ကောင်းမှုဖြင့် ပျော်၊ မကောင်း ပျော်၊
အပျော်နှစ်မျိုးရှိပါသည်။
အပူဓာတ်ကင်း၊ ငြိမ်းချမ်းခြင်း၊ ပျော်လျင်
မြတ်နိုးရာ။
ကိုယ် စိတ် မငြိမ်း၊ အပူကိန်း၊
ရှောင်တိမ်း မပျော်ရာ။
ပျော်စရာသည် ကာမဂုဏ်ဖြင့် ပျော်ရသည်က
တစ်မျိုး၊
မြတ် ဓမ္မကို ကျင့်သုံးလိုက်နာခြင်းဖြင့် ပျော်ရ သည်က တစ်မျိုးဟု နှစ်မျိုးရှိသည်။
မြတ် ဓမ္မကို ကျင့်သုံးလိုက်နာခြင်းဖြင့် ပျော်ရ သည်က တစ်မျိုးဟု နှစ်မျိုးရှိသည်။
ကာမဂုဏ်ဖြင့် ပျော်ရခြင်းသည်
အပူဓာတ်ဖြင့် ပျော်ရခြင်းဖြစ်သည်။
ဓမ္မဖြင့် ပျော်ရခြင်းသည် အအေးဓာတ်၊
အငြိမ်းဓာတ်ဖြင့် ပျော်ရခြင်းဖြစ်သည်။
တစ်ခါက မြတ်စွာဘုရားသည်
သာဝတ္ထိမြို့တော်ကြီးတွင် သီတင်းသုံးတော်မူနေခိုက်ဖြစ်သည်။
သာဝတ္တိတစ်မြို့လုံးသည်
အုန်းအုန်းကျွက်ကျွက်ဖြင့် ပျော်မြူးနေကြသည်။
ထိုပျော်ပွဲကြီးကို
ဗာလနက္ခတ္တပွဲသဘင်ဟုခေါ်ကြသည်။
လူများရမ်းရမ်းကားကားပျော်ကြသည်။
မြင်မကောင်းအောင် လိမ်းခြယ်ပြင်ဆင်ကြသည်။
နားမခံသာအောင် အော်ဟစ်သီးကျူးကြသည်။
ယဉ်ကျေးသူများ အနေခက်အောင် လိုက်လံ၊ နောက်ပြောင်၊
နှောက်ယှက်ကြသည်။
သူတော်စင်များ အခက်တွေ့သည့် ပွဲတော်ကြီးဖြစ်သည်။
ထိုပွဲတော်ကြီးခုနှစ်ရက်တာကာလ ကျင်းပနေခိုက်
ဇေတ၀န်ကျောင်းတော်ကြီးတွင်လည်း
ဓမ္မဖြင့် မွေ့လျော်သူတို့ဖြင့် စည်ကားနေသည်။
သာဝတ္တိမြို့ကြီးသည် ငါးကုဋေခန့်သော
သူတော်စင်များဖြင့် ငြိမ်းချမ်း၊ တည်ငြိမ်စွာဖြင့် ပျော်ကြပြန်သည်။
ထိုငါးကုဋေသော သူတော်စင်များသည်
မြတ်ဘုရားအားလျောက်ထားကြသည်။
မြတ်စွာဘုရား၊ သာဝတ္ထိမြို့အတွင်း
ဗာလနက္ခတ္တပွဲသဘင်ကို ခုနှစ်ရက်ကြာ ကျင်းပနေကြပါသည်ဘုရား။
လူအများရမ်းကားကြသည်။ မြင်မကောင်း၊
ရှုမကောင်းအောင် ဆိုးသွမ်းကြသည်။
ထိုပွဲတော်ကာလအတွင်းမြို့အတွင်းသို့
ဆွမ်းခံကြွတော်မူပါနှင့်ဘုရား။
ဘုရားတပည့်တော်များ
ကျောင်းသို့လာရောက်ပို့ဆောင်ကြပါမည်ဘုရား။
မြတ်ဘုရားသည် ဒကာ ဒကာမများ၏
လျောက်ထားချက်ကို လက်ခံတော်မူသည်။
ပွဲတော်အတွင်း မြို့အတွင်းသို့
ဆွမ်းခံကြွတော်မမူပေ။
ဒကာ ဒကာမများ ကပ်လှူသော
ဆွမ်းဖြင့်သာမျှတတော်မူသည်။
ပွဲတော်ကာလပြီးသော်
ရှစ်ရက်မြောက်နေ့တွင် ဒကာဒကာမများသည် ဘုရားရှင်နှင့်တကွ သံဃာတော် များကို ပင့်ဖိတ်ပြီး
ပွဲအတွင်းကြီးကျယ်သော ဆွမ်းလှူပွဲကျင်းပကြသည်။
ထိုအလှူပွဲကြီးတွင်
အလှူရှင်သူတော်စင်များက ရှင်တော်ဘုရား..၊ ဘုရားတပည့်တော်များ ဗာလနက္ခတ္တ ပွဲတော် ကာလ
အတွင်း မကြား ချင်သောအသံများကိုကြားကြရပါသည်။
မမြင်ချင်သော အရာတို့ကို မြင်ရပါသည်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့်
နေထိုင်ကြရပါသည်။
ဘုရားတပည့်တော်များ မြို့အတွင်း
မ၀င်သလို၊ ရှင်တော်မြတ်ဘုရားနှင့် တပည့်သားများလည်း မြို့တော် အတွင်း ကြွတော် မမူခဲ့ပါဘုရား..ဟု
ငြိမ်းချမ်းစွာနေလိုသော သူများကလည်း လျောက်ထားကြသည်။
ထိုအခါ မြတ်ဘုရားက ..ပညာမဲ့မိုက်မည်းသူများသည်
မေ့လျော့ခြင်းကို ခုံမင်ကြကုန်၏။
သူတော်စင်များကား မမေ့မလျော့ခြင်းကို
မြတ်နိုးကြကုန်၏။
ကာမဂုဏ်ပျော်( အပူပျော်) ကို
အားမထုတ်ကြကုန်လင့်။
ဓမ္မဖြင့်ပျော်( အအေး၊ အငြိမ်) ပျော်ခြင်းသည်သာ
အငြိမ်းဓာတ်များ ကိန်းရာ မြတ်နိဗ္ဗာန်ရောက်
ကြောင်းဖြစ် ပေသည်..ဟု ဟောကြားတော်မူသည်။
တရားဆုံးသော် အငြိမ်းဓာတ်ဖြင့်
အပူကင်းကြသော သူတို့သည် ပျော်ရွှင်စွာဖြင့် သာဓုခေါ်ကြည်နူးကြ ရသည်။
....................................................
ဓမ္မပဒ၊
ဗာလနက္ခတ္တ၀တ္ထုကို ရေးဖွဲ့ပါသည်။
No comments:
Post a Comment