး ပဋိပက္ခကို တင်ပြခြင်းမျိုးမဟုတ်ပါ၊ 
ရိုးသားသော တိုင်းရင်များ၏ အပြောများကိုပြန်လည်တင်ပြခြင်းသာဖြစ်ပါသည်၊