Pages

Tuesday, December 27, 2011

ခန္ဓာအားဖြင့်.....



အဘိဓမ္မာ ကျမ်းများတွင် အစဉ်အားဖြင့် ခြောက်ခုမြောက် ကျမ်းမှာ ယမကကျမ်းဖြစ်သည်၊ ရုပ်တရား၊ နာမ် တရားများကို ရေတွက်ပြသော ကျမ်းဖြစ်သည်၊ ဘုရားဟော ရုပ်နာမ်တရားများကို အရေကောက်ပြီး ထိုတရား ကို ရုပ်ခန္ဓာအားဖြင့် ရေတွက်အပ်သည်၊

ကျန်ခန္ဓာလေးပါးဖြင့် မရေတွက်အပ် စသည်ဖြင့် ခက်ခက်ခဲခဲ အရကောက်ရသော ကျမ်းတစ်ဆူဖြစ်သည်၊ ဘုရားဟော ပရမတ္ထတရားများကို အရေအတွက်အားဖြင့် ပြရပါလျှင် ခန္ဓာ အနေအားဖြင့် ငါးပါး၊ သစ္စာအနေ အားဖြင့် လေးပါး၊ အာယတနအားဖြင့် တစ်ဆယ့်နှစ်ပါး၊ ဓာတ်အားဖြင့် တစ်ဆယ့်ရှစ်ပါးဖြစ်သည်၊

ယမကကျမ်းသည် အဘိဓမ္မာလာ သဘောတရားများကို ကုသိုလ်၊ အကုသိုလ်စသည် ခွဲပြရပြီး၊ ဆိုင်ရာ ခန္ဓာ၊ သစ္စာ၊ အာယတန၊ ဓာတ် သဘောတရားများထဲ ထည့်သွင်း ရေတွက်ပြရသည်၊

တစ်ခုသော ယမကသင်တန်းတွင်ဖြစ်သည်၊ အသက်ကြီးမှ ရဟန်းဝတ်လာသော ဦးဇင်းတစ်ပါးသည် သူ၏ ကြိုးစားအား ထုတ်မှုကြောင့် ပထမလတ်တန်းသို့ တက်ရပြီး၊ ယမကကျမ်းကို သင်ယူနေရသည်၊

ယမကကျမ်းလာ ဘုရားဟောတရားများကို အရကောက်ပြီးတိုင်း၊
ခန္ဓာအားဖြင့် တစ်ဆယ့်နှစ်ပါး ဟူသောကားဟုလဲကောင်း၊
တစ်ခါတစ်ရံ ခန္ဓာအားဖြင့် တစ်ဆယ့်ရှစ်ပါး ဟူသောကားဟုလဲကောင်း၊
မှားမှားပြီး ဆိုလေ့ရှိသည်၊

စာချဆရာတော်မှာလည်း ဦးဇင်းကြီးကို  ပြင်ပေးရဖန်များလာသဖြင့် ရှေ့သို့ မရောက်နိုင်သောကြောင့်ထင် သည်၊

‘ကဲ ကဲ ကိုယ်တော်ကြီး၊ ကိုယ်တော်ကြီး စာချဘုန်းကြီးဖြစ်တော့မှ ခန္ဓာအားဖြင့် ၁၂ ပါးတို့၊ ၁၈ပါးတို့ ဆိုတော့ကြားလား၊ အခုတော့ ခန္ဓာအားဖြင့် ငါးပါးလို့ပဲ ဆိုဗျား…’။


Philosophy, wisdom and enlightened

 Philosophy, wisdom and enlightened


Philosophy- study of nature and the meaning of existance, how people should live.
To know other is wisdom.
To know onself is enlightened.

India, former name is Jambudvipa, rose- apple land, is the great country and it has a long history. This very India was known as Mejjhimadesa, middle land also. In this great country, there were many religious teachers were born, had grown up and had taught their dharma, liberated ways. And many people follow them what they like, choise and live accordance with their ways.

Around 6 century B.C, in the Bihar state, eastern part of the country, Maharvira and the Buddha had aroused with their many thousands of followers. Above the two great persons had found the two great religions: Jainism and Buddhism. In that state, the two great religions were contemporaries and exist together at the same time.

For that one example is: the Buddha want to benaras to preach his first Dharma- liberated ways. While the Buddha was travelling to benaras, He met sadhu- Upaka, a disciple of the Maharvira. Mahavira was the founder of Jainism. Not only above two religions were born in this country, India but also Hinduism, Sikhism and Animism and so on.Therefore, this country, India was known as the land of religions.

The Buddha had travelled throughout the Ganga valley after he had attained His enlightenment. The Buddha had preached his Dharam- liberated ways for forty five years in this very country, India. Not yet this, the Buddha found Samgha community, the group of monks, in his very life’s time.
The Buddha had pointed out the three things to his disciples to follow:

1. Morality 
2. Concentration 
3. And wisdom. 

The morality was found in vinaya pitaka, disciplinary session, which was laid down by the enlightened one, for male monks and female monks in his Order.

In Second one concentration is middle stage which was found in suttanta pitaka. Especially, in this second session Buddha’s method and other contemporary thoughts were taught in around 6 century B.C in India.  
In the last one is the most important, in this session we can find the four noble truths, noble eight paths and mind and matter which are more popular than other two. In the western world, everyone pursues, as a method which can solve the mental problems, insight mediation, vipassna. This vipassana searches and mentions the things as they are really are, like a science, in a world.

Here, I want to quote a paragraph from the book ‘’What Buddhists believe’’ by Ven. K. Sri Dhammananda, Sri Lankan monk:

“According to the Buddha, one must first seek to understand one’s own mind. This was to be done through concentration which gives one profound inner wisdom or realization. And this insight is to be gained not by philosophical argument or worldly knowledge but the silent realization of the illusion of the self.”
The monks served those three things, as they were taught by the Buddha, until present century 2011. Above three things will be maintaining in the future generation.

After passed away of the Buddha, in India there were some educations centers have arisen.
Nalanda education centre and
Vikramasila education centre.

Above two learning centers were the main Mahavihara- education centers to learn for students who came to here from different countries: some students are from china, some are from Tibet, some are from Sumatra, now it was Indonesia, and some are from the southern part of India. These two learning center are the ancient universities of India.

In these two educations learning centers had been found in many departments and arts: Chinese, Tibetan, pali. Sanskrit etc. And archeology, astrology, pathology, ayuvedas and so on, were taught.
Therefore, in these educations learning centers were full of the different students from different countries, like a colorful rainbow and, it radiated from those two centers to all parts of the world.

In the session 2011-2012 at Annamalai University at philosophy department inaugurates Ph.D course for Buddhist monks. The philosophy department has accepted ten Myanmar monks, as Ph.D students. Philosophy and Buddhist methods will work on the path which leads to the peace and harmony for all human beings in the world.

2011 is the great occasion of The Annamalia University, as the its 86th  Anniversary and  its education trip, will discuss about the global education in different views from different universities and professors, and hoping the better ways to all students  came to Annamalai University, education centre, from other countries for their education trip.

Thank you very much



Presented by:

Ven. Neyadhamma( mandalay)
        M.A, PhD (thesis) 

Department of philosophy. 
Annamalai University Chidambaram city, India. 



Monday, December 26, 2011

အစလေး ခက်တယ်.....


မန္တလေးမြို့၊ စာသင်တိုက်တစ်တိုက်တွင်ဖြစ်သည်၊ စာချဆရာတော်သည်တပည့်များကိုဘုရားရှင် ဟောကြား
တော်မူသော အဘိဓမ္မာပိဋက အကြောင်းကို ရှင်းပြနေသည်၊ စာလိုက်သံဃာများမှာ ပထမကြီးတန်း တက်ခွင့် ရထားသော ရဟန်းတော်ငယ်များဖြစ်ကြသည်၊

‘ငါရှင်တို့၊ တို့ဘုရားက သဗ္ဗညုတ ရွှေဉာဏ်တော်နဲ့ အကြိမ်ကြိမ် သုံးသပ်ပြီးဟောတော်မုတဲ့ အဘိဓမ္မာ၊ တစ်နည်း အားဖြင့် ပဋ္ဌာန်းဒေသနာတော်ဆိုတာ အင်မတန်နက်နဲတယ်၊
အခုလို ငါရှင်တို့ ပထမလတ်တန်းအောင်မြင်ပြီးလို့ ပထမကြီးတန်းတက်ခွင့်ရပြီးဆိုတော့ အဘိဓမ္မာရဲ့ အနှစ် သာရပဋ္ဌာန်းကျမ်းကို သင်ယူကြရပြီ၊ အစနှစ်ခေါက် သုံးခေါက်တော့ခက်တယ်၊ နောက်တော့ လွယ်ပါတယ်’

ထိုတွင် စာလိုက်သံဃာထဲမှ နှုတ်သွက်လျှာသွက် ကိုယ်တော်တစ်ပါးက…

‘ဘုန်းကြီးဘုရား၊ အဲလိုဆို အစနှစ်ခေါက် သုံးခေါက်ကို ကျော်လိုက်ပါလားဘုရား’
‘ဟေ…၊’
ကိုယ်တော်ဟာက ကလေး ရေချိုးခိုင်းသလိုဖြစ်နေပြီပဲ၊

‘အမိန့်ရှိပါဦးဘုရား’

အေး၊ ပြောမလို့ပါပဲ၊

ဒီလိုဗျ၊ အမေလုပ်တဲ့သူက သူ့သားလေးကိုရေချိုးခိုင်းတာ’
ကလေးက အေးတော့လန့်နေတာပေါ့၊ အဲဒါနဲ့ အမေဖြစ်တဲ့သူလှမ်းပြောတယ်၊
ငါ့သား ရေချိုးလိုက်တော့၊ အစ နှစ်ခွက် သုံးခွက်ပဲ အေးတာပါတဲ့၊
အဲလိုလည်းပြောရော၊ ကလေးက စဉ့်အိုးထဲကနေရေတွေကို ခတ်ထုတ်နေတာ၊

အမေကမြင်တော့၊ ဟဲ့ကောင်လေးဘာလို့ရေတွေကိုခပ်ထုတ်ပစ်နေတာတုန်းလို့ လှမ်းမေးတာ၊
အဲတော့ ကလေးက ပြန်ပြောတယ်၊

အမေပဲပြောတယ်၊ အစနှစ်ခွက် သုံးခွက် အေးတယ်ပြောလို့ပါတဲ့၊

ကိုယ်တော်လေးလည်း ကျောင်းပြန်ရောက်ရင် အစက စာမျက်နှာတွေများ ဖြဲ မပစ်လိုက်နဲ့ဦး၊

ဘယ်နေရာက စစ၊ အစလေးကတော့ ခက်တာပဲဗျ၊

သာသနာ့ သူရဲကောင်း ( ၂ )




မဟာရဋ္ဌ ( ယခင်၊ ဒက္ခိဏပထ) ပြည်နယ်သည် ဗုဒ္ဓဘုရားရှင်လက်ထက်တော်ကတည်းကပင် ထင်ရှားခဲ့သည်၊ မဟာရဋ္ဌပြည်နယ်သည် ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်ပြီး ရှည်လျားသော သမိုင်းရှိသည်၊ အဆိုပါဒေသသည် စီးပွားရေး၊ ဘာသာရေး ကသောင်း ကနင်းဖြစ်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်၊ ဗုဒ္ဓဘာသာ သည် အခြေအနေ အရပ်ရပ်ကြောင့် ယင်းဒေသမှ ပျောက်ကွယ်ခဲ့ရသည့်တိုင် သမိုင်းဆိုင်ရာ အထောက် အထားများက ဗုဒ္ဓ သာသနာထွန်းလင်းခဲ့ပုံကို ဖော်ပြနေဆဲဖြစ်သည်၊

ဗုဒ္ဓသာသနာတော်သည် ဘုရားရှင်လက်ထက်တော်က တည်းကပင် ရဟန္တာမထေရ်မြတ် တစ်ပါး ၏ ကျေးဇူးကြောင့် ဤဒေသသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်၊ ဘုရားရှင် လက်ထက်တော်ကတည်းကပင် ဗာဝရီရသေ့ ကြီးသည် ဗြဟ္မဏဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘုရားရှင်၏ တပည့်ဖြစ်လာကာ နောက်လိုက် ရသေ့ ပေါင်းများစွာနှင့် အတူ ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့သည်၊ ထို့နောက် မိမိဒေသ ဒက္ခိဏပထ သို့ ပြန်လည်ကြွသွားခဲ့သည်၊

နောင်သောအခါ ဘုရားရှင်ကိုယ်တော်တိုင် ဒက္ခိဏပထသို့ ကြွတော်မူသည်၊ ထိုအချိန်တွင် ဗာဝရီရသေ့ ကြီးသည် အသက်တစ်ရာ့နှစ်ဆယ် ရှိနေပြီး ဘုရားရှင် အားမိမိအရဟတ္တဖိုလ်ဆိုက်ရောက်ခဲ့ ပုံကို လျှောက် ထား ကြောင်း သုတ္တနိပါတ်တွင်ဖော်ပြထားသည်၊

အဆိုပါ ဒေသမှ အခြားထင်ရှားသော မထေရ်မြတ်တစ်ပါး အကြောင်းကိုလည်း တွေ့ရပြန်သည်၊ ထိုမထေရ် မှာ ပုဏ်ဏ မထေရ်ဖြစ်သည်၊ မထေရ်မြတ်တွင် တပည့်ထေရာ၊ ထေရီပေါင်း များစွာ ရှိကြောင်း ဖော်ပြထား သည်၊ မထေရ်မြတ်သည် မိမိနေထိုင်ရာဒေသသို့ ဘုရားရှင်အားကြွရောက်စေတော်မူပြီးစန္ဒကူးကျာင်း
ဆောက် လုပ်လှူဒါန်းကြောင်းကိုလည်း တွေ့ရသည်၊

ဘုရားရှင် စန္ဒကူးကျောင်းတော်တွင် တစ်ညတာ ကျိန်းစက် တော်မူခဲ့ကြောင်း သိရသည်၊ အာရုဏ်မတက်မီ မဇ္ဈိမဒေသသို့ ပြန်လည်ကြွရောက်တော်မူသည်၊ အပြန်ခရီးနမ္မဒါမြစ်နားသို့ရောက်လတ်သော် နမ္မဒါန ဂါးမင်း၏ ပူဇော်မှုကိုခံယူကြောင်းကိုလည်းတွေ့ရပြန်သည်၊ 

ဆိုပါဒေသသည် ဘုရားရှင်လက်ထက်တော်ကတည်းကပင် တပည့်သာဝက ပေါင်းများစွာတို့ သာသနာပြု ဆောင်ရွက်နေကြပြီဖြစ်သည်၊ သို့ရာတွင် အမျိုးဇာတ်ဝါဒ ပြန်လည်ခေါင်းထောင်လာသော အခါ ဗုဒ္ဓသာသနာ တော်မှာ ဆုတ်ယုတ်ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပသောအခါ မဟာရဋ္ဌဒေသမှ ဇာတိနိမ့်များခေါင်းဆောင် အမ်ဘေဒကာသည် မဟာရဋ္ဌဒေသ အခြေအနေတို့ကို တင်ပြသည်၊ သင်္ဂါယနာ အစည်းအဝေးကြီးက လက်ခံ သောအခါ မိမိဒေသ မဟာရဋ္ဌတွင် မဟာဝိဟာရကျောင်း တိုက်ကို ဆောင်လုပ် လှူဒါန်း ခဲ့သည်၊ ကျောင်းတော်ကို မြန်မာနိုင်ငံနှင့် ပူပေါင်းဆောင်ရွက်သော အထိမ်းအမှတ် အဖြစ်ထား ရှိသည်၊

မြန်မာနိုင်ငံမှပင် ဗုဒ္ဓဆင်းတုတော်တစ်ဆူ ပင့်ဆောင်ပြီး ပူဇော်ထားရှိသည်၊ မဟာရဋ္ဌဒေသ ဗုဒ္ဓသာသနာ တော်ပြန့်ပွားရေးတွင် မြန်မာနိုင်ငံသည် ရှေ့တန်းက ပါဝင်ခဲ့သည်၊ ဒေါက်တာ အမ်ဘေဒကာ သည်လည်း မြန်မာနိုင်ငံသား စန္ဒြမုနိမထေရ်မြတ်ထံမှ ငါးပါးသီလ ဆောက်တည်ကာ ဗုဒ္ဓဘာသာ ၀င်ဖြစ်လာခဲ့သည်၊ လူပေါင်းများစွာကိုလည်း ဗုဒ္ဓအဆုံးအမများကို ယုံကြည့်သက်ဝင်စေခဲ့သည်၊ ထိုစဉ်ကပင် လူပေါင်းသိန်းချီပြီး ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာခဲ့ကြသည်၊ ယနေ့အချိန်တွင် အမ်ဘေဒကာကို သူတော်စင် အလောင်း တော်ကြီးအဖြစ် မှတ်ယူထားကြသည်၊

မဟာရဋ္ဌဒေသ ဗုဒ္ဓဘာသာတိုးတက်ရေးအတွက် အာတက်ဖွယ်ရာ နောက်ထပ်အချက်တစ်ခုမှာ မြန်မာနိုင်ငံ ဖွားဖြစ်သူ ဂိုအင်ဂါသည် အီဂတ်ပူရီ၌ ကမ္မဋ္ဌာန်းရိပ် သာထူထောင်ကာ ဗုဒ္ဓဘာသာဝင်များ အတွက်သာမက အခြားဘာသာဝင်များကိုပါ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး လမ်းစဉ်တရားတော်များ ကို ဟောပြောပို့ ချပေးနေ သည်၊



သီဟိုဠ်ကျွန်းသို့ ကြွရောက်တော်မူလာသော သီတဂူဆရာတော်ဘုရားကြီးသည် သူကိုယ်တိုင် အိန္ဒိယနိုင်ငံမှ စာသင်သားများနှင့် တွေ့ဆုံအားပေးပြီး သီဟိုဠ်ကျွန်းသို့ ကြွရောက်တော်မူလာကြောင်း၊ အိန္ဒိယနိုင်ငံ တွင် မြန်မာနိုင်ငံစာသင်သား လေးရာကျော်ရှိကြောင်း၊ သိဟိုဠ်ကျွန်းတွင် သုံးရာနီးပါးရှိကြောင်း၊ ထို့အပြင် အခြားနိုင်ငံများတွင် ကျောင်းတက်နေသော မြန်မာ ရဟန်းတော်များနှင့်ပေါင်းလိုက်လျှင် အနာဂတ် တွင် ခေတ်ပညာတတ်မြန်မာရဟန်းတော် တစ်ထောင်နီးပါးရှိကြောင်း မိန့်ကြားသည်၊

ခေတ်ပညာဆက်လက် ပြန့်ပွားအောင် ဆောင်ရွက်ရုံမျှမက တောင်တန်းဒေသများတွင်လည်း ခေတ်ပညာ
တတ် ရဟန်းတော်များ လိုအပ်နေသေးကြောင်း၊ ကမ္ဘာ အရပ်ရပ်တွင် ထိုးဖောက် သာသနာပြုနိုင်ဖို့ လည်းလိုအပ်နေသေး ကြောင်း သြ၀ါဒ အဖြစ်မိန့်ကြားတော်မူပါသည်။

အမိမြေရှိပြည် သူများကို ဗုဒ္ဓတရားတော်ဖြင့် ပြည်လည်ကျေးဇူးဆပ်ခွင့်၊ ဘုရားရှင်ပွင့် ထွန်းတော်မူ ရာ မြေမြတ် မဟာတွင်လည်း တတ်နိုင်သလောက် ကျေးဇူးဆပ်ခွင့် အတူ ကမ္ဘာပေါ်ရှိ လူသားအားလုံး အတွက် မြတ်ဗုဒ္ဓ၏ အနှိုင်းမဲ့ အဆုံးအမများကို ဆက်လက်ဖြန့်ဖြူးဖို့လိုအပ်နေသေးကြောင်း သိရပြန်သဖြင့် ထိုကွက်လပ်များသည် ခေတ်ပညာတတ် မြန်မာစာသင်သား ရဟန်းတော်များ အတွက် ဖြည့်ဆည်းစရာ ကွက်လပ်များ အဖြစ်ရှုမြင်မိပါ ကြောင်း….။

မှတ်ချက်၊ အထက်ပါ ဆောင်းပါးသည် သီရိလင်္ကာနိုင်ငံ၊ "လင်္ကာတမန်မဂ္ဂဇင်း" ဒုတိယ အကြိမ်ထုတ်တွင် လိုအပ်နေသေးသော ကွက်လပ်များ အမည်ဖြင့် ရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။

Saturday, December 24, 2011

သာသနာ့ သူရဲကောင်း



မြတ်ဗုဒ္ဓသာသနာတော်သည် အိန္ဒိယတိုက်တွင်စတင်ပေါ်ထွန်းခဲ့သည်၊ ရှေးဟောင်းအစဉ် အလာ ဗြဟ္မဏ ၀ါဒနှင့် ဇာတ်စနစ်ကိုတွန်းလှန်ကာ နှစ်ပေါင်းနှစ်ထောင်နီး ပါးရှင်သန်ခဲ့သည်၊ ဗုဒ္ဓသာသနာထွန်းလင်းရာ အချိန်ကို မဇ္ဈိမဒေသ၏ အငြိမ်းချမ်းဆုံး ကာလအဖြစ် သမိုင်းပညာရှင်များက မှတ်တမ်းတင်ကြသည်၊ ဗုဒ္ဓသာသနာထွန်း လင်းလာသည်နှင့် ဗြဟ္မဏ၀ါဒသမားများသည် ဘ၀ရပ်တည်ရေး အတွက် အခက်အခဲဖြစ် လာသည်၊

ဗုဒ္ဓ သာသနာတော်ကို သက်ဝင်ယုံကြည်သော အသောကမင်း၏ချီမြှောက်ထောက်ခံမှုမှာလည်း ဇာတ်ဝါဒ သမား များနှင့် ဗြဟ္မဏ၀ါဒသမားတို့အတွက် အခြေအနေ ဆုတ်ယုတ်စရာဖြစ်လာသည်၊ ထိုသူတို့ အခြေအနေ ဆုတ်ယုတ်လာသလောက် ဗုဒ္ဓသာသနာတော်ဘက်တွင်ကား ကြီးကျယ်ပြန့်လာသည် တို့ကို တွေ့မြင်လာကြ ရသည်၊ ထိုပုဂ္ဂိုလ်တို့သည် အခြေအနေအရ ဗုဒ္ဓသာသနာတော်သို့ရောက်ပါမှ အသောကမင်း၏ ထောက်ခံမှုရ သည့်အပြင် စားဝတ်နေရေးလည်း ချောင်လည်မည်ဖြစ်ရကား ရရာနည်းလမ်းရဟန်းဝတ် လာခဲ့ကြသည်၊

ဆိုပါဝမ်းရေး မင်းဘေးစသော ဘေးအန္တရာယ်များကြောင့်ဝင်ရောက်လာသူ များကြီးထွားကျယ်ပြန့် လာသည်နှင့် ထိုသူတို့သည် မိမိတို့ကိုးကွယ်ရင်း ဗြဟ္မဏ၀ါဒများကို ပါဆက်လက်ကျင့်သုံးနေသဖြင့် သာသန်ာတော်အတွက် အခက်ကြုံလာရသည်၊ ထိုအခက်အခဲကို အသောကမင်းတရားကြီးနှင့် ရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့၏ ဆရာ ဒကာလက်တွဲဆောင်ရွက်ခဲ့ခြင်းကြောင့် တတိယ သင်္ဂယနာတင်နိုင်ခဲ့သည်၊

ထေရ၀ါဒ ဖြစ်တော်မူသော ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်၏ ဓမ္မစွမ်းရည်ဖြင့် ဗုဒ္ဓသာသနာတော် အတွင်း ၀င်ရောက်နေရာယူထားသောဗုဒ္ဓ၀ါဒမဟုတ်သော မသန့်ရှင်းသည့်အယူဝါဒတို့ကို ရှင်းလင်းသုတ် သင် နိုင်ခဲ့ သည်၊ အဆိုပါ ဓမ္မ၀ိနယဆိုင်ရာ မဟာအစည်းဝေးကြီးမှထုတ်ပြန်သော အယူဝါဒစစ်တမ်း ကထာဝတ္ထု ကျမ်းကို ထေရ၀ါဒ မထေရ်မြတ်တို့ အတည်ပြုခဲ့ကြသည်၊ ဘုရားဟောနှင့် တစ်တန်းတည်းထား ကာ ပိဋကတ်တော်တွင် ထည့်သွင်းတော်မူခဲ့ကြသည်။

အသောကမင်းတရားနှင့် သံဃာ့ခေါင်းဆောင်မထေရ်တို့သည် ဗုဒ္ဓသာသနာတော်ကို မဇ္ဈိမဒေသ၌သာမက ကိုးတိုင်းကိုးဌာနသို့တိုင် ရောက်ရှိပြန့်ပွားအောင် အယူဝါဒရေးရာကျွမ်းကျင်တော်မူသော မထေရမြတ်တို့ ကို ဦးစီးစေပြီး သာသနာပြုကြွစေတော်မူခဲ့သည်၊ ဆရာဒကာလက်တွဲညီညွတ်ခဲ့မှုကြောင့် အရှေ့တောင် အာရှ၊ တောင်အာရှ၊ အနောက်အာရှနှင့် ဥရောပ တိုက်ဒေသတစ်ချို့အထိ ပျံ့နှံ့ရောက်ရှိခဲ့သည်၊

ဗုဒ္ဓသာသနာတော်သည် မဇ္ဈိမဒေသတွင် ကြာရှည်စွာတည်နိုင် လိမ့်မည်ဖြစ်ကြောင်းကိုလည်း အခြေအနေ အရပ်ရပ်အရ သိရှိပြီးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဆိုပါအခြေအနေများကြောင့် ကမ္ဘာအရပ်ရပ်သို့ သာသနာပြုစေလွှတ်ခဲ့ခြင်းလည်းဖြစ်ပုံရသည်၊ ခရစ်နှစ် ၁၂၀၀ ကျော်တွင် ဗုဒ္ဓသာသနာတော်သည် စတင် ပေါ်ထွန်းရာ မွေးရပ်မြေမှ ပျောက်ကွယ်ခဲ့ရသည်၊ မြတ်ဗုဒ္ဓ သာသနာတော်ရှိသည်ပင်ဆိုစေ ဦးတော့၊ ဗြဟ္မဏ၀ါဒ လွှမ်းမိုးမှုအောက်တွင်ပေါ်ပေါ်ထင်ထင် မရှိတော့ပေ။

မြတ်ဗုဒ္ဓတရားတော် အစစ်အမှန်တို့သည် မွေရပ်မြေမှတစ်ပါး အခြားနေရာများတွင် ရှင်သန်ဖြစ် ထွန်းနေသည်၊ မြတ်ဘုရား၏တရား အဆုံးအမတို့ ခိုင်မြဲစွာတည်ရှိနေသော ဗုဒ္ဓဘာသာနိုင်ငံတို့တွင် သီဟိုဠ်နှင့်မြန်မာ တို့သည် ရှေ့တန်းမှပါဝင်နေကြသည်၊ မဇ္ဈိမဒေသသို့ဗုဒ္ဓသာသနာပြန်လည်ပြန့်ပွာရေး အတွက် အားကြိုး မာန်တက် ဆောင်ရွက်ခဲ့ကြ သည်မှာလည်း သီဟိုဠ်နှင့်မြန်မာတို့သာဖြစ်ကြသည်၊


သီဟိုဠ်သားကြီး အနာဂါရိကဓမ္မပါလ၏ဆောင်ရွက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ မဟာဗောဓိစေတီ တော်နှင့် ထင်ရှားသော ဗုဒ္ဓ၀င်ဆိုင်ရာ မြေမြတ်မဟာတို့ကို သတ်သတ်မှတ်မှတ် ထားကာ အမြတ်တနိုးပူဇော် ခွင့်ရခဲ့ကြသည်။ အနာဂါရိကကြီးသည် ဗုဒ္ဓဘာသာနိုင်ငံများကိုသာမက ကမ္ဘာအရပ်ရပ်သို့ ခရီးထွက်ပြီး သာသနာတော်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်၊

စိတ်တ်ဓာတ်စွမ်းရည်မြင့်မားကြီးမြတ်သော အနာဂါရိက သူတော်စင်ကြီးသည် သေဆုံးခါနီးအထိတိုင်အောင် ပင် သာသနာတော်အတွက် အားထုတ်ကြိုးပမ်း ခဲ့သည်၊ ဒီဘ၀တွင်သာမက နောင်ဘ၀များတွင်လည်း ဗုဒ္ဓသာသနာ တော်စည်ပင်ပြန့်ပွာရေး အတွက် ကြိုးပမ်းရပါလိုကြောင်း ဆုတောင်းသွားခဲ့သေးသည်၊ သူ၏ ဆောင်ရွက်များ ကြောင့် မဟာဗောဓိစေတီတော်နှင့် ထင်ရှားသော ဗုဒ္ဓ၀င်ဆိုင်ရာ မဟာမြေမြတ်တို့သည် ကမ္ဘာအရပ်ရပ်ရှိ ထေရ၀ါဒရော၊ မဟာယာနပါ ညီညွတ်စုဝေးရာ မဟာဌာနကြီး အဖြစ်ဝင့်ထည်စွာ တည်ရှိနေခြင်းဖြစ်ပါသည်။

လယ်တီဆရာတော်ဘုရားကြီး နည်းနည်နိဿယဖြင့် ထင်ရှာသော ကမ္မဌာန်းနည်းပြဆရာကြီး ဦးဘခင်၏ တပည့် ကုန်သည်သူဌေးဘ၀မှ ကမ္ဘာကျော်ဝိပဿနာ နည်းပြဆရာကြီးဖြစ်လာသူ ဂုရုဂိုအင်ဂါ သည် မြန်မာနိုင်ငံ မန္တလေးမြို့ တွင်မွေးဖွားခဲ့ သူ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည်၊ ဆရာကြီးသည် မိမိမွေးဖွားရာ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ပြန်သောအခါ အဖိုးတန်ဆုံး ၀ိပဿနာနည်းပညာကို ယူသွားနိုင်ခဲ့သည်၊
ဆရာကြီး၏ ဦးဆောင်မှုဖြင့် ကမ္ဘာအရပ်ရပ်တွင် ကမ္မဌာန်းရိပ်သာများတည်ထောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကို ဆောင်ရွက်နေသည်။ သူသည် မြန်မာ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ကမ္ဘာပေါ်ရှိလူပေါင်းများစွာတို့အား ထိတွေ့ ခံစားစေနိုင်ခဲ့သည်၊ 
ယခုအချိန်တွင် မွန်းဘိုင်းမြို့၌မြန်မာတို့ နှလုံးသည်ပွတ် ရွှေတိဂုံပုံတူစေတီ တော်မြတ် ကြီးကို ကမ္ဘာ့ငြိမ်း ချမ်းရေး အထိမ်း အမှတ်အဖြစ် တည်ထားကိုးကွယ်နိုင်ခဲ့သည်၊

စေတီ တော်မြတ်ကြီးသည် ငြိမ်းချမ်းရေးကိုလားသောယောဂီသူတော်စင်သောင်းချီကာ တရားအားထုတ်နိုင် သည့် ဆဋ္ဌမမြောက် အကြီးဆုံးဒေါက်ခံဆောက်လုပ်ထားသော ဂူပုံစံဖြစ်သည်၊ ဂုရုကြီးသည် ဗုဒ္ဓ သာသနာ တော်ကို မူရင်းအတိုင်း ထိမ်းသိမ်းပေးသော မြန်မာနိုင်ငံကျေးဇူး၊ ဆရာကြီး ဦးဘခင်တို့ ၏ကျေဇူးကိုပြန်လည် ပေးဆပ် သောအားဖြင့် ရွှေတိဂုံပုံတူစေတီတော်နှင့် စေတီတော်ကြီး၏အနီးတွင် ဦးဘခင်ရွာကို တည်ထား ခဲ့သည်။



အိန္ဒိယနိုင်ငံမှ ဗုဒ္ဓသာသနာတော်သည် အသောကမင်းလက်ထက်တွင် သီဟိုဠ်နှင့်မြန်မာနိုင်ငံသို့ စည်စည် ပင်ပင်ရောက်ရှိပြန့်ပွားခဲ့သည်၊ ယခုအချိန်တွင် သီဟိုဠ်သား ရဟန်းတော် များနှင့် မြန်မာနိုင်ငံသား ရဟန်း တော်တို့၏ ဆောင်ရွက်မှုကြောင့် အိန္ဒိယသည် အချိန်ကြာမြင့်စွာပျောက်ကွယ်နေသော အဖိုး မဖြတ်နိုင်သည့် ဗုဒ္ဓသာသနာတော်ကို မူရင်းမပျက်ပြန်လည်ရရှိခဲ့သည်၊

သီဟိုဠ်နှင့်မြန်မာတို့သည်လည်း ကြာမြင့်စွာကွဲကွာနေ သော ဓမ္မဆွေတော် မျိုးတော်တို့ထံ ဗုဒ္ဓ သာသနာ တော်ကို ပြန်လည်ပေးဆပ်ခွင့်ရသဖြင့် အတိုင်းမသိဝမ်း မြောက်ကြည်နူးကြရသည်၊ အိန္ဒိယပြည် တွင်းမှ ဗုဒ္ဓဘာသာလိုလားသော ပုဂ္ဂိုလ်များနှင့် လက်တွဲပြီး ဗုဒ္ဓအဆုံး အမများ ပြန်လည်ထွန်းကားအောင် လုပ်ဆောင် နိုင်ခဲ့ကြသည်တို့ကို ပြန်လည်ဖော်ပြလိုသည်။





Tuesday, December 20, 2011

အောင်မြင်သော ထိုတစ်နေ့


တမီးနာဒူးပြည်နယ်ရောက် မြန်မာရဟန်းတော်များအကြောင်းကို ပြည်နယ်ထုတ်သတင်းစာတွင် ဖော်ပြထားပုံ၊

Annamalai unuversity တွင် မြန်မာနိုင်ငံမှ ထေရ၀ါဒရဟန်းတော်ဆယ်ပါး Philosophy Department ဌာနတွင် လာရောက်ကာ သုတေသနပြုလုပ်လျှက်ရှိပြီး၊ Ph.Dကျမ်းများ တင်သွင်းကြမည်ဖြစ်ကြောင်းနှင့် အသွင်အပြင် ထူးခြားသော မြန်မာရဟန်းတော်များကို ဒေသခံပြည်သူများက အထူးတလည် စူးစမ်းလျှက်ရှိကြောင်းဖော်ပြ ထားသည်။ 


အိန္ဒိယနိုင်ငံလုံးဆိုင်ရာ Indian philosophical congress ရောက် မြန်မာရဟန်းတော်များနှင့် 86th နှစ်မြောက် Annamalai univsersity, philosophy ဌာန၏ ဖွင့်ပွဲအခမ်းအနား၊

ဖွင့်ပွဲအခမ်းအနားသို့ Annamalai university နှင့် Vivekananda Collage  ရောက်မြန်မာရဟန်းတော်များ တက်ရောက်ကြသည်၊ မြန်မာရဟန်းတော်များကို အထူးတလည် နေရာပေးအရေး တယူ ရှိကြသည်၊ 
ပြည်တွင်းပြည်ပသတင်းဌာနများမှလည်း မကြာခဏလာရောက်သတင်းယူကြသည်၊ မှတ်တမ်းတင်ကြသည်၊ အစည်းဝေးဖြစ်မြောက်ရေး philosophy ဌာနမှဌာနမှူးဖြစ်သူကလည်း မြန်မာရဟန်းတော်များပါ တက်ရောက် လာသဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်မိကြောင်း အဖွင့်လွှာတွင် ထည့်သွင်းပြောကြားသည်၊ 


 အစည်းဝေးရောက် မြန်မာရဟန်းတော်များနှင့် ပါမောက္ခကြီး၊

အငြိမ်းစား ပါမောက္ခကြီးများမှလည်း မြန်မာရဟန်းတော်များကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကြသည်၊
ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြောင်း၊ ငြိမ်းချမ်းရေး အသွင်အပြင်ဆောင်သော ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ယခုလိုတွေ့ဆုံရသည့် အတွက် ၀မ်းမြောက်မိကြောင်း ရင်းရင်းနှီးနှီးပြောဆိုကြသည်၊ 

စာတမ်းရှင် မြန်မာရဟန်းတ်ာတစ်ပါး အလှည့်ကျ သဘာပတိဖြစ်သူနှင့် စာတမ်းဆွေးနွေးနေစဉ်၊

၁၇၊ ၁၈၊ ရက်နေ့များတွင် မြန်မာရဟန်းတော်များသည် စာတမ်းများ ဖတ်ကြရသည်၊ စာတမ်းရှင် များသည် မြန်မာရဟန်းတော်များသာမက ပါမောက္ခဟောင်းများ၊ လက်ရှိ ထမ်းဆောင်ဆဲ ပါမောက္ခများ၊ ဌာနေကျောင်းသားများနှင့် အတူ ဖတ်ကြရသည်၊ စာတမ်းဖတ် အပြီးတွင် အပြန်အလှန်မေးခွန်း များမေး ကြ ဖြေကြရသည်၊ လက်ခုပ်သံမြိုင်မြိုင်ဖြင့် စည်ကားသိုက်မြိုက်နေလေ့ရှိသည်၊ 

Jana Gana Mana နိုင်ငံတော်တေးသွားကို တညီတညွတ်တည်းဖြင့်၊


၁၆. ၁၂. ၂၀၁၁ နေ့တွင် စတင်သော Indian philosophical congress သည် ၁၉. ၁၂. ၂၀၁၁နေ့တွင်ပြီး ဆုံးသည်၊ တက်ရောက်လာသော မြန်မာရဟန်းတော်များ အိန္ဒိယနိုင်ငံတော်သီချင်း တင်ဆက်နေ စဉ် နေရာများမှထပြီး ငြိမ်သက်စွာ ရပ်ပေးနေကြရသည်၊ အစည်းဝေးခန်းမကြီးတစ်ခုလုံး Janag Gana Mana အမည်ရသော အိန္ဒိယနိုင်ငံတော်တေးသွားဖြင့် လွှမ်းခြုံသွားသည်၊ ကြက်သီးမွေးညင်းများပင်ထမိသည်၊ သူတို့နိုင်ငံတော်သီချင်းတွင် ဂင်္ဂါ၊ ယမုံနာမြစ်တို့ကို ထည့်သွင်းဖွဲ့ဆိုထားသည်၊ အဆုံးပိုဒ်ဖြစ်သော ဇယာ ဟေး၊ ဇယာ ဟေး၊ ဇယာ ဟေး ကိုတော့သံပြိုင်လိုက်ပြီးဆိုနိုင်သည်၊ အောင်မြင်ကြောင်းကို ညွှန်းဆိုသော စာပိုဒ်ဖြစ်သည်ဟုထင်ပါသည်။ အမိမြေ နိုင်ငံတော် သီချင်းတွင် ဧရာဝတီကို ဘယ်တော့များမှ ထည့်သွင်းဖွဲ့ဆိုကြမည်မသိပါ။

Indian philosophical congress ရောက် စာရေးသူ၊
အရှင်ဉေယျဓမ္မ(မန်း)
M.A, Ph.D ( thesis)
Annamalai University, Chidambaram City, India.

86th Indian Philosophical Congress သို့တက်ရောက်လျှက် မှတ်တမ်းတင်ခွင့်ရပြီး၊ မျှဝေခံစားလိုသော ဆန္ဒဖြင့် မေတ္တာလွင်ပြင် ဘလော့တွင် ပြန်လည်တင်ဆက်ရပါသည်။


Monday, December 19, 2011

သီဟိုဠ်နှင့် မြန်မာ အပိုင်း ၂


၁၈၆၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ သီဟိုဠ်မှ သံတမန်အဖွဲ့ရောက်လာသည်၊ မြန်မာဘုရင်ဘိုးတော်ဘုရား ကိုယ်တိုင် ခရီးဦးကြိုဆိုခဲ့သည်၊ မင်းဆရာ သံဃရာဇာမထေရ်မြတ်ကိုယ်တော်တိုင် ဦးစီးပြီးသီဟိုဠ်သား သာမဏေများကို ဥပသမ္ပဒကံဆောင်ပေးတော်မူခဲ့သည်၊

မြန်မာနိုင်ငံသို့ကြွရောက်ပြီး ဥပသမ္ပဒကံဆောင်ရခြင်းသည် သူ့ကျွန်ဘ၀ရောက်နေသော သီဟိုဠ်အတွက် ခက်ခဲသောကြောင့်ဖြစ်သည်၊ မြန်မာနိုင်ငံ အမရပူရတွင်ကံဆောင်ပြန်လာသော ရဟန်းတော်များဦးဆောင် မှုဖြင့် သီဟိုဠ်သားတို့သည် သာသနာ့ဘောင်သို့ဝင်ရောက်ခွင့်ရကြတော့သည်၊

ယနေ့သီရိလင်္ကာတွင် ထင်ရှားနေသော အမရပူရဂိုဏ်းသည် မြန်မာနိုင်ငံဘိုးတော်ဘုရား၏ မင်းနေပြည်ကို အစွဲပြုခေါ်ထားသော အမည်ဖြစ်သည်၊ သီရီလင်္ကာနိုင်ငံတွင် သံဃာဂိုဏ်း သုံးဂိုဏ်းရှိရာတွင် အမရပူရနှင့် ရာမညဂိုဏ်းတို့မှာ မြန်မာနိုင်ငံမှဖြစ်သည်၊ စိရနိကာယ(ရှမ်းဂိုဏ်း) ကား ထိုင်းနိုင်ငံမှဖြစ်ကြောင်းသိရသည်၊ သီဟိုဠ်နှင့် မြန်မာ၊ မြန်မာနှင့် သီဟိုဠ်သည် ထေရ၀ါဒသာသနာ အရှည်တည်တံ့ရေးအတွက် တစ်လှည့်စီ အကူအညီအထောက်အပံ့ပေးခဲ့ကြသည်ကို ၀မ်းမြောက်ဖွယ်တွေ့ရှိရပါသည်။

သီဟိုဠ်နှင့်မြန်မာတို့သည် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာအတွက် မေ့မရနိုင်သော လုပ်ငန်းကြီးတစ်ရပ် ကို ရှေ့ဆင့် နောက်ဆင့်ဆောင်ရွက်ခဲ့ကြသည်၊ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ရရှိတော်မူရာ မဟာဗောဓိ စေတီတော်အနီးတွင်တည်ဆောက်ထားသော မဟာဗောဓိစေတီတော်သည် ဟိန္ဒူဘာသာဝင် များလက်ထဲ ရောက်ရှိခဲ့ ရပြီး၊ ယိုယွင်းပျက်စီးနေသည်ကိုလည်း မပြုပြင်ပဲထားခဲ့ကြသည်၊

၁၈၇၅ ခုနှစ်တွင် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် အိန္ဒိယနိုင်ငံအစိုးရခွင့်ပြုချက်ဖြင့် မဟာဗောဓိစေတီတော်ကြီးကို ပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့သည်၊ သို့သော် အုပ်ချုပ်မှု အပိုင်းတွင် ဟိန္ဒူတို့၏ လက်အောက်တွင်သာ ထားရှိခဲ့သည်၊ ဟိန္ဒူနတ်ဘုရားများကို စေတီတော်အတွင်း၌ ထားကာ ဟိန္ဒူဘုရား ကျောင်းအသွင်ဖန်တီးခဲ့ကြသည်၊

ဗုဒ္ဓဘာသာဝင်များလက်ဝယ်မရှိပဲ အခြေအနေ အမျိုးမျိုးအောက်တွင် ငြှိုးငယ်စွာတည်ရှိနေမှုကို လင်္ကာ သားကြီး အနာဂါရိကဓမ္မပါလတွေ့မြင်ရသောအခါ အကြီးအကျယ် ထိတ်လန့်ခဲ့ရသည်၊ မိမိကိုယ် တိုင်မြင်နေရသော အဖြစ်ကိုပင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်၊ ထို့ကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ မဟာဗောဓိစေတီတော်နှင့် ဗောဓိပင်အခြေအနေတို့ကို ကမ္ဘာလုံးဆိုင်ရာ ဘာသာရေး အစည်းအဝေး များတွင် တင်ပြဆွေးနွေးခဲ့သည်၊ ဗုဒ္ဓဘာသာနိုင်ငံများသို့ သွားရောက်ပြီး မဟာဗောဓိစေတီတော်နှင့် မဟာဗောဓိပင်တို့၏ အခြေအနေ ကိုတင်ပြပြီး ဗုဒ္ဓဘာသာဝင်များပိုင်ဆိုင်ရေးအတွက်ကြိုးပမ်းခဲ့သည်၊ 

ယနေ့ကမ္ဘာတွင် ၀င့်ဝင့်ထည်ထည်ဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ နှလုံးသားဝယ် မဟာဗောဓိမြေမြတ် တည်ရှိနေအောင် မြန်မာဘုရင် မင်းတုန်းမင်း ကြီးနှင့် သီဟိုဠ်သားကြီး အနာဂါရိကတို့၏ လုပ်ဆောင်မှုမှာ များစွာအရေးပါကြောင်း သမိုင်းမှတ်တမ်းများက သက်သေခံလျှက်ရှိသည်။

ယနေ့ခေတ်တွင်လည်း သီရိလင်္ကာနိုင်ငံရှိဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်ကြီးများတွင်တက်ရောက်နေသော
ကျောင်းသားအများစုမှာ မြန်မာသံဃာတော်များပင်ဖြစ်သည်၊ သို့ဖြစ်၍ သီရိလင်္ကာနှင့်မြန်မာတို့သည် အနာဂတ် ဗုဒ္ဓသာသနာတော်အတွက် ဓမ္မညီအကိုများအဖြစ် လက်တွဲဆောင် ရွက်နေကြဦးမည်ဖြစ်သည်၊
တွေးမိတိုင်းပီတိဖြာရပါသည်။

ထို့ထက်ပို၍ထူးခြားသည်မှာ ဆရာတော်ကြီးဦးဝိနယာလင်္ကာရသည် သီဟိုဠ်ကျွန်းတွင် မြန်မာကျောင်းတိုက် (၅) တိုက်တည်ထောင်တော်မူခဲ့သည်၊ ယနေ့အချိန်တွင် မြန်မာသံဃာအများဆုံးမှီခိုအားထားရာ ကိုလံဘိုမြို့ရှိ၊ မကုဋာရာမမြန်မာကျောင်းတိုက်သည်လည်း တစ်တိုက်အပါအ၀င်ဖြစ်သည်၊ မြန်မာသက္ကရာဇ် ၁၂၈၆ ခုနှစ်တွင် တည်ထောင်ခဲ့သောကြောင့် ရတုအကြိမ်ကြိမ်ကို တည်ငြိမ်စွာဖြတ်သန်းခဲ့ပြီဖြစ်သည်၊

ခေတ်ပညာတတ် ရဟန်းတော်များစွာကို လည်းမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်၊ ခေတ်ပညာသင်ကြားရေးကို ဦးစီးဦးဆောင်ပြုခဲ့သော ဆရာတော်ဦးအာဒိစ္စ၀ံသလည်း သီတင်းသုံးနေထိုင်ခဲ့ဖူးသည်။ ဆရာတော်သည် ဘာသန္တရနှင့်ပတ်သက်ပြီး အများလေးစားရသော ပုဂ္ဂိုလ်ဖြစ်သည်၊ 
ဆရာတော်သည် မကုဋာရာမကျောင်းတိုက် စည်းကမ်းများကိုလည်း ဆရာတော် ဦးဝိနယာလင်္ကာရနှင့် အတူ ရေးဆွဲခဲ့ကြောင်းသိရပြန်သည်၊

ယနေ့မြန်မာနိုင်ငံတွင် ခေတ်ပညာသင်ယူမှု အပိုင်း၌ အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သော ဆရာတော် ကြီးများ၊ ဆောင်ရွက်ဆဲ ဆရာတော်ကြီးများသည် မကုဋာရာမမြန်မာကျောင်းတိုက်ကြီးနှင့် ပတ်သက်ခဲ့ ဖူးသော ပုဂ္ဂိုလ် များဖြစ်ကြသည်ကို တွေ့ရပါသည်။

ဆက်လက်၍လည်း ဘာသန္တရကျွမ်းကျင်သော ခေတ်ပညာတတ်ရဟန်းတော်များ အစဉ်အဆက်မပြတ် ထွက် ပေါ်နေဦးမည်ဖြစ်ပါသည်၊ ဤအကျိုးကျေးဇူးများသည် သမိုင်းကြောင်း တစ်လျှောက် မြန်မာနှင့် သီဟိုဠ်တို့၏ အပြန်အလှန်ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်ပါသည်၊

ဗုဒ္ဓသာသနာတည်ရှိနေသမျှကာလပတ်လုံးမြန်မာနှင့်သီဟိုဠ်တို့သည် အတူတကွဆက်လက်ရှင်သန်
နေဦးမည် ကို ၀မ်းမြောက်ကြည်နူးစွာ မျှော်တွေးနေမိပါတော့သည်။ 

မှတ်ချက်၊ အထက်ပါဆောင်းပါးသည် 'လင်္ကာတမန် မဂ္ဂဇင်း' ဒုတိယ အကြိမ်တွင် စန္ဒနသာရ၊ မန်း ကလောင် အမည်ဖြင့်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်၊ 

Sunday, December 18, 2011

သီဟိုဠ်နှင့် မြန်မာ


မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် ရှေးယခင်ကတည်းကပင် အဆက်အသွယ်ရှိခဲ့ကြသည်၊
နှစ်ပြည် ထောင်မင်းများသည် ဗုဒ္ဓသာသနာတော်နှင့်ပတ်သက်ပြီး ဓမ္မညီအကိုများဖြစ်ခဲ့ကြသည်၊

အသောကမင်း ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုစေလွှတ်ရာတွင် သီဟိုဠ်သို့ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကို စေလွှတ်ခဲ့သည်၊ သုဝဏ်ဏဘူမိသို့ကား ရှင်သောဏနှင် ရှင်ဥတ္တရမထရ်တို့ ကိုစေလွှတ်ခဲ့ သည်၊ 

သို့ဖြစ်၍ အသောကမင်းလင်ထက်ကတည်းကပင် မြန်မာနိုင်ငံနှင့် သီရီလင်္ကာနိုင်ငံတို့၌ ဗုဒ္ဓသာသနာ ထွန်းကားပြန့် ပွားနေပြီဖြစ်သည်၊ သို့သော်မြန်မာနိုင်ငံဖို့မူ အနော်ရထာမင်းမတိုင်မီရောက်ရှိ နေသော သာသနာတော်မှာ ထေရ၀ါဒစစ်စစ်မဟုတ်ဟု ယူဆကြသည်၊ ထိုအချိန်ကတည်းကပင် သီဟိုဠ်တွင် မူ ထေရ၀ါဒ စစ်စစ်တို့ခိုင်မာစွာ တည်ရှိနေပြီဖြစ်သည်၊

ဗုဒ္ဓဘုရားရှင်၏ အစစ်အမှန်သာသနာတော်ကိုလိုလားနေသော ဘုရင်အနော်ရထာနှင့် သီဟိုဠ်ဘုရင် ၀ိဇယဗာဟုမင်းတို့သည် ထေရ၀ါဒသာသနာတော် အတွက်လက်တွဲဆောင်ရွက်ခဲ့ကြသည်၊ အနော်ရထာ မင်း သည် သီဟိုဠ်သို့ ရဟန်းတော်များစေလွှတ်ပြီး ဥပသမ္ပဒကံဆောင်စေတော်မူသည်၊ 
သီဟိုဠ်ဘုရင် ၀ိဇယဗာဟု မင်းသည်လည်း မြန်မာနိုင်ငံသို့ ပိဋကတ်တော်များပေးပို့လှူဒါန်းခဲ့သည်၊ ဤသို့ဖြင့် မြန်မာနှင့်သီဟိုဠ်သည် ထေရ၀ါဒမြတ်ဓမ္မ လမ်းစဉ်းပေါ်ဝယ် ယှဉ်တွဲလျှောက်လှမ်းခဲ့ကြသည်၊

အနော်ရထာဘုရင်သည် ရှင်မဟိန္ဒနှင့် နှမတော်သင်္ဃမိတ္တာတို့ အခြေချသာသနာပြုရာ အနုရာဓပူရကို အားကျနှစ်သက်ပြီး သူ၏နေပြည်တော်ကို အရိမဒ္ဒပူရ ဟုမှည့်ခေါ်ခဲ့ပုံရသည်၊ ထိုမှစကာမြန်မာနိုင်ငံတွင် ပူရပါသောမင်းနေပြည်များ ပေါ်ထွန်းခဲ့သည်၊ ရတနာပူရခေါ်အင်းဝ၊ အရမပူရခေါ် တောင်မြို့၊ အယုဇ္ဇပူရခေါ် ကုန်းဘောင်နေပြည်၊ ဇေယျာပူရခေါ် စစ်ကိုင်းမြို့တို့မှာထင်ရှားသည်၊ အချို့သောမြို့အမည်များပြောင်းလဲ ခဲ့ပြီဖြစ်သောလဲ အမရပူရကိုကား ယနေ့တိုင်း သုံးစွဲနေကြဆဲဖြစ်သည်။

အနော်ရထာဘုရင်နှင့် ၀ိဇယဗာဟုမင်းတို့၏ အပြန်အလှန်လုပ်ဆောင်ချက်များကြောင့် နှစ်ပြည်ထောင်လုံး
တွင် ထေရ၀ါဒဗုဒ္ဓသာသနာတော် စည်ပင်ထွန်းလင်းခဲ့သည်၊ ဥတ္တရာဇီဝ မထေရ်မြတ်သည် ဆပ္ပဒသာမဏေ ကိုလိုက်ပါစေလျှက် သီဟိုဠ်ကျွန်းသို့ဘုရားဖူးကြွခဲ့သည်၊ မထေရ်မြတ်သည် သာမဏေကို သီဟိုဠ်ကျွန်း မဟာဝိဟာရကျောင်းတိုက်တွင် ပိဋကတ်တော်များသင်ယူနိုင်ရန် ချန်ထားခဲ့သည်၊   

ဆပ္ပဒသာမဏေသည် မဟာဝိဟာရကျောင်းတိုက်တွင် ဆယ်နှစ်ဆယ်မိုးပိဋကတ်တော် များ သင်ယူခဲ့သည်၊ သာမဏေသည် သီဟိုဠ်ကျွန်းမှာပင် ရဟန်းဖြစ်ခဲ့သည်၊
ဆပ္ပဒမထေရ်သည် စာသင်ဘက်ဖြစ်သော ရဟန်းတော်လေးပါးနှင့် အတူ အရိမဒ္ဒနပူရသို့ပြန်ခဲ့သည်။ ဤသို့ဖြင့် မြန်မာရှင်ဘုရင်များသည် သီဟိုဠ်သို့ရဟန်းတော်များစေ လွှတ်ပြီး ထေရ၀ါဒမူ များကို ယူဆောင်ခဲ့ကြသည်၊

ရွှေတိဂုံစေတီတော်ဒကာလဲဖြစ်၊ ဓမ္မစေတီခေါင်းလောင်းကြီးကို သွန်းလုပ်ပူဇော်ခဲ့သော ဓမ္မစေတီမင်းသည် လဲ မြန်မာရဟန်းတော်များကို သီဟိုဠ်သို့စေလွှတ်ပြီး သံဃကံများကိုဆောင်စေတော်မူခဲ့သည်၊ သီဟိုဠ်မူ အတိုင်းပင် မိမိ၏နေပြည်တော် ဟံသာဝတီတွင် ကလျာဏီသိမ်ကိုဆောက်လုပ်လှူဒါန်းခဲ့သည်၊

အဆိုပါသိမ်သည် ယနေ့တိုင်ပဲခူးမြို့၌ သမိုင်းအထောက်အထားအဖြစ်ခိုင်မာစွာတည်ရှိနေသည်၊ သံဃာ့ကံ များ ဆောင်ရွက်ဆဲဖြစ်သော ထိုကလျာဏီသိမ်ကြီးမှာ သီဟိုဠ်နှင့်မြန်မာတို့၏ဗုဒ္ဓသာသနာနှင့်ပတ်သက်
သောဆောင်ရွက်ခဲ့မှုများကို လှစ်ဟဖော်ကျူးနေသည်၊

Friday, December 16, 2011

နှုတ်ဖြင့် ပန်းချီဆွဲတတ်ရမယ်’


ဓမ္မကထိကဖြစ်လိုသူသည် နှုတ်ဖြင့်ပန်းချီဆွဲတတ်ရမည်၊ နိုင်ငံရေးခေါင်းဆောင်လုပ်လိုသူသည် အဖြစ် အပျက်ကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြပြီး နှုတ်ဖြင့် ခြယ်မှုံးပြတတ်ရမည်၊ 

စည်ရုံးရေး မှူးသည် နောက်လိုက် နောက်ပါများအားမိမိတို့လျှောက်လှမ်းရမည့်လမ်းစဉ်ကိုကွက်ကွက် ကွင်းကွင်းမြင်လာအောင် နှုတ်ဖြင့်ခြယ် မှုံးပြတတ်ရမည်၊ သိသလောက်တတ်ထားသင်ထားသလောက်ကို သူတစ်ပါးမြင် လာအောင် ပြောပြတတ်ခြင်း သည်ပင် နှုတ်ဖြင့် ပန်းချီးဆွဲပြခြင်းဖြစ်သည်၊

အတက်ပါစကားကိုပြောခဲ့သူမှာ လူပြန်တော်ဦးဥတ္တကျော် ဖြစ်သည်၊ လွန်ခဲ့သော ဆယ်နှစ်ခန့်ကဖြစ်သည်၊ ဆရာကြီးသည်ဘုရားကြီး အနောက်မုခ်တွင်ရှိသော နှစ်ထောင့်ငါးရာဓမ္မဗိမာန်တွင် မန္တလေးမြို့ လေးပြင်လေး ရပ်ရှိ အနာဂတ်ဓမ္မကထိက အလောင်း အလျာများကိုဟောနည်းပြောနည်းပို့ ချပေးသည်၊   

သူချည်းသက်သက် ပို့ချပေးသည် မဟုတ်ပဲထင်ရှားသော ဓမ္မကထိကများကိုလဲပင့် ဖိတ်ပြီး ဟောပြောပြ သစေသည်၊ ထိုစဉ်က မန်းမြို့တွင်ထင်ရှားနေသော ဓမ္မကထိကမှာ မစိုးရိမ်တိုက်သစ်မှ မျိုးချစ်စာဆို ဓမ္မကထိက ၀ီရသူဖြစ်သည်၊ သူလဲကြွရောက်ပြီးဟောပြောသည်၊

သီတဂူကြယ်တစ်ပွင့်ကိုလဲတွေ့ရသည်၊ မျိုးချစ်စာဆို ၀ီရသူ၏ဟောပြောဟန် နှုတ်ပန်းချီသည် တက်ရောက် လာ သောရဟန်းပျိုများနှင့် မျိုးချစ်လူငယ်များကိုလူမျိုးရေးအသိကြွယ်ဝစေသည်၊ ဦးဥုတ်ကျော် သည် လူဝတ်မလဲ မီကဓမ္မကထိကရဟန်းတော် အဖြစ်ဖြင့်မြန်မာနိုင်ငံ အထက်အောက် ကျော်ကြားခဲ့သူဖြစ် သည်၊ သူ့ခေတ်သူ့ အခါက သူ့ဟန်သူ့အပြော၊ သူ့တရားများသည် ဒကာဒကာမတို့အား သဒ္ဓါတရား တိုးပွားစေခဲ့သည်၊

လူဝတ်လဲပြီးသည့်နောက် တွင်လဲမြန်မာအနှံ့နယ်လှည့်ပြီး တရားများဟောသည်၊ ထိုအခါတွင်လဲ လူပြန်တော် ဦးဥုတ်ကျော်အဖြစ်ထင် ရှားပြန်သည်၊ဆရာကြီး၏ ခုဇ္ဖုတ္တရာဇာတ်လမ်းဟောသည်ကို ကိုရင်ဘ၀ဖြင့်နာကြား ရဖူးသည်၊

ဇာတ်လမ်းသည် တရားနာလိုသော မိဖုရားမောင်းမမိဿံများကို ဥတ္တရာလို့အမည်ရှိ ခါးကိုင်းနေသော အမျိုးသမီးကဘုရားဟောတရားများကို ပြန်လည်ဟောပြသောဇာတ်လမ်းဖြစ်သည်၊ 
ဇာတ်လမ်းကိုဟောပြ နေရင်းတရားနာလိုက်ရန် အကြောင်းပြငြင်းဆန်လေ့ရှိသော မိအေးအကြောင်း
နှုတ်ပန်းချီဆွဲပြသည်ကို အမှတ်ရနေမိသည်၊

ရွာတစ်ရွာ တွင် မိအေးလို့ခေါ်သောကောင်မလေးတစ်ယောက်ရှိသည်၊ မိအေးဆိုပေမယ့် မိအို ဖအိုကြီးတို့ ကိုဈေး ရောင်းပြီးတစ်ဖုံ၊ နှီးထိုးရင်တစ်မျိုး၊ ကူလီအလုပ်တစ်ခါ မအေးနိုင်အောင်ရှိလှသည်၊ ၀မ်းအေးဖို့ အတွက် သာ ရှာဖွေနိုင်သည်၊ ဘ၀အေးဖို့ တရားနာလာခေါ်ရင်ဖြင့် မိအေးငြင်းရစမြဲပေ၊

‘မိအေးရေ၊ ရွာဦးကျောင်းမှာ ဓမ္မစင်္ကြာရွတ်မယ်တဲ့လိုက်ခဲ့ပါလား၊
အမတို့ရေ၊ မနက်ဈေးဖိုးလိုက်စုရဦးမှာမို့ သွားကြတော့၊
မိအေးရေ၊ တရားပွဲရှိတယ်၊ လိုက်ပြီးတရားနာပါဦးအေ့၊
အမတို့ရေ၊ သွားကြတော့ ကျွန်မ ဈေးရောင်းရဦးမယ်၊
ဒီလိုငြင်းရင် မိအေးလေ ဘ၀ဆုံးရှာရတယ်၊ ၀မ်းတစ်ထွာအေးစေဖို့အရေးရှာဖွေဖြင့် ဘ၀ဆုံးရပါတယ်၊ မိအေး အလုပ်မအားပါဘူး၊

အလုပ်ရှိလဲ၊ သေတာပဲ၊ မမြဲခန္ဓာ၊ ကြောက်စရာ။
မအားသေးလဲ၊ သေတာပဲ၊ မမြဲခန္ဓာ၊ ကြောက်စရာ။
အသက်ငယ်လဲ၊ သေတာပဲ၊ မမြဲခန္ဓာ၊ ကြောက်စရာ’
ဆရာကြီး၏ထူးခြားချက်မှာနှုတ်ဖြင့် 

ဆရာကြီးသည် နှုတ်ဖြင့်မျက်စိတွင်မြင်လာအောင် ရင်တွင်ပုံရိပ်တို့ကိန်းအောင်းလာအောင် ပန်းချီဆွဲပြ တတ်ခြင်းဖြစ်သည်၊ အနုပညာလဲဆန်သည်၊ 

သာဝတ္ထိမြို့တော်ကဘုရားရှင်သီတင်းသုံးတော်မူသော ဇေတ၀န်ကျောင်းတော်ကိုဟောလျှင်စာပေပရိယတ် ကို သင်ယူကျင့်ကြံနေသော ရဟန်းတော်များကိုမြင်လာအောင်ဟောပြောပြတတ်သည်၊ စာစုံ အောင်ဋီကာ ချဲ့ ဖွဲ့နွဲ့ပြတတ်သည်၊

မြန်မာနိုင်ငံတွင် ထင်ရှားသော အပြောအဟောကောင်းသော ရဟန်းတော်၊ လူပုဂ္ဂိုလ်တို့သည် နှုတ်ဖြင့် ပန်းချီခြယ်မှုံးပြသောသူများဖြစ်သည်၊

နိုင်ငံတစ်ဝှန်းကျော်ကြားတော်မူသော ကြာနီကန်ဆရာတော် ၏ နှုတ်ဖြင့် ပန်းချီဆွဲပြခြင်းသည် အပီအပြင်ဆုံးထင်မိသည်၊ဟောပြောနေသောဇာတ် တော်တွင်ပါသော လူအားလုံး ကိုပီပြင်အောင် နှုတ်ဖြင့် သရုပ်ဆောင်ပြတတ်သည်၊ လာရောက်နာယူသူကလေး၊ လူကြီး၊ ဘုန်းကြီး၊ မယ် သီလရှင်မ ကျန် နှစ်သက် ကြသည်၊ ဆရာတော်၏ဟောပြောဟန်သည် နှစ်ပေါင်းလေးဆယ်နီးပါှးရှိသည့်တိုင် ထင်ရှားနေဆဲဖြစ်သည်၊

ဆရာတော်၏ လက်သုံးစကားရှိသည်၊ ‘စာထဲတော့ ဒီလောက်ပါမယ် မထင်ပါဘူး ကျုပ်ကလျှာရှည်နေတာ’ ဟူသော စကားဖြစ်သည်၊ စာတွင် မပါသော်လဲ သွယ်ဝိုက်ပြီး ထင်မြင်လာအောင် ပြောပြလိုက်ခြင်းသည်ပင် အရသာ သို့မဟုတ် နှုတ်ဖြင့် ပန်းချီဆွဲပြလိုက်ခြင်းဖြစ်သည်၊

ဆရာတော်တို့ ဓမ္မကထိကဖြစ်ချင်ရင်တော့ လေ့လာထားတဲ့ အကြောင်းအရာတွေကို နှုတ်နဲ့ပန်းချီဆွဲပြ တတ် အောင်သာ ကြိုးစားတော်မူကြပါ’ 
ဆိုသော ဆရာကြီး ဦးဥုတ်ကျော်စကားကိုကြားယောင်မိသည်။

Sunday, December 11, 2011

ကမ္ဘာမကြေတဲ့ တမီးနာဒူးသား



တော တောင် ရေမြေပတ်ဝန်းကျင်သည် အမိမြေ၏ အောက်ပိုင်း အရပ်များနှင့်ဆင်တူသည်၊ အုန်းပင်များ ကို တွေ့ရသည်၊ ငှက်ပျောပင်များ အစီအရီတွေ့ရသည်၊ မာလာကာပင်၊ ဇီးပင် တစ်ချို့နှင့် ရံခါ မန်ကျီးပင် တန်း ကြီးများကိုတွေ့ရသည်၊ ဒီဇင်ဘာဆောင်လပင်ဖြစ်သော်လဲ ရာသီဥတုမှာ မြန်မာနိုင်ငံလောက်ပင် မအေးပါ၊ နှင်းဆိုသည်မှာဤအရပ်တွင် မကျရော့ထင်မိသည်။

ထိုနေ့ကမိုးပင်ရွာလိုက်သေးသည်၊ နှင်းဖြစ်လုလု မိုးရိပ် တိမ်တောင်တို့ ပင်လယ်ပြင်၏ ငြှို့ယူဖမ်းစားခြင်ခံ လိုက်ရဟန်ရှိသည်၊ တဗြုန်းဗြုန်း သွန်ချသည်၊ အဝေးပြေးလမ်းပေါ်တွင် တက်ရောက်ခါစကားလေးသည်
စွေစောင်းစောင်း ဖြတ်ဝင်လာသော မိုးစက်များကို အတင်းတိုးဝှေ့ရင်း အမော တကောပြေးနေ ရသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ် တမီးနာဒူနယ်၊ချင်နိုင်းမြို့မှ ပြည်နယ်ဒုတိယတောင်ဖက်အကျဆုံး မြို့တော် ချစ်ဒမ်းပဒမ်းသို့ မောင်းနှင်နေသောကားလေးသည် အရှိန်ရနေသဖြင့်တစ်ချက်တစ်ချက် ငြိမ့်ကနဲ့သိမ့်ကနဲ့
ဖြစ်နေသည်၊ ကားလမ်းပေါ်က မိုးရေကွက်များကို ဖြတ်ကျော်လိုက်တိုင်း ကားတာယာနှင့် ထိခတ်လိုက်သော အသံတို့သည် တဗြင်း တဗြောင်းဗြောင်းရှိနေသည်၊

တောင်ပိုင်းရောက်လေ ပင်လယ်နှင့်နီးလေဖြစ်သည်၊ ပင်လယ်အကြောင်းပြောရင်း အင်္ဂလိပ်လို sea ဟုခေါ်
ကြောင်း မြန်မာလို ပင်လယ်ခေါ်ကြောင်းရောက်သွားသည်၊ ဆင့်ပွားတွေးရာ မြန်မာစကားမှန် လျှင်လုံးချင်း အဓိပ္ပာယ်ရှိ ရကြောင်းရောက်သွားသည်၊ ပင်လယ်ဟူသောစကားသည် ရှမ်းစကားမှဆင်း သက်လာသည် ဟု ကြားရဖူးသည်၊

ရေပြင်ကျယ်ကြီးဟု ဆိုလိုပါသတဲ့၊ ဆရာကြီးမောင်ထင်၏ မြန်မာ လ၊ ရာသီများ ကိုလေ့လာထားရာတွင် တစ်ချို့သော မြန်မာလအမည်များသည် တိုင်းရင်းသားများ၏ အခေါ်အဝေါ များဖြစ် ကြောင်းတွေ့ရသည်၊ စကားတပြောပြောဖြင့်လိုက်ပါလာရာ အပြင်ကိုသတိထားမိချိန်တွင် မိုးသည် ကြဲပါးနေပြီ၊ မိုးရိပ်ကင်းသော တိမ်တောင်ဖြူဖျော့ဖျော့တို့နောက်ကွယ်တွင် နေမင်းအလင်းရောင်ကိုတွေ့ရပြီ၊

တစ်နေရာ အရောက်တွင် ကားလေးသည် ဘယ်ညာဘက်ဘေးသို့ ထိုးဆင်းလိုက်သည်၊ ခမ်းခမ်းနားနား မဟုတ်သော လမ်းဘေး လ္ဘက်ရည်ဆိုင်လေးဖြစ်သည်၊ မိုးတိတ်စမို့ထင်သည်၊ လူတွေစုပြုံတိုးပြီး လ္ဘက်ရည် (ကျရည်) သောက်နေကြသည်၊ တစ်ခါသောက်ခွက်လေတွင် ဖျော်ပေးသော လ္ဘက်ရည်ကို တစ်ယောက်တစ် ခွက်ကျ သောက်ကြသည်၊ မြင်တွေ့ရသမျှလူတို့သည် မိမိတို့ မြန်မာဘုန်းတော်ကြီးများကို အထူးတဆန်း ကြည့်ကြ သည်၊ ကုလားမလေးများလဲကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်၊ တစ်ချို့မှာရပ်ပြီး အချိန်ယူပြီး ပင် ကြည့်ကြ သည်၊

ထိုစဉ်ကုလားတစ်ယောက်လက်လာတို့သည်၊ ပြန်ကြည့်လိုက်တော့ အသားမည်းမည်းကုလား၏ သွား များဖွေး တောက်နေသည်၊ လွယ်ထားသော လွယ်အိပ်မှ မြန်မာစာလုံးများကို လက်ညှိုးထိုးပြနေသည်၊ ဘုန်းကြီးဟုလဲခေါ်လိုက်သလိုလိုထင်မိသည်၊ သူအင်္ဂလိပ်စကားမပြောတတ်၊ ကိုယ်ကလဲ တမီးစကား မပြောတတ်၊ အ,အချင်းတူနေသည်၊တမီးစကားနားလည်သောသူကရှင်းပြမှပင် နှုတ်ဆက်သော ကုလားကြီး သည် မြန်မာ နိုင်ငံတွင် မွေးဖွားသူဖြစ်သည်၊ အသက်၁၂ နှစ်တွင်အိန္ဒိယနိုင်ငံသို့ပြန်ခဲ့ကြောင်းပြောသည်။

အစက သီရိလင်္ကာရဟန်းတော်များဟုထင်မိကြောင်း လွယ်အိပ်တွင်ပါသော မြန်မာစာလုံးများကို ကြည့်မိ မှ မြန်မာ ရဟန်းတော် များဖြစ်ကြောင်း သိရပါသည်တဲ့၊ လက်ဆွဲပြီး ၀မ်းပန်းတသာနှုတ်ဆက် သည်၊ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင်နေခဲ့ကြောင်းသိရသည် ၊နောက်ဆုံးသူဆိုပြလိုက်သောစာသားကိုဘယ်တော့ မှမေ့တော့မည်မဟုတ်ပါ၊

‘ကမ္ဘာမကျေ… မြန်မာပြည်.. ဒို့ဘိုးဘွား အမွေအစစ်မို့ ချစ်မြတ်နိုးပေတဲ့………’ အံ့ရော၊

ရဟန်းတော်များကို အထူးတဆန်းကြည့်နေသော လူအများထဲက မြန်မာများ၏ အသည်းစွဲ နိုင်ငံ တော်သီ ချင်း ကြားရသည်မှာ ဘာစကားမှပြန်မပြောနိုင်တော့ပါ၊ ရင်ထဲလဲ နွေးသလိုလိုဖြစ်နေသည်၊

တိမ်တောက်နေသည်၊ မိုးတိမ်ကင်း၍လဲမိုးကောင်းကင်သည်လှနေသည်၊ 
သစ်ပင်များ အပေါ်ဖြန်းပက်နေ သော နေရောင်ခြည်သည် ရောင်ပြန်ဟပ်နေ တော့သည်၊

တစ်ခါက ရှိခဲ့ဖူးသည်



‘ဟယ် သဲလုံ’ တောင်ရောက်ပါပကော’

အ၀ါ၏ စိတ်ထဲတွင် အလိုလိုရွှင်မြူးလာသည်၊ ပိန်းကောလှေ ငယ်လေးများ သဲသောင်စပ်တွင် အစီအရီမေး တင်ငြိမ်သက်နေကြသည်၊ အိမ်ငယ်လေး အတွင်းဆီမှ ဆင်းလာဟန်ရှိသော ကချင်မ ခပ်၀၀လေးသည် ရင်သား ဟင်းလင်းနှင့်  ကျောပိုးခြင်းတောင်းတွင် ၀ါးရေကြည်တောက်များထည့်ကာ ကမ်းစပ်၌ရပ်လျှက် ၀ါကိုစိမ်းစိမ်းကြည့်သည်၊

စာရေးဆရာရန်ကုန်ဘဆွေက သူ့လက်ရာနန်းဟာဗီတွင် အ၀ါလို့ခေါ်သောပဒူးမုန်းရွာသူလေး၏ အပြန်ခရီး ကို ရေးပြရာတွင်ပထမဆုံး သဲလုံကချင်ရွာလေးကိုတွေ့ရကြောင်းရေးပြထားသည်၊ အခုတော့(၂၀၀၉) တွင်သဲလုံမရှိတော့ပါ၊ ၁၉၇၃ နောက်ပိုင်းမရှိကတည်းက မရှိတော့ခြင်းဖြစ်သည်၊

အခုတော့ရွာဟောင်းနေရာတွင် တောစပ်စပ်ခြုံတန်းလေးသာမြင်ရသည်၊
တောင်နှင့်မြောက်စီး ဆင်း နေ သော ချင်းတွင်းမြစ်သည် သဲလုံရွာလေးရှိခဲ့ရာ နေရာအရောက်တွင် အရှေ့ ဘက် ထောင်တက် သွား လေသည်၊ကချင်ပြည်သို့ဆန်တက်နိုင်သည်၊

မြစ်သည် ကျဉ်းပြီးအန္တရာယ်များလာသည်၊ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီးစီး ဆင်း လာသော တနိုင်းချောင်းသည် ပဒူးမုန်းနာဂရွာလေးအရောက်တွင် မြေပြန်နှင့် စတင်တွေ့ ရှိသည်၊ ရေစီး သည် ငြိမ်သွားပြီ၊ မြစ်ပြင်သည် ပြန့်ပြန့်ပြူးပြူးနှင့် ငြိမ့်ငြိမ့်ညောင်းညောင်း စုန်၍ဆန် ၍ ကောင်းလေပြီ၊ ပဒူးမုန်းနာဂရွာလေးအလွန်တွင်သဲလုံရှိသည်၊

အရှေ့ဘက်ဆီမှခရီးစုန်ဆင်းလားသော ခရီးသွားများသည် ချင်းတွင်းမြစ်ဖျားတွင် ပဒူးမုန်းနာဂ ရွာလေးကို စတင်တွေ့ရသည်၊ ထို့ကြောင့်ပင် ပဒူးမုန်းဟူသည် မြို့တံခါးဟု အဓိပ္ပာယ်ရှိကြောင်းပြောပြကြသည်၊ ၀န်း ကျင်တစ်ခွင်လုံး တောများဖုံးနေသည်၊ တောင်ယံများသည် အထပ်ထပ်ဖြင့် အဆင့်ဆင့် စီထား သလိုပင်ထင်ရသည်၊
 
တောင်ကြောများတွင် ရာသီမရွေး နှင်း မြူခိုးတို့ဝေနေတတ်သည်၊ အောက်ချင်းငှက်မောင်နှံတို့ အတောင် ခတ်သံတစ်ဟီဟီးဖြင့် တောင်ယံကြောဆီပြန်သွားကြသည်၊ ဘယ်တောင်ကြောတွင် နားခိုမည် မသိနိုင်၊ ချင်းတွင်းမြစ်ရိုးတွင် ပိန်ကောရှင်ကိုတံငါက တေးသီသည်၊ ရိုးရာတေးဖြစ်ပေ လိမ့်မည်၊ တောင်ယံ တွင် ပဲ့တင်ထပ်လျှက် မြည်ဟီးသည်၊
 
ပဒူးမုန်းနာဂရွာလေးကို သစ်ပင်ကြီးများဝန်ရံသည်၊ သစ်ပင်မြင့်မြင့်ကြီးတို့သည် လေအဝှေ့တွင် ဟိုဒီ တိမ်းပြီး ယိမ်းနေကြသည်၊ သစ်ပင်မြင့်မြင့်ကြီးများအလွန်တွင် ချင်းတွင်းကို မြင်ရသည်၊ မှုံပြပြဖြင့် ခရီးဝေးကို သူနှင်နေသည်၊
 
အစုန်ရှိသူတို့ကို ခေါ်လျှက် ခရီးသွားသည်၊ အဆန်ရှိသူများကို ကျောပေါ်တင်ပြီး ခေါ်ဆောင်သည်၊ သူနဲ့အတူစုန်ဆင်းဖူးပါသည်၊ အဆန်ခရီးလဲသူနဲ့အတူလာဖူးပါသည်၊ အောင်ချင်း ငှက်တွေ ပျံကြ သည်၊ တောင်လေသုတ်ဖြူးလိုက်သဖြင့် ချင်းတွင်းသောင်ယံတွင် အပူခိုးတို့ယိမ်းထိုး လှုပ် ရှားနေသည်၊
 
ဟို အဝေးဆီက တောင်ပေါ်သားကြီး တစ်ယောက်ရဲ့ လွမ်းလွမ်းဆွေးဆွေး ဟစ်ကြွေး လိုက်သော တေးသံ သည် ရင်ကို အထိခတ်ဆုံးဖြစ်သည်၊ တောင်ပေါ်သားကြီးကို နားလည်သလိုလိုလဲဖြစ်မိသည်၊ လွမ်းအား ပိုတုန်း တွန်းတစ်ရပ် အလားထင်ရသည်၊
 
'လေတိုက်တိုင်းကြွေ…တဲ့ သစ်ရွက်ဟောင်းများလို……… ဒီချိန်ဒီရက်တွေ တစ်ဖြုတ်ဖြုတ်နဲ့ ကုန်သွားရင် အဖော်ကွာသူဘ၀မှာ အလွမ်းရသက်သာလိမ့်မယ်….'
 
ချင်းတွင်းကမ်းခြေတွင် နန်းဟာဗီး ရောက်တုန်းက ကချင်မလေးတစ်ယောက်ပြေးထွက်ကြိုခဲ့သော သဲလုံ ရွာလေးသည် အခုတော့ တောတန်းလေးဖြစ်နေပြီ ၊ သောင်ပြင်တွင် နာဂပျိုဖြူ နန်းဟာဗီးကို မြင် လိုက်ရ သလိုလိုထင်မိသည်၊ ချင်းတွင်းသောင်စပ်တွင် မြူခိုးလိုလို နှင်းလိုလိုတို့ တွဲခိုယိမ်းကြနေကြသည်၊

မှတ်ချက်၊ ထိုနာဂရွာလေးတွင် ၂၀၀ရ၊ ၂၀၀၉ နှစ်များတွင် နေခဲ့ရဖူးသည်။

Thursday, December 8, 2011

က ကလေးငယ် ချစ်စဖွယ်


ကလေးတိုင်း ချစ်စရာကောင်းသည်ချည်းဖြစ်သည်၊ ဖွေးဖွေးဥဥလေးများသည် ပိုကောင်လေးပမာရှိ လှသည်၊ လူတိုင်းကလေးဖြစ်ဖူးသည်၊ သင်လဲကလေးဖြစ်ဖူးသည်၊ ကမ္ဘာကို စိုးမိုးရဆုံးအချိန်သည် ကလေး ဘ၀များ ဖြစ်သည်၊ အဲ့ကနဲ့ငို လိုက်ရုံဖြင့် လိုချင်တာ အားလုံးပြီးစီးသည်၊ လောဘအရိပ်၊ ဒေါသအရိပ်တို့ အကင်းဆုံး အချိန်များလဲဖြစ်သည်၊

ဤအချိန်တွင် မြတ်မာတာသည် ကလေး၏ကျေးကျွန်ဖြစ်ရသည်၊ အော်ဟစ်ငိုကြွေးလိုက်သောအသံသည်ပင် ပတ်ဝန်းကျင်ကို ငြိမ်းချမ်းခြင်းဖြစ်စေသည်ဟုပြောကြသည်၊ အဖွားကပြောဖူးသည်၊ အဲ ကလေးဆိုတာ ငိုမှအား ရှိတာတဲ့၊ အားရှိပါးရှိ ငိုလိုက်သောသံသည် အမေ့ကိုပီတိဖြာစေသည်၊ အဖေ့ကို အင်အားတစ်မျိုး တိုးစေသည်၊

မျက်လုံး လေးများကြည်လင်တောက်ပလို့၊ အသားအရေများဝင်ပလို့၊ သွားမပါသေးပဲ သွားဖုံးသက် သက် ဖြင့်ပြုံးလိုက်သော အလှသည်လဲ အတင့်တယ် ဆုံးဖြစ် သည်၊ ရှေ့သွားနှစ်ချောင်းပေါက်တော့ ပိုလှသည်၊ စကား ပြောတတ်ခါစသည် အကောင်းဆုံးစကား ကိုဆို တတ်သည်၊ အမေသည် ကလေး၏ စကားပြန်ဖြစ်သည်၊ သူ့စကားကို ရင်တွင်းထွေးပွေ့ထားရသူမို့ အမေက နှလုံးသား ဖြင့်နားလည်သည်၊

နာဂတောင်တွင်သာသနာပြု တာဝန်ထမ်းဆောင်ရစဉ်က နာဂကလေးများနှင့်တွေ့ရသည်၊ သူတို့လေးတွေ လဲ ချစ်စရာကောင်းသည်၊ရေကန်တွင်သူတို့နှင့်တွေ့ပါက ရေချိုးပေးလိုက်သည်၊ 
မနိုင်တစ်နိုင်ရေလာခတ်လျှင် ကူညီပေးလိုက်သည်၊ ရိုးသားသော နာဂကြီးများက သူတို့ကလေးများကို ချစ်ချစ်ခင်ခင်နားလည်ပေးသဖြင့် သာသနာပြုပိုပြီးလွယ်ကူသည်၊  

ဖိုးချစ်လို့ခေါ်သောနာဂလေးတစ်ယောက်ရှိသည်၊ သူ့အမေတွင် ကလေးတွေအများ ကြီးရှိ သည်၊
နောက်ထပ် ကလေးတစ်  သူ့အမေမွေးတော့ ဖိုးချစ်ဘုန်းကြီးကျောင်း ကို ပြေးလာသည်၊ သူ့ အမေက ‘အဲ အဲ’ လေးတစ် ယောက်မွေးပြီတဲ့၊ နာဂလို ကလေးကို အဲ ဟုခေါ်သည်၊

သူတို့ပြောတာမှန်ပါသည်၊ ကလေးသည် မွေးခါစက အဲ အဲ သာပြောတတ်သည်၊ အဓိပ္ပာယ် အပြည့်အ၀ဆုံးနှင့် အမေ့နှလုံးသားကို အားသစ်တဖန်ပွားစေသော စကားလုံးဖြစ်သည်၊ အမေသည်လဲ ကလေးနားလည်အောင် အဲ အဲ အဲ ဆိုကာ ချော့သိပ်သည်၊ က ကလေးငယ် ချစ်စဖွယ်တည်း။

ခ ခရေကုံး မလေးပြုံး

ခရေသည် ဖွေးဖွေးဖြူလေးများဖြစ်၏၊ မာန်မ၀င့်ပဲလှပါသည်၊ ခရေသည် မနွမ်းခင် ချွေချပြီး လောကကို အလှဆင်သည်၊ မန်း တက္ကသိုလ်ကျောင်းသားဘ၀တွင်  ခရေတွေကောက်ဖူးပါသည်၊ မင်းတုန်းမင်း တရားကြီး ကောင်းမှုတော် ကုသိုလ်တော်ဘုရားပရ၀ဏ်တွင် ခရေပင်တွေ အစီအရီပေါက်ကြသည်၊ ခရေရိပ်သည် အေးမြသည်၊ ခရေတောသို့ အပေါင်းအသင်းများဖြင့် ရောက်ကြသည်၊ စိမ်းစိမ်း ညိုညို့ ညှို့ယူဖမ်းစားသည်၊ မန်း- သာသနာ့တက္ကသိုလ်ကျောင်းသားဘ၀တွင် ပင်ခရေတော၌ အမော မဖြေဖူးပါက မပြည့်စုံနိုင်ပါ၊

ပိဋကတ်တော်စေတီများအကြားက ပင်ခရေတို့ ထုံးဖွေးဖွေးစေတီတော်များကို ပန်းချွေပူဇော်ရင်း ရနံ့တို့ပျံ့ သင်းနေတတ်သည်၊ စာကျက်ရင်း ခရေကောက်ကြသည်၊
လူထုဒေါ်အမာငယ်စဉ်က ဤခရေပင်တွေ အကြားပြေးလွှားရင်းဆော့ ကစားခဲ့ဖူးသည်တဲ့၊
သူမ၏ ကမ္ဘာ့ အကြီးဆုံး စာအုပ်အမည်ရှိစာတမ်းတွင်ပြန်ရေးပြသည်၊

မှန်ပါသည်၊ မင်းတုန်းမင်းကုသိုလ်တော် ပိဋကတ်စေတီများသည် သူတို့အကြားဝယ် ပြေးဟယ် လွှား ဟယ်ဖြင့် တူတူပုန်းတမ်းစကားနိုင်အောင်ကြီးကြယ်သော စာအုပ်ကြီးဖြစ်သည်၊ အခုတော့ စေတီတော်တွေ အကြား ခရေပြန်ကောက်ချင်နေမိသည်၊

အဲတုန်းက ‘ပန်ချင်တယ် ခရေဖူးဆိုလို့’လဲမှာလိုက်သူမရှိတော့ လက်တွင်းရှိဖြူလွလွပန်းခရေတို့ကို အကြည် တနူးဖြင့်  ဘုရားတင်လှူပူဇော်ရသည်၊ ယခုတိုင်းလဲ ကြည်နူးနေမိပြန်သည်၊ 
ထူးပါဘိ၊ ကြည်နူးရပါသည်၊

လေးပြင်းလေးရပ်က မန်းသူတို့ ခရေလာကောက်ကြသည်၊ ခရေသည် ရက်ရက်ရောရော မိုးသို့ ရွာချသည်၊ အလုအယက် ကောက်ကြသည်၊ မန်းသူတို့ခရေပန်းတို့ဖြင့် ပြုံးနေတတ်သည်၊ သက်ရှိရုပ်ကြွပန်းချီ များဖြစ်သည်၊ တောင်လေအလေအသွေး ဖွေးကနဲ့ တစ်ပြိုက် နှစ်ပြိုက် ချွေချလိုက်တဲ့ ပန်းခရေတို့သည် သံစဉ်တစ်ခုကို တီးနေသည်သို့….။ ကြားယောင်မြင်ယောင်မိပါသည်။

 ........
မန်း- မြေမှာ ခရေပြန်ကောက်ချင်နေမိသည်။