Pages

Tuesday, July 26, 2011

ဆရာ့ နီတိ

မန္တလေးမြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် ပါဠိဌာနဟုရှိသည်၊ အထောက် အကူပြု ဘာသာရပ်ဟုဆိုသော်လဲ အဓိကဘာသာရပ်ကြီးများဖြစ်သော ၀ိနယပိဋက မဟာဌာန၊ သုတ္တန္တပိဋက မဟာဌာန၊ အဘိဓမ္မပိဋက မဟာဌာနတို့ကဲ့သို့ အထူးပြု လေ့လာရသောဌာနတစ်ခုပင်ဖြစ်ပါသည်၊ 

တက္ကသိုလ်ကျောင်းသား စာသင်သား ရဟန်းတော်များသည် ဘာသာရပ်ခုနှစ်ခုရှိသည်ဆိုသော်ငြားလဲ ၀ိနယပိဋက မဟာဌာနနှင့် ပါဠိဌာနသည် ပြောစမှတ်ပြုရလောက်အောင်ခက်ခဲသော ဌာနများဖြစ်ပါသည်၊ ထိုမဟာဌာန မဟုတ်ပါပဲလျှက် ခက်ခဲသော ပါဠိဌာနများတွင် ယခုလက်ရှိ တာဝန်ယူသင်ကြားပေးနေသော ဌာနမှူးမှာ မြန်မာနိုင်ငံ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ ပထမဆုံး အောင်မြင်သော မြန်မာဒေါက်တာဘွဲ့ရ ဆရာတော်များဖြစ်ပါသည်၊ 
သာသနတက္ကသီလ ဓမ္မပါရဂူ ( Ph.D) ဟုခေါ်တွင်သည်၊

ဆိုပါ ပါဠိဌာနတွင် ပါဠိဘာသာကို သာမက ဟင်ဒီ( Hindi) သက္ကတ ( Sanskrit) နှင့် အတူ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ရှေးဟောင်းသဒ္ဒါကျမ်းများကို လေ့လာရပြန်သည်၊

ဥပမာ သဒ္ဒနီတိကျမ်း- မြန်မာရဟန်းတော် စီရင်ရေးသားပြီး နိုင်ငံခြားသို့ တင်ပြစစ်ဆေးခံထားသောကျမ်း ကိုလဲ အရိပ် အမြွက် သင်ယူရသည်၊ ကစ္စည်း သဒ္ဒါကျမ်း၊ မောဂ္ဂလာန် သဒ္ဒါကျမ်းတို့ အပြင် ဗာလ၀တာရကျမ်း စသည်တို့က်ုလဲသင်ယူရသည်၊ 

ထူးခြားချက်မှာ ဆိုပါ ဘာသာရပ်များကို ရေးနေကျမြန်မာ အက္ခရာများမသုံးပဲ Roman ရေးသားနည်း၊ ဒေ၀နာဂရီခေါ်သော အိန္ဒိယနိုင်ငံသုံး အက္ခရာများနှင့် ရေးသားရခြင်းသည် အခက်အခဲ တစ်ခုဖြစ်သည်၊ ဖြေဆိုရသော အခါတွင်လဲ ဆိုပါ အက္ခရာများကို သုံးပြီးဖြေဆိုရခြင်းဖြစ်သည်၊ ထိုသို့လော့လာလိုက်သဖြင့်-

ပါဠိပုဒ်ကို သိရသလို၊ သက္ကတပုဒ်ကိုလဲ သိရသည်၊ နောက် ဆိုပါ ဘာသာရပ်နှစ်ခုကို နှိုင်းယှဉ်ပြီးလေ့လာရပြန်သည်၊
ဥပမာ အိန္ဒိယနိုင်ငံတွင် ထင်ရှားသော အမျိုးလေးပါးတို့ကို လေ့လာရာတွင် သူတို့ အဆိုအရ လူတန်းစားတွင် ပထမဆုံးဖြစ်သော Brahma ( ဗြာဟ္မာ) အသံထွက်ရာတွင် ဆိုနေကျ အသံမျိုးဖြစ်သော ဗြန်မာဟုမဆိုရပဲ သက္ကတ အသံ( ကမ္ဘာသုံးအသံဖြင့်) ဗရဟမာဟုရွတ်ဆိုရသည်၊

ထိုကဲ့သို့ ရွတ်ဆိုရသောကြောင့် အသံအခက်အခဲရှိရာ ‘ မြန်မာအက္ခရာများကို international အသံဖြင့် ရွတ်ဆိုကြည့်ချင်ရင် ဟင်ဒီ ကုလားတစ်ယောက်ဆီ နည်းခံသင့်သည်’ဟု မြန်မာနိုင်ငံတွင် ကိုယ်ပိုင် တက္ကသိုလ်ထူထောင်ပြီး ပါဠိ၊ သက္ကတ၊ အင်္ဂလိပ်သင်ကြားပေးနေသော ပါမေက္ခချုပ် တစ်ယောက်က ပြောဖူးပါသည်၊

မြန်မာ အက္ခရာ မူရင်းသည် အိန္ဒိယတောင်ပိုင်းမှ ဖြစ်သည်၊ မြန်မာနှင့် သီရိလင်္ကာတို့ အက္ခရာများ တူကြသည်၊ ခတ္တိယ-မင်းမျိုးကို (Ksatriya) ဟုဆိုရသည်၊ ကရှတရိယဖြစ်သည်၊ ဝေဿ-ကုန်သည်မျိုးကို( vaisya) ၀အိဆယ ဟုဆိုရသည်၊ သုဒ္ဓ- ဇာတ်နိမ့်၊ ကျေးကျွန်းများကို ( Sudra) ဆူဒရ ဟုခေါ်ရသည်၊ ပါဠိနှင့် သဘောသွားတိုက်ဆိုင်ပုံကို လေ့လာရာတွင်

ခတ္တိယ၊ ksatriya၊
Ks-ကို kkhသို့ပြောင်းရသည်၊ ပါဠိတွင် အစ၌ ဗျည်းနှစ်လုံး လက်မခံသောကြောင့် k ကို ချေရသည်၊ ပယ်ထားရသည်၊ tr ကို tt သို့ပြောင်းရသည်၊ ပါဠိအသုံးအနှုံးတွင် ၀ဂ်ဗျည်း၊ အ၀ဂ်ဗျည်း ပူးနေရာတွင် ၀ဂ်ဗျည်းသို့လိုက်ပြီး ပုံစံတူပြုရသည်၊

tသည် ၀ဂ်ဗျည်းဖြစ်သည်၊ r ကား အ၀ဂ်ဗျည်းဖြစ်သည်၊
ပါဠိပုဒ် ခတ္တိယဖြစ်လာသည်၊

ထို့အတူပင် vaisya တွင်လဲ သက္ကတvaiသည် ပါဠိတွင် eသို့ပြောင်းရသည်၊ syကို  ss သို့ပြောင်းရသည်၊ ပါဠိပုဒ် ဝေဿဖြစ်လာသည်၊ အလားတူပင် သုဒ္ဓ၊ sudraတွင် drသည် dd သို့ပြောင်းလိုက်သောအခါ ပါဠိပုဒ် သုဒ္ဓဖြစ်လာသည်၊

မြန်မာနိုင်ငံရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးမျာသည် ပြည်ပသို့ ထွက်ပြီး ပညာဆက်လက်သင်ယူကြမည့် မြန်မာ ရဟန်းတော်များ အတွက် မရှိ မဖြစ်လေ့လာသင်ယူရမည့် ဌာနကြီးတစ်ခုဖြစ်ပါသည်၊

ယခု စာရေးသူသည် အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်တွင် ph.dဖြေဆိုဖို့စောင့်ဆိုင်းလျှက်ရှိသည်၊ စာသင်ခန်းများသို့ မကြာခဏ   ရောက်ဖူးသည်၊ ပါမေက္ခများပို့ချပေးနေသာ ဘာသာရပ်များတွင် မကြာခဏကြားနေရသည်မှာ ကမ္ဘာသုံး အသံဖြင့် ပါဠိပုဒ်များကို အသံထွက် ရွတ်ဆိုပြကြခြင်းဖြစ်သည်၊ မြန်မာရဟန်းတော်အချို့သည် အထက်ပါ နည်းစနစ်မျိုး မသင်ကြားခဲ့ရသဖြင့် အခက်အခဲ တစ်ခု ဖြစ်နေတတ်သည်၊ ဘာပြောမှန်းမသိ၊ သို့သော် ကြားဖူးသလိုလိုလဲရှိ၊ သိသလိုလိုဖြစ်နေတတ်သည်၊

ဥပမာ သက္ကတပုဒ် dharma- ပါဠိ dhamma၊ karma- ပါဠိ- ကမ္မ၊ Gautama-ပါဠိ gotama၊ yasodara-ကို မြန်မာလို အသံမထွက်ပဲ ယဆောဒရာ၊ asoka၊ ashokaကို မြန်မာလို အသောကဟု မထွက်ရပဲ အဆောက၊ အရှောက၊ ဟုပြောဆိုပို့ချခြင်းဖြစ်သည်၊

မန္တလေးမြို့၊သာသနာ့တက္ကသိုလ်ရှိ ပါဠိဌာနသည် ကျောင်းသားများ အတွက် အရေးပါ အရာရောက်သော ဌာနကြီးတစ်ခုဖြစ်သလို ပို့ချပေးသောဆရာကိုလဲ ကြောက်ရသောဌာနတစ်ခုဖြစ်သည်၊
လက်ရှိ ဌာနမှူး ဆရာတော် ဒေါက်တာ ဉာဏိန္ဒ( m,a၊ ph.d ဓမ္မပါရဂူ)၏ စကားကို အမှတ်ရမိသည်၊

‘အခု တပည့်တော်ပြောပြီးသမျှ အကုန်စာမေးပွဲပြဌာန်းပါတယ်၊ ရွေးပြီးပေးတာမျိုး မရှိပါဘူး၊ အချိန်ရှိတုန်း လုပ်ထားပါ၊ ပြီးမှ ‘ဆင့်…..ခွေးမျှော်လုပ်တာမျိုးလက်မခံပါဘူး’၊
ဟုပြောပြီးဆင်းသွားတတ်သည်၊ 

တပည့်များ ထုံးစံအတိုင်း ဆရာတော် စာသင်ခန်း အပြင် ခပ်လှမ်းလှမ်းရောက်လျှင် မေတ္တာပို့သံ သဲ့သဲ့ကြားရတတ်သည်၊
ခွင့်လွှတ်ပါဆရာရှင်………..။

ကပ် ခွာ

မြန်မာစကားတွင် နေ့စဉ်သုံးလိုဖြစ်နေသော စကားပုံလဲဖြစ်၊ နီတိလဲဟုတ်၊ လမ်းညွှန်လဲဆိုနိုင်သော စကားများ လူကြီးမိဘများ အထံမှကြားရတတ်ပါသည်၊

ထိုစကားစုလေးမှာ  ‘စိတ်ပေါင်း ကိုယ်ခွာ နဲ့ ကိုယ်ပေါင်းစိတ်ခွာ’ ဖြစ်ပါသည်၊ ရပ်ကွက်ထဲတွင် အတူနေရသောကြောင့် အိမ်ချင်းလဲနီး လုပ်ဖော်ကိုင်ဖက်ဖြစ်သောကြောင့် နေ့စဉ်လဲမြင်နေရသော အတူနေလူများနှင့် တွေ့ရတတ်ပါသည်၊ သို့သော်သူတို့နှင့် မတူသည်မှာ စိတ်ဓာတ်ရေးရာဖြစ်ပါသည်၊ မိမိတို့က သူများအကျိုးဆောင်လိုသည်၊ ကူညီမှုပေးချင်သည်၊

သို့သော် အိမ်နီးဖော်က ‘ရသမျှ မျှသည်၊ ဝေသည်မရှိ၊ ရသမျှ ထဲ့လိုသည’့် စိတ်ထားမျိုးရှိမည်ဆိုပါလျှင် လူကြီးမိဘများက သားသမီးများကို ပြောဆိုဆုံး တတ်ကြသည်၊

'ကိုယ်ပေါင်းစိတ်ခွာပေါ့လေတဲ့'

အိမ်ချင်းနီးလို့၊ တစ်ရပ်ကွက်ထဲ အတူနေရလို့၊ စီးပွားရေး လမ်းကြောတူလို့၊ မဖြစ်မနေပေါင်းသင်းနေရပေမယ့်လို့ စိတ်ချင်းက မနီးပြန်သောကြောင့် မိဘများက အထက်ပါ စကားမျိုး ပြောတတ်ကြခြင်းဖြစ်ပါသည်၊ လူ့အသိုင်း အ၀ိုင်းထဲ လူဖြစ်လာသောကြောင့် လူနှင့်   ပေါင်းရသည်မှာ မလွှဲမရှောင်သာသော်လဲ လောက အကျိုး၊ သံသရာ အကျိုး မရှိလျှင် ကိုယ်ပေါင်း စိတ်ခွာ လုပ်ကြရမည်မှာ မလွဲမသွေ ကိစ္စသာ ဖြစ်ပါသည်၊

သို့မှသာလဲ လောကကြီးတွင် အဆင်ပြေမည်ဖြစ်ပါသည်၊ လူသားအားလုံးနှင့် ပေါင်းသင်းတတ်ရမည်၊ စိတ်နဲ့ပေါင်းမလား၊ ဒါမှမဟုတ် ကိုယ်နဲ့ပေါင်းမလား၊ ဒါပဲရှိပါသည်၊

မိမိတို့ကိုယ်တိုင်မြင်တွေ့ခွင့်မရခဲ့ကြသော လူများ အများ အပြားရှိပါသည်၊ ထိုမတွေ့လိုက်ရဖူးသော သူများသည် စိတ်ဓာတ်ရေးရာအားဖြင့် စံထားထိုက်သူများဖြစ်နေပါလျှင်၊ နောက်လာနောက်သားများ အတူလိုက်ကျင့်နိုင်ငံစေရန် စံထားထိုက်သူများကို ပုံပြပြီး မိဘများက ပြောဆိုဆုံးမကြပါသည်၊

ဥပမာအားဖြင့် လသာညများဆိုလျှင် အိမ်ကြမ်းပြင်တွင် အမေက ပုံပြင်များပြောတတ်ပါသည်၊ ပုံပြင်ထဲတွင် လူဆိုးလူမိုက်ပါသည်၊  ဇာတ်လိုက်လဲပါသည်၊ ဇာတ်လိုက်သည် လူမိုက်၏ ကောက်ကျစ်လိမ်လည်မှုမျိုး ခဏခဏခံရတတ်သည်၊ နောက်ဆုံးတွင် ဇာတ်လိုက်ကသာ အောင်ပွဲခံပြီး အနိုင်ယူခဲ့သည်၊ 

အများအားဖြင့်အမေပြောသောပုံပြင်များသည်ဘုရားဖြစ်တော်စဉ်များ ဖြစ်ကြောင်းနောက်မှ ကောင်းကောင်း သိရသည်၊ စိတ်ဆိုး စိတ်ညစ်မဖြစ်စေပဲ အနစ်နာခံသော သူမှာလဲ ဘုရား အလောင်းတော်ဖြစ်ပါသည်၊ ဒေါသကြီးကြီးဖြင့် အတိုက် အခိုက်လုပ်တတ်သူမှာ ဘ၀ပေါင်းများစွာ ဆိုးပေတေလာသော ရှင်ဒေ၀ဒတ်ဖြစ်ပါသည်၊

အဆုံးကောက်ချက်တွင် သည်းခံခြင်းကို ကျင့်ရမည်ဟူသော လမ်းညွှန်မှုမျိုးပေးပါသည်၊ ဘုရား အလောင်းတော်ကို စံထားပြီး ကိုယ်ခန္ဓာချင်း မနီးခဲ့သော်လဲ စိတ်ဓာတ်အားဖြင့် နီးစပ်နိုင်အောင် ပုံပြဆုံးမခြင်းများဖြစ်ပါသည်၊

ဘုရားရှင်ကို လူသားများတွင် ဘယ်သူမှ မမြင်လိုက်ရဖူးကြပါ၊ ဘုရားသားတော် ရဟန်းတော် ရဟန္တာကြီးများဖြစ်ကြသော ရှင်သာရိပုတ္တရာ၊ ရှင်မေဂ္ဂလာန်၊ ရှင်အာနန္ဒာတို့ကိုလဲ မမြင်ဖူးလိုက်ကြပါ၊ သို့သော် ရွာဦးကျောင်းရောက်သော အခါ ဘုရားရှင်ဂုဏ်တော်အပွားခိုင်းသည်၊

ရှင်သာရိပုတ္တရာလို သည်းခံနိုင်စွမ်း မွေးမြူပေးသည်၊ ရှင်အာနန္ဒာ၊ ရှင်ရာဟုလာတို့ကို စံထားပြီး ဆရာသမားများက ဆုံးမသြ၀ါဒပေးကြသည်၊ ကိုယ်ကွာနေပေမယ်လို့ စိတ်ပေါင်းခိုင်းနေခြင်းဖြစ်သည်၊

မူလတန်းကျောင်းသားလေးကို နိုင်ငံခေါင်းဆောင်ကြီးများဖြစ်သော အနော်ရထားမင်းနှင့် သူ၏ လုပ်ရပ်များကို ပုဂံပုံရိပ် ထိုးပြပြီး စိတ်ဓာတ်ကူးစေသည်၊   
ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်တို့ကို သူတို့ရဲ့ စိတ်ဓာတ်များနှင့် ဆောင်ရွက်ချက်များကို ရင်တွင်းသို့ ရောက်အောင်သင်ပြပေးနေခြင်းသည် 

‘ကိုယ်ကွာနေပေမယ့်၊ စိတ်ပေါင်း’ခိုင်းနေခြင်းပင်ဖြစ်သည်၊   
 လှပသော သမိုင်းကို ရင်ဝယ်ပိုက်တတ်အောင် သင်ပေးနေခြင်းဖြစ်သည်၊

မိဘ ဆရာသမားများက တပည့်၊ သားမြီး( မြေး) အပေါ် လောက အကျိုး၊ သံသရာ အကျိုး ရှိမည်ဆိုလျှင် မြန်မာနိုင်ငံသားမှ မဟုတ်၊ ကမ္ဘာ အရပ်ရပ်က မည်သည့် နိုင်ငံသားမဆို သူတို့၏ စိတ်ဓာတ်များ၊ လုပ်ရပ်များ၊ အတုယူ ကျင့်သုံးချင်လာအောင် ပြောပြနေခြင်းသည် စိတ်ပေါင်းခိုင်းနေခြင်းပင်ဖြစ်သည်၊
စိတ်ပေါင်းကိုယ်ခွာလေးပေါ့၊ 
ကိုယ်ကွာလို့လဲပြောနိုင်မယ်ထင်ပါသည်၊

လောကတွင် လူတစ်လုံး၊ သူတစ်လုံးဖြစ်ဖို့အတွက် ကပ်၊ ခွာလေးတော့ နားလည်ထားသင့်သည်၊
ပစ္စုပ္ပန်၊ တမလွန် နှစ်ခုလုံး အတွက်ပါ၊

ရပ်ပြောလေးတော့ ရပါတယ်

မိတ်ဆွေတစ်ဦးက    မေးပါသည်၊
အိန္ဒိယနိုင်ငံရောက်တာကြာပြီလားတဲ့၊
သိပ်မကြာသေးပါဘူး၊
ကုလားစကားရော ပြောတတ်ပြီလား၊
ရပ်ပြောတော့ရပါတယ်၊
ထိုင်ပြောတော့ မရသေးပါဘူး၊ 
 
‘ကိုယ့် လူပြောတာနားမလည်ဘူး၊ ဘာလဲ ရပ်ပြော ထိုင်ပြော၊ နားမရှင်ဘူး’
လို့ အထွန့်တက်ပါတယ်၊   

ဒီလို ရှိတယ်၊ တို့မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အများကြီး ရှိတယ်၊
မြန်မာစကားကောင်းကောင်းတတ်တဲ့ တိုင်းရင်းသားလဲရှိပါတယ်၊ 

တစ်ချို့ကြတော့ မြန်မာစကားကို ကောင်းကောင်း မပြောတတ်ကြဘူး၊ တစ်ခါတုန်းက တိုင်းရင်းသား တစ်ယောက် ထင်းထမ်းပြီး ရွာကို ပြန်လာတာ လမ်းမှာ စစ်ဆေးရေးတွေ့နဲ့တွေ့တော့ စစ်ကြပါတယ်၊ ဘယ်ကလာတာလဲ၊ ဘာလုပ်သလဲ၊ ဘာအတွက်လဲ၊ အဖေဘယ်သူလဲ၊ အမေဘယ်သူလဲ မေးကြပါတယ်၊

နောက်တော့ မေးခွန်းတွေက နိုင်ငံရေးလုပ်သလား စသည်ဖြင့်ဆက် မေးပါတော့တယ်၊
ဒီမှာတင် တိုင်းရင်းသားကြီးက စစ်ဆေးရေး အရာရှိကို ပြောလိုက်ပါတယ်၊

‘ဟေ့ ငါ့လူရေ၊ ငါမြန်မာစကားကို ရပ်ပြောပဲရတယ်၊ ထိုင်ပြောမရသေးဘူး၊ သွားလိုက်ဦးမယ်’တဲ့၊

‘ကိုယ်လဲ အဲလိုပဲ ကုလား စကားရပ်ပြောတော့ရပါတယ်၊ ထိုင်ပြောမရသေးပါဘူး၊

Wednesday, July 20, 2011

အနောမာ လမ်းခွဲ


အလောင်းတော်သိဒ္ဓတ္တမင်းသားကို နီပေါနိုင်ငံတွင် ဖွားမြင်သည်၊ ဖခင်မှာ သကျလူမျိုးတို့၏ အရှင် ဘုရင်သုဒ္ဓေါဓနမင်းကြီးဖြစ်၏၊ မယ်တော်က မဟာမာယာဒေ၀ီဖြစ်ပါသည်၊ ယနေ့နီပေါနိုင်ငံတွင် သုဒ္ဓေါဓနဟူသော အမည်မှာ တွေ့ရခဲသော်လည်း မာယာဒေ၀ီ အမည်ကိုတွေ့ပါသေးသည်၊

ဆရာကြီး ဒေါ်ဓမ္မ၀တီ(သမီးချစ်) ၏ အသက် ၇၇ နှစ်မြောက်မွေးနေ့ကို တက်ရောက်ခဲ့ရဖူးသည်၊ လုမ္ဗိနီတောက ဖွားတော်မူရာနေရာမှာ မြန်မာနိုင်ငံက သံဃာတော်များ ဦးဆောင်ပြီး မွေးနေ့ပွဲကို ကျင်းပါတယ်၊ မြန်မာ ရဟန်းတော်များ ပဌာန်း ရွတ်ဖတ်ပူဇော်ကြပါသည်၊

မြန်မာသံစစ်စစ်ဖြင့် ရွတ်ဖတ်သံသည် လုမ္ဗိနီတောကို ပဲ့တင်ထပ်စေသည်၊ ညပိုင်းရောက်တော့ သကျတို့၏ ရိုးရာ အကများဖြင့် ရောက်လာသော နိုင်ငံတကာမှ ဧည့်သည်များကို  ဖျော်ဖြေပေးကြသည်၊ သကျတို့အက၊ သကျတို့ အလှ၊ သကျတို့ဟန်၊ သကျတို့အဆို၊ သကျတို့ တေးသည် အလောင်းတော် မင်းသိဒ္ဓတ်၏ အိမ်ရှေ့မင်းဘ၀ကို ပြေးပြီးမြင်ယောင်မိပါသည်၊

ပြီးတော့ မာယာဒေ၀ီ၊ မာယာဒေ၀ီဖြင့် ခဏခဏခေါ်သံသည် အတိတ်ကို ပိုပြီးနီးစပ်စေပြန်၏၊ အဲဒီညက မာယာဒေ၀ီ က ပြပါတယ်၊ သီချင်းလဲ ဆိုပြပါသည်၊ လက်ခုပ်သံတွေ အလည်မှာ မာယာ မမောတမ်း အသုံးတော်ခံ တင်ဆက်သွားပါတယ်၊ လ၀န်းကြီး တော်တော်ယွန်းသွားမှ နဖူးဆံစမှာ ချွေးများသီးလျှက် ကန့်လန့်ကာနောက်ကွယ် ၀င်သွားတာတွေ့လိုက်ရပါသည်၊ 

လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်က ဒီမြေ ဒီရေ၊ ဒီသကျတို့ အလည်မှာ မာယာဒေ၀ီက သားတော်တစ်ပါးဖွားပေးခဲ့ဖူးပါသည်၊ သကျတို့အစဉ် အလာကိုထိန်းသိမ်းပေးမည့် သူရဲကောင်း အဖြစ် အမေ အဖေတို့နှင့် အတူ တစ်နိုင်ငံလုံးက မျော်လင့်ကြသည်၊

ဘ၀ပေါင်းများစွာစစ်ကို မုန်းခဲ့သော မင်းသားသည် စစ်ကို ဖန်းတီနိုင်းသော ဘုရင်တစ်ပါးဖြစ်ဖို့ အရေးထက် ကမ္ဘာလောကကြီး၏ ဆင်းရဲဒုက္ခကို ဘယ်လိုကယ်တင်ရမည်ကိုသာ အတွေး ရောက်နေခဲ့လေသည်၊

အသက် ၁၆နှစ်မှာ အိမ်ထောင်ချပေးကြသည်၊ သူ့ခေတ်သူအခါက အလောင်းတော်မင်းသိဒ္ဓတ်၏ ဇနီး ယသောဓရာ လောက်ချောမောပြေပြစ်သူ မရှိပါဘူးတဲ့၊ သကျတို့က အလောင်းတော်ကို တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ ကမ်းလှမ်းလိုက်တဲ့ လက်ဆောင်မြတ်တစ်ခုပါ၊ နန်းတော်ထဲမှာ တရစ်ဝဲ၀ဲနဲ့ ၁၃ နှစ်ကြာလေ၏၊

တစ်ညချမ်း၊
လ၀န်းသာနေပါ၏၊
မိုးဦးကာလမို့ထင်ပါသည်၊
တစ်တောလုံးဝင်းလို့၊
ဖူးပုရစ်တွေလဲ စီတစ်ချို့၊
တစ်ချို့လဲ မိုးရေဒဏ်၊
လေဒဏ်များကြောင့် မြေသက်လို့၊
မြေပြင်ရောက်ပြီး အညှောက်ပင်ပြန်ပေါက်လို့
ဘ၀ အသစ်စနေသော ပင်ပျို၊
ပင်အို၊
ပင်စိမ်းစိုတို့က-
သဘာဝတရားကို ပုံဖော်ပြနေပါတယ်၊

လူတွေလဲ ဒီလိုပဲ ဆိုတာ မင်းသိဒ္ဓတ် သိလိုက်ပါပြီ၊ လမ်းပေါ်မှာ ပင်အိုနဲ့ တူတဲ့ လူတစ်ချို့ လဲနေသည်၊ တအီအီညီးတွားလို့၊

မြေသက်သွားတဲ့ ပင်အို ပင်ဆွေး ကြီးတွေလဲ တွေ့ခဲ့ဖူးပြီ၊ လောကဒဏ်ညှင်းချက်ကြောင့် မြေသက် လုလု ရမ်းခါ တိမ်းယိမ်းနေသော အပင်တို့ကား ကမ္ဘာကြီး အပြည့်၊ ပတ်ဝန်းကျင် အပြည့်တောင်ထင်မိပါသည်၊

မင်းသိဒ္ဓတ်ရင်ထဲ ပျို၊ အို၊ မြေခ၊ မတည်ငြိမ်သော မြင်ကွင်းတို့က ထင်ထင်ရှားရှားရှိနေဆဲမှာပင်၊

‘အိမ်ရှေ့စံ ကိုယ်တော်လေးဘုရား၊ 
အရှင့် မိဖုရား မယ်ယသော်က သားတော်တစ်ပါး ဖွားမြင်ကြောင်း သံတော်ဦးတင်ပါတယ် အရှင်’

အညှောင့်ပေါက်လာသော ဘ၀တစ်ခု၊
ရိမ်းထိုလှုပ်ရမ်းမေနမည့် တာရှည်ကာလ၊
ကြွေလုလု အနေအထား၊

‘တော်ပြီ၊ ဟိုတစ်နေ့က တွေ့ခဲ့ရတဲ့ ဆာဓူးကြီးလို တရားပဲရှာတော့မယ်’

‘ဆဲ့သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ 
စံတော်မူ၍၊ ရွယ်မူနြုဖိုး၊
နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ 
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ 
သံဝေပိုကာ၊ ၀ါဆိုလပြည့်၊ 
ကြားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်’

ကပိလ၀တ္တုထီးနန်းသည် နောက်တွင်ကျန်ခဲ့ကာ ဝေးသထက်ဝေးခဲ့ပြီ၊
မဇ္ဈိမဒေသကို ခရီးနှင်ခဲ့ပြီ၊ 
အလည် အလတ်လမ်းကို ရှာဖို့ဖြစ်တော့သည်၊
နောက်တစ်နေ့ အရုဏ်တက်တော့ အနောမာမြစ်ကို ရောက်ခဲ့ပြီ၊
အနောမာ၏ ဒီဘက်ကမ်းသည် မင်းစည်းစိမ်များဖြင့် ရောပြွမ်းသည်၊
အနောမာ ဟိုဘက်ကမ်းသည် ထီးနန်းစည်းစိမ် မရှိသော်ငြား စိမ်းလမ်းစိုပြေသည်၊
 အဆောင် အယောင်ကင်းကင်းဖြင့် မင်းစည်းစိမ်ထက်သာနေပါတော့၏။

‘ဆန္န၊ မင်း နန်းတော်ပြန်တော့၊ ငါပြန်မလိုက်တော့ဘူး’

ငယ်ကျွန်မောင်ဆန်သည် မျက်ရည်လည်ရွှဲဖြင့် နန်းရပ်ဆီသို့ ဦးတည်ပြီး ပြန်လေပြီ၊
မင်းသိဒ္ဓတ်သည် မောင်ဆန်ကို ကျောပေးပြီး ထွက်ခွာခဲ့ပြီ၊
သူတို့ နှစ်ဦးသည် ဝေး၍……ဝေး၍……မမြင်နိုင်တော့ပြီ။

Sunday, July 17, 2011

တိတ်ဆိတ် ညချမ်း


ညအခါ လ၀န်းသာ လွမ်းစရာတွေလဲရှိ၊
စမ်းချောင်းရေအေး စီးလေသေး၊
လ အရေး စမ်းရေ ထိ၊

ကျေးငှက်အော်မြည် ကြိုကြိုကျည်၊
အဖော်စုံလို့ အိပ်တန်းသီ၊
ညဉ်ယံလဲနက်ပြီ၊

စိန်ဇာခြယ်တဲ့ အဇဋာပြင်၊ မှိတ်တုတ်ကြယ်စုံဆင်၊
အာကာတစ်ခွင်ပြာရောင်မှုန်း၊
ဒီည အလှဆုံး။

ခွဲထားလို့ မဖြစ်နိုင်ပါ


ပရိယတ်နှင့်၊ ပဋိပတ်မကူ၊
ပဋိဝေဓ၊ မရထိုလူ၊
မဂ်ဖိုလ်တရား၊ ငြင်းငြားထိုသူ၊
အကန်းချင်း၊ လမ်းငြင်းတာနှင့်တူ၊

မန္တလေးမြို့၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်တက်ရောက်ရစဉ်က မှတ်မှတ်ရရ ‘ဗုဒ္ဓဒေသနာပြန့်ပွာရေးဌာန’က ကထိက ဆရာတော်တစ်ပါး ပြောပြဖူးတာလေးပါ၊ ဘုရား သာသနာတော်မှာက လေ့လာမှတ်သားမှု အပိုင်း၊ ကျင့်ကြံ အားထုတ်မှု အပိုင်း ဆိုပြီး နှစ်ပိုင်း ခွဲထားပါတယ်၊
ဗုဒ္ဓသာသနာတော်သို့ ရောက်လာသော မည်သူမဆို ပထမအဦးဆုံး-

 ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ’

ရွတ်ဆိုကြရသည်မှာ ထုံးစံတစ်ခုပါ၊ အသံထွက်မှန်မှန် ရွတ်တတ်အောင် ပထမဆုံး သင်ပေးရပါတယ်၊ အဖြတ် အတောက် အချီအချများကို ပြောပြရပါတယ်၊ ကလေးငယ်လေးများဆိုလျှင် ဘုရား ဆိုတာကို လက်ညှိုးထိုးပြပြီး တောင်မှပြောရပါတယ်၊ သူတို့လေးတွေ စိတ်ထဲ လေးစားထိုက်သော အရာအဖြစ် သိအောင် ပြရပါတယ်၊ ကိုယ်ကိုယ်တိုင်ကလဲ စံပြဖြစ်အောင် ပြုလုပ်ပြပြန်ပါတယ်၊ အပြောနှင့်သာ မဟုတ်ပဲ အလုပ်နဲ့လဲ သင်ရပါတယ်၊

နောက်မှ ဘုရားဆိုတာ ဘယ်လို ဖြစ်တယ်၊ ဘာကြောင့် ဘုရားဖြစ်တယ်၊ ဘယ်လိုလက် အုပ်ချီ စသည်ဖြင့် ပြောရပါတယ်၊ ပုံစံ မကျလျှင် ကိုယ်တိုင်ပင် လက်ထပ်ပြီး သင်ပေးရပါတယ်၊ ထပ်ခါထပ်ခါ ပြောပြပါများတော့ ငယ်ရွယ်သော ကလေးများ လူကြီးများ ဘုရားကြည်ညိုသည့်ဟန်ကို အတုလိုက်လာတတ်ပါတယ်၊ 
ကလေးငယ်များသည် စာဖြင့် သင်ယူရသည်ထက် အမြင်ဖြင့် သင်ယူကြသည်က များပါတယ်၊ တချို့ကလေးငယ်များ ရဟန်းတော်များကို လက်အုပ်ချီပြီး ရှိခိုးတတ်သည်ကို တွေ့ရပါတယ်၊

သီရိလင်္ကာနိုင်ငံ၏ ချစ်စရာမြင်ကွင်းများတွင်လေးစားထိုက်သော အလေ့တစ်ခုမှာ ကလေးငယ်များကို ဘာသာရေး အခမ်းအနားများတွင် ခေါ်ဆောင်လာတတ်ခြင်းဖြစ်ပါတယ်၊ ပြီးတော့ ကလေးငယ်များကို ပရိသတ်များ ရှေ့ထားပြီး နေရာပေးကြတယ်၊ လက်အုပ်ချီထားသော အမေအဖေတို့ကို ကြည့်ပြီး ကလေးများလဲ လက်အုပ် ချီကြပါတယ်၊ အဲဒီမြင်ကွင်းလေးကို မြင်တိုင်း ကြည်နူးရပါတယ်၊

တစ်ချို့ကလေးငယ်များ အရွယ်နှင့် မလိုက်အောင်ပင် ဘုရားရှိခိုးကို လူကြီးများနှင့် အတူလိုက်ပြီး ရွတ်ဆိုနိုင်ကြပါတယ်၊ ရေစက်ချပြီဆိုလျှင် မိဘ ကလေးလူကြီး မကျန် ရေစက်ခွက်ကို ကိုင်ကြရပါတယ်၊ ပြီးတော့ ညီညီညာညာလိုက်ပြီး ရွတ်ဆိုကြပါတယ်၊ အဲလို သင်ယူထားကြသော ကလေးများသည် ဘယ်နေရာမှာ တွေ့တွေ့ ရဟန်းတော်များကို လက်အုပ်ချီပြီး ရှိခိုးတတ်ကြသည်၊ မြင်ရတိုင်း ၀မ်းသာ ကြည်နူးမိပါတယ်၊

သင်ကြားပေးသော မိဘများနှင့် ဆရာသမားများကိုလဲ လေးစားမိပြန်ပါတယ်၊ သိအောင် အားထုတ်ကြတယ်၊ ပြီးတော့လိုက်နာ ကျင့်သုံးကြတယ်၊ အဖိုးအဖွားတို့ လက်ခံ ယုံကြည်ကိုးကွယ်ခဲ့တဲ့ အစဉ် အလာကို ဆက်လက် ထိမ်းသိမ်းခြင်းကြောင့် ငြိမ်းချမ်း တည်ငြိမ်ကြပါတယ်၊ သူတို့ လေးများ၏ အသွင် အပြင်က မြင်ရသူတွေကိုလဲ အေးချမ်းမှု ပေးနိုင်စွမ်းပါတယ်၊

သာသနာ့တက္ကသိုလ်မတက်မီ အနောက်ပြင်နေရစဉ်က နေ့လည်တစ်နာရီအချိန်တွင် မိုးကောင်းတိုက်သို့ သွားပြီး ရူပသိဒ္ဓိ စာဝါလိုက်ပါသည်၊
ထမင်းလုံးစီချိန်မရပါ၊ ကျောခင်းချိန်မရပါ၊

‘တစ်ရေးနိုးသော် အကြံပေါ် ၊
ပေါ်သည့်အကြံ တစ်သိန်းတန်တဲ့၊ 
တစ်သိန်းတန် အကြံပေါ်ရေး၊ 
ထိုတစ်မှေး ကွေးလိုက်ဦးမှ ကွေးလိုက်ဦးမှ” 
ဆိုသော စာချိုးဖျက်တော့သည်၊

နွေနေသည် ပူပြင်းလှသည်၊ နေ့ခင်းနေရှိန်သည် မြေပြင်သို့ ထိုးစိုက်ကျပြီး ပြန်လည် အပူရှိန်ဟပ်သောကြောင့် တငွေ့ငွေ့ ခံစားရသည်၊ မျက်စိများ ကျိန်းစပ်သည်၊ နေ့ခင်းဆွမ်းစာပြီးစ အချိန်ဖြစ်၍လဲ စိတ်များလေးလံထိုင်းမှိုင်းနေတတ်သည်၊
သို့သော် စာဝါမီဖို့အရေး အပြေးအလွှား သွားရပြန်သည်၊

‘များများသင်၊ မြန်မြန်သင်၊ မမေ့စေနဲ့၊ မမှားအောင် လုပ်’ စသည်ဖြင့် စာဝါလိုက်ဖို့ အရေး  တိုက်တွန်းအားပေးတတ်သော ဆရာသည် စာဝါမှန် မမှန် လိုက်လံ ကြည့်ရှုတတ်သည်၊ ‘သင်ထား မှမောင်ရင်တို့ရေ၊ နောက်တော့ ကျင့်ကြံတတ်တယ်၊ ဘာမှ မသင်ရင် သူများ ပြောသမျှ ခေါင်းညိတ်ရတတ်တယ်”

လေ့လာခြင်းက ကျင့်ကြံခြင်းကို အထောက်ကူပြုပုံအား အမြဲတမ်းပြောနေသော်လည်း စိတ်ထဲ ကဲကဲလွန်းတယ် ထင်မိပါသည်၊

ဆရာတော်သည် စာဝါလိုက်လျှင် သဘောကျသည်၊ အိမ်တော်ရာဘုရားခြင်းဝိုင်းတွင် သောတုဇန များရောက်နေသည့် အဖြစ်မျိုးများတွေ့ရင် ဘယ်သို့ပြောမည်မသိနိုင်ပါ၊

နောက်တော့ မန်းတောင်ခြေက သာသနာ့ တက္ကသိုလ်ကြီးကို ရောက်ရသည်၊ တက္ကသိုလ်ဆရာများသည် သူ့နည်း သူဟန်ဖြင့် စာသင်ကောင်းကြသော ပုဂ္ဂိုလ်များချည်းဖြစ်သော်လည်း ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာနသည် စာသင်သားများကို အဆွဲဆောင်နိုင်ဆုံးဟု ပြောနိုင်ပါသည်၊ 

ဗုဒ္ဓသာသနာ့ သမိုင်း၊ ကမ္ဘာ့သမိုင်း၊ အတွေး အခေါ်ရှင်ကြီးများ သမိုင်း စသည်ဖြင့် စုံလှသည်၊ အနောက်တိုင်းက အတွေး အခေါ်ပညာရှင်ကြီးများ အကြောင်းသင်ကြားပေးရင်ဖြင့် လက်တွေ့ပါသော သဘော တရားများကသာ ရေရှည်ခိုင်မြဲကြောင်း စာချ ဆရာတော်မှ ရှင်းပြသည်၊ ခန့်မှန်းသဘော တရားဆိုသော အယူဝါဒမျိုး ဗုဒ္ဓတရားတော်များတွင် မရှိကြောင်းရှင်းပြသည်၊

၁၊ သိအောင်လုပ်ပါ၊
၂၊ သိလျှင်ကျင့်ပါ၊
၃၊ အသိမှန် အကျင့်မှန်တို့က- ရလာဘ်အမှန်ကို ပို့ဆောင်ပေးနိုင်သည်၊
ဟုနှုတ်တိုက်ပြောပြီး-

‘ ပရိယတ်နှင့် ပဋိပတ် မကူ၊
ပဋိဝေဓ ၊မရထိုလူ၊
မဂ်ဖိုလ်တရား၊ ငြင်းငြားထိုသူ၊
အကန်းချင်း၊ လမ်းငြင်းတာနဲ့တူ’

Blackboard အနက်ရောင် အောက်ခံတွင် အဖြူရောင် စာသားသည် ရင်တွင်း၌ ယခုထိတိုင် စွဲထင်နေတော့သည်၊


မန်း-နေပြည်တော်ခေတ်က-

ကိုရင်တစ်ပါးမြို့တက်လာသည်၊ မန်း-နေပြည်တော်တစ်ဝန်း ခြေတိုလုလု ကိုယ့် ဆွမ်းကိုယ်ခံစားပြီး စာသင်ရသည်၊ ကိုရင်ဘ၀နှင့် စာမေးပွဲများ အောင်မြင်သည်၊ နောက် ရဟန်းတော်တစ်ပါးဖြစ်လာသည်၊ သာသနာ့သမိုင်းများကို လေ့လာရင်းဖြင့် စာတတ်နေရုံဖြင့် ဆုံးခန်းမတိုင်သေးကြောင်းတွေးတောမိပြန်သည်၊ အကျင့်နှင့် တွဲပြီး စာသင်ပြန်သည်၊

မြို့ရပ်ရှောင်ခွာပြီးတောကျောင်း၊ တောင်ကျောင်း ခိုအောင်းတော်မူကြသော သူတော်စင်ကြီးများကို အားကျမိပြန်သည်၊ မန်း-တောင်တော်ပေါ်သို့ ရာက်တိုင်း သူတော်ကောင်းများ စံပျော်ရာ စစ်ကိုင်းတောင်တော်ကြီးကို ဦးညွတ်မိသည်၊

တဖြည်းဖြည်း နေက္ခမ္မဓာတ်များတိုးပွားလာပြီး မန်းနေပြည်တော်ကြီးကို စွန့်ခွာကာ  စစ်ကိုင်း တောင်စောင်းရှိ ချောင်၊ တောကျောင်း၊ ဂူကျောင်းများသို့ ၀င်တော့သည်၊ 

တရားရှာနေသော ‘ဓမ္မဂဝေသီ’မထေရ်မြတ်ကြီးသည် မိမိနေထိုင်သီတင်းသုံးသည့် ‘ ကမ္မဌာန်းဂူ၊ စမ်းအငူမှ’ လသာသော ညများတွင် မြစ်မင်း ဧရာ အရှေ့ဘက်ဆီက မန်း-နေပြည်တော်ကြီးကို ပြန်ကြည့်မိသည်၊

စာသင်ပျိုနု၊ အခြေပြုတို့နှင့် စာချစာသင် ထေရ်ရှင်များကို အကြိမ်ကြိမ် ဦးညွတ်မိပြန်သည်၊ ကိုယ်တိုင်သင်ကြား လေ့လာခဲ့ရသော အဖြစ်တွေကိုလည်း တရေးရေး မြင်ယောင်ပြန်သည်၊ စာသင်သား ဘ၀ဖြင့် ပဋိပတ်ဖြင့် ပျော်ကြသော တောကျောင်းပျော် မထေရ်မော်တို့ကို ဦးညွတ်ခဲ့ရဖူးသည်၊ 
မိမိကိုယ်တိုင် တောကျောင်းရောက်ပြီး တရားရှာသော အခါ သင်ထားခဲ့သမျှ အသိတို့ရှိလို့သာဟု အကြိမ်ကြိမ် တွေးတောရင်း -

မန်း-နေပြည်တော်ကြီးကို ဦးညွတ်ရပြန်သည်၊ ပရိယတ်နှင့် ပဋိပတ်သည် ခွဲ မရနိုင်သလို၊
မန်း-နေပြည်တော်နှင့် စစ်ကိုင်းချောင်များသည်လည်း မြစ်မင်း ဧရာ တစ်ဖက်ဆီက သာသနာ့မြို့တော်ကြီးများပင် ဖြစ်တော့သည်၊
'..............
.............. '

မြန်မာနိုင်ငံ သာသနာ့ သမိုင်းကို ပြောခွင့်ကြုံတိုင်း ဤမြို့နှစ်မြို့သည် ခွဲခြားပြီး ပြောလို့ မရသော နေရာ
’ ရာဇဌာနီ’ ကြီးများပင် ဖြစ်တော့သည်၊

Thursday, July 14, 2011

ငြိမ်းချမ်းခြင်း အထိမ်းအမှတ်

မြန်မာရဟန်းတော် စာသင်သား အများဆုံး တက်ရောက်သော တက္ကသိုလ်မှာ မဂဓတက္ကသိုလ်ဖြစ်သည်၊ မဂဓတက္ကသိုလ်သည် ဗီဟာပြည်နယ်တွင် တည်ရှိပြီး၊ မဟာဗောဓိစေတီတော်ကြီးနှင့် မနီး မဝေးဖြစ်သည်၊ မြန်မာ ရဟန်းတော်များ မနက်ခင်းတိုင်းလိုလို မဟာဗောဓိသို့ ကြွရောက်ပြီး တရားထိုင်ခြင်း၊ ပရိတ် ရွတ်ဖတ်ခြင်းများ ပြုလုပ်ကြသည်၊ မနက်စောစော တက္ကသိုလ်ရှိ ကျောင်းသားဆောင်မှ မနက်ခင်း ငါးနာရီခန့်ထွက်လျှင် မဟာဗောဓိစေတီတော်ကြီးသို့ ခြောက်နာရီခန့်တွင် ရောက်သဖြင့် နာရီဝက်ခန့်သာ သွားရသည်၊ ကား အသွား အလာလည်း မရှုပ်သေးသဖြင့် သွားလာရ လွယ်ကူသည်၊ စေတီတော်ကြီးသို့ ရောက်လျှင် ကမ္ဘာ အရပ်ရပ်မှလာရောက်ကြသော သူတော်စင်များဖြင့် အမြဲစည်ကား နေလေ့ရှိသည်၊ ကြည်နူးစရာကောင်းသည်၊

စေတီတော်ကြီး ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော ပန်းတို့မှာလည်း စေတီတော်ကြီးအား ပူဇော်ထားသကဲ့သို့ ရှိနေသည်၊ အနီးတ၀ိုက်ရှိ သတ္တဌာနနေရာများမှာလည်း ကြည်နူးဖွယ်ကောင်းလှသည်၊ အထူးသဖြင့် ငါးခုမြောက်ဌာနဖြစ်သော ရာဇာတနသတ္တာဟနှင့် ပတ်သက်ပြီး လမ်းညွှန် guide book များတွင် အောက်ပါကဲ့သို့ရေးသားထားသည်ကို တွေ့ရသည်၊ လင်းလွန်းပင်အောက်တွင် ဘုရားရှင်သည် ခုနှစ်မြောက်ဖြစ်သော သတ္တာဟကို တရားဆင်ခြင် သုံးသပ်လျှက် နေတော်မူသည်၊ ဤလင်းလွန်းပင်ရင်း သီတင်းသုံးသော သတ္တာဟသည် မဟာဗောဓိစေတီတော်ကြီး၏ အရှေ့တောင်ထောင့် အရပ်တွင် ရှိသည်၊ မြန်မာနိုင်ငံသားများဖြစ်ကြသော တပုဿနှင့် ဘလ္လိကညီနောင်တို့သည် ဘုရားရှင် သီတင်းသုံးတော်မူသော ဘုရားရှင်အား ဖူးတွေ့ရပြီး ပျား မုန်းဆွမ်းများ ကပ်လှူကာ 

‘ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ’

ဟူသော သရဏဂုဏ်နှစ်ပါးကို ဆောက်တည်ခဲ့ကြသည်၊ သံဃာ ရတနာ မပေါ်ထွန်းသေးသောကြောင့် သံဃံ သရဏံ ဂစ္ဆာမိ ကို မရွတ်ဆိုခဲ့ကြရပေ၊ တပုဿ ဘလ္လိကညီနောင်တို့သည် ဗုဒ္ဓသာသနာတော်တွင် ပထမဆုံး ဥပသကာများ ဖြစ်ကြသည်၊ ညီနောင်နှစ်ဦးသည် ဘုရားရှင်ထံတော်မှ ဆံတော်တစ်ချို့ကို မိမိတို့တိုင်းပြည်ပြန်ရောက်လျှင် ပူဇော်နိုင်ရန် ယူဆောင်ခဲ့ကြသည်၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ယုံကြည်မှု ဓလေ့အားဖြင့် ရွှေတိဂုံစေတီတော်တွင် ဌာပနာသွင်း ပူဇော်ပြီး စေတီတော်မြတ်ကို ဗုဒ္ဓဘာသာဝင်များ အလေးတမြတ်ပူဇော် ထားရှိကြသည်။ မဟာဗောဓိစေတီတော် ရောက်တိုင်း မြန်မာနိုင်ငံသားများ ဖြစ်ကြသော ဥပါသကာကြီး နှစ်ဦးတို့လာရောက်ပြီး ဘုရား ပူဇော်နေကြသည်ကို မြင်ယောင်မိသည်၊ ပြီးတော့ ကြည်နူးရသည်၊

ရံခါမြန်မာနိုင်ငံမှ လာရောက်ကြသော သူတော်စင်များ ဗောဓိပင်ခြေတွင် တစ်စုတစ်ဝေးတည်း ရွတ်ဖတ် ပူဇော်နေကြသည်မှာလည်း စိတ်ကို ငြိမ်းချမ်း အေးမြစေသည်၊ မြန်မာသံစစ်စစ်ဖြင့် ရွတ်ဖတ် ပူဇော်သောကြောင့်လည်း နားဝင်ပီယံပိုဖြစ်ပြီး သမာဓိရစေသည် ထင်မိသည်၊ တိုးတိုးလေးလည်း လိုက်ပြီးရွတ်မိသည်၊ မြန်မာနိုင်ငံကို တစ်ခါတည်း ပြန်လိုက်သွားချင်စိတ်ပေါက်မိသည်၊

လှည်းတန်းကြီးဖြင့် ကုန်ရောင်းကုန်ဝယ်လာခဲ့ကြခြင်းဖြစ်သည်ဟုဆိုကြသည်၊ ဂယာတောရွာလေးသည် တပုဿဘလ္လိကညီနောင်တို့ ဈေးရောင်း ဈေးဝယ်ပြုခဲ့သည် နေရာဟောင်းလေးပင် ဖြစ်ပေမည်၊
မြန်မာ ရဟန်တော်များလည်း ဆွမ်း ကိစ္စအတွက် ဂယာဈေးသို့ပင် ဈေးဝယ်သွားရကြသည်၊ ဂယာဈေးသည် ဟောင်နွမ်းလှသည်၊ နွားချေးပေါသည်၊ ဟင်းသီးဟင်းရွက်သာရောင်းကြသည်၊ အသား ငါးလိုချင်လျှင် မူဆလင်ကုလားများဆီ သွားဝယ်ကြရကြရသည်၊ ဟိန္ဒူကုလား အသားများ မရောင်းကြပါ၊

တစ်ခါက ကြုံဖူးပါသည်၊ ကျောင်းတွင် ဧည့်သည် ရောက်လာသောကြောင့် ဂယာဈေးသို့ ငါးသွားဝယ်သည်၊ ငါးရောင်းသော ဈေးဆိုင်သည် ကြက်သားလည်း ရောင်းသည်၊ ဈေးဆိုင်ရှိ ခြင်းထဲတွင်ထည့်ထားသော ကြက်ကို ၀ယ်သူက ကြိုက်ရာ လက်ညှိုးထိုးပြရသည်၊ ချက်ချင်းသတ်ပြီး ရောင်းသည်၊ မကြည့်ချင် မမြင်ရက်သဖြင့် နောက်များတွင် လိုချင်သောငါးကို တစ်ကီလို နှစ်ကီလိုစသည် မှာပြီး မဟာဗောဓိစေတီတော်ဘက်သို့ ထွက်လာရလေ့ရှိသည်၊ နောက်မှ သိရသည်မှာ စောင့် မကြည့်ပြန်လျှင်လည်း အလေး မပြည့်တတ်ဟု သိရပြန်သည်၊ 

သူငယ်ချင်းတစ်ပါးက ပြောဖူးသည်၊ ကုလားပြည် မပြောနှင့် မြန်မာပြည်မှာတောင် မျက်ကွယ်ဆိုရင် အလေး အတင်း အလျော့ လုပ်တတ်ကြပါသတဲ့၊ တပုဿ ဘလ္လိကညီနောင်တို့ ရောက်တုန်းကလဲ ဒီလို လူတွေရှိမှာပဲလို့ တွေးလိုက်မိသည်၊ သေချာပါသည်၊ ဂယာဒေသသည် သမိုင်း အစဉ်အလာကြီးမားသော နေရာလေးဖြစ်သည်၊

မဟာဗောဓိစေတီတော်ကြီးနှင့် ကပ်လျှက် အရှေ့ဘက်တွင် ဗလီအနီးနား၌ နေရာလေး တစ်နေရာရှိသည်၊ မြတ်ဗုဒ္ဓပွင့်တော်မမူမီ ကျောက်ခေတ်မှသည် ပါလခေတ်တိုင်အောင် ရှည်ကြာသော သမိုင်းရှိသည်၊ ရှေးဟောင်းတူဖော်ရေးများ၏ တွေ့ရှိချက်များ အရ ကျောက်ခေတ်နှောင်းပိုင်းကာလမှ ဘီစီ ၂၅ ရာစုမှသည် ၁၇ ရာစုတိုင်အောင်၊ တိုးတက်သော ကျောက်ခေတ်ကာလ ဘီစီ ၁၇ ရာစုမှ ၁၁ ရာစုတိုင်အောင်၊ သံခေတ် ၁၀ ရာစုမှ ၇ ရာစုတိုင်အောင်၊ ဘုရားရှင်နှင့် အသောကတို့ခေတ် ဘီစီ ၆ ရာစုမှ ၁ရာစုတိုင်အောင်၊ ကုရှန်ခေတ် အေ ဒီ ၁ ရာစုမှ ၃ရာစုတိုင်အောင်၊ ဂုတ္တခေတ် အေ ဒီ ၄ ရာစုမှ ၈ရာစု တိုင်အောင်၊ ဂုတ္တခေတ်နှောင်းပိုင်းနှင့် ပါလခေတ် အေ ဒီ ၉ ရာစုမှ ၁၂ ရာစုတိုင်အောင် ရှည်လျားသော သမိုင်းကြောင်းရှိသည်၊ ရောင်းဝယ်ဖောက်ကားစနစ်ကို စတင်ထူထောင်ခဲ့သော နေရာဟုပင် ဆိုကောင်းလောက်သည်၊ ယနေ့မျက်မြင်တွင် အခြေ အနေ အရပ်ရပ်ကြောင့် ရှေးဟောင်း အမွေ အနှစ်များကို ဆက်လက် ပြီးဆုံးအောင် တူးဖော်ခြင်း မပြုပဲအုတ်ရိုး ပေါ်ရုံတူးဖော်ထားသည်ကို တွေ့သည်၊

ထိုကဲ့သို့ခေတ်ပေါင်းများစွာ တည်ရှိခဲ့သော ဂယာရွာလေးတွင် ဗုဒ္ဓခေတ်ဟုပြောနိုင်သော ဘီ စီ ခြောက်ရာစု ကာလများ ဆီသို့ ပြန်လည်မြင်ယောင်မိသည်၊ ဂယာရွာလေးသည် ဂယာသီသတောင်တန်းကြီးကို နောက်ခံထားပြီး ကမ္ဘာ အရပ်ရပ်မှ လာရောက်ကြသော ခရီးသွားများ၊ ဗုဒ္ဓဂယာသို့ သူတော်စင် ဘုရားဖူးများ ရာသီမရွေး စည်းကားနေလေ့ရှိသည်၊

တစ်ချိန်က အသောကမင်းကြီးသည် ဤဒေသသို့ ရောက်ရှိလာခဲ့ပြီး ဘုရားရှင် သဗ္ဗညုဉာဏ်တော် ရရှိတော်မူရာတွင် ခံ့ငြားထည်ဝါသော မဟာဗောဓိစေတီတော်ကြီးကို တည်ထား ကိုးကွယ်ပြီး ပူဇော်ထားရှိခဲ့သည်၊ ဝေဟင်သို့ ထိုးထွက်နေသော စေတီတော်၏ အထွတ်သည် ရွှေကြုတ် အလားရှိသည်၊ မြန်မာနိုင်ငံတွင် တွေ့ရခဲသော ပုံစံမျိုးဖြစင်သည်၊ 

မဟာဗောဓိစေတီတော်ကြီးသို့ ရောက်တိုင်း အသောကမင်းကို မြင်ယောင်မိသည်၊ မဟာဗောဓိစေတီတော်မြတ်ကြီးကို ယခု လက်ရှိပုံစံ အတိုင်းဖြစ်အောင်ပြုပြင် မွမ်းမံစေခဲ့သော မြန်မာ့ဘုရင် ရတနာပုံ၏ အရှင် ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင်ကို မြင်ယောင်သည်၊ 

အနာဂါရိက ဓမ္မပါလကို မြင်ယောင်သည်၊ သူတော်စင်ကြီးသည် မဟာဗောဓိစေတီတော်ကြီးကို ဗုဒ္ဓဘာသာဝင်များ လက်ဝယ်ရောက်အောင် စတင် ကြိုးပမ်းခဲ့ သူဖြစ်သည်၊ အိန္ဒိယနိုင်ငံကြီးသို့ ရောက်လာသော မြန်မာနိုင်ငံသား ရှင်စန္ဒသာမဏေကို ပြေးမြင်မိသည်၊ မဟာဗောဓိစေတီတော်ကြီးသည် ထေရ၀ါဒ၊ မဟာယာန မခွဲခြားပဲ အရေးကြီးလှသော နေရာမြတ်ဖြစ်သည်၊

အေဒီ ၆၃၇ တွင် တရုတ်ခရီးသွား ရဟန်းတော်ကြီး ဟူအင်ဆန်( Huen Tsang) သည် ခြေလျင်ခရီးဖြင့် အိန္ဒိယတစ်ဝှန်းကို ခြေဆန့် ခဲ့သူဖြစ်သည်၊ မဟာဗောဓိစေတီတော်ကြီးသို့ လည်းရောက်ခဲ့သည်၊ သူ၏မှတ်တမ်းတွင်-

‘ဗောဓိပင် အရှေ့ဘက်တွင် အမြင့်ပေ ၁၆၀၊ ၁၇ ခန့်ရှိသော ကျောင်းဆောင် ( Vihara) ရှိသည်၊ ကျောင်းဆောင်၏ အခြေခံအုတ်ရိုး အနိမ့်ဆုံး မျက်နှာစာသည် ပေ ၂၀ ကျော်ကျော်မြင့်သည်၊ ကျောင်းဆောင် အဆောက် အအုံကို မြေညက်ဖြင့်ပြုလုပ်ထားသော အုတ်များပေါ်ဝယ် ထုံးများဖြင့် သုတ် လိမ်းထားသည်၊ အသီးသီးသော အုတ်များပေါ်တွင် ရွှေရောင်ရုပ်ကြွတို့ကို ပုံဖော်ထားသည်၊ အဆောက်အအုံကြီး၏ အရပ်လေးမျက်နှာတွင် အံ့သြဖွယ်ကောင်းသော အနုလက်ရာတို့ဖြင့် တန်ဆာဆင်ထားသည်’

ဟု မှတ်တမ်းတင်ထားသည်၊ အခြားတစ်ခု ရှိပါသေးသည်၊ တစ်ခါက တရုတ် ရဟန်းတော်တစ်ပါးသည် မဟာဗောဓိသို့ ဘုရားဖူထွက်ခဲ့သည်၊ ရဟန်းတော်သည် သင်္ဘောခရီးကြုံဖြင့် လိုက်ပါခွင့်ရခဲ့သည်၊ သင်္ဘောမှာ လိုက်ပါသူ ခရီးသည် များသောကြောင့် ရေလည်တွင် နစ်မြုပ်လေတော့သည်၊ သေဘေးနှင့် ပက်ပင်းကြုံရသောအခါ လူတိုင်း ကြောက်ကြသည်ချည်းဖြစ်သည်၊ ‘ကယ်ပါ၊ ယူပါ’ တစာစာဖြင့် ပင်လယ်ပြင်သည် ငရဲပွက်သလို ရှိနေသည်၊ သင်္ဘောမှလည်း ခရီးသည်အားလုံးကို ပြန်တင်ပြီး မသွားနိုင်တော့ကြောင်း တစ်ချို့ချန်ထားခဲ့ရမည်ဖြစ်ကြောင်း ပြောပြလေတော့သည်၊ ဘုရားဖူး ကြွရောက်လာသော ရဟန်းတော်သည် သူ့ကို ထားပြီး အခြားတစ်ယောက်ကိုသာ ခေါ်သွားဖို့ မာလိန်မှူး အား ပြောပြလေတော့သည်၊ 
စိတ်ထဲဝယ် ဘုရားဖူးခရီးသည် အကြိမ် ကြိမ်ဖြစ်ပေါ်ပြီး အသက်စွန့်ထွက်လာခဲ့သော ရဟန်းတော်လေးသည် မဟာဗောဓိသို့ ရောက်နိုင်တော့ပဲ ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့သည်၊

ယခုချိန်တွင် နိုင်ငံ အသီးသီးမှ လာရောက်ကြသေ သူတော်စင်များဖြင့် မဟာဗောဓိသည် စည်ကားလျက်ရှိသည်၊ အေးချမ်း တည်ငြိမ်သော ဗောဓိပင်မြတ်ဆီမှ လေတိုးသံတို့သည် ဓမ္မ သံစဉ်တစ်ခု အလား ကြားနိုင်သည်၊ သမာဓိရရဖြင့် နား ဆင်ကြည့်လျှင် စိတ်ကြည်လင်သည်၊ မျက်လုံးဖွင့်ထားလျှင် မြင်ကွင်းစုံဖြင့် ရင်ကို လှုပ်ခတ်စေသော    နေရာမြတ်ပင်ဖြစ်သည်၊

Monday, July 11, 2011

ဝေးခဲ့ပြီ နှင်း


၂၀၀၇၊ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၅ရက်နေ့ ဖြစ်သည်၊ 

မန္တလေးမြို့တော်ကြီးကို နှင်းတို့က ခြုံသိုင်းထွေးပွေ့ထားသည်၊ တောင်ပြာတန်းများ ဆီသို့ စတင် ထွက်ခွာခဲ့ရသည့် သာသနာ့ တက္ကသိုလ်ကျောင်းသား၏ နောက်ဆုံး မနက်ခင်းနှင်းတို့သည် တံတားဦး လေဆိပ်ဆီသို့ မောင်းနှင်နေသော ကားလေးအား ပြတင်းမှ တဟူးဟူး တိုးဝင် နှုတ်ဆက် ကြသယောင်ရှိသည်၊

မန္တလေးမြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှ သာသနတက္ကသီလ ဓမ္မာစရိယ စတုတ္ထနှစ် အောင်ပြီနောက် မဟာတန်းတက်ခွင့် မရသဖြင့် နာဂတောင်တန်းဆီသို့ သာသနာပြုတာဝန်ဖြင့် သွားရောက်ခဲ့ရသည်၊ မှတ်မိနေပါသေးသည်၊ ဟုမ္မလင်းမြို့လေးသို့ မန္တလေးမြို့တောင်ဘက် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိတ်ဆွေ ရဟန်းတော်တစ်ပါးနှင့် အတူ တောင်တန်ပြာနှင့် နှင်းမြူတို့ ထာရ၀ဝေ့သီအုံ့ဆိုင်းရာ ဒေသသို့ ထွက်ခွာခဲ့ရသည့် မနက်ခင်းလေးကို၊

လမ်းခရီးတွင် မိတ်ဆွေ ရဟန်းတော်နှင့် အတူ ရှေ့ဆက်ရမည့် ပညာရေး အတွက် တိုင်ပင်ခဲ့ကြသည်၊ ဘေးက လူတွေကြားရင်မည်သို့ ဝေဖန်ကြမည် မသိသော်လည်း ကိုယ့်စကားနှင့် ကိုယ်မို့ ကြည်နူးရပြန်သည်၊ တာဝန်ကျရာဒေသများဆီမှ တာဝန်ပြီးဆုံးကြပြီးနောက် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရာ သီရိလင်္ကာနိုင်ငံသို့ သွားရောက်ပြီး ပညာဆက်လက်သင်ယူကြဦးမည့် အဖြစ်သည် ဦးစားပေးတစ်ခုဖြစ်ခဲ့ကြသည်၊ ထိုအကြောင်းကို ပထမဆုံးလေယာဉ်ဖြင့်သွားရသည့်ခရီး တွင် အရသာ ရှိရှိပြော ဖြစ်ခဲ့ကြသည်၊ 

ချင်းတွင်းမြစ်ကြောတွင် ဆန်တက်နေသော မော်တော်ပေါ်တွင်လဲ ပြောဖြစ်ခဲ့ကြသည်၊ တွင်ပြောဖြစ်ကြသည်၊ ခရီးတစ်ထောက်နား ရောက်ရာနေရာတိုင်းတွင် ပြည်ပထွက် ပညာဆက်လက်သင်ယူကြဦးမည့် အဖြစ်ကို ပြောဖြစ်ခဲ့ကြသည်၊ တောင်တန်းဒေသရှိ နာဂညီနောင်ဖွားများ အတွက် ကိုယ်ကျိုးမဖက်နှစ် နှစ်တာ တာဝန် ထမ်းဆောင်ပြီးနောက် မျက်ရည်လည်ရွှဲဖြင့် ခွဲခဲ့ရပြန်သည်၊

ချင်းတွင်းသည် စီးမြဲစီးနေသည်၊ နာဂတောင်တန်းကြီးသည် မြင့်မား ထည်ဝါလှသည်၊ တောင်တန်းပြာပြာသည် ညို့မှိုင်းမှိုင်း မြူတွေ ဆိုင်းလျှက် ဝေးခဲ့ပြီ၊ အရာ အားလုံးသည် လေယာဉ်ပေါ်ဝေဟင်ထက်ဆီကပြန် အကြည့်တွင် နှင်မှုံများနှင့် မြူခိုးတို့ အကြားတွင် မှေးမှိန်သွားလေပြီ၊ ရင်တွင်းေ၀၀ါးခြင်း မရှိတည်ရှိနေသည်ကား ပြည်ပသို့ထွက်ပြီး ပညာ ဆက်လက် သင်ယူနိုင်ရေးပင် ဖြစ်သည်၊ မပြည့်သေးသော အိုးပြည့်တန်သရွေ့ဖြည့်ရဦးမည်မို့ ချင်းတွင်းမြစ်ကို ခွဲခဲ့ကြရသည်၊ တောင်ပြာတန်းတွေကို လက်ပြ နှုတ်ဆက်ခဲ့ရသည်၊

ရန်ကုန်ုမြို့၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်တွင် စာသင်ဘက် မိတ်ဆွေ ရဟန်းတော်များကို ကြည်ကြည်လင်လင် ပြန်လည် ဆုံဆည်းခွင့်ရသည့် အတွက် ကြည်နူးရပြန်သည်၊ ဘွဲ့ရပြီးနောက် ဆက်လက်လုပ်ဆောင်ကြမည့် ရှေ့ရေးများပြောဖြစ်ကြတော့ နိုင်ငံခြားထွက်ပြီး ပညာဆက်လက် သင်ယူကြဦးမည့် သူငယ်ချင်းများစွာကို တွေ့ရပြန်တော့ ၀မ်းသာမိသည်၊

၂၀၀၉ ဒီဇင်ဘာလ ၁ရက်သည် မြန်မာနိုင်ငံမှ ဘွဲ့ရသည့် နေ့ တစ်နေ့ဖြစ်ခဲ့သလို နိုင်ငံခြားထွက်ပြီး ဆက်လက် ပညာသင်ယူရမည့် ခရီးအတွက် အစလည်းဖြစ်သည်၊ ရန်ကုန်မြို့ကြီး ပတ်ဝန်ကျင်တွင် မြူနှင်းတို့ ဝေပြန်ချေပြီ၊ နှုတ်ဆက်နေသယောင် ထင်မိပြန်သည်၊

၂၀၁၀ ဖေဖော်ဝါရီလ ၁၆ရက်နေ့သည် ပြည်ပသို့ပထမဆုံး ထွက်ခွာရသည်နေ့ ဖြစ်သည်၊ ရန်ကုန်မြို့ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တစ်ပါးတည်း အစောကြီး ရောက်နေသည်၊ လေယာဉ်ကွင်း အတွင်းကို ကာရံထားသော မှန်ပြတင်းဆီလှမ်းကြည့်လိုက်ရာ ခရီးသည်တင် လေယာဉ်များ တစ်စင်းထိုးတက်သွားလိုက် တစ်စင်းဆင်းလိုက်ဖြင့် စည်ကားသက်ဝင်စပြုပြီ၊

မနက်ခင်း ကိုးနာရီနီးပါးခန့်တွင် မန္တလေးမြို့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် တစ်တန်းတည်း အတူသင်ခဲ့ကြရသော မိတ်ဆွေများနှင့် ပြန်လည်ဆုံတွေ့ရသည့် အတွက် ရင်တွင်း ဖော်မပြတတ်အောင် ၀မ်းသာမိသည်၊ ကိုးနာရီလေးဆယ့်ငါးတွင် ထိုင်းနိုင်ငံလေကြောင်းလိုင်း TG-034 ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ကြသည်၊ ဆောင်းဓာတ် မပြယ်သေးသော မနက်ခင်းသည် ဝေး၍ကျန်ခဲ့ပြီ၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံဒေသ စံတော်ချိန် နေ့လည် ၁၁ နာရီခွဲတွင်ရောက်သည်၊

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာလေဆိပ်တွင် ဆယ်နာရီကျော်ကျာ် နားလိုက်ရသည်၊ ငါးမိနစ်တစ်ကြိမ် လောက်လေယာဉ် အဆင်းအတက်လုပ်သည်ကို တွေ့ရသည်၊ လေယာဉ် အဆင်း အတက်ပြ ဇယားတွင် နိုင်ငံတကာလေယာဉ်များ အဆင်းအတက်ကို စက်ကန့်မလပ် ထိုးပြထားသည်၊ ဆိုက်ကပ်မည့် စင်္ကြန်များကိုပါ အတိ အကျညွှန်ပြထားသည်၊

ပထမဆုံး အကြိမ်ရောက်ဖူးသော ထိုင်းငံလေဆိပ်သည် နိုင်ငံတကာဆိုင်ရာလေယာဉ်များ အဆင်း အတက်များသည်၊ ခရီးသည်များ ပျားပန်ခတ်မျှများပြားသည်၊

၂၀၁၀ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်း ဆယ်နာရီ ကျော်ကျော်တွင် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သီရိလင်္ကာနိုင်ငံသို့ T.G-307 လေကြောင်းဖြင့် ဆက်လက်ထွက်ခွာခဲ့ကြသည်၊ ဝေဟင်သို့ ထိုးတက်သွားသော လေယာဉ် အထက်ဆီမှ ပြန် အကြည့်တွင် ထိုင်းနိုင်ငံသည် မီးရောင်စုံများ ထိန်းထိန်းညီးလျှက် အမှောင်တွင် ရေးပြပြသာ မြင်ရတော့သည်၊

အဆင်သင့်ရာတွင် တစ်ထောက်နားခဲ့ပြီး ခရီးတစ်ခု ဆက်ရပြန်ပြီ၊

Monday, July 4, 2011

ရေလိုက်မှားသော ငါး


သုခဿာနန္တရံ ဒုက္ခံ၊ ဒုက္ခဿာနန္တရံ သုခံ၊

ကာမဂုဏ်ချမ်းသာ ခံစားမှုနောက်တွင် ဆင်းရဲခြင်းရှိသည်၊

ခက်ခဲပင်ပန်းစွာ အားထုတ်ရသော ဆင်းရဲခြင်းနောက်တွင် ချမ်းသာရှိသည်၊

ဘုရားရှင်၏ဖြစ်တော်စဉ်များတွင် ဖြစ်ရပ်တစ်ခုရှိသည်၊ မင်းညီမင်းသားများနှင့် ခရီးတစ်ခုကို သွားကြရသည်၊ အလောင်းတော်မင်းသားမှ အခြားသော မင်းသားများသည်  အဆင်းနှစ်သက်သူ၊ အသံကောင်းကောင်းကို ခံစားလိုသူ၊ အနံ့အရသာကို ခုံမင်သူ၊ စားသောက်ဖွယ်ရာများကို အာသာပြင်ပြခြင်းရှိသူ၊ တွေ့ထိခြင်း အရသာကို တွယ်တာခြင်းရှိသူ တို့ဖြစ်ကြသည်၊ 

ထိုသူငါးယောက်တို့သည် အာရုံငါးပါးဖြင့်ဖြားယောင်းသော ဘီလူးများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်၊ သူတို့၏ အာသာဆန္ဒများသည် သူတို့ဘ၀ကို အဆုံးသတ် သွားစေခဲ့ကြသည်၊ အလောင်းတော်သည်သာ လိုရာခရီးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်၊ သူတို့ အထင်ရောက်နေသော ကာမဂုဏ်ချမ်း သာနောက်တွင် သေခြင်း ဆင်ရဲရှိနေသည်၊

သီလဆောက်တည်ရခြင်းကြောင့် ကိုယ်နှုတ်စောင့်စည်းရသည်၊ ထိုစောင့်စည်းမှုများကြောင့် မိမိ အလိုအတိုင်း မဖြစ်ရကောင်းလားဆိုပြီး စိတ်အလို မကျဖြစ်တတ်ပြန်သည်၊ သီလဆောက်တည်ခြင်းမှ တဆင့်တက်ကာ စိတ်ကိုပါ ထိမ်းသိမ်းလိုက်သောအခါ ပြင်ပအာရုံများနောက်သို့ မလိုက်တော့ပဲ အမြင်ချမ်းသာ၊ အကြားချမ်းသာ၊ အနံ့ချမ်းသာ၊ အစားချမ်းသာ၊ အတွေ့အထိချမ်းသာများကို လွန်နိုင်တော့သည်၊ ကိုယ် နှုတ် စိတ် စောင့်စည်းမှု အသာကျ၍ အလေ့အထတစ်ခုဖြစ်သော အခါ ထိုစောင့်စည်းခြင်းများက ချမ်းသာဆောင်ခြင်းကို တွေ့ရတော့ သည်၊

ကာမဂုဏ်ချမ်းသာရှာသောသူနှင့်ပြောင်းပြန်ဖြစ်သည်၊ ယောဂီတစ်ယောက်သည် မျက်စိမှတ်ထားသည်၊ ဇွတ်အတင်းမှိတ်ထားခြင်းမျိုးမဟုတ်၊ ပြင်ပလောက၀ယ်ရှာစရာမလိုတော့သည့် အတွက် မိမိစိတ်တွင်း သို့ပြန်ပြီး ရှာဖွေနေခြင်းမျိုးဖြစ်သည်၊ ထိုသို့ရှာဖွေသောအခါ ညောင်ညာကိုက်ခဲခြင်းမျိုးရှိပေမည်၊ ထိုသို့နာကျင်ခြင်းမျိုးရှိသော်အခါ စိတ်နာကျင်ခြင်းကို သာ ကြောင့်ကြစိုက်တော့ သည်၊ ပြင်ပခန္ဓာကိုယ်နာ ကျင်ခြင်းကိုဂရုမစိုက်တော့ပါ၊ စိတ်နာကျင်းခြင်းကို စောင့်ထိမ်းနိုင်သောအခါ အမြင့် အမြတ်ဆုံးသောချမ်းသာ ကို ရှာဖွေတွေ့ရှိတော့သည်၊ 

တရားသဘောကို ထားဦးတော့၊ လောကတွင်ပင် အချို့သောသူများသည် ဇာတ်ပွဲကြည့်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ စားလိုက်၊သောက်လိုက်ဖြင့် ဘ၀ကို ကုန်လွန်စေခဲ့ကြသည်၊ သူတို့သည် ဘ၀နှောင်ပိုင်း ကာလများတွင် ဆင်းဆင်းရဲရဲ အဖြစ်မျိုးတွေ့ရတတ်သည်၊ ဇာတ်ထဲတွင်သာ မဟုတ်ပါ၊ ထိုအဖြစ်မျိုးသည် လောကကြီးတွင် ထုနဲ့ဒေးပါ၊ ငယ်စဉ်က ဆင်းဆင်းရဲရဲနေခဲ့ရ သော်ငြား အာရုံနောက်သို့ မလိုက် အသိနောက်ကိုသာ မိမိစိတ်ညွှန်နိုင်သူတို့သည် လျှောက်လှမ်းရစဉ် ကာလအတွင် ကိုယ်စိတ် ဆင်းရဲခြင်းမျိုး ရှိခဲ့သော်ငြား နောက်ပိုင်ကာလကြီးရင့်မြင့်မားသော အခါတွင် ချမ်းသာခြင်းကို ၀န်းရံနေ တတ်သည်၊

ဘုရားအလောင်းတော်မြတ်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလ တစ်လျှောက် ကိုယ်ဆင်းရဲနှင့် စိတ်မသက်မသာဖြစ်ရမှုများတွေ့ခဲ့ရသည်၊ အဆုံးတွင် လောက၏ အတုမဲ့တစ်ဦးဖြစ်တော် မူခဲ့သည်၊ ဆင်းရဲခြင်းနောက်ကွယ်တွင် ချမ်းသာခြင်းက စောင့်ကြိုနေသည်သာ ဖြစ်တော့သည်၊ 

အဆင်းလှလှမြင်လို၊ အသံကောင်းကောင်းကြားလို၊အနံ့မွှေးမွှေးကိုရှူရှိုက်လို၊အရသာခံလို၊
ကောင်းမွန်သော တွေ့ထိခြင်းကိုခံစားလိုသော အာသာဆန္ဒများကြောင့် မောင်နှင်းအားတိုးတက်ပြီး ကာမ အရသာ အလိုလိုက်ကာ ကာမဂုဏ်ကို ချမ်းသာထင်ပြီး လိုက်နေကြသော သူများသည် သူတို့ရှာနေသော ချမ်းသာခြင်းကို တွေ့ရသောခါဝယ် အတော်တန် ပင်ပန်းနေချေပြီ၊ သို့သော် ရလိုမှုဖြင့် လိုက်ခဲ့သော အောင်မြင် မှု အတွက် ပင်ပန်းလျှက်ပင် ခံစားလိုက်ကြသည်၊ 

တစ်ချို့ရှိသေးသည်၊ ခက်ခက်ခဲခဲလိုက်လံရှာဖွေမိခဲ့သော မိမိတို့လိုရာကို ရကြသောအခါ အခုမှရလေခြင်း ဆိုပြီး အရွဲ့တိုက်ကာ အသာပျက်နေသော စားစရာတစ်ခုကို ကိုက်ဖဲ့ဝါးမြိုပြတတ်ကြသည်၊ ထိုသူတို့ကိုမြင်ရသူတို့မှာ ပင်ပန်းဆင်းရဲ လွန်းလှသည်၊ ဘ၀ဇာတ်သည် အရသာပျက်တော့သည်၊