သီရိလင်္ကာနိုင်ငံ၏ ရတနာ အမြတ်တစ်ပါး
သီရိလင်္ကာ
ကျောင်းများတွင် စေတီတော်ဖြူဖြူတစ်ဆူ၊ စိမ်းညို့ညို့ဗောဓိပင်နှင့် ဘုရားရှင် ရုပ်ပွားတော် သီးသန့်
သီတင်းသုံးရာ ဂန္ဓကုဋိကျောင်းဆောင်ရှိသည်။ ရှေးယခင် ဗုဒ္ဓရုပ်ပွားတော်များ မပေါ်မီက
ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် ပထမဆုံး ဘုရားရှင် ကိုယ်စားတော်ပြုဖြစ်သည့် စေတီတော်ကို အရင်ဆုံးဖူးမြော်ကြသည်။ စေတီတော်ကို လက်ယာရစ်ပူဇော်သည်။ လက်ထဲတွင်
ပန်းများကို ကိုင်ထား ပူဇော်လျှက်လှည့်လည်ကြသည်။
ထို့နောက်
ဗောဓိပင်ကို ပူဇော်ကြသည်။ ပြီးမှ ကျောင်းတိုက် ရှိဆရာတော်အထံမှာ တရားနာ ယူကြ သည်ဟု
သမိုင်းစာပေမှတ်တမ်းများ အရသိရသည်။ လက်ရှိ မျက်မြင်တွင်လည်း ယခင်ရှေးနည်း အတူ
လာရောက်ပူဇော်ကြသည်များကိုတွေ့ရသည်။
ဘုရားပူဇော် ရန်ရောက်ရှိလာသော
ဗုဒ္ဓဘာသာဝင် သူတော်ဝင်တိုင်းနီးပါးသည် အဖြူရောင်ကိုသာ ၀တ်ဆင်ထားကြသည်။ စေတီတော်ကို
ပူဇော်ကြသည်။ ဗောဓိပင်ခြေတွင် ဆီမီးပူဇော်အာရုံပြုကြ သည်။ ဗောဓိပင်ခြေရှိ ပန်းတင်ခုံမှသည်
ရုပ်ပွားတော်ကိန်းဝပ်ရာ ဂန္ဓကုဋိတိုင်အောင်ဘုရား ပူဇော်ရန် ယူဆောင်လာကြသည့်
ပန်းများကို တစ်လက်မှတစ်လက် ကလေးလက်မှ လူကြီး လူကြီးလက်မှ ကလေးစ သည်ဖြင့်
လက်ဆင့်ကမ်း တင်လှူပူဇော်ကြသည်မှာ အမြင်ထူး၍ကြည်နူးစရာကောင်းလှသည်။
ပန်း၊
ဆီမီးကပ်လှူပြီးလျှင် ကျောင်းရှိဆရာတော် အထံတရားမှ တရားနာယူကြသည်။ မိဘများသည်
တရားနာနေစဉ်အတွင်း မိမိတို့ သားငယ်သမီးငယ်များကို ရင်ခွင်ပိုက်တင်ထားပြီး သီလယူ၊
တရားနာကြ သည်။ ဗုဒ္ဓဘာသာ အမွေအနှစ်ကို ရင်ခွင်ပိုက်၍ လက်ဆင့်ကမ်း သယ်ဆောင်ကြသည်မှာ
ရင်တွင် လှိုက်လှိုက်လှဲလှဲကြည်နူးရသည်။
ကျောင်းရှိသံဃာများနှင့်အတူ ဘုရားဝတ်တက်
ပူဇော်ရသည်။ ပါဠိဘာသာ အသွားဖြင့်ရှိခိုးပူဇော်ကြသည်။ အသံမှာမူ မိမိတို့
မြန်မာရဟန်းတော်များကဲ့ သို့မဟုတ်၊ သံရှည်နည်းနည်ဆွဲ၍ ကြည်နူးဖွယ်ရွတ် ဆိုကြ သည်။
သီရိလင်္ကာနိုင်ငံ၊ Kelaniya Universityတွင် ကျောင်းတက်ရစဉ် အမှတ်တရ
ဝါဆိုကာလလွန်မြောက်သောအခါ
ဆင်ဟာလီ ဘုန်းကြီးတို့ရွတ်ဆိုသံသည် နားယဉ်ပေပြီ၊ တစ်ခါတစ် ရံကျောင်းထိုင်ဆရာတော်မရှိလျှင်
ဘုရားဝတ် တက်လာကြသော ဒကာဒကာမများကို သီလပေးရသည်။
အစတွင်မြန်မာသံမပျောက်သေးသောကြောင့်ရယ်စရာဖြစ်ရသေးသည်။
ရောက်လာ သော
ဆင်ဟာလီဒကာဒကာမများကို မြန်မာသံစစ်စစ်ဖြင့် ဌာန်၊ ကရိုဏ်းကျကျရွတ်ဆိုပေး လိုက်သည်။
ဘုရားဝတ်တက်ပြီးသောအခါဒကာ ဒကာမများက မည်သို့မျှ မပြောသော်လည်း ကျောင်းတွင် ရှိသော
ကိုရင်(ပေါတိ)မှ ဘန္တေတို့ မြန်မာ ဘုန်းကြီးတွေသီလပေးတာလဲ
ငေါက်နေသလိုပဲဟုပြောပါသည်။
မြို့နေလူတန်းစားအားလုံးနီးပါးသည်
နိုင်ငံဝန်ထမ်းများဖြစ်သဖြင့် စနေ၊ တနင်္ဂနွေတွင်သာ အိမ်တွင်ရှိကြသည်။ ထိုစနေ၊
တနင်္ဂနွေနေ့များတွင် မြို့ထဲသို့ဆွမ်းစားကြွရသည်။ မြို့ထဲတွင်လည်း ”ဘုရုမေ ဘန္တေ
ပဉ္စသီလ”ဟု အမိန့်ရှိပြန်လျှင် ရံခါသီလပေးရသည်။ ကျောင်းတွင်ပေးစဉ် တုန်းကကဲ့ သို့
ငေါက်သံ မပေါက်အောင် သတိထားရသည်။
တစ်ဝါတစ်သီတင်း သုံးပြီးဆိုတော့ အဆင်ပြေပါပြီ၊ ဆင်ဟာလီဘုန်းတော်ကြီးကျောင်းသည်
မိမိတို့ ပညာရေး အတွက်လည်း နေရာကောင်းတစ်ခုဖြစ်သည်။ မြန်မာရဟန်းတော်များ
အများဆုံး တက်ရောက်သော Kelaniya universityသည် မိမိတို့
နေထိုင်ရာကျောင်းနှင့်နီးသည်။ Private English school ဖြစ်သော
s.v.sနှင့်လည်းနီးပြန်သည်။ ဤသို့ဖြင့် Kelaniya university သွားပြီးအတန်းတက်လိုက်၊
s.v.s privste English schoolသို့ အတန်းတက်လိုက်နှင့် ၀ါကျွတ်ခဲ့ရသည်။
ရံဖန်ရံခါ
မကုဋာရာမမြန်မာကျောင်းသို့ရောက်သည်။ မြန်မာနိုင်ငံက အပေါင်းသင်း ရောင်းရင်း ဟောင်း
ဘ၀တူ ကျောင်းသားဘ၀များ၏ ရှေးဟောင်း နှောင်းဖြစ်များကို ပြောပြီး အလွမ်းသင့်ရ
သည်မှာ ရောက်ဖူးမှသာ သိနိုင်လိမ့်မည်ထင်သည်။ အမိမြေနှင့် ဝေးနေတော့လည်း
စကားများသည် ပိုရသမြောက်ပြီး၊ ပိုလွမ်းရပြန်သည်။
နီပေါနိုင်ငံ၊ လုမ္ဗီနီရောက် ခရီးသည်
ဆင်ဟာလီစကားနည်းနည်းပြောတတ်ပြီ၊
စာမေးပွဲလည်းနီးခဲ့ပြီ၊ စာမေးပွဲအတွက် စိတ်ကြိုက်ဘာသာ ( choising
topic)ရွေးချယ်ခြင်း ရင်ခုန်သံများသည် ညံစီနေလေ့ရှိသည်။ မကုဋရာမမြန်မာကျောင်းတွင်
စုပေါင်းတိုင်ပင်ကာ စိတ်ကြိုက် ဘာသာရွေးကြသည်။ ဘာသာရွေးရုံမျှမက တာဝန်ယူဆောင်ရွက်
ရမည့် အပိုင်းကိုပါ ဆွေးနွေးကြရသည်။ ကျောင်းသားများထဲမှ နှစ်ပါး တစ်တွဲ၊
သုံးပါးတစ်တွဲစသည်ဖြင့် တာဝန်ယူကြရသည်။
မိမိတို့တာဝန်ယူထားသည့်ဘာသာရပ်ကို
မပျက်မကွက်တက်ရောက်ပြီး မှတ်တမ်းတင်၊ နုတ်ထုတ်၊
ဆွေးနွေးခြင်းများပြုလုပ်ရသည်။
ဤသို့ဖြင့် ဒီဇင်ဘာလနှင်းတို့ဝေနေချိန် ( လင်္ကာမြေတွင်နှင်း တကယ် မဝေပါ၊
မြန်မာနိုင်ငံနှင့်နှိုင်း၍ဆိုသည်) တွင် ရင်ခုန်သံသည် အကျယ်လောင် ဆုံးဖြစ်ပေမည်။
နှစ်စဉ်ဒီဇင်လာသည် Kelaniya university ၏ အတန်းတက်စာမေး ပွဲ ဖြေဆိုရာကာလဖြစ် သည်။
ဆွေးနွေးကြရသည်။ တိုင်ပင်ကြရသည်။ ပို့ချချက်များကိုနုတ်ထုတ်ကြ ရသည်။
တိုက်ရိုက်လိုက် မမီနိုင် သော ဘာသာရပ်များကို recording လုပ်ရသည်။
ကျောင်းပြန်ရောက်မှ နှစ်ပါး၊ သုံးပါးတွဲ ကာ ပြန်လည် နားထောင်နုတ်ထုတ်ပြီး စာရိုက်ကာ
ဖြန့်ဝေကြရသည်။ တိုင်တိုင်ပင် ပင်နှင့် ဘ၀အမော ထဲမှ ပျော်စရာများပင်။
ကြိုတင်ပြင်ဆင်မှုများဖြင့်
စာမေးပွဲဖြေဆိုကြရသော ကျောင်းသားများတွင် မြန်မာရဟန်းတော်တို့ သည်
အပြုံးအရွှင်ဆုံးမျက်နှာထားရှိကြသည်။
ပြုံးနေသောသူများတွင်
မိမိကိုယ်တိုင်ပါဝင်နိုင်အောင်ကြိုးစားသည်။ စာမေးပွဲ အတွက်ပြုံးနိုင်ခဲ့ပေမယ့်
မပြီးဆုံးသေးသော ခရီးတစ်ခု အတွက် လင်္ကာမြေကို နှုတ်ဆက်ဖို့ကြုံလာချိန်တွင်
မျက်ရည်ဝဲ ရသည်။ ကျောင်းထိုင်ဆရာတော်ကြီးက “အာဝုသော တို့ကျောင်းကို
ပြန်လာခဲ့ ဦးနော်”တဲ့။
ကျောင်းရှိ ကိုရင်ငယ်(ပေါတိ)မျက်ရည်ဝဲပြီ၊
အသိအကျွမ်းဖြစ်နေပြီဖြစ်သော ဒကာဒကာမများက ပြန်တော့ မယ်ဆို လို့ပြောတိုင်းရင်ထဲ
တစ်မျိုးဖြစ်ရသည်။
ကိုယ်တိုင်မျက်ရည် မ၀ဲမိအောင်ထိန်းသည့် ကြားမှပင်
သူတို့မြင်လေမလား စိုးရိမ်မိသည်။
ဒီဇင်ဘာဆောင်းနှင်းတို့
ဝေချိန်တွင် ရှင်မဟိန္ဒမထေရ်မြတ်နှင့်၊ နှမတော်သင်္ဃမိတ္တာတို့ လျှောက်လှမ်း ခဲ့ကြသော
လမ်းကိုပြောင်းပြန်ဆန်ပြီးအိန္ဒိယနိုင်ငံသို့ရောက်ခဲ့သည်။
အိန္ဒိယရောက်ပြီး
မဟာဗောဓိ စေတီတော်မြတ်ကြီးကိုဦးညွတ်ရှိခိုးမိချိန်တွင် အသောကမင်းမြတ်ကြီး၏
ရင်နှစ်သည်ချာ လင်္ကာမြေရဲ့ ဦးစွန်း ဗုဒ္ဓဘာသနာ့ သူရဲကောင်းမောင်နှမ၊
အနုရာဓပူရမြို့ဟောင်းနှင့် ကိုလံဘိုမြို့ရှိ မကုဋရာမ မြန်မာကျောင်းတို့ စိတ်တွင်
တစ်ရိပ်ရိပ်ပေါ်လာကြသည်။
နိုင်ငံ အစုံက
လာရောက်ကြသော ထေရ၀ါဒ၊ မဟာယာန ဗုဒ္ဓသားတော်များနှင့် ဗောဓိပင်ခြေသည်
ရောင်စုံတောက်ပနေသည်။ ဤကဲ့သို့ဗုဒ္ဓဘာသာဝင်များ လက်ထဲ ခိုင်ခိုင်မြဲမြဲနှင့် ဗုဒ္ဓဂယာဒေသ တည်ရှိ
အောင်ဆောင်ရွက်ခဲ့သော လင်္ကာမြေရဲ့ ဗုဒ္ဓသာသနာ့ ထာဝရသူရဲကောင်းကြီး
အနာဂါရိက ဓမ္မပါလကို များစွာကြည်ညိုမိသည်။
မောရိယဘုရင် အသောကသည် သား၊ သမီး၊ မြေး သွေးချင်းပေါင်းများစွာဖြင့်
လင်္ကာမြေကို ဗုဒ္ဓ သာသနာ့ အောင်လံ တံခွန်အဖြစ် အောင်နိုင်ခဲ့သည်။ လင်္ကာမြေက
လင်္ကာသားကြီး အနာဂါရိက ဓမ္မပါလ က ညှိုးမှိန်နေသော အသောကမင်းမြတ်၏ လက်ရာများ
ကိုပြန်လည် တောက်ပြောင်လင်းလက်စေသည်မှာ
ကြည်နူးမဆုံးဖြစ်ရသည်။
လွန်ခဲ့သော
သုံးနှစ်ကျော်ကျော်က ဒေါက်တာဘွဲ့ရ ဆရာတော်၏ လမ်းညွှန်ချက်တို့ကိုပြန်လည်ကြားေ
ယောင်မိသည်။
Annamalai university seminar ရောက် ခရီးသည်
သီရိလင်္ကာနိုင်ငံသည်
ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်၍မြန်မာစာသင်သား ရဟန်းတော်များ ပထမဆုံး သွား
ရောက်ပြီးပညာသင်သင့်သည့်နေရာဖြစ်သည်။ ဆက်လက်လေ့လာလိုလျှင် အိန္ဒိယသည် ဒုတိယ
အကောင်းဆုံးနေရာဖြစ်သည်ဟူသော စကားများပင်ဖြစ်သည်။
အခုတော့
အခြေအနေအရ အိန္ဒိယနိုင်ငံကြီး၏ သီရိလင်္ကာနိုင်ငံနှင့် အနီးဆုံးပြည်နယ်ဖြစ်သော
တမီးနာဒူးပြည်နယ်တွင် ကျောင်းတက် နေရသည်။ တောင်ပိုင်းဘက်စွန်းကို ကြည့်ကြည့်ပြီး
လင်္ကာမြေကို လွမ်းရသည်။
..........................................................................
..........................................................................
မှတ်ချက်။
၂၀၁၂၊ ခုနှစ်၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာကျောင်းသားရဟန်းတော်များ
စုစည်းထုတ်ဝေသော လင်္ကာတမန်မဂ္ဂဇင်းပါ၊ နယ်ကျော်အလွမ်း ဆောင်းပါးကို
ပြန်လည်တင်ပါသည်။
No comments:
Post a Comment