Pages

Wednesday, August 6, 2014

ဈေးထဲဝယ်


အိန္ဒိယနိုင်ငံတွင် ဈေးဝယ်နေကြမဟုတ်ပါ။
သူငယ်ချင်းများ မအားသည်မို့ ထိုတစ်နေ့က ဈေးဝယ်ထွက်ခဲ့သည်။
အားလူးဝယ်ပြီးပြီ။
ကြက်သွန် ဖြူ နီးစုံလေပြီ။
ခရမ်းသီးနှင့် ပဲသီးလဲ တော်လောက်ပြီ။
တစ်နေရာ အရောက် ငရုတ်ပွသီးများကြီးမားလှသည်။
ဈေးရောင်းနေသော ကုလားလက်မလည်အောင် ရှိလှသည်။
ဟေ့ ဒါတစ်ကီလိုဘယ်လောက်လဲ..။
၃၀ ....
ကီလိုဝက်ချိန်ကွာ..၊
ကုလားသည် အလုပ်များနေသော ကြောင့် မချိန်တော့ပဲ လက်မှန်းဖြင့်..
ငရုတ်ပွကြီး ၄ လုံးပေးသည်။
တိကျမှပိုကောင်းသည်ဆိုတော့..၊
ဟေ့ ကုလား အဲလိုလုပ်လို့ မရဘူး။
ချိန်ပြီးပေးကွာ..။
ဈေးသည် ကုလား နည်းနည်းပြုံးသွားသည်။
ကိုယ့် တိကျမှုကြောင့် ဖြုံသွားသည် ထင်သည်။
ချိန်လိုက်သော အခါ ၃ သုံးဖြင့် ကီလိုဝက်ကျော်ကျော်ရှိနေပြီ။
၎ လုံးထဲမှ တစ်လုံးနှုတ်ပြီး ရော့ ဟုပေးသည်။
ကိုယ့်ကိုယ်ကို စိတ်ထဲက အော်မိသည်။
တိကျချင်လိုက်ဦးဟဲ့..
ကုလားနည်းနည်းပြုံးသည်။
ကိုယ်က သူ့ကို ဖြုံသွားမှန်းသိသည် ထင်သည်။

မနေ့က အဆက်


မင်းက နီပေါကလား..
မဟုတ်ပါဘူး၊ မြန်မာနိုင်ငံကပါ။
သူကရော တရုတ်ကလား..၊
မဟုတ်ပါဘူး၊ ငါ့သူငယ်ချင်းပါ၊ မြန်မာနိုင်ငံကပါပဲ။
ကုလားကတော့ ခက်တယ်။
ကိုယ့်ကျတော့ နီပေါသားလားတဲ့။
အိန္ဒိယကုလားနဲ့ အသားအရောင် ဘာကွာတာမှတ်လို့။
ဒါပေမယ့်ဂုဏ်ယူမိပါတယ်။
သာကီမျိုးဟေ့ တို့မြန်မာ၊ မြတ်ဘုရားကို အဲဒီနီပေါမှာ မွေးတယ်လို့..။
အုန်းသီးရောင်းတဲ့ ကုလားကြီးသိမှာလဲ မဟုတ်လောက်ပါဘူး။
သူသိတာမေးတာပဲကောင်းပါတယ်။
တစ်လုံးဘယ်လောက်လဲ ..
၁၅ ကျပ်ပါ။
နှစ်လုံးသောက်မယ်။
နေ့ခင်းပိုင် Research room ထဲမှာ ပူအိုက်လွန်း၍ အပြင်ထွက်ပြီး အုန်းရေသောက်ကြသည်။
၂ လုံးဆိုတော့ ၃၀။
ဒါပေမယ့် ၂၀ပဲ အကြွေပါတယ်။
မနက်ဖန် ၁၀ ယူပေါ့။
ကုလားက ရင်းနှီးနေသဖြင့် ခေါင်းလေးခါပြသည်။
ကုလားခေါင်းခါခြင်းသည် သဘောတူသည်ဟုဆိုလိုသည်။
................................
နောက်တစ်ပတ်တွင် လက်ကျန်တစ်ဆယ်ကို သွားပေးလိုက်သည်။
ကုလားက လူကို ဘုကြည့်ကြည့်ပြီး “မင်းပြောတော့ မနက်ဖန်ဆို..”
“အေး..၊ ငါ မနေ့က ပြောမိတာလားလို့ပါ.”.ဆိုတော့ ကုလားကြီးရယ်သည်။
သူ့ သွားတွေ ဖွေးဖွေးလှုပ်လို့ပဲ။

ကုလားပြည်မှာ နေသည်


ကုလားတိုင်းနီးပါးက မေးကြသည်။
မင်းတို့က သက်သတ်လွတ်စားသူတွေလားတဲ့။
မဟုတ်ပါဘူးလို့ဖြေလိုက်သည်။
သူတို့ နှာခေါင်းရှုံ့ကြသည်။
ဗုဒ္ဓဘာသာဖြစ်ပြီးတော့ သက်သတ်လွတ်မစားဘူးဆိုတော့ စသည်ဖြင့် မဟာယာန လွှမ်းသော သဘောများ ကိုတွေ့ရသည်။

ဗုဒ္ဓက သက်သတ်လွတ်စားရမယ်လို့ မဟောခဲ့ဖူးဘူး။
ဒါပေမယ့် ကိုယ့်အတွက်သတ်တာမြင်ရင်၊
ကိုယ့်အတွက်သတ်တာ ကြားမိရင်။
ကိုယ့်အတွက်များသတ်လေသလား ထင်ယောင်ထင်မှားဖြစ်ရင်တော့ မစားဖို့ စည်းကမ်းချမှတ်ထား သည်ဟု
ပြောပြရသည်။

မင်းတို့ကရော သက်သတ်လွတ်တွေလားဟုမေးလိုက်ရင်..
တစ်ချို့ ရင်ကော့ပြီးဖြေကြသည်။ ကျနော် pure vegetarianism လို့ဂုဏ်ယူပြီးဖြေကြသည်။
 
ဒါပေမယ့် ကန်ဇွန်းရွက်တွေ ကျုပ်တို့စားတော့ ဆိတ်တွေစားတဲ့ အစာတွေတဲ့။
ဗီတာမင်တွေ အကုန်ပါတယ်လို့ လူကြီးပြောကြတာ သူတို့မသိကြဘူး။
နောက်တော့ ကန်ဇွန်းရွက်ခူးတာကို တွေ့လို့ သူတို့ကမေးရင် အရည်ညှစ်ပြီး လိမ်းရင် အသား အရေကောင်းတယ်လို့ဖြေလိုက်တယ်။
 
ကန်ဇွန်ရွက်စားရုံလေးနဲ့ တိရိစ္ဆာန်(ဆိတ်)လို့တော့ အနှိုင်းမခံနိုင်ဘူး
ခွေးတောက်ရွက်တွေစားတော့လဲ မင်းတို့ မူးပြီး မအံကြဘူးလားတဲ့။
ပြောရက်လိုက်ပါ့။

အမူး အမော် ကင်းတာသူတို့မသိဘူး။
အရက်မူးလွန်တဲ့ သူတွေ ခွေးတောက်မြစ်သွေးတိုက် ချက်ချင်းပျောက်တယ်လို့တောင်ကြားဖူးသေး။

တမာရွက်ခူးပြန်တော့ မျက်လုံးပြူး၊ မျက်ဆံပြူးနဲ့ ဘာလုပ်မလို့တုန်းမေးတယ်။
မီးလေးနဲ့မြှိက်ပြီးထားရင် ခြင်မကိုက်ဘူးလို့ပြောလိုက်တယ်။
အိမ်ရောက်တော့ မန်ကျီးသီးလေးထည့်၊ ဆားနည်းနည်းစွက်၊ နနွင်းလေးအုပ်ပြီး ပြုတ်စားတာပေါ့။
ကောင်းမှ ကောင်းပဲ။

နောက်တစ်ခါ မင်းတို့က သက်သတ်လွတ်စားတာလားမေးရင်..

သက်သတ်မလွတ်ဘူးဟေ့....
ဒါပေမယ့် မင်းတို့ထက် အသီးအရွက်ပိုစားတယ်လို့ကိုပြောလိုက်ဦးမယ်..
.......................................................................................................

မှတ်ချက်။ မဂဓတက္ကသိုလ် အဆောင် (၃)တွင် ခွေးတောက်သီးတွေ ဟင်းချက်စားရာ ပါးတွေရွဲ့ပြီး
လေပြတ်သလိုလို အဖြစ်မျိုးကြားရဖူးသည်။ သတိပြုပါ။

မတတ်သာလို့ ခပ်ခွာခွာလေး နေကြရတယ်


မန်းသာသနာ့တက္ကသိုလ်ကြီးသည် စည်းကမ်းပိုင်ဆိုင်ရာတွင် နာမည်ကြီးသည်။
ကျောင်းသားအသစ်အဖြစ် ရောက်ရောက်ချင်း ဧည့်ခန်းတွင်ထားသော ကျောင်းသား၊ ဆရာ စည်းကမ်းပိုင်း ဆိုင်ရာ စာအုပ်ကြီးကို ဖတ်ရသည်။ အသင်းအပင်းမဖွဲ့ရ၊ နိုင်ငံရေး မလုပ်ရ၊ လှို့ဆော်အုံကြွမှု အားမပေးရ၊
မည်သည့် ဂိုဏ်း၊ ဂဏ အယူဝါဒကိုမျှ မကိုင်ဆွဲရ၊ ဗုဒ္ဓသာသနာ့ သားတော် ရဟန်းတော် အဖြစ်ဖြင့်သာ ရှိရမည်စသည်ဖြင့် စာမျက်နှာတော်တော် များများ ပါရှိသည်။ 

စာသင်ခန်းစည်းကမ်းတွင်လည်း ငါးမိနစ် မျှနောက်ကျသော် သင်တန်းတက်ရောက်မှု ပျက်ကွက်အဖြစ် စာရင်း တင်နိုင်သည်။ အပြာရောင် အမှန်ခြစ်နေရာတွင်၊ မင်နီကြက်ခြေခတ်ဖြစ်သွားနိုင်သည်။
ကျောင်းတက်ရာနှုံး ၇၅ မရှိလျင် ဖြေဆိုခွင့်မရှိ။ ကျမ္မာရေး အခြေအနေကြောင့် အခွင့် အကြိမ်ကြိမ် ယူရသူများ တစ်နှစ်နား( ဆေးခွင့်) တင်ရသည်။ 

ဘုရားဝတ်တက်မှန်ရမည်။ နေထိုင်သီတင်းသုံးရာ မိမိတို့အဆောင်ကို သန့်ရှင်းနေစေရမည်။ 
အခါ အားလျော်စွာ အဆောင်စစ်ဆေးသည်။
ခွင့်စာမတင်ပဲ ပျက်ကွက်ပါက ကျောင်းသားအဖြစ်မှ ရပ်စဲသည် ( ၀ါ) ကျောင်းအထုတ်ခံရသည်။

နောက်ဆုံးနှစ်တွင် တိုင်းရင်းဆေးသင်တန်းတက်ရောက်ရသည်။ ကြက်သွန်ဖြူ၊ နီ၊ အားလူး၊ နနွင်း၊ ဂျင်းနှင့် မဆလာတို့ကို ဆေးအဖြစ်မည်သို့ ပြောင်းလဲပြီး အသုံးပြုရမည်ကို ၀ါရင့်ဆရာကြီးများက လက်တွေ့ သင်ကြားပေးသည်။ 

စာသင်နှစ်ပြီးဆုံးပါ B.A တန်းကျောင်းသားများအတွက် လက်တွေ့သဘောမျိုးဖြင့် တရားထိုင်ရသည်။ မနက်၃: ၃၀မှသည် ညပိုင်း ၁၀ အထိဖြစ်သည်။ ထိုင်မှတ်၊ စကြံမှတ်သာကွာသည်။ ရှုမှတ်မှု မပြတ်စေရ။
M.A တန်းကျောင်းသားများ အတွက်မူ ရပ်သာတွင် ၄၅ ရက်တာ တရားရှုမှတ်ရသည်။
ကျောင်းသားဖြစ်လိုက်ကတည်းက စာနှင့်မျက်နှာ မပြတ်သော မန်းသာသနာ့ တက္ကသိုလ်ကြီး
တွင် ကျောင်းပိတ်သော အခါ မပျော်တော့ပါ။ 

တစ်နှစ်လျင် နှစ်ကြိမ်ကျောင်းပိတ်သည်။
ကျောင်းပိတ်ရက်ကို ကြိုတင်ကြေငြာသည်။ ခရီးဝေးသံဃာတော်ကျောင်းသားအများတွက်ပြင်ဆင်ချိန် ၃ ရက်အပိုနေခွင့်ပေးသည်။ မိမိနှင့် သူငယ်ချင်းတစ်ပါး ဖြစ်သော အရှင်ဇနိတ ( ယခု၊ အမေရိကားရောက်၊ ကိုဇေယျာမောင်) တို့မှာ ကျောင်းပြန်ရမည်မှာ ခရီးမဝေးသော်လည်း မန်းသာသနာ့ တက္ကသိုလ်ကြီးကို သံယောဇဉ် အကြီးကြီးထား မိသောကြောင့် နောက်ဆုံးမှ ထွက်ခွာလေ့ရှိသည်။
........................

တစ်ခါသော်..
ဟာ မင်းတို့နှစ်ပါး မထွက်သေးဘူးလားဟ။ ကျောင်းပိတ်ပြီလေ။
သူများတွေပြန်ကုန်ကြတာ မရှိတော့ဘူးဟ။

အဆောင်မှူးမှ ခေါ်ပြောခြင်းဖြစ်သည်။ 

တင်ပ ၊ သုံးရက်နေခွင့်ရှိတယ်လို့ စည်းကမ်းရှိလို့ တပည့်တော်တို့နေနေတာပါဘုရား။
စည်းကမ်း အတိုင်းပါဘုရား။


အော်..၊ အဲလိုလား၊
အေး၊ အေး၊ နေပေါ့ကွာ။ စည်းကမ်း အရဆိုတော့...။

ဒါပေမယ့် နောက်ဆုံးနေ့ တုံးခေါက်လို့မှ အဆောင်က မထွက်သေးရင်တော့၊
မသမာမှုနဲ့ အစစ်အဆေးခံရတယ်ဆိုတဲ့ စည်းကမ်းလည်း မှတ်ထားကြဦးနော်...

ပြိုင်တူရယ်မိကြသည်။ 

မိမိတို့သည် စည်းကမ်းလူသားများအဖြစ်ဖြင့်သာ တည်ရှိနေရမည်။
သံယောဇဉ်လုပ်နေ၍ မရကြပါ။

သံယောဇဉ်သည် စည်းကမ်းအောက်ရောက် တုံးခေါက်နှင်သော်အခါ
မိမိတို့သည်လည်း ကျောင်းတံတားမုဒ်ဦးအောက်က အသာခေါင်းငုံ့ထွက်ခဲ့ကြသည်။

မတတ်သာလို့ ခပ်ခွာခွာလေး နေဦးမယ်လို့ ...။
 ...............................................................
မန်းသာသနာ့တက္ကသိုလ်ကျောင်းသား အမှတ်တရ..။ 

Wednesday, July 30, 2014

စဉ်းစားပါဦး


 ..မေးကြတယ်။
ရဟန်းတော်တစ်ပါး လူဝတ်လဲတာ အပြစ်လားတဲ့။
သူ့ဆုံးဖြတ်ချက်နဲ့သူပါလို့ပြန်ပြောလိုက်တယ်။

ဆရာတော်ကြီးတစ်ပါးမိန့်ဖူးတာ ကြားဖူးပါတယ်။
ရဟန်းတော်ဘ၀နဲ့ အများအကျိုးဆောင်ပြီးကုသိုလများများရရင် ရဟန်းဘ၀နဲ့နေမယ်။
လူဝတ်လဲလိုက်မှ အများအကျိုးဆောင်ပြီး ကုသိုလ်များများရမယ်ဆိုရင် လူဝတ်လဲမယ်တဲ့။

ဒါပေမယ့် အဲဒီဆရာတော်ကြီး တစ်သက်လုံးရဟန်းတော်ဘ၀နဲ့နေထိုင်ပြီး အများအကျိုးဆောင်တော်မူသွား ပါတယ်။

ဟုတ်တာပေါ့။
ဗုဒ္ဓဘာသာရပ်ဝန်းမှာ ရဟန်းတော်ဘ၀ထက် အများအကျိုးဆောင်နိုင်တာ မရှိဘူးလေ။

..................

ငယ်ဘ၀က ကိုယ်တွေ့လေးကတော့..
စာမေးပွဲခဏခဏကျ၊ ဒဏ်များများထမ်း၊ စည်းကမ်းဖောက်ဖျက်လေ့ရှိသော
ဦးဇင်းငယ်တစ်ပါးက..

ဆရာတော် တပည့်တော် လူထွက်တော့မလို့ဘုရား..။
အော်..၊ အေး..၊ အေး..၊
ရဟန်းတော်လို မနေတတ်တဲ့ သူက လူဝတ်လဲလိုက်လို့လဲ လူလို မနေတတ်ပြန်ဘူးနော်။
ဘ၀မှာ ဘယ်နေရာ ဘယ်ဘ၀ရောက်ရောက် ရဟန်းဆိုရင် ရဟန်းလို၊
လူဆိုရင်လဲ လူလိုနေတတ်ရမယ်။

အခုမင်းက စာမေးပွဲခဏခဏကျ၊ ဒဏ်များများထမ်း၊ ကျောင်းစည်းကမ်းမလိုက်နာဆိုတော့..
လူထွက်လိုက်ရင် မင့် ပတ်ဝန်းကျင်မှာ လူပို လူရှုပ်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့၊ မင်းထင်သလား။

ဒါပေမယ့် မင်းရဲ့ ဆုံးဖြတ်ချက်ပါပဲ။

စဉ်းစားပါဦး...။

................................
ခံစားချက်များ...............

  • Ven Kelasa ကောင်းသောသြဝါဒပါ ဘုရား
  • Manaw Phyuashin ကောင်းလိုက်တဲ့ သြ၀ါဒလေးတွေ ဘု၇ား
    ဆ၇ာတော်လည်း ငြိမ်းချမ်းသာယာ နဲ့အစစအ၇ာ၇ာအဆင်ပြေပါစေ ဘု၇ား
  • Ashin Neyadhamma အရှင်မနောဖြူ.ရေ... ပေးတဲ့ဆုနဲ့ပြည့်ပါစေ။.. ချမ်းမြေ့ပါစေ......
  • အန်တီ သူဇာ အတွေးကောင်းလေးတွေ၊ အရေးကောင်းလေးတွေကို အမြဲပဲ စောင့်မျှော်ဖတ်ရှုလျက်ပါ
  • Khin Mg Latt ဒါပေမယ့် အဲဒီဆရာတော်ကြီး တစ်သက်လုံးရဟန်းတော်ဘ၀နဲ့နေထိုင်ပြီး အများအကျိုးဆောင်တော်မူသွားပါတယ်တဲ့ ..... ဦတင်ပါတယ်ဘုရာ့။
  • Ashin Neyadhamma အဲဒီဆရာတော်ကြီးဆိုတာ ၂၀ ရာစု မြန်မာနိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂိုလ်ကြီးဖြစ်တဲ့ ဘာသာဋီကာကျမ်းပေါင်းများစွာပြုစုပြီး ဘ၀နောက်ဆုံးအချိန်များအထိ အများအကျိုးဆောင်တော်မူသွားတဲ့ .တောင်မြို့ ဆရာတော် ကြီး ဦးဇနကာဘိဝံသပါ.။..ချမ်းမြေ့ပါစေ.....
  • Khin Mg Latt ကျေးဇူးပါဘုရာ၊။
  • Chatkyee Mkt စဉ်းစားနေပါ၏ဘုရား။။စောင့်တော်မူပါဦး။။
  • Unyarnein Da Good well done well done
  • Pyay Sayardaw ကောင်းမြတ်လှတဲ့
    မှတ်သားဖွယ်ရာလေးပါဘုရား
  • Thida Swe သာသနာ့ဘောင်မှာ မပျော်ဘဲ သဒ္ဓါခပ်ကျဲကျဲဖြင့် သင်္ကန်းမြဲနေရရှာသော မောင်ရှင်တို့ ထွက်ကြ၏။
  • Aung Naing Oo ပဗ္ဗဇ္ဇိတ အမျိုး မျိုး ရှိပေမယ့် မြန် မာနိုင်ငံမှာက ရိုးရာအရဝတ်လာကြတာများပါတယ် ဝတ်ပြီးကြာလာတဲ့အခါမလည်း ထွက်ရဲတဲ့သူ ရှားပါတယ်
    ပရိယတ္တိပညာရေးကို အပြင်လောက က အာမခံချက် ပေးမထားဘူးလေ
  • Ashin Tiloka ဘယ်နေရာရောက်ရောက် တာဝန်ကျေတဲ့လူသားတစ်ယောက်တော့ ဖြစ်သင့်တယ်...
  • Mgmg Aung မစိုးရိမ်ဆရာတော်ကတော့ ရွှံစင်မှာစိုးလို့ ရွှံဗွက်ထဲဆင်းသွားတာနဲ့တူတယ်တဲ့
  • Tikkha Va Ti အရှင်ဘုရားလဲစဉ်းစားပါဦး
  • Ashin Neyadhamma စဉ်းစားထားပြီးပါပြီ.။...
     

အညာသူ

မိုးကသည်းသည်းမည်းမည်း ရွာနိုင်လွန်းသည်။
မိုးရေဒူးလောက်ရှိသည်မို့ ခရီးဆက်ရန်ပင် ခက်ပြီ။
ဗန်ဒါပင်ရိပ်တွင် ကွမ်းယာဆိုင်ရှိသည်။
ဆိုင်ရှေ့တွင် အရိပ်ထိုးထားသောကြောင့် ခဏ မိုးခိုလို့ဖြစ်နိုင်သည်။
သူများဈေးဆိုင်ရှေ့ အခြောင် မိုးခိုလို့လဲမဖြစ်နိုင်။

“စပ်ကြား နှစ်ရာဖိုး..”
ကွမ်းယာရောင်သည့် ကောင်မလေးက မော့ကြည့်သည်။

ဦးဇင်းက အညာတားလား..၊
အင်း..၊ မန်းလေးကပါ..၊
တပည့်တော် တိတယ်။
ဦးဇင်းဘုဉ်းပေးတဲ့ ကွမ်းယာက အညာဦးဇင်းတွေဘုဉ်းပေးကြတာမို့ တိတာ။

အင် ..၊ နင်က ငါ့ကို အညာသားလားမေးတယ်။
နင်ကတော့ သနဲ့ တ မကွဲပဲနဲ့များ..၊
နင်လဲအညာသူမို့လား။
တင်ပ၊ တပည့်တော်မက မုံရွာတူပါဘုရား..။
ရန်ကုန်ရောက်နေတာကြာပြီဘုရား...
အော်..၊ အေး အေး..၊

မိုးက ပိုပြီးသည်းလာသည်။
ရှေ့ဆက်ရမည့် ခရီးက နည်းနည်းဝေးနေသေးသည်။
ထီးမပါလျင် မဖြစ်နိုင်။

အညာသူရေ..၊
ဘုရားး..၊
ငါ့ကို ထီးခဏငှားလိုက်ဦးနော်..၊
ခဏနေရင် ငါပြန်လာပေးမယ်။
တင်ပ..၊ ရပါတယ်ဘုရားးး..၊

ဆိုင်နောက်နားတွင် ထောင်ထားသော ထီးကိုတရိုတသေထုတ်ပေးသည်။
“ရွာလိုက်စမ်းဟဲ့ မိုး..”
စိန်ခေါ်ရဲပြီ။
အညာသူကိုကျေးဇူးတင်မိသည်။
............................

မှတ်ချက်။ စပ် ကြား- ရိုးရိုးဆေးနည်းနည်းနှင့် နှပ်ဆေးနည်းနည်းရောစပ်ထားသော ကွမ်းကို
စပ်ကြား ဟုခေါ်သည်။ ထိုစပ်ကြားကွမ်းယာကို အညာတား..အဲလေ..အညာသားများ ၀ါးလေ့ရှိသည်။

 ...............................
 ခံစားချက်များ...............
  • Koashin Koashin ပူဝ ဂါမ မုံရွာတူပါ ဘုရား
  • Chatkyee Mkt ဒီလိုလည်းဖြစ်တယ်နော်။
  • Shwe Min Wom နှင်းဆီကျောင်းတိုက်ကိုသွားတာလား ကိုညေ...
  • Ashin Neyadhamma ကျုပ်တူငယ်ချင်းက အညာတားပဲ ဘွဲ့က တာတနတဲ့..။ တတိရပါတယ်.။။...
  • Ashin Neyadhamma ကိုမင်းဝန်ရေ အဲဒီတုန်းက ကျောင်းတိုက်နာမည်က နှင်းဆီပါတဲ့ ကျောင်းတိုက်ပဲလို့ စိတ်ထဲမှာမှတ်ထားတာဆိုတော့လေနော်..။. အခုတော့ တတိရပါပြီ.။..ဇမ္ဗူအေး ကျောင်းတိုက်ပါ.။. အဝေးပြေးလမ်း ခြောက်ကွေ့မှာ ဆင်းရပါတယ်။ ...
  • Uzin Khe စပ်ကြားဆို တစ်သက် မဝါးတော့ဘူး ကိုညေ
  • Ashin Neyadhamma ဘုန်းဘုန်းခေ အခုမှ စပ်ကြားတွေ၊ နှပ်ပါးတွေ လာပြောမနေနဲ့ ဘုန်းဘုန်းခေလဲ အညာတားပဲ.။.....
  • Mgmg Aung လယ်တီစာအုပ်တွေပြန်စစ်မှတော်မယ်
    စပ်ကြားနဲ့တွေ့ရင်ပြန်ပြင်ခိုင်းနေလိမ့်မယ် လက်ဘက်ရည်တစ်ဝှက်သောက် ပြီးပြန်ပြင်အုံးအချိုနည်းနည်း ကျောက်ပတောင်းမှကြိုက်တာဆိုပဲ
  • A Shin Candatapa တော်တေးတာပေါ့ အညာတူက ထီးငှါးလိုက်တော့ မိုးစိုတက်တာတွားလို့...
  • Lay Lay အခုစပ်ကြားစားချင်ရင်ပို့ပေးမယ်လေ
  • Vennimala Ybu ဦးဇင်းကအညာသားမဟုတ်ပါဘူး အထက်သားပါ
  • Ashin Neyadhamma အထက်ပိုင်းကို အညှာ( အညာ) တဲ့၊ အောက်ပိုင်းကို အကြေ(အောက်ပိုင်း) လို့ သစ်သီးလေးနဲ့ ပမာခိုင်းပြီး အနှိုင်းပြုကြတယ်။ ညီက အညာသားမဟုတ်ဘူး။ အထက်သားပါဆိုတော့ အညာသားပါပဲလေ။ ဟုတ်ဖူးလား ညှယ်..။...
  • Thida Swe ရွှေညာသူ ၊ ရွှေညာသား .........
  • မိုး ညွတ်ခ အနေဝေးနေတာတောင် ရွှေညာလေသံမပျောက်ဘူပေါ့နော် ဆာညေ........ဂုဏ်ယူနေပါတယ်ဘုရား.......ရွှေညာသားဖြစ်ရတာကိုပေါ့.........
  • Ashin Neyadhamma အလဲ့ တတ်သလောက် မှတ်သလောက်တော့ မြှောက်တတ်တယ်နော်..။ အတင်းသတိရပါတယ်။.....