Pages

Monday, January 30, 2012

တမီး ဗုဒ္ဓပူဇာနှင့် မြန်မာရဟန်းတော်


ချစ်ဒမ်းပဒမ်း (Chidambaram) မြို့ရှိ မြန်မာရဟန်းတော်များ တည်ရှိရာသို့ တစ်ညနေတွင် အင်ဂျင် နီယာဌာနမှ တမီးအမျိုးသားနှစ်ဦးရောက်လာသည်၊ မြန်မာရဟန်းတော်များကို မြင်မြင်ချင်း ရင်ခွင်တွင် လက်နှစ်ဖက်ယှက်ကာ “နမော ဗုဒ္ဓါယ”ဟု နှုတ်ဆက်သည်၊ Annamalai University အင်ဂျင်နီယာ ဌာနမှ ဖြစ်ကြောင်း မိတ်ဆက်ကြသည်၊

မြန်မာ ရဟန်းတော်များ သီတင်းသုံးနေ ကြောင်းကြားသိရသဖြင့် လာရောက်ခြင်းဖြစ်ကြောင်း လဲပြော ပြ သည်၊နေဗေလီ ( neveli) မြို့တွင် ဗုဒ္ဓဘာသာဆိုင်ရာ အခမ်း အနားတစ်ခု ပြုလုပ်လိုကြောင်းနှင့် ထို အခမ်းအနားသို့ မြန်မာ ရဟန်းတော်များ တက်ရောက်ချီးမြှင့်ပေး ပါရန်ပြောသည်၊ 
သူတို့ကိုယ်တိုင်လဲဗုဒ္ဓဘာသာဝင်များပင် ဖြစ်ကြောင်းတရိုတသေမိတ်ဆက်ကြသည်၊
လတ်တလောတိုက်ခတ် သွားသော မုန်တိုင်း ထိဒေသမှ ဖြစ်ကြောင်းလဲပြောပြသည်၊

ဗုဒ္ဓဘာသာရဟန်းတော်များကို မဖူးတွေ့ရသည်မှာ ကြာပြီဖြစ်ကြောင်း ပြောပြသည်၊ အခုလို အခမ်း အနားတွင် ဗုဒ္ဓဘာသာခေါင်းဆောင်များကို ဖူးတွေ့ရမည်ဆိုလျှင် ဒေသခံများ အနေဖြင့် ၀မ်းမြောက် ၀မ်းသာဖြစ်ရမည်ဖြစ်ပါကြောင်းနှင့် အခမ်းအနားသို့ ကြွရောက်ပေးပါရန် လျှောက်ထားသည်၊ မြန်မာ ရဟန်းတော်များ အနေနှင့်လဲ ၀မ်းမြောက်ဝမ်းသာ ရှိကြသည်၊ ဤကဲ့သို့ တမီးနာဒူးပြည်တွင် ဗုဒ္ဓ ဘာသာခေါင်းဆောင်များကို လိုလိုလားလားအနေနှင့် မိတ်မန္တက ပြုခြင်းကို မယုံနိုင်လောင် အောင် ပင်ရှိကြ သည်၊

ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံတွင် ပွင့်ထွန်းခဲ့သည် မှန်သော်လဲ ဇာတ်စနစ်ကြီးမားခြင်း၊ ကိုးကွယ်ရာ များပြားနေခြင်း၊ နတ်နှင့် လူရောထွေးနေခြင်း၊ ယဇ်ပူဇော်ခြင်း ဓလေ့ကျင့်သုံးကြခြင်း၊ နောက်ဆုံး အိန္ဒိယနိုင်ငံကြီးသို့ မူဆလင်များ လွှမ်းမိုးလာခြင်းကြောင့် ဗုဒ္ဓဘာသာသည် ခရစ်နှစ် ထောင့်နှစ်ရာ နောက် ပိုင်း ဇာတိမြေကို စွန့်ခွာခဲ့ရသည်၊

 မြန်မာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာ အခမ်းအနားကို သတင်းစာတွင် ဖော်ပြထားပုံ

သို့သော် ယနေ့ကာလတွင် ဗုဒ္ဓဘာသာ၏ လူသားဆန်မှု၊ တစ်ခြားဘာသာ တစ်ခုအပေါ်တွင် နားလည်နိုင်မှု စွမ်းအား၊ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်း၊ ဆယ့်ကိုး ရာစု၊ နှစ်ဆယ်ရာ စု၊ နှစ်ဆယ့်တစ်ရာစု ကာလတစ်လျှောက်လုံး လူသားအားလုံး အတွက် စိန်ခေါ်ခြင်း တစ်ရပ်ဖြစ်သော လူ လူချင်း ခွဲခြားဆက်ဆံမှုများသည် ပြဿနာတစ်ရပ် ဖြစ်နေသည်၊ လူအချင်းချင်း ငြိမ်းချမ်းခြင်းကို အဖြေရှာတွင် ဗုဒ္ဓဘာသာသည် လက်တွေ့ကြသည်ကို သိမြင်လာကြသည်၊ အဖြူ အမည်း ကိစ္စသည် ဗုဒ္ဓဘာသာတွင် အရေးမကြီးပါ၊

ဂင်္ဂါ၊ ယမုံနာ၊ မဟီ၊ သရဗူ၊ အစိရ၀တီမြစ်တို့သည် တစ်နေရာစီ အခြေခံကာစီးဆင်းကြသော်ငြား ပင်လယ်ပြင်တွင် တစ်သားတည်းဖြစ်သသွားသလို ဗုဒ္ဓသာသနာတော်တွင်လည်း ဗြဟ္မဏဇာတ်၊ ခတ္တိယ ဇာတ်၊ ၀ဿဇာတ်၊ သုဒ္ဓဇာတ် စသည်ရှိသော်လဲ ဗုဒ္ဓ အရိပ်အောက်တွင် မူရင်းအမည်များ ပျောက်ပြီး ဘိက္ခုခေါ် သကျပုတ္တ အနေနှင့်သာ တညီတညွတ်ထည်းဖြစ်ခဲ့ကြသည်၊ ယနေ့ကမ္ဘာတွင် ဘိက္ခု အဖွဲ့ အစည်းသည် အရှည်ကြာဆုံးနှင့် ငြိမ်းချမ်းမှု အရှိဆုံး အဖွဲ့ကြီး တစ်ခုဖြစ်ကြောင်း သုတေသီများသိရှိနား လည်လာကြသည်၊

မြတ်ဘုရား ငြိမ်းချမ်းရေး လမ်းစဉ်ကို အသောကမင်း လိုက်နာခဲ့သည်၊ ကမ္ဘာ အရပ်ရပ်သို့ ဗုဒ္ဓ သာသ နာ တော်စေလွှတ်နိုင်ခဲ့သည်၊ ဒီကနေ့ခေတ် မဟာရဋ္ဌသား ကြီးဇာတ်နိမ့်များခေါင်းဆောင် အမ်ဘေဒ ကာလိုက်နာခဲ့သည်၊ အိန္ဒိယနိုင်ငံကြီး၏ ပထမဆုံးဝန်ကြီးချုပ် နေရူးသည် ဗုဒ္ဓနှင့်ဗုဒ္ဓသာဝကများ ၏ ငြိမ်းချမ်း ရေး လမ်းစဉ်ကို နားလည် သဘောပေါက်ခဲ့သူ ဖြစ်သည်၊ မြန်မာရဟန်းတော်ကြီး စဒြမုနိ မထေရ် ကြီးထံမှ သရဏဂုံဆောက်တည်ကာ ခေတ်သစ် ဗုဒ္ဓသာသနာ့ သမိုင်းကို ရေးထိုးနိုင်ခဲ့ကြသည်၊

ညနေပိုင်းတွင် မြန်မာရဟန်းတော်များကို လာရောက်ပင့်ဆောင်သည်၊ လမ်းတစ်လျှောက်တွင် လမ်း ညွှန်မှ မြင်မြင်သမျှ ရွာလေးများသည် တစ်ချိန်က ဗုဒ္ဓဘာသာနှင့် ဆက်နွှယ်ခဲ့ပုံများကို ရှင်းလင်း ပြနေသည်၊ သမိုင်း အထောက် အထားအနေနှင့်ပြောရပါလျှင် အဘိဓမ္မတ္ထသင်္ဂဟကျမ်းပြု ရှင်အနုရုဒ္ဓါ၊ ရှင်မဟာ ဗုဒ္ဓဃော သ၊ မဟာယာနခေါင်းဆောင်ကြီး ဗောဓိဓမ္မတို့ ခရီးလှည့်လည် သာသနာပြုရာနေ ရာများ ဖြစ်နေ မလားတွေးမိသည်၊

ရေမြေဒေသသည်လဲ မြန်မာနှင့် ခပ်ဆင်ဆင်တူသည်၊ မန်ကျီးပင်များ လမ်းဘေးဝဲယာတွင် မကြာ ခဏတွေ့ ရသည်၊ ထန်းပင်များရှိသည်၊ ကားလမ်းဘေးတစ်ဘက် တစ်ချက်တွင် ကောက်ပင်များ အသီးညွတ်လျှက် ရှိနေသည်၊ တစ်ချို့က ရိတ်သိမ်းပြီးစ ဖြစ်သည်၊ တစ်ချို့က ချွေလှေ့လျှက်ရှိသည်၊ အိန္ဒိယသားကြီးများသည် ကားလမ်းပေါ်တွင် စပါးနယ်ကြသည်၊ တစ်နေရာအရောက်တွင် လမ်းညွှန် ဒကာမှ သူတို့တည်ထောင် ထားသော ဗုဒ္ဓဘာသာသင်ကြားရေး မူလတန်းကျောင်းလေးကို လိုက်လံပြ သသည်၊ 

  
ဗုဒ္ဓဘာသာ မူလတန်းကျောင်းရောက် မြန်မာရဟန်းတော်များနှင့် တာဝန်ခံတစ်ချို

ဘုရားပုံကို အထွတ်ထားကာ ကျောင်းတစ်ကျောင်းဖွင့်ထားသည် ဆိုသဖြင့် ၀မ်းသားကြည်နူး နေမိ သည်၊ ကျောင်း တာဝန်ခံများမှ ၀မ်းပန်းတသာ ကြိုဆိုကြသည်၊ မြေကြီးတွင် ၀မ်းလျှားထိုးမှောက်ပြီး ရှိခိုး ကြသည်၊ သူတို့ မျက်ဝန်းတွင် ဆွေရင်းမျိုးခြာများကို ပြန်တွေ့ရသလိုခံစားနေရမှန်း မျက်ဝန်းတွင် တွယ် ခို နေသော မျက်ရည်ဥတို့က သက်သေခံနေသည်၊

လယ်တောကြားက ကားလမ်းသည် အကွေ့အကောက်အစုံစုံဖြင့် ညနေပိုင်း ခုနှစ်နာရီ လေးဆယ့်တွင် ဗုဒ္ဓ ဘာသာဝင်များ ပူဇော်ကျင်းပကြမည့် ဗုဒ္ဓပုင်္ဂ( Buddham Punga) နေရာသို့ရောက်ကြသည်၊ လျှပ်မီးရောင် ထိန်ထိန်ညီးနေသည်၊ အခမ်းအနားတွင် ဗုဒ္ဓပုံတော်၊ ဗုဒ္ဓဘာသာခေါင်းဆောင်ကြီး အမ်ဘေဒကာ ပုံနှင့် ဒေသခံခေါင်းဆောင်ကြီး တစ်ယောက်ပုံတို့ကို ဗီနိုင်းထုတ်ပြီး ခမ်းခမ်းနားနား လုပ်ထား သည်၊ ကြည်နူးစရာကောင်းလှသည်၊

ကျောက်မီးသွေးကုမ္ပဏီကြီးတစ်ခုမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းပြသည်၊ “နမော တဿ ” ဖြင့် အခမ်းအနားဖွင့်ကြသည်၊ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ရွတ်ဆိုပြီး တညီတညွတ်တည်း ပူဇော်ကြသည်၊ အခမ်းအနားနှင့် ပတ်သက်ပြီးတာဝန်ခံက ရှင်းပြသည်၊ မြန်မာရဟန်းတော်တစ်ပါးမှ ၀မ်းမြောက် ကြောင်း စကား ပြောကြားပေးသည်၊ တစ်ပါးလျှင် တစ်ပင်ကျ နှုံးဖြင့် ဗောဓိပင်များ လက်ဆောင် ပေးရသည်၊ သူတို့ပျော်နေကြမှန်း သိသာသည်၊ လက်ဆွဲပြီး အမြတ်တနိုး နှုတ်ဆက်ကြ သည်၊ နောင်များ မိမိတို့ ဤကဲ့သို့  အခမ်းအနားပြုလုပ်တိုင်း ကြွရောက်ပေးပါရန်လျှောက်ထား ကြသည်၊

အပြန်ခရီးတွင် တာဝန်ခံမှ သူ့နေအိမ်သို့ ခဏကြွရောက်ပေးပါရန် ပြောသည်၊ သူ့မိသားစုမှ ၀မ်း မြောက် ၀မ်းသာ ကြိုဆိုကြသည်၊ ပြောဆို ဆက်ဆံမှုမှာ တစ်စိမ်း ဆန်မနေပါ၊ ကြည်နူးစရာကောင်း သည်၊ အပြန် ခရီးတွင် တရုတ်ဆိုင် တစ်ဆိုင်တွင် အအေးများနှင့်ဧည့်ခံသည်၊ အသွား သုံးနာရီခရီးသည် အပြန်တွင် တစ် နာရီကျော်ကျော်သာ ရှိသည်၊

အကြောင်းစုံကို မေးကြည့်ရာ တာဝန်ခံက သူ့ရွာလေးကို မြင်စေချင်လို့၊ သူ့ အဖေကို ဗုဒ္ဓဘာသာ ရဟန်းတော်များအား ဖူးတွေ့စေချင်လို့၊ သူတို့ဆောက်လုပ်ထားသော ဗုဒ္ဓဘာသာ မူလတန်း ကျောင်းလေး ကို မြင်စေချင်လို့ ပါတဲ့၊ ကြည်နူးစရာကောင်းလှသည်၊ နေဗေလီမြို့ (neyveli) လေးမှ အပြန်ခရီး သည် မြန်မာရဟန်းတော် များအနေနှင့် သမိုင်းဝင် မှတ်တိုင်းတစ်ခု စိုက်ထူနိုင် ခဲ့သလို ခံစားနေမိသည်။ 


Friday, January 27, 2012

တမီးနာဒူးပြည်နယ်



 ကဉ္စိပူရမြို့နှင့် တမီးနာဒူးပြည်နယ်ပြ မြေပုံ



တမီးနာဒူးပြည်နယ်သည် ဗုဒ္ဓဘာသာနှင့် များစွာနီးစပ်သော ပြည်နယ်ကြီး တစ်ခုဖြစ်သည်၊ အိန္ဒိယ နိုင်ငံကြီး ၏ ရှေးဟောင်းလူမျိုးစုကြီးဖြစ်သော ဒြာဗီဒီယန် လူမျိုးများ၏ မွေးရပ်ဒေသကြီး လဲဖြစ်သည်၊ အိန္ဒိယနိုင်ငံ ကြီးတောင် ဘက်အကျဆုံး အစိတ်အပိုင်းဖြစ်ပြီး ရှေးဟောင်း အနုလက်ရာပေါများ ပြည့်စုံ သော မဟာဒေသ ကြီးဖြစ်သည်၊ ရာသီဥတုမှာ ပင်လယ်နှင့်နီးသောကြောင့် အပူ အအေးမျှတသည်၊ အိန္ဒိယနိုင်ငံကြီးသည် လူမျိုး၊ ဘာသာစကား၊ အကျင့်စရိုက်၊ ကိုးကွယ်မှုများရုံမျှမက ရာသီဥတု လဲစုံသည်၊


၂၀၁၁ခုနှစ်နိုဝင်ဘာလတွင် တောင်ပိုင်းသို့ ထွက်ခွာလာခဲ့ရာ မြောက်ပိုင်းတွင် ဆောင်းသည် အပီ အပြင်အေးနေပြီဖြစ်သည်၊ မဂဓတက္ကသိုလ်ကြီးသည် နှင်းမှုံများအောက်တွင် မှုန်ပြပြဖြစ်နေပြီ၊ မဂဓ တက္ကသိုလ်ကြီး၏ အဆောင်၃ ပေါ်မှ ကြည့်လျှင် မဟာဗောဓိစေတီတော်ကြီး တစ်ဝိုက်တွင် နှင်းတွေ မှုံနေပြီ၊ အိန္ဒိယနိုင်ငံကျောင်းသားများဆိုင်ရာ မြန်မာကျောင်းဝန်ကျင်တွင်လဲ နှင်းတို့ဝေနေတတ်သည်၊

ဤသို့ နှင်းဝေနေသော ဆောင်းကို ထားရစ်ပြီး ထွက်ခဲ့ရသည်၊ ဂယာမြို့သို့ ထွက်ခဲ့ရာလမ်းတွင် နှင်းတို့ ပိန်းနေအောင်ကျနေသည်၊ နေရဉ္စရာချောင်းသည် နှင်းမှုများအောက်တွင် ပျောက်လုမတတ် ဖြစ်နေသည်၊ နောက်ခံ ဂယာသီသတောင်တန်းကြီးသည်လဲ နှင်းမှုံများနှင့် ရောထွေး နေသည်၊ အနိုင် နိုင်ကြည့်မှ မြင်နိုင်သည်၊ အိန္ဒိယနိုင်ငံကြီးသည် မြောက်ပိုင်းတွင် ဟိမ၀န္တာတောင်တန်းကြီးနှင့် ပိုပြီး ထိစပ်လျှက်ရှိရာ အအေး လဲပိုသည်၊

ဇာတ်တော်များတွင် ဟိမ၀န္တာတွင် နှင်းများကျပြီး အအေးပိုသော ကြောင့် မြေပြန့်သို့ဆင်းပြီး ဆောင်းရှောင်
ကြရသည်ကို အမှတ်ရသည်၊ အခုလဲ မြောက်ပိုင်းတွင် အအေးပိုပြီး ဆောင်းရှောင် သလိုအနေ မျိုးဖြင့် တောင်ပိုင်းဒေသသို့ ခရီးထွက်ရသည်ပဲ သဘောထားရသည်၊ လိုချင်နေသရွေ့ တောင် ပိုင်းရယ် မဟုတ်၊ မြောက်ပိုင်းရယ်မဟုတ် ခရီးထွက်နေရမည်သာဖြစ်ဟု လဲ တွေးနေမိသည်၊ ခရီးသည် သွားများ၏ ထုံးကိုး..၊

ထူးခြားသည်မှာ ဤကဲ့သို့ ဆောင်းရာသီတွင် တိဗက်ရဟန်းတော်များ ဆင်းလာကြသည်၊ မဟာဗောဓိ စေတီတော်ကြီးကို လာရောက်ဖူးမြော်ကြသည်၊ မြန်မာဘုရားဖူးများလဲ ဤကဲ့သို့ဆောင်းရာသီ တွင် လာရောက်လေ့ရှိကြသည်၊ ထေရ၀ါဒ၊ မဟာယာနဘုရားဖူး အစုံလာရောက်သော ရာသီဖြစ်သည်၊ မတ်တပ်ရပ်လိုက် ပြန်ပြီးဝမ်းလျှား မှောက်လိုက်ဖြင့် ဒိုက်ထိုးနေသကဲ့သို့ မဟာဗောဓိစေတီတော်ကို ဦးခိုက်လျှက် ပူဇော်နေသော တိဗက်ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်တို့စည်ကားနေလေ့ရှိသည်၊

အဖြူရောင် စုံညီဖြင့် လင်္ကာသူလင်္ကာသားများကို တွေ့မြင်နိုင်သလို၊ ယောဂီဝတ်စုံများဖြင့် ဘုရားဝတ် ပြု ပူဇော်နေသော မြန်မာဘုရားဖူးများကိုလဲ တွေ့နိုင်သည်၊ မဟာဗောဓိတ၀ိုက်သည် ကမ္ဘာအရပ်ရပ် က လာရောက်ကြသော နိုင်ငံတကာ ဗုဒ္ဓဘာသာများဖြင့်လဲ စည်ကားနေလေ့ရှိသည်၊ 
မဟာဗောဓိပင်မှ ရွက်သစ်ဗောဓိညောင်

ကျောင်း၊ ကန်၊ဘုရားများ နယ်မြေဟုလူသိ များသော ဗီဟာပြည်နယ်ကြီးကို လွန်ပြီးတောင်ပိုင်း အကျ ဆုံး တမီးနာဒူးပြည်နယ်ကြီးသို့ ထွက်ခဲ့ရပြီ၊

အိန္ဒိယနိုင်ငံကြီးသည် ရှေးခေတ်ကတည်းကပင် ပညာရေးကို အားပေးခဲ့သလို ယခုတိုင်အောင်လဲ ကမ္ဘာ အရပ်ရပ်က ကျောင်းသား ကျောင်းသူ ယောဂီများနှင့် အမြဲစည်ကားနေလေ့ရှိသည်၊ ဗုဒ္ဓဘာသာ ၏ အသက်ဝင်လှုပ်ရှားနေသော အနုလက်ရာများကို လေ့လာလိုသူများသည် အိန္ဒိယသို့ လာကြရ သည်၊ တက္ကသီလာ ( Taxila) မြို့ဟောင်းကြီးသည် တစ်ချိန်က ဗုဒ္ဓဘာသာကြီး ကျယ်မြင့်မှုကို ပြသ လျှက်ပင်ရှိသေးသည်၊

အနုလက်ရာတို့ သက်ဝင်လှုပ်ရှားနေသည်ကို မြင်နိုင်သည်၊ ပညာရှင် အစဉ်အဆက် တည်ထောင် ခဲ့ကြသော နာလန္ဒာတက္ကသိုလ်ကြီးသည် ဆရာပေါင်းထောင်ချီကာ နိုင်ငံတကာက တပည့်ပေါင်းသောင်း ချီလျှက် စာပေသင်ယူပို့ချနေသည်ကို သမိုင်းများတွင် မှတ်တမ်းတင်ထားသလို ယနေ့မျက်မြင် တွင်လဲ ကျောင်းသားပေါင်းများစွာ ရှိနေသေးသည်၊ ယခင်က မဟာယာန သင်ကြား ရာဌာနကြီးတစ် ခုဖြစ်ခဲ့သော နာလန္ဒာမဟာဝိဟာရသည် ယနေ့ ကာလတွင် ထေရ၀ါဒ၊ မဟာယာန ပညာစုံ သင်ကြားနေပြီ ဖြစ်သည်၊

ထို့နောက် ၀ိက္ကမသီလာတက္ကသိုလ်၊ ဥဒန္တပူရီတက္ကသိုလ်ကြီးများသည်လဲ အိန္ဒိယသမိုင်းတွင်မှတ်တမ်း တင်ထားသော ဗုဒ္ဓဒေသနာတော်များကို သင်ယူပို့ချခဲ့ရာ မဟာဌာနကြီးများဖြစ်သည်၊

ဆိုပါ တက္ကသိုလ်ကြီးများသည် မြောက်ပိုင်း၊ အလယ်ပိုင်းရှိ တက္ကသိုလ်ကြီးများဖြစ်သည်၊ တောင်ပိုင်း တမီးနာဒူးပြည်နယ်သည် ထိုကဲ့သို့ တက္ကသိုလ်ကြီးများ သမိုင်းတွင် မတည်ရှိခဲ့သော်လည်း ထေရ၀ါဒ၊ မဟာယာနသမိုင်းတွင် မှတ်တမ်းတင်ထားရသော ပုဂ္ဂိုလ်များပေါ်ထွက်ရာဒေသကြီးဖြစ်သည်၊

ထေရ၀ါဒ အဋ္ဌကထာ ကျမ်းပြုများသည် တမီးနာဒူးပြည်သားများ ဖြစ်ကြသည်၊ မြန်မာနိုင်ငံအပါ အ၀င် ထေရ၀ါဒနိုင်ငံများတွင် အဘိဓမ္မာနှင့် ပတ်သက်ပြီး အဖွင့်ကျမ်းများစွာရှိရာတွင် တိုတိုကျဉ်းကျဉ်းနှင့် အဘိဓမ္မာကို ခြုံငုံအောင်ရေးရေးသားထားသော ကျမ်းမှာ အဘိဓမ္မဋ္ဌသင်္ဂဟကျမ်းဖြစ်သည်၊ ဆိုပါကျမ်း ပြုရှင် အနုရုဒ္ဓါသည် တမီးနာဒူးပြည်နယ်သားဖြစ်သည်၊  တမီးနာဒူး ပြည်ရှိကဉ္စိပူရမြို့ လေးသည် ယခုတိုင်အောင် ပင် ဘာသာရေးနယ်မြေအဖြစ်ထင်ရှာနေဆဲဖြစ် သည်၊

အခြားသော ထေရ၀ါဒ အဋ္ဌကထာဆရာအများစုသည်လဲ ကိဉ္စိပူရနှင့် နီးစပ်ခဲ့ကြသူများဖြစ်ကြသည်၊
ရှင်မဟာဗုဒ္ဓဃောသသည်ပင် ကိဉ္စိပူရတွင် နေထိုင်သီတင်းသုံးခဲ့ဖူးကြောင်း မှတ်တမ်းရှိသည်၊

ထို့ ထက်ပို၍ ထူးခြားသည်မှာ မဟာယာနဇင်ခေါင်းဆောင် ဗောဓိဓမ္မဖြစ်သည်၊ သူသည် ပလ္လ၀မင်း ဆက် အနွယ်ဖြစ်သည်ဟု အဆိုရှိသည်၊ တမီးပြည်နယ်တွင် အခြားသော သမိုင်းဝင်ပုဂ္ဂိုလ်များ ထက်ပိုမို ကျော် ကြားသည်၊ တရုတ်နိုင်ငံသို့ သွားရောက်ပြီး အသက်ကို မငဲ့မကွက် ကျင့်ကြံကြိုးကုတ်အား ထုတ်သည်၊

ယနေ့တွင် ဇင်ဘာသာ၏ ခေါင်းဆောင်ကြီး အဖြစ် တလေးစားကိုး ကွယ်ကြသည်၊ တရုတ် နိုင်ငံနှင့် ဂျပန်နိုင်ငံများတွင် ကျော်ကြားသော ရှောင်လင် အတတ်ပညာများကို တီထွင်သူ အဖြစ်လဲ သိကြ သည်၊ မြန်မာရဟန်းတော်များ ရောက်ရှိချိန်တွင် ဗောဓိဓမ္မရုပ်ရှင်ဇာတ်ကားပြသနေခြင်းက ပိုမို အာရုံစိုက် စရာ ဖြစ်လာသည်၊ ရှောင်လင်သိုင်းတတ်သလားမေးကြသည်၊ 
 မဟာယာန ဇင်ဗုဒ္ဓဘာသာခေါင်းဆောင်ကြီး ဗောဓိဓမ္မ

တမီနာဒူးပြည်နယ်၊ chidambaram မြို့လေးသို့ မြန်မာရဟန်းတော်များ အခြေချမိတော့ ပထမဆုံး အမေးခံရသည့်မေးခွန်းမှာ ဗောဓိဓမ္မကို သိသလားပင်ဖြစ်သည်၊ တမီးနာဒူးပြည်နယ်ကြီးသည် ထေရ၀ါဒ
နောက်ခံသမိုင်းခန့်ထည် သော်လဲ မဟာယာနခေါင်းဆောင်ကြီးကိုသာ လူသိများနေသည်၊

ကဉ္စိပုရမြို့သည် ထေရ၀ါဒ မဟာယာန နှစ်မျိုးလုံးနှင့် သက်ဆိုင်သော ဒေသထူးပင်ဖြစ်သည်။


Tuesday, January 24, 2012

ဂင်္ဂါ ယမုံနာတို့ကို ကျော်ဖြတ်ပြီး



လင်္ကာမြေကို နှုတ်ဆက် ထွက်ခွာခဲ့တော့ ကောင်းကင်ယံတွင် တိမ်ဖြူများ လေသင့်ရာယိမ်းပြီး လွင့်မျောနေကြသည်၊ တဖြည်းဖြည်းချင်း ကောင်းကင်ယံသို့ထိုးတက်သွားသော လေယျာဉ်သည် လင်္ကာမြေ ကို အဝေးတွင် ထားခဲ့ပြီ၊ ပင်လယ်ပြာပြာသည် ဆုံးစမဲ့ဖြင့် ရောင်ပြန်ဟပ်နေတော့သည်၊

တိမ်ဖြူတွေလို သို့တည်းမဟုတ် တိမ်ဖြူများလို ဆန္ဒ အတောင်တပ်ပြီး၊ ကံတရား မောင်းနှင်ရာ လိုက်ပါ ခဲ့ကြရပြန်ပြီ၊ တစ်နှစ်တာနေခဲ့ရသော အဖြူရောင်တိုင်းပြည်၊ ညီရင်းအကိုသဘောမျိုးဖြင့် ဖေးမကူ ညီ ဖော်ရွေကြသူများ၏ နေရာဘုံ၊ အသောကမင်းတရားကြီး၏ သားတော်မဟိန္ဒနှင့် သမီးတော်  သင်္ဃမိတ္တာ တို့နောက်ဆုံးခေါင်းချတော်မူသွားတော်မူရာ အေးရပ်မြုံ၊

ဇမ္ဗူဒီပရဲ့အလံတံခွန်လိုဖြစ် နေသောတိုင်ပြည်ငယ်ကို ပြည်ကြည့်မိတော့ ပင်လယ်ပြာပြာတွင် အစိမ်း ရောင် အစက်လေး တစ်ခုသာ မြင်တော့သည်၊ လေယျာဉ်ဘီးနှင့် ပြေးလမ်း ထိသံပြင်းပြင်း တို့ကြောင့် အတွေး စများ ရုတ်ချည်းပျောက်ပျက်ကုန်ကြသည်၊ ချင်နိုင်း နိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်ပြီဟု သိရသည်၊

ဘ၀တစ်ချိုးတစ်ခုသာ ဖြစ်တော့သည်၊ အိန္ဒိယနိုင်ငံကြီး၏ တောင်ဘက် အကျဆုံးပြည်နယ် ကြီး၊ ဒြာဗီဒီယာန် တို့ချက်မြှပ် နေရာဒေသကြီး၊ ထေရ၀ါဒ အဋ္ဌကထာကျမ်းပြု အရှင်မြတ်တို့ ပေါ်ထွန်းရာ ပြည်နယ်ကြီး၊ မဟာယာနခေါင်းတစ်ဦးဖြစ်သော ဗောဓိဓမ္မ၏ မွေးရပ်မြေ၊ သီရိလင်္ကာနှင့် အရှေ့တောင်အာရှတစ်ဝိုက်သို့ အမိမြေ အိန္ဒိယနိုင်ငံကြီးမှ ဗုဒ္ဓဘာသာ စတင် ခရီးနှင်ရာ ပြည်နယ်ကြီး၊ ပင်လယ်ကမ်းခြေကို မျက်နှာမူလျှက် လှနေသော ပြည်နယ်ကြီး တမီးနာဒူးပြည်နယ်၊

လန်ချား၊ ကားများ၊ ကုလား လူ အစုံစုံတို့ ကုန်ထုပ်များနှင့် ရောထွေးကာ လမ်းပေါ်တွင် စီးမျောနေကြသည်၊ လူစီးကြောင်းကြီးနှင့် အတူ မျောပါရင်း တည်ခိုရမည့် ဟိုတယ်ပေါက်စလေးသို့ ရောက်ကြသည်၊ အခန်း ကျဉ်းလေးထဲတွင် အိန္ဒိယထုတ် ပန်ကာကြမ်း လည်နေသည်၊ တဒီးဒီးမြည်နေ၏၊ လေထွက်နည်းသဖြင့်
အေးတော့လဲ သိပ်ပြီး မအေးလှပါ၊ မအေးပေမယ့် နားရသည်၊

နောက်နေ့တွင် ဂယာမြို့သို့ထွက်ခွာမည့် ရထားဖြင့် ခရီးဆက်ရပြန်သည်၊ ဂင်္ဂါမြစ်ကြီးကို အကြိမ်ကြိမ်ဖြတ် သန်းရသည်၊ ယမုံနာကို ဖြတ်ရပေမည်၊ ဂင်္ဂါနှင့် ယမုံနာကို မဖြတ်သန်းလျှင် အိန္ဒိယမြောက်ပိုင်း သို့ ရောက် မည်မဟုတ်ပါ၊ ကဗျာစာဆို၊ နိုင်ငံတော်တေးသွားစာဆိုကြီး တဂိုးက အမိမြေ၏ နိုင်ငံတော် သီချင်း ဇန ဂန မန တွင် ဂင်္ဂါ ယမုံနာတို့ကို ထည့်သွင်းဖွဲ့ဆိုသည်၊


အမိမြေတွင် ဧရာဝတီမြစ်ကြီး ရှိသည်၊ ချင်းတွင်း သံလွင်ရှိကြသည်၊ ပြည်သူများနှလုံးသားတွင် အမေ့ခံ ဖြစ် သွားမှာ စိုးရိမ်မိသည်၊ ဤသို့ဖြင့် တစ်ညအိပ်ပြီး နောက်နေ့ ညချမ်း ဆယ်နာရီတွင် အလောင်းတော် မင်းသိဒ္ဓတ် သစ္စာတရား ရှာဖွေရာ ဂယာသီသတောင်တန်းကြီးကို ညမှောင်မှောင်တွင် ထင်းထင်း ကြီးတွေ့ လိုက်ရသည်၊ သဗ္ဗညုတ ဉာဏ်တော်ရရှိတော်မူရာ မဟာဗောဓိစေတီတော်မြတ်ဆီက လျှပ်စစ်မီးရောင်
ဖွေးဖွေးသည် ကောင်းကင်တွင် အထင်းသားလင်းလျှက်၊ ဆောင်းအေးအေးကလဲ အပီအပြင်အေးလျှက်၊

ဖေဖော်ဝါရီလ ဆောင်းဒဏ်သည် သစ်ပင်ပျိုအိုတို့ကို အရိုးချည်း ပြိုင်းပြိုင်းဖြစ်စေသည်၊ မကြာခင်မြန်မာ ရဟန်းတော်များ သီတင်းသုံးနေထိုင်ရာ မဂဓတက္ကသိုလ်ကြီး၏ အဆောင် ၃ သို့ရောက်ကြသည်၊ ၀မ်းပန်း တသာနှုတ်ဆက်ကြသည်၊ အရင်ရောက်နှင့်သော နောင်တော်ကြီးများက ခရီးဦးကြို ဆို နှုတ်ဆက် ကြသည်၊

ညခင်း နှင်းမှုံများအောက်တွင် မဂဓတက္ကသိုလ်ကြီးကား အိပ်မောကြလျှက်ရှိသည်၊ နောက်နေ့မနက် တွင် မဟာဗောဓိစေတီတော်ကြီးသို့ လိုက်ပို့ကြသည်၊ ထေရ၀ါဒ၊ မဟာယာနရဟန်းတော်များ လူပုဂ္ဂိုလ်များ သည် မြတ်ဘုရားကို နည်းမျိုးစုံဖြင့် ပူဇော်နေကြသည်၊ ကြည်နူးစရာကောင်းလှသည်၊

မဟာဗောဓိစေတီတော် ဖူးမြော်ရင်း မောရိယဘုရင် အသောကကို မြင်ယောင်မိသည်၊ တရုတ်ခရီးသွား ရဟန်းတော်ကြီးများကို မြင်ယောင်သည်၊ ဗောဓိပင်ခြေတွင် ကမ္ဘာ အရပ်ရပ်က တရားရှုမှတ်နေသူများ ကို မြင်ရသည်မှာ ငြိမ်းချမ်းလှသည်၊ 


အသောကမင်းကြီးတည်ထားခဲ့သော မဟာဗောဓိစေတီတော်ကြီးသည် ဗုဒ္ဓဘာသာဝင်များသာမက ကမ္ဘာ အရပ်ရပ်က လူများကို အေးချမ်းစေသည်ကား အမှန်ဖြစ်သည်၊ 


Saturday, January 21, 2012

တက္ကသိုလ်ကျောင်းသား အပိုင်း ၃


ကေလနိယ(Kelaniya University) တက္ကသိုလ်သို့ မိတ်ဆွေများနှင့် စတင်ကျောင်းတက်သော နေ့ကို သတိတရ ရှိနေသည်၊ ထိုနေ့က ထူးလဲထူးပါသည်၊ ကျောင်းထဲဝင်စတွင် ရေဆာလာသည်၊ ဘေးပတ်ဝန်း ကျင်သို့ သောက်ရေအိုးရှိလိုရှိငြား ကြည့်မိသေးသည်၊ မတွေ့ရပါ၊ အနီးရှိ ဆင်ဟာလီကိုရင် တစ်ပါး ကို မေးကြည့်တော့ ကျောင်းဘက်သို့ လက်ညှိုး ထိုးပြသည်၊ ကိုရင်ညွှန်ရာသို့ သွားလိုက် ရာ ကျောင်း ဆောင် ငယ်တစ်ဆောင်ကို တွေ့ရသည်၊ နံရံများပေါ်တွင် ခန့်ငြားထည်ဝါသော ဓာတ်ပုံများကို ချိတ်ထားသည်၊ ဧည့်ခန်းဖြစ်သည်၊

သို့သော် လိုချင်နေသော သောက်ရေအိုးကို မတွေ့ရသေးပါ၊ ခဏ အကြာတွင် ကိုရင်တစ်ပါး ရောက်လာပြီး အတွင်းအခန်းဘက် ၀င်သွားသည်၊ ပြန်ထွက် အလာတွင် ကိုရင် မဟုတ်တော့ပဲ ခပ်၀၀ဘုန်းတော်ကြီး တစ်ပါးပြန် ထွက်လာသည်၊ မြန်မာရဟန်းတော်များဖြစ်ကြောင်း သူသိသည်၊ မင်္ဂလာပါဟု နှုတ်ဆက် သည်၊ မြန်မာနိုင်ငံကို ရောက်ဖူးပါကြောင်း၊ မြန်မာရဟန်းတော်ကြီးများ၏ ဘွဲ့များကို ရွတ်ပြသည်၊ သူသိသော မြန်မာဆရာ တော်ကြီးများသည် မြန်မာနိုင်ငံတွင် ထင်ပေါ်သော ဆရာတော်ကြီများ ဖြစ်သည်၊ သီရိလင်္ကာတွင် ပညာသင် သွားကြဖူးသော မထေရ်ကြီးများလဲ ဖြစ်သည်၊ 

ဟံသာဝတီမြို့ကို ကြားဖူးပါသလား မေးသည်၊  ပဲခူးမြို့ ဓမ္မစေတီမင်း ကောင်းမှုတော် ကလျာဏီ သိမ်တော်ကြီး အကြောင်းကို ရှင်းပြသည်၊ သူရှင်းပြနေသည်ကို အံ့သြ နေမိသည်၊ ခဏ အကြာတွင်မှ လင်ဗန်းတစ်ခုနှင့် သောက်ရေခွက် သန့်သန့်များကို ယူလာသည့် ကျောင်းသား တစ်ယောက်ကို တွေ့ရ သည်၊ ကျောင်းသားမှ ရေခွက်များကို တစ်ပါးချင်းလိုက်ပြီး ဆက်ကပ်သည်၊

မြန်မာရဟန်းတော်များနှင့် မစိမ်းပါကြောင်း၊ ယခုဦးဇင်းတို့တက်ရောက်မယ့် တက္ကသိုလ်ကြီး တွင် မြန်မာ ရဟန်း တော်တစ်ချို့ ph.d အတွက် သုတေသနပြုနေကြောင်း ရှင်းပြသည်၊ မြန်မာရဟန်းတော်များ သီရိလင်္ကာကျောင်း အသီးသီးတွင်နေထိုင်လျှက် ပညာဆည်းပူးနေကြကြောင်းနှင့် ယခု မိမိတို့ကျောင်းသည် ပင် မြန်မာ သာမဏေ ငယ်နှစ်ပါးရှိကြောင်းရှင်းပြသည်၊ အစနေ့ဖြစ်နေသဖြင့် ဆရာတော်ပြောပြနေသမျှ သည် အသစ် အဆန်းချည်း လိုလို ဖြစ်နေသည်၊

မြန်မာရဟန်းတော်များ သာမက ကိုရင်များပင် ရောက်ရှိကာ ပညာသင်ယူနေကြောင်း သိရသဖြင့် တစ်မျိုး ၀မ်းသာမိသည်၊ အားတက်မိသည်လဲ ဟုတ်သည်၊ သစ်ပင်ရင်းနှင့် မြက်ခင်း များပေါ်တွင် ငြိမ်ငြိမ်ဆိတ်ဆိတ် စာကျက်နေသော ဆင်ဟာလီကိုရင်ငယ်များကို မြင်ရသည်မှာ တစ်မျိုးထူးသည်၊ ကြည်နူးစရာ လဲ ကောင်း သည်၊

မြန်မာနိုင်ငံတွင် ဤသို့မဟုတ်ပါ၊ စာအံကျောင်းကြီး၏ တိုင်တစ်တိုင်လျှင် အတန်းကြီးသော ကိုရင်ကြီး သို့မဟုတ် ဦးဇင်းတစ်ပါးက နေရယူထားပြီး ကျန်ကိုရင်ငယ်များနှင့် ရောက်စ စာသင်များကို အလယ် ကွက်လပ်တွင် ထိုင်စေကာ မြိုင်မြိုင်ကြီး စာအံကြရသည်၊ နောက်ရောက်နှင့် စာသင်စကိုရင်များ ဆော့လျှင် ရာထူးကြီးသော တစ်တိုင်ရ စာသင်သားကြီးများက သတိပေးရသည်၊ မြန်မာနိုင်ငံတွင် ၀ါစဉ် အရေးကြီး သလို၊ စာစဉ်လဲ အရေးပါသည်၊

စာအံကျောင်း၏ တိုင်များကို အကျအန ကြောမှီထားသော စာသင်သားကြီးများသည် ဓမ္မာစရိယတန်း တက်ခွင့် ရထားသော စာသင်သားကြီးများ ဖြစ်နိုင်သလို၊ ဓမ္မာစရိယတန်းတက် ရောက်ဖို့ ကြိုးစားအား ထုတ်နေသော ပထမကြီးတန်းရောက် ကိုရင်ကြီး၊ သို့မဟုတ် ဦးဇင်း တစ်ပါးသာဖြစ်နိုင်သည်၊ အလယ်ကွက် လပ်တွင် ထားသည့် ရည်ရွယ်ချက်မှာ အိပ်မငိုက်မိစေရန်ဖြစ်သည်၊ တိုင်မှီထားသော ၀ါရင့် ကိုရင်ကြီး၊ ဦးဇင်းပေါက်တို့မှာ အိပ်ငိုက်ရမည့် အခွင့်အရေး နည်းပါးသည်၊ စာနှင့် ပူနေသောကြောင့်ဖြစ်သည်၊ ငိုက်လျှင် လဲ ပတ်ဝန်ကျင်း မသိအောင် တင်ပလ္လင်ချိတ်ထား ကာ ခြေမလေး လှုပ်လျှက် ငိုက်ကြသည်၊ ပညာပါပါ လှုပ်ရှားတတ်ပြီ၊ ၀ါလဲရင့်ပြီ၊

မန္တလေးရွှေမြို့တော်တွင် စာသင်သား ကာလတစ်လျှောက် လေး ငါးခြောက်ကြိမ် အငေါက်ခံရဖူးသည်၊ လေး ငါးဆယ်ကြိမ်လောက် သူများကို ငေါက်ဖူးသည်၊ တစ်တိုင်ရ ရာထူးကြီးဖြင့် အကြာကြီးနေဖူးပါသည်၊

ဖြတ်ကနဲ့ ၀င်ရောက်လာသော ပုံရိပ်များကို အနိုင်နိုင်ဖျောက်ရင်း ဧည့်ခံ ဆရာတော်ကို နှုတ်ဆက် ကာ ကျောင်း ဆောင်ထဲမှ ထွက်ခဲ့ကြသည်၊ နောက်များမှ သိရသည်မှာ ဧည့်ခံစကားပြော ဆိုသော ဆရာတော်မှာ မြန်မာနိုင်ငံ ရှိ ကလျာဏီကျောက်စာကို လေ့လာခြင်းဖြင့် ပါရဂူဘွဲ့ရရှိထားကြောင်းသိရ သည်၊ ပြီးတော့ သီရီလင်္ကာနိုင်ငံ တွင် သောက်ရေအိုးတည်ထားလေ့ မရှိပါတဲ့၊ ရေသောက်လိုလျှင် ရေငုတ် သို့ ကိုယ်တိုင်သွားကာ အဆင်သင့် သလို သောက်ကြရသည်၊

ကေလနိယ တက္ကသိုလ်တွင် ပါမောက္ခချုပ်ဖြစ်သော G.D. sumanapa( ဂျီ. ဒီ. သုမနပါလ) ထံမှ အများဆုံး သင်ယူရသည်၊ archicture ပို့ချသော ဆရာမကြီးမှ တစ်ပါး ကျန်ဘာသာရပ်များကို ပါမောက္ခချုပ် သူမနပါလ ထံမှ သင်ယူကြရသည်၊ နားလည်သည်လဲ ရှိသည်၊ မည်သည်လဲ ရှိသည်၊စကားတစ်လုံးတည်းဖြင့် တစ်နာရီနီးပါး ကြာအောင် နားထောင်ရသည့် အခါများလဲရှိသည်၊ မှတ်မိနေသေးသည်၊

အရှင်စန္ဒာသီရိနှင့်အတူ Theravada tradition topic ကို တာဝန်ယူကြရသည်၊ ထေရ၀ါဒခေါင်းစဉ်ဖြင့် ပို့ချ သော နေ့များတွင် မောင်စံ( ဆာလှ) က recording လုပ်ရ သည်၊ တစ်ပတ်စာ ပို့ချစဉ်ကို နောက်နေ့ များတွင် မကုဋရာမကျောင်းတွင် ဆုံကာ note ထုတ်ကြရသည်၊ တစ်ခါတစ်ရံ ဦးစက္ကပါလ အခန်းတွင် ဖတ်သည်လဲ ရှိသည်၊ ဧည့်သည်များရောက်နေလျှင် ညောင်ပင်အောက်ရှိ ဦးသေဋ္ဌိလ(အဘ) အခန်းတွင်လဲ ဖတ်ကြသည်၊ စာကြည့်တိုက်၊ new comer အခန်းများတွင်လဲ ဖတ်ကြရသည်၊

ထူးခြားသည်မှာ “မင်းတို့နှစ်ယောက်က စာဖတ်တာထက် လေပေါ၊ စကားမျာတာ ပိုတယ်ကွ၊ ရှုပ်တယ် ငါ့ အခန်းလာမဖတ်နဲ့” လို့ အဘက ပြုံးပြုံးကြီးပြောလေ့ရှိသည်၊ ထိုသို့ပြောလိုက်ခြင်းသည်ပင် အဘက သူ့အခန်းတွင် စာဖတ်ရန် welcome လုပ်လိုက်မှန်းသိပါသည်၊ တစ်ခါတစ်ရံ အတည်ပေါက်နဲ့ ပြောလျှင်လဲ အသည်းများ မာနေသောကြောင့် မနာအားနိုင်တော့ပါ၊


တစ်ခါတစ်ရံ အသံမှာ မရှင်းသောကြောင့် ခပ်လှမ်းလှမ်မှ ထပြီးနားထောင်ရသည်၊ ထလိုက် ထိုင်လိုက်ဖြင့် အမြင်ကပ်မည် ဆိုလျှင်လဲ သူတို့တွင် အပြစ်မရှိပါ၊ ကျုပ်တို့ နှစ်ပါးတွင်လဲ အပြစ်မရှိပါ၊ မရှင်း မရှင်းပြောသော ပါမောက္ခသည်သာ အပြစ်မကင်းသူ ဖြစ်ရသည်၊ တစ်ခါတစ်ရံ ထပ်ကြော့ပြန်ရ သည်၊ ဖြစ်နိုင်ခြေရှိသော စကားလုံးများနှင့် နှိုင်းယှဉ်ကာ note ထုတ်ရသည်၊ မောင်စံ ( ဆာလှ) မေးကြီးပွတ် မျက်မှန် ထူထူကြီးကို ခွာလိုက် တပ်လိုက်ဖြင့် မျက်ကြောရှုံ့နေလျှင် အခက်တွေ့နေပါပြီ၊

ဤသို့ခက်ရင်း အငေါက်ခံရရင်း၊ note တွေထုတ်ရင်း၊ စာတွေကျက်ရင်း၊ လေတွေပေါရင်း၊ မှတ်ချက်(လေပေါတယ်လို့မလိုသူတွေက ပြောကြတာပါ၊ ကျုပ်တို့က discussion လုပ်ကြတာပါ) အကြံတွေပေးရင်း၊ အကြံတွေယူရင်း (အရုဏ်ဆွမ်း အတွက်ချက်သော ပဲဟင်း အကျန်များကိုတော့ မပြောတော့ပါ)၊  ကျောင်း သွားရင်း၊ ကျောင်းပြန်ရင်းဖြင့် ကေလနိယ (Kelaniya University) တက္ကသိုလ်ကြီးမှ စာမေးပွဲကို ဖြေဆို ကာ ခေါင်းအေးအေးဖြင့် အိပ်စက်နိုင်ခဲ့သည်၊

ခေါင်းအေးအေး ဖြင့် မအိပ်စက်နိုင်သူများရှိသည်ကို ညည ထပြီးယောင်ယမ်းအော်သည်ကို ကြားရခြင်း အားဖြင့်သိလိုက်ရခြင်း ဖြစ်သည်၊

 “အောင်မလေး သိန်းသုံးဆယ်ကုန်ပါတယ်၊ အောင်စာရင်းထဲ ကျုပ် မပါဘူးတဲ့ဗျ..ဟီး..ဟီး.”
 အိပ်မက်သာပါ၊ အမှန်တော့သူတို့လဲ ‘အေ’ အဆင့်က အောင်ပန်းဆွတ်ယူခဲ့သူများသာဖြစ်သည်၊

M.A စာမေးပွဲပြီးတော့ အိန္ဒိယနိုင်ငံသို့ ခရီးဆက်ခဲ့သည်၊ ဆာဒူးကြီးများနှင့် အပြုံးချင်း မလှယ်ကြ သည်၊ ကော ဟု မဿဲ မှသည် နမ္မစတေးသို့ ပြောင်းလိုက်ရသည်၊ အခုတော့ ဆာလှနဲ့ စာပြန်ဖတ်ချင်နေ သည်၊ ဆာလှ မြန်မာနိုင်ငံသို့ ပြန်လေပြီ၊ အဘ ငေါက်တာကို လွမ်းနေပါပြီ၊ ထိုအဖြစ်အပျက်များ ကို ပြန်စီပြ ပါဆိုလျှင် ခက်ပါပြီ..။ 

ဆန္ဒနှင့် ကံစေရာ လိုက်ပါခဲ့ကြရသော မိမိတို့ဘ၀များသည် တစ်စီဝေး လွင့်.. တစ်နိုင်ငံစီခြားခဲ့ကြရပြီ၊ လင်္ကာမြေက တက္ကသိုလ်ကျောင်းသားဘ၀သည် လွမ်းမောဖွယ် အတိဖြစ်နေတော့သည်။ 


Wednesday, January 18, 2012

တက္ကသိုလ်ကျောင်းသား အပိုင်း ၂




၂၀၀၇ ဒီဇင်ဘာလ ၂၅ သည် မန္တလေးမြို့၊ သာသနာ့ တက္ကသိုလ်ကျောင်းဘ၀ ရဲ့ နောက် ဆုံးနေ့ရက်ဖြစ်သည်၊ တာဝန်ကျရာ တောင်တန်းဒေသသို့ သွားရန် တံတားဦးလေဆိပ်သို့ မိတ်ဆွေဖြစ်သူ အရှင်နန္ဒိယနှင့် အတူ ထွက်ခွာခဲ့သည်၊ မနက်စောစော အဆောင်၂ သို့ ရောက်လာသော တက္ကစီကားလေး သည် အထုပ် အထည်များ နှင့် အတူ မန်း တက္ကသီကြီးရဲ့ အရိပ်အောက်ကနေ ထွက်ခွာလေပြီ၊ နန်းရှေ့ ၆၂ လမ်းဝဲယာက သစ်ပင်ရိပ် တို့သည် တစ်လိမ့်လိမ့်ဖြင့် အနောက်တွင် ကျန်ရစ်သည်၊ မကျန်ရစ်ခဲ့ကြသည် ကား လေးနှစ်တာ ခိုနားသင် ယူခွင့်ခဲ့ရသော မန်း တက္ကသိုလ်ကြီး၏ အရိပ် အငွေ့တို့တည်း၊

မနက်ကိုး နာရီလေးဆယ်တွင် တံတားဦးလေဆိပ်မှ ဟုမ္မလင်းမြို့သို့ ထွက်ခွာမည့် လေယျာဉ် သည် ကောင်းကင်သို့ထိုးတက်လေပြီ၊ မန်း မြို့ကို ကောင်းကင်းပြင်ကနေ ပထမဆုံးမြင်ရခြင်းမို့ တစ်မျိုးရင်ခုန်မိသည်၊ ဧရာဝတီမြစ်ကို မြင်ရသည်၊ စေတီဖွေးဖွေးဖြင့် စစ်ကိုင်းတောင်ရိုးနှင့် ဟိုး အဝေးက မန်းနေပြည်ကို မှုံဝါးဝါးမြင် ရသေးသည်၊ မြင်ကွင်း တစ်မျိုးပြောင်းလာသည်၊ တောင်တန်းများ စိမ်းစိမ်း စိုစို ပိုမြင်လာရပြီး၊ အကွေ့ အကောက် များဖြင့် တောင်တန်းများကို ရစ်ခွေထားသော ချင်းတွင်းမြစ် ကို မြင်ရပြီ  ၊  မြင်ကွင်းတို့သည် အပြောင်း အလဲမြန်နေသည်၊

ဘ၀ အချိုး အကွေ့များလဲ မြန်နေသလိုပင်ခံစားမိသည်၊ မန်းည မန်း အလှကို ခံစားမိတဲ့ခဏ၊ ဗုဒ္ဓ တက္ကသိုလ် ကျောင်းသားဘ၀၊ မန်း တက္ကသီလာ ကျောင်းသားဘ၀၊ တောင်တန်း သာသနာပြု ခရီးအစ၊ ဧရာဝတီရဲ့ အလှ၊ ချင်းတွင်းမြစ်နဲ့ တောင်တန်းများ အလှ၊ စိတ်တွင် တစ်ဖျပ်ဖျပ်ပြေးနေသည်၊ 


 မနက်ခင်း ၁၀ နာရီ ၄၀ တွင် ချင်းတွင်းမြစ်ဘေးက ဟုမ္မလင်းမြို့လေးသို့ ဆိုက်ရောက်သည်၊ အညာမြေနဲ့ မတူ ဆောင်းမနက်ခင်းက လှနေသေးသည်၊ နှင်းမှုံနှင်းစက်တို့က ခရီးဦးကြိုဆိုကြသည်၊ ပတ်ဝန်းကျင်ကြည့် မိတော့ အသိက မရှိ၊ ဘယ်သွားရမည် မသိသေးပါ၊ တက္ကစီးသမားများက မေးကြသည်၊ သာသနာပြု ရဟန်းတော် များဖြစ်ကြောင်းပြောပြလိုက်ရသည်၊ သာသနာရေးရုံးနဲ့ ရဲစခန်းနဲ့ ကြိုက်တာပို့ လို့ပြောလိုက် သည်၊ သာသနာ ရေးရုံးတွင် တစ်ညတာ တည်ခိုကြရသည်၊ ဧည့်ဝတ်ကျေပွန်သော ဟုမ္မလင်းမြို့ သူ မြို့သားများ၏ အပြုံးနှင့် ဆောင်းည ရဲ့အလှကို ယနေ့တိုင်းမမေ့နိုင်သေးပါ၊ 

နောက်နေ့မနက်ချင်းတွင် ချင်းတွင်းကို ဆန်တက်ကြသည်၊ မော်တော်ပြတင်းမှ တိုးဝင်လာသော နှင်းထုကြီး သည် ပိတ်ပိန်းမှောင်နေသည်၊ ညာဘက်ကမ်းကပ် ဘယ်ဘက်ကမ်း ယိမ်းလိုက်ဖြင့် တစ်လိမ့်ချင်း ဆန်တက်နေသော မော်တော် သည် နေ့လည် ပိုင်း ၁၂နာရီကျော်ကျော်တွင် ထမံသီရွာကြီးသို့ ဆိုက်ရောက်သည်၊ ခရီးဖော်ဖြစ်သော အရှင်နန္ဒိယနှင့် လမ်းခွဲရပြီ၊ သူသည် လေရှီးနယ် သို့ ခရီးဆက်မည်၊ တစ်ယောက်တည်းဖြင့် ချင်းတွင်းကို ဆန်တက်လာရာ ညနေပိုင်း ၉ နာရီ ၂၀ တွင် ခန္တီးမြို့သို့ ရောက်သည်၊

ထိုစဉ်က ခန္တီးမြို့ ကို မှတ်မိနေသည်မှာ ကမ်းခြေက မီးရောင် နီကျင်ကျင်များနှင့် ဆောင်းအေးအေး ပင်ဖြစ်သည်၊ ကြိုဆိုသူမရှိသဖြင့် ဘယ်သူ့ကို မှတ်တမ်းတင် ရမည်မှန်းမသိပါ၊ နောက်နေ့ မနက် တွင် တောင်တန်း သာသနာ ပြုဘ၀ကို စတင်သည်၊ ဘ၀တစ်ချိုးသည် ရုတ်ချည်းဝင်ရောက်လာပြန် သည်၊ အဖော်တစ်ယောက် အဖြစ်ဆောင်း အေးအေးပါဝင်နေသည်ကို သတိရနေမိပါသည်၊ တောင်တန်း သာသနာပြုဘ၀တွင် ချင်းတွင်းကို စုန်လိုက်၊ ဆန်လိုက်ဖြင့် ဆရာကြီးဇော်ဂျီရဲ့ မဗေဒါလို ဖြစ်နေခဲ့ရသည်၊

ရွာသားများနှင့် ညီမျှအောင်နေရသည်၊ ရွာကို သူပုန်တွေရောက်လာသည်၊ သူပုန်ပြေးတော့ စစ်တပ်ရောက် လာပြန်သည်၊ သူတို့နှစ်ဦးအကြားဘာသာပြန်လုပ်ပေးခဲ့ရဖူးသည်၊ဗုဒ္ဓဘာသာဝင်များအတွက် ကျောင်းနှစ်
ကျောင်းဖြစ်မြောက်အောင် ဦးဆောင်ဦးရွက်ပြုခဲ့ရသည်၊ တာဝန်ကျရာ ပဒူးမုန်းနာဂ ရွာလေးတွင် ဇရပ်ဆောက်ရ သည်၊ ရွာသားများကို ရှင်သာမဏေပြုပေးနိုင် ခဲ့သည်၊ ဆောင်းအေးအေးကို ကြိတ်မှိတ်ခံ စားရသည်၊

ချင်းတွင်းရေကြီးတော့ ရွာသူရွာသားများနှင့် အတူ ရေကူးပြီး ဇရပ်ဆောက်မည့် တိုင်များလိုက်ဆွဲရပြန်သည်၊ ငှက်ဖျား ဖျားသည်၊ ရိုးရာ ဆေးခါးကြီးများကို သောက်ရသည်၊ တစ်ပတ်တစ်ခါ ဆေးထိုးရ သည်၊ တောင်တန်းဘ၀သည် မဖျားရင် မနေတတ်အောင်ရှိလှသည်၊ အောင်ချင်းငှက်အော်သံကြားရသည်၊ နာဂများ၏ တောင်ပေါ်ရိုးရာတေးကို နားထောင်ရသည်၊ တောင်ပေါ်သူတောင်ပေါ်သား များနှင့် နှစ်နှစ် တာနေခဲ့ရသည်၊

အပြန်ခရီးတွင် ရွာသူ ရွာသားတစ်ချို့လိုက်ပို့ကြသည်၊ ပြန်တော့မည် မပြောရက်သဖြင့် ခန္တီးမြို့ ခဏသွားဦး မည်ပြောကာ ထွက်ခွာခဲ့ရသည်၊ နှင်းတို့သည် ဝေနေဆဲပင် ချင်းတွင်းမြစ်လဲ စီးဆင်းနေဆဲပင်၊ ရင်တွင်းက သံယောဇဉ်တို့လဲ အသံမြည်နေဆဲပင်..။ ဤသည်လဲ ဘ၀တစ်ဆစ်ချိုးတစ်ခုသာ၊
၂၀၁၀ ဒီဇင်ဘာလ ၁ရက်နေ့တွင် ရန်ကုန်မြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီး၏ ဘွဲ့နှင်းဆောင် တွင် တောင်တန်းပြန်မိတ်ဆွေသူငယ်ချင်းများနဲ့ အတူ ဘွဲ့ယူကြရသည်၊ ကြိုးစားမှု ရလာဘ်တစ် ကို အောင် အောင်မြင်မြင် ရရှိကြသဖြင့် ပျော်နေကြသော မိတ်ဆွေသူငယ်ချင်းများ၏ အပျော်တို့သည် ပတ်ဝန်းကျင်ကို ရိုက်ခတ်နေတော့သည်၊

ဘွဲ့ရပြီးတော့ ရန်ကုန်မြို့ရဲ့ တက္ကစီသမားများကို အလှူပေးရင် နိုင်ငံခြားထွက်နိုင်ရေး လမ်းစရှာရပြန်သည်၊
တစ်နေ့သုံးခေါက် အနည်းဆုံးသွားရသည်၊ လမ်းညွှန်မည့်သူ အနီးကပ်မရှိသဖြင့် အခက်အခဲများကြုံရသည်၊
နောက်ဆုံးတော့ နိုင်ငံခြားထွက်ခွာခွင့် ပတ်စပို့၊ ဗီဇာနှင့် မိတ်ဆွေတစ်ပါးဆီမှ ထောက်ခံစာတို့ ရောက်လာ သည်၊ သေချာသွားပြီ၊ ဘ၀တစ်ချိုးရောက်လာပြန်ပြီ၊

ဤသို့ဖြင့် ၂၀၁၀ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာသို့ ပျံသန်းမည့် ခရီးစဉ်တွင် ကျောင်းနေဖက် မိတ်ဆွေသူငယ်ချင်း ၃ပါး၊ အခြားမြန်မာ ရဟန်းတော်၃ပါးနှင့် အတူ မြန်မာစံတော်ချိန် ၉နာရီ ၄၅မိနစ်တွင် စတင်ထွက်ခွာခဲ့ကြ သည်၊ ကောင်းကင် ကနေ အမိမြန်မာပြည်ကို ကြည့်မိတော့ ရင်ထဲလွမ်းသလို လို ဖြစ်နေမိသည်၊

ဘင်္ဂလာပင်လယ်အော်တွင် မြူတွေဆိုင်းနေသည်၊ ထိုင်းလေကြောင်းလိုင်း ခရီးသည်တင် ဂျက်လေယျာဉ် ကြီး၏ လေတိုးနေသံတရွှီးရွှီးသည်သာ မင်းမူနေသည်၊

ထိုင်းနိုင်ငံဒေသ စံတော်ချိန် နေ့လည်ပိုင်း ၁၁ ၄၅မိနစ်တွင် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်သည်၊ သီရိလင်္ကာနိုင်ငံ သို့ ဆက်လက်ပြန်သန်းမည့် လေကြောင်းလိုင်းကို ကြော်ငြာဘုတ်များတွင် ရှာဖွေရသည်၊ ငါးမိနစ်တစ်စင်း လေယျာဉ်များဆင်းနေသည် ထင်ရသည်၊ ကြော်ငြာဘုတ်များပေါ် က နိုင်ငံများကို ကြည့်ပြီး တောသား ကမ္ဘာပတ် ချင်နေမိသည်၊

ညပိုင်း၁၀နာရီ ၄၅မိနစ်တွင် သီရိလင်္ကာလေကြောင်းလိုင်းဖြင့် ဆက်လက်ပြန်သန်းလာရာ နောက်နေ့မနက် ၂ နာရီတွင် သီရိလင်္ကာနိုင်ငံ ဘန္ဒရာနိုက်ကေးလေဆိပ် သို့ရောက်ရှိပါပြီ၊ လာရောက်ကြိုဆိုသူ များနှင့် ပြည့်နေသည်၊ မန်း- တက္ကသီလာက မိတ်ဆွေများကို ပြန်တွေ့ရသဖြင့် ကြည်နူးနေမိ သည်၊ လေဆိပ်က ထွက်တော့ မီးရောင်တို့ထိန်ထိန်ညီးနေသည်၊

လမ်းဘေးဝဲယာတွင် ဗုဒ္ဓရုပ်ပွားတော်များကို ခန့်ခန့် ထည်ထည် ဖူးတွေ့ရသည်၊ အဖြူရောင် ဗုဒ္ဓရုပ် ပွားတော် ကြီးများသည် တစ်မူထူးပြီး ကြည်ညိုဖွယ်ကောင်းလှသည်၊  
အရင်ရောက်နှင့်နေသောဝါရင့် မြန်မာကျောင်းသားကြီများမှ လိုက်လံဦးဆောင်ညွှန်ပြမှုဖြင့်သီရီလင်္ကာနိုင်ငံ
၏ထင်ရှားသော ကေလနိယတက္ကသိုလ်ကြီးတွင် ကျောင်းသားဖြစ်ခဲ့ရပါပြီ၊ ကျောင်းစတက်သည့်နေ့ ကမြင်ရ သည့် မြင်းကွင်းမျာကို သတိရနေမိသည်၊ 



မြက်ခင်းပြင် စိမ်းစိမ်းများ အပေါ်တွင် ဆင်ဟာလီ ကိုရင်ငယ်များ စာကျက်နေကြသည်၊ ညီကို အရင်းပမာပြုံးပြ နှုတ်ဆက်ကြသည်၊ ထိုအပြုံးများထဲတွင် အတိတ်သမိုင်း အပိုင်းအစများကို ပြန်လည်တွေ့ ရှိလိုက်သလိုခံစားနေ မိသည်၊

 “အော်ငါတို့ကာ ခွဲခြားမရသော သကျပုတ္တများပါလား” လို့လဲ တွေးနေမိပါသတည်း။


Tuesday, January 17, 2012

တက္ကသိုလ်ကျောင်းသား


“From sannna to panna
‘မှတ်ရတယ်ဘုရာ့၊ အရှင်ဘုရားတို့များများမှတ်မှ ပညာရတာ၊

အတ္ထော အက္ခရသညာတော တဲ့ ဆိုခဲ့ပြီးသားပဲ၊ သဘောမပေါက်ကြတာလို့ တပည့်တော်ထင်တယ်၊
နားလည်သဘောပေါက်တာကိုစာနဲ့လိုက်ပြီးမှတ်လို့သဒ္ဒါဆရာကြီးက ပြောတာပါ၊ အဲဒီဘေးကစာသားလေး
တွေက အလှတတ်ထားတာလို့ မယူဆနဲ့ ရေးပြီးမှတ်လိုက်ရတယ်၊ 

အင်္ဂလိပ်စာဆိုတာ အဖတ်ချည်းရနေလို့ မဖြစ်သေးဘူး၊ အသံလဲ ထွက်တတ်ရတယ်၊ တစ်ချို့က ပါးစပ် ရှက်လို့တဲ့ အသံထွက်ရမှာ၊ အဲဒါ ကွဲကွဲပြားပြား မသိတာပဲ၊ ရှက်တယ်ဆိုတာ စိတ်၊ ပါးစပ်နဲ့ ဘာဆိုင်လို့လဲ စိတ်ကိုပြောင်းလိုက်ပါ’၊

မန္တလေးမြို့၊ မြို့လယ်ဆူးခါးတိုက်တွင် ဖွင့်လှစ်ထားသော ဆရာကြီးဦးမြင့်ဆွေ ( မဟာဝိဇ္ဇာ လန်ဒန်) ၏ Buddhist academy ( ယခု၊ Buddhist university) တွင် ဒီပလိုမာကျောင်းသား အဖြစ်ဖြင့် ၂၀၀၁- ၂၀၀၂ ကာလတွင် နေခဲ့ရဖူးသည်၊

နေ့ဆွမ်းစားပြီး ခဏနား ( အိပ်ချိန်မရှိပါ) စာအုပ်၊ စာတမ်း များလွယ်အိပ်ထဲ့ပြီး၊ အနောက်ပြင်၊ ချမ်းသာကြီးမြောက်တိုက်မှ မိုးကောင်းကျောင်းတိုက်၊ ဒက္ခိဏ၀န်ကျောင်းတိုက်တို့မှသည် ၂၉ လမ်းသို့ ထွက်ပြီး ၈၄လမ်းမကြီးအတိုင်း တောင်ဘက်သို့ တက် ၀င်လိုက်ရုပ်ရှင်သို့ အရောက်တွင် အရှေ့ ဘက် ၈၃လမ်းသို့ ကွေ့လိုက်ရသည်၊ ထိုမှသည် တောင်ဘက်သို့ အနည်းငယ်သွားလိုက်ပါက ၈၃လမ်း ဘယ်ဘက် အခြမ်း sliver swan hotel နှင့် မျက်နှာချင်းဆိုင်သည် ဆူးခါးတိုက်၊ Buddhist academy ပင်ဖြစ်သည်၊ 


ထိုကျောင်းတွင် လေးပြင်လေးရပ်မှာ စာလိုက်သံဃာများသည် M.A တန်းမှသည် ဒီပလိုမာအထိသင် ယူနေကြသည်၊ ဒီပလိုမာတန်းတွင် ပါဠိ၊ သက္ကတနှင့် အင်္ဂလိပ်တို့ကို အချင်းချင်း နှိုင်းယှဉ်ပြီးလေ့လာ ရသည်၊ တစ်ပတ် တွင် လေးရက်ကျောင်းတက်ရသည်၊

နေ့လည်ပိုင်းတစ်နာရီတွင် သင်တန်းစသည်၊ ညနေပိုင်း လေးနာရီကျော်ကျော်တွင် အတန်းပြီးဆုံး သည်၊ နေ့ခင်းနှစ်နာရီဝန်းကျင်တွင် ခဏနားသည်၊ ခဏ အနားရချိန်တွင် တက္ကသိုလ် အ၀င်ဝ ဘယ် ဘက်ဘေးတွင်ရှိ သော ဥတ္တလွင်ပြင် စာအုပ်ဆိုင်တွင် စာအုပ် အဟောင်းရှာကြသည်၊ ခေတ်ကာလ အရ ထုတ်ဝေခွင့်မရကြသော စာအုပ်ထဲက မျက်နှာတစ်ချို့မှတ်မိနေသည်၊

တောင်တွင်းကြီး ဆရာတော် ဦးဥက္ကဋ္ဌရဲ့ ကပ္ပပြဿနာ၊ လူသေလူဖြစ် လိုစာအုပ်၊ မြန်မာ့ ရောင်ထုံးနှင့် အလွန် ခန့်ညားနေသော မျက်နှာရှင်ကြီး သခင် ကိုယ်တော်မှိုင်း၊ ကွမ်းအစ်ကြီး  ရှေ့ချလို့ပေါ့၊ ခပ်မော့မော့ အနေအထား နှင့် မြန်မာ လူထုကြီးကို မိန့်ခွန်းခြွေနေသော ဗိုလ်ချုပ် စသည်သည်ပေါ့၊ အခုတော့မြန်မာနိုင်ငံတွင် ဗိုလ်ချုပ် မိန့်ခွန်းခြွေနေဟန်ကို အဟောင်းဆိုင်တွင်ကြည့်ရန် မလိုတော့ပါတဲ့..၊

မန်းတောင်ခြေက ခြင်္သေ့ကြီးတွေနဲ့ အပြိုင်၊ ကျုံးရေပြင်ကြီးနဲ့ ယှဉ်လျှက်၊ နာရီစင်ကြီးကို ၀ိုင်းကြီးပတ်ခွေ လို့တစ်မျိုး၊ ညနေဈေးတန်းရဲ့ မီးမှိန်မှိန်အောက်တွင် အရောင်တောက်လျှက်တစ် ဖုံ၊ ကျောင်း သူ၊ ကျောင်း သားများရဲ့ ရင်ဘတ်နှင့် ကျောပေါ်စုံလို့ပါပဲ…၊ ပြန်တွေးကြည့်လိုက်တော့ ဗိုလ်ချုပ်ဆိုတာ အဟောင်းဆိုင်မှာ ထား ရမယ့် အရာမှ မဟုတ်တာပဲလေ..၊ 
အခုထိမြင်ယောင်နေမိပါသည်၊ အပြစ်ကင်းပြီး အားမာန် အပြည့်နှင့် ခပ်တောင့်တောင့်ကြီးရပ်နေတဲ့ ဗိုလ်ချုပ်ကို..။

Buddhist academyက အောင်လက် မှတ်ပေးတော့ မစိုးရိပ်တိုက်သစ် အဓိပတိဆရာတော် ဦးရာဇဓမ္မာဘိဝံသမှ ဆရာကြီးဇော်ဂျီ၏ သင်သေသွားသော်ကို ရွတ်ပြပြီး..

“ဒီကဗျာကို ဆရာကြီးရေးတော့ ဒို့နိုင်ငံလွတ်လပ်ရေး မရသေးဘူး၊ မျှော်မှန်းခဲ့တာကြာပေါ့၊ အခုဖြစ်ပြီလား၊ ဦးဇင်းတို့ ကဗျာ ထဲကအတိုင်း မဖြစ်သေးဘူးနော်၊ အားထုတ်ပြီးစာကို တတ်အောင်သင်ကြပါ၊ ပြီးရင် စာနဲ့ တိုင်းပြည်ကို ထွန်းပြောင်အောင်လဲ လုပ်ကြရဦးမယ်”။ မူရင်းကဗျာတွင် အဆုံးပိုဒ်တွင် “ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း”ဟုရှိသည်၊

ဆရာတော်မှ “ရွှေရောင်ဝင်းလျှက် ကျန်စေသတည်း”ဟု သြ၀ါဒတွင် ထည့်သွင်းရွတ်ဆိုသွားသည်ကို အမှတ်ရ နေမိ ပါသည်။ 



ပြည်ပနိုင်ငံသို့ ထွက်ခွာပြီး နိုင်ငံတကာ တက္ကသိုလ်ကြီးများတွင် တက်ရောက်သင်ယူလိုသော စိတ်ဆန္ဒ သည် ဘ၀အချိုး အကွေ့ကို ဖြစ်စေခဲ့သည်၊ ထိုစဉ်က Buddhist academy သည် ပြည်ပနိုင်ငံ တက္ကသိုလ်တစ်ခုသို့ တက်ရောက်ခွင့် မရသေးပါ၊ ယခုကာလ ပြည်ပနိုင်ငံများတွင် Buddhist academy
( Buddhist university) မှကျောင်းသားများသည် ငါးဆယ်ကျော်လောက်ပင်ရှိနေပြီဟုသိရသည်။

‘ဦးဇင်လေးး ပါရာဇိကဏ်စည်းမျဉ်းဆယ်ချက်ပြောပြစမ်းပါ’၊

တစ်၊ အနက်ပေး၊
နှစ်၊ ကျမ်းတက်၊
သုံး၊ ၀ါကျခွဲ..

‘တော်ပြီရပြီ  ကိုယ်တော်လေး’၊

တက္ကသိုလ်တွင် ရေးဖြေတစ်ရက်၊ နှုတ်ဖြေတစ်ရက်ဖြေကြရသည်၊ ရေးဖြေအောင်လျှင် နောက် တစ်ရက်တွင်
နှုတ်ဖြေ ဖြေကြရသည်၊ နှုတ်ဖြေနေ့က အထက်ပါအတိုင်း လူပုဂ္ဂိုလ်တစ်ယောက်နှင့် ဌာနမှူး ဆရာတော်နှစ်ပါးမှ မေးခွန်းကိုယ် စီမေးကြပါ သည်၊ ဖြေဆိုသူ စာဖြေရှင်က ရလောက်သည်ထင်လျှင် ဆက် မမေးကြပါ၊

အမှတ်ရနေပါသည်၊ ဆရာတော်တစ်ပါးမှ “ဦးဇင်း တို့တက္ကသိုလ်က အင်္ဂလိပ်စာသင်ရတယ်၊ အေ ဘီ စီ ဒီ ရော ရေးတတ်လား”၊
တင်ပ၊

Buddhist academy တွင် ပူပူနွေးနွေးသင်ခဲ့တာလေးတွေတော့ ရွတ်ပြလိုက်မယ်ကြံတုန်း..

ပေါရိသျံကို ဉာသ်ကောက်ပြစမ်းပါတဲ့..၊

“ဘုရား..”၊

အဲဒီဘုရားဆိုတဲ့ အသံနည်းနည်းကျယ်သွားတယ် ထင်ပါသည်၊
စိတ်ကြံကြံ ထားတဲ့ ပါးစပ်ထဲက အေ ဘီ စီတွေထွက်မကျအောင်မနည်းထိန်းလိုက်ရပါသည်၊
မေးတဲ့သူဆိုတော့လဲ မေးကြတာပါ၊ ဘာမှကိုမဆိုင်ပါ၊ တက္ကသိုလ်ဝင်တန်းစာဖြေရှင်များသတိထားရန်ဖော်ပြ လိုက်သည်၊ အကွက်စုံအောင်ကြည့်ထားပါ၊

အဲလိုကောက်ကာ ငင်ကာဝင်လာတဲ့  မေးခွန်းတွေကို အနိုင်နိုင်ဖြေရင်းနဲ့ နန်းရှေ့ရပ်ကိုရောက်ခဲ့သည်၊
တက္ကသိုလ်ကြီးထဲဝင်လိုက်တော့ စိမ့်ကနဲ့နေသည်၊ အရှိန်အ၀ါကြီးလှပါလားလို့လဲ စိတ်ထဲတွေးနေမိပါသည်၊ တက္ကသိုလ်ကြီးကို ထူထောင်တော်မူသော မင်းကွန်း ဆရာတော်ကြီး၏ ရုပ်တုတော်ထားရှိရာ စံကျောင်း ဆောင်သည် ရွှေရောင်ပြေးလျှက်ရှိသည်၊

ဘယ်ဘက်ခြမ်းရှိ အဆောင်( ၂) ကိုလိုက်ရှာရသည်၊ မန်း သာသနာ့ တက္ကသိုလ်ကျောင်းသား ဘ၀တွင် အဆောင်( ၂) အခန်း ၁၉ တွင်နေခွင့်ရသည်၊ ရောက်ခါစဆိုတော့ ကျောင်းသားချင်းပင် လန့်နေကြသည်၊ အရပ်မြင့်ပြီး ဂိုက်ကောင်းလျှင် ဆရာမှတ်ပြီး လက်အုပ်လေးချီ ဦးညွတ်ပြီး တလေးတစားရှိနေရသည်၊ သူလဲ အဆောင်လိုက် ရှာနေသည်ဆိုသဖြင့် ကျောင်းသားသစ်မှန်းသိရသဖြင့် မလုံမလဲဖြစ်ရသည်၊ ထိုအဖြစ်မျိုး ကိုယ်မှာသာဖြစ် သလားမေးကြည့်တော့သူတို့လဲ ဖြစ်တာပါပဲတဲ့၊ နောက်တော့ ထိုဖြစ်ရပ်များသည် စာသင် ခန်း၌ ဆရာ မလာသေးခင် ရည်စရာဖြစ်နေတော့သည်၊ ရှိပါသေးသည်၊

မန်း သာသနာ့တက္ကသိုလ်ကြီးသည် မြောက်ဘက်တွင် အဆောင် ၁ မှသည် အဆောင် ၁၂ တိုင်အောင် တညီ တညာတည်းရှိသည်၊ လေးဆောင်တစ်တန်းဖြစ်သည်၊ တောင်ဘက်တွင် အဆောင် ၁၃ မှသည် အဆောင် ၂၂ အထိ ဆယ်ဆောင်ရှိသည်၊ စာသင်ခန်းမှ အပြန် အဆောင်ပျောက်သောကျောင်းသား များရှိသည်၊

အဆောင်မှား တက်တတ်ကြသည်၊ ခါးတွင် ပါသောသော့နှင့် အကြိမ်ကြိမ်လှည့်ဖွင့်ရာ မပွင့်သဖြင့် သေချာ ကြည့်မှ အဆောင်မှားတတ်မိခြင်းဖြစ်ကြောင်း သိရသည်၊ ရှက်ရှက်နှင့်ပြန်ဆင်းသည့် ဖြစ်ရပ်များ ကျောင်းဖွင့် ခါစ တွင်ကြားရလေ့ ရှိသည်၊ ပထမခြောက်လပတ် ဖြေခါနီးတွင် ခရေတောကို ခြေဆန့်နိုင်ပြီ၊ မန်းတောင်တော်သို့ ဘိုးဘိုးကြီးစောင်းတန်း၊ ခြင်္သေ့ကြီး နှစ်ကောင်စောင်းတန်း၊ သစ်ဆိမ့်တိုက် ဘက်နေ တက် သော အနောက် စောင်းတန်း၊ ရွှေကျင်တိုက်မကြီးဘက် ကနေတက်သော မြောက်စောင်း တန်းစ သည်ဖြင့် စောင်းတန်း အစုံက တက်ဖူးပါသည်၊ 



တစ်ခုသော ဆောင်းတွင်ဖြစ်သည်၊ ရွှေကျင်တိုက်မကြီးဘက်နေ မန်းတောင်တော်သို့ တက်ကြ သည်၊ တောင်ထိပ်အရောက်တွင် စောင်တန်းများမှ မဆင်းပဲ တောလမ်း အတိုင်းဆင်းလာရာ တောင်ခြေသို့ မရောက် ပဲ လက်ညှိုးထိုဘုရားကြီး နားသို့ရောက်လာသည်၊ ထိုမှဆက်ကာ ဘိုးဘိုးကြီးစောင်းတန်းဘက် ကနေ တက္ကသိုလ်ပြန်ရောက်သည်၊ ထိုနေ့သည် အပင်းပန်း ဆုံးနေ့တစ်နေ့ဖြစ်ခဲ့ရသလို မိတ်ဆွေ များနှင့် တောနင်း ပြီးပျော်ခဲ့ရဖူးပါသည်၊


အတန်းတင်စာမေးပွဲဖြေလုလု သီတင်းကျွတ်ခါနီးသည် ဘယ်သင်းနဲ့မှ မတူအောင် လွမ်းစရာကောင်းသည်၊ ကုသိုလ်တော်ဘုရားဝင်း အတွင်းက ခရေပင်တို့သည် ပွင့်ကျန် ပန်းခရေတို့ကို လေနဲ့အတူ သင်းပျံ့စေ သည်၊ ရွက်ခြောက်တောကို ဖြတ်တိုက်လိုက်သော လေခပ်ကြမ်းကြမ်းသည် အသည်းငယ်တတ်လျှင် လိပ်ပြာ လွင့်နိုင် သည်၊ 

ဘုရားစေတီမှ ဆွဲလည်းသံ ချိုချိုသာ မရှိပါမူ ရူးသွားနိုင်သည်၊ ခရေရွက်ခြောက်တောတွင် ပွင့်ကျန်ပန်း ခရေ ကောက်ရင်း စာငြင်းရသည်မှာလဲ လွမ်းမောစရာပင်ဖြစ်သည်၊
မန်း မြေတွင် ခရေတို့ ဝေတစ်ချို့၊ ကြွေတစ်ချို့၊ မခို့တရို့၊ ညှို့သလို့ဖြင့် လှနေဦးမည်မှန်း သိပါသည်။