Pages

Thursday, January 27, 2011

အမ် အေ ကွ

ရွာတစ်ရွာတွင် ဖြစ်သည်။ ရွာဦးကျောင်း ဆရာတော်သည် တပည့်များစွာ မွေးပြီး စာပေပို့ချ ပေးတော်သူသည်။
ဆရာတော်၏ တပည့် အားလုံးပင် ကျမ်းဂန် တတ်မြောက် ကျွမ်းကျင်တော်မူကြသည်။

ထိုအထဲတွင် အသက်ငယ်ငယ်ဖြင့် အဆင့်မြင့်အတန်းများ အောင်မြင်ထားသော ဦးပုညလဲပါသည်။ စာမေးပွဲများ အောင်မြင်ပေမယ့် အသက်ငယ်သောကြောင့် မထေရ်ကြီးများ၏ ခိုင်းစေခြင်း၊ သြ၀ါဒပေးခြင်းများကို ခံရလေ့ ရှိသည်။ ဒကာများကပင် ရိုရိုသေသေ မရှိလှ၊ ဦးပုညဟုခေါ်ရိုးမရှိ၊ 
ငယ်နာမည် ဖြင့် ဦးဇင်း အာလူး ဟုသာချစ်စနိုးခေါ်ကြသည်။

အခံရ ခက်ခက်ဖြင့်ပင် သီရိလင်္ကာနိုင်ငံသို့ရောက်လာပြီး ဘာသန္တရစာပေများကို လေ့လာသည်။ တက္ကသိုလ် မှ M,A ဘွဲ့ရသောအခါ ရွာကိုပြန်ခဲ့သည်။ 

သို့သော် ရွာပြန် ရောက်သောအခါ ဒကာများက ဦးဇင်း အာလူး၊ မထေရ်ကြီးများက M,A အာလူး သာ ဖြစ်နေ ပြန်၏။ ဦးပုည အခံရခက်နေသည်။ စိတ်ပေါက်ပေါက်ဖြင့် ကျောင်းပေါ်သို့ တက်ခဲ့ရာ လှေးကားရင်းမှ ခွေးက ဟောင်ပါတော့သည်။ ဦးပုည ဒေါသ အထွတ်အထိပ် သို့ရောက်ခြေပြီ၊

" ဟဲ့ ခွေး၊ မင်း ငါ့ဘာမှတ်နေလဲ၊ ငါ M,A ( philosophy)ကွ၊ သေသွားမယ်"။ ဆိုပြီးလိုက် ကန်ပါတော့သည်။

ကျမ်းဂန်တတ် ရန်ပွဲ

သားဖြစ်တဲ့သူက သူ့အဖေကို
‘ အဖေ့ ကျုပ် မိန်းမယူမလို့’၊
‘ဘာပြောတယ်ကွ၊ မင်းအသက်မှ ဆဲ့ငါးနှစ်ကျော်ကျော်ရှိသေးတာ၊ မိဘလုပ် ကြွေးရ မယ့်တာ ၀န် ရှိ သေး တယ်ဆိုတာမင်းမသိဘူးလား၊ မာတာပိတု ဥပဋ္ဌာန မင်္ဂလာဆိုတာ နာလည်းမှပေါ့’၊
‘ အိုကျုပ်က ပုတ္တဒါရဿ သင်္ဂဟမင်္ဂလာကို ပိုပြီးကြိုက်တယ်’။
အဖေလုပ်သူက ငဲ့ကြည့်တယ်။ ကျမ်းကိုးကျမ်းကာနဲ့ပြောနေတဲ့သားကို၊
‘မင်းမှတ်ထား၊ သားသမီးဆိုတာ မိဘစကားကို နားထောင်ရတယ်’။
‘နား ထောင်သင့်မှ ထောင်မယ်၊ မိဘစကား နားထောင်တိုင်း မှန်တာမဟုတ်ဘူးဗျ၊ ဗုဒ္ဓ၀င်မှာကြည့်ပါလား၊ သိဒ္ဓတ္ထမင်းသား သူ့အဖေ သုဒ္ဓေါဓနမင်း စကားနားထောင်ရင် ဘုရားဘယ်ဖြစ်မလဲ’၊
အဖေဖြစ်သူ ခဏတွေသွားတယ်။ ဒါပေမယ့် သားဖနှစ်ဦးလုံး ရွာဦးကျောင်း ဆရာတော် တပည့်တွေ ဖြစ်သည့် အလျှောက် ကျမ်းကိုး ကျမ်းကား စုံကြတယ်။
‘အေး၊ အဲလို မိဘစကား နားမထောင်ပဲ တောထွက်သွားလို့သေတော့ ချီးပန်းပြီး သေတာပေါ့ကွ’၊
သားလုပ်တဲ့သူ ဘာကျမ်းမှ မကိုးကားနိုင်တော့ဘူး၊ ငြိမ်သွားတယ်။

ကျနော့် အဖေသိတဲ့လူကြီး


မဟတ္တမ ဂန္ဓီကို အားလုံးနီးပါးသိကြတယ်။ ရုပ်ရည်အားဖြင့်ထူးခြားတယ်။ စွမ်းရည်အားဖြင့်အားလုံးက အသိ အမှတ်ပြုကြရတယ်။ ငြိမ်းချမ်းရေး ဖခင်လဲ ဖြစ်တယ်။ သူ့လမ်းစဉ်ကို အိန္ဒိယသားများကသာမက အရှေ့ ၊
အနောက်ကမ္ဘာနှစ်ခုလုံးက အသိအမှတ်ပြုရတယ်။ အကြမ်းမဖက် လမ်းစဉ်နဲ့ ငြိမ်းချမ်းရေး ချီတက်ရာတွင် စံ တင်ထားရသူလဲ ဖြစ်ပြန်တယ်။ သူတော်စင်ကြီးလဲ ဖြစ်ပြန်တယ်။ နိုင်ငံနဲ့ လူမျိုးကိုသူမတူ အောင်ချစ်မြတ် နိုးတယ်။ အာရှတစ်တိုက်လုံးနီးပါး ခရီးသွားတယ်။ အနောက်ကမ္ဘာတိုင်အောင်လဲ ခရီးဆန့်တယ်။ ရောက်ရာ အ ရပ်မှာ ငြိမ်းချမ်းရေး စကားဆိုတယ်။ မြန်မာပြည်ကို ရောက်ဖူးတယ်။ မြန်မာဆိုတာကို သူကောင်း ကောင်း သိ တယ်။ လွပ်လပ်ရေး ကြိုးပမ်းမှုတွေမှာ အိန္ဒိယနဲ့ မြန်မာ အတူတူ ရှိခဲ့ကြ တယ်။ သူက မြန်မာကို အိန္ဒိယ သားကြီး မြတ်ဗုဒ္ဓရဲ့ငြိမ်းချမ်းရေးလမ်းစဉ် လိုက်နာကျင့်သုံးသူတွေအဖြစ် အလေးအနက် လက်ခံတယ်။ မြတ်ဗုဒ္ဓကို သူတော်စင်ကြီး ဂန္ဓီကိုယ်တိုင် ဦးညွတ်လေးစားတယ်။ အားလုံးရင်ထဲ သူရှိနေတယ်။ ဂန္ဓီပေါ့။
ကျနော့် အဖေရင်ထဲလဲသူဂန္ဓီရှိနေခဲ့တယ်။ဘယ်အချိန်ကတည်းကရှိနေခဲ့မှန်းတော့ ကောင်းကောင်းမသိပါ။ ကျနော်သိတဲ့ အချိန်ကတော့ ကျနော့် အသက် ဆယ်နှစ် ကျော်ကျော်မှာပါ။ သိခဲ့ရတာက ဒီလိုပါ။
ရွာနဲ့တောနဲ့က ဝေးတယ်။ နေမပူခင် တောကိုရောက်အောင်သွားရတာမို့ မနက်အစောထကြရတယ်။ အမေ မနက်စောစော ထချက်ပြီး ပေးလိုက်တဲ့ ထမင်းထုပ်ကိုယူပြီး လေးမိုင်ကျော် ငါးမိုင်းနီးပါးရှိတဲ့ တောကို သွား ရ တယ်။ တောနဲ့ ရွာ အကြားမှာ မန်ကျီးပင်တန်းကြီးရှိတယ်။ ရေကန်ကြီးနဲ့ ရွာကိုကန့်ထား တဲ့တာရိုးကြီး ပေါ် မှာ စိုက်ထားတဲ့ မန်ကျီးပင်တန်းကြီးပေါ့။ အောက်ဘက်မှာတော့ မိုးကုတ်မြို့သွားတဲ့ ကားလမ်းရှိပါတယ်။ အဲတုန်းက လျှပ်စစ်မီးတိုင်းတွေ မရှိသေးပါဘူး။ အဲဒီ ကားလမ်းကနေပြီး တောကို သွားလေ့ရှိပါတယ်။ မနက်အစော ကြီးဆိုတော့ မန်းကျီးပင်တန်းထဲကသွားရင် လမ်းကောင်းကောင်း မမြင်ရဘူး။ နေ့ဘက်ဆိုရင်တော့ အရိပ်ရလို့ သွားကြပါတယ်။ ရွာထဲကနေ မနက်ခပ်စောစော အဖေနဲ့ ထွက်လာခဲ့ကြတယ်။ တစ်ချို့လဲ ကျနော် တို့လို မနက် အစောထပြီးသွားကြတဲ့ သူတွေရှိပါတယ်။ အသံကြားရုံနဲ့ဘယ်သူတွေဆိုတာလဲ ကြာတော့သိ လာတာပေါ့။ လှည်းနဲ့သွားကြသူတွေလဲ ရှိပါတယ်။ နှုတ်ဆက်ကြတယ်။ ရောင်နီသန်းလာတဲ့ အရှေ့ရပ်ကို ကြည့်ပြီး သွားရတဲ့ ခရီးလေးကို အမှတ်ရနေမိတယ်။ ပိုပြီးသတိရနေမိတာက။ ဖိနပ်တစ်ဖက်ပါ။
တစ်နေရာရောက်တော့ အဖေက ဖိနပ်တစ်ဖက်ကို ကောက်ယူပြီး “ ငါ့သား ဒီနားတစ်ဝိုက်ဖိနပ်တစ်ဖက် လိုက်ရှာစမ်းလို့”ပြောပါတယ်။ အဖေပြတဲ့ ဖိနပ်ကလဲ တော်တော်ကောင်းပါတယ်။ အဲတုန်းက ဆင်ကြယ် ဖိနပ်ဆိုတာ  အကြမ်းရော အနုရော စီးလို့ရတယ်။ ခုံသား တော်တော်ကောင်းတယ်။ ကြိုးလဲပြီး စီးရင် အကြာကြီး စီးလို့ရတယ်။ မုန်းလောက်အောင်ကို ဆင်ကြယ် ဖိနပ်က ကောင်းပါတယ်။ ဒါကြောင့်မို့ထင်ပါတယ်။ သူလဲလိုက်ပြီး ရှာနေတယ်။ တွေ့တော့ မတွေ့မိပါဘူး။ အဖေက သူများတွေများ တွေ့သွား  ပလား လို့ တွေး မိပုံရတယ်။ 
“ငါ့သား တို့လဲ တစ်ရံ မရမယ့်အတူတူ နောက်ကောက်ရတဲ့ လူတစ်ရံဖြစ်အောင် အဲဒီ တစ်ဖက် ထားခဲ့ပါကွာ”တဲ့။ ကျနော်က နှမျောနေတာပါ။
“ အဖေ ဘာလို့ထားခဲ့ရမှာလဲလို့မေးတော့”၊
‘ ငါ့ သားရေ နဂိုတုန်းက လူကြီးတစ်ယောက်ရှိတယ်။ အဲလူကြီး ခရီးသွားတော့ ရထားနဲ့သွားရတယ်။ အဲလို သွားတုန်း ရထားပေါ်ကနေ သူ့ ဖိနပ်တစ်ဖက်ပြုတ်ကျသွားတယ်ကွ၊ ရထားကလဲ အရှိန်ရနေတာ့ ပြန်ကောက် ဖို့ အချိန်မရှိဖြစ်နေမှာပေါ့၊ အဲမှာတင် ဖိနပ်ပြုတ်ကျသွားတဲ့ လူကြီးက နောက်တစ်ဖက်ကိုပါ ပစ်ချခဲ့တယ်။ အဲဒါကို ဘေးကမြင်တဲ့ အသိခရီးသွားကမေးမှာပေါ့၊ ဘာလို့ချခဲ့ရတာလဲပေါ့၊ အဲကျမှ လူကြီး က ပြောတယ်။ ကောက်ရတဲ့သူ နှစ်ဖက်လုံးရပြီး တစ်ရံဖြစ်သွားအောင်လို့ပါတဲ့ကွ၊ အဲလိုပေါ့ တို့လဲ တစ်ရံ မရမယ့် အတူတူ နောက်လူ တစ်ရံရအောင် ထားခဲ့တာပါ၊ တို့ကမှောင်နေလို့ ကောင်းကောင်း မမြင်တာပါ။ မနက်လင်းလို့ ရှိရင် နောက် လူကောင်းကောင်းရှာနိုင်တာပေါ့ကွာ”။
အဲတုန်းက ဂန္ဓီလို့ ကျနော်မသိခဲ့ပါဘူး။ နောက်တော့မှ စာဖတ် လို့ သူ့အကြောင်းသိရတယ်။ အဲဒီ အကြောင်း ကိုလူပြောလဲများပါတယ်။ ဖိနပ်တစ်ဖက်နဲ့ဂန္ဓီပေါ့၊သူ့ကိုလူတိုင်းသိပါတယ်။ ကျနော့် အဖေလဲ သူ့ကို သိတယ်။ ဂန္ဓီကိုပေါ့။

Wednesday, January 26, 2011

ဦးထိပ်တင်ပါသည်


‘ဦးဇင်းတပည့်တော် တစ်ခုမေးချင်လို့ပါ’၊ ဒကာတစ်ယောက်က သူမသိ တာလေး မေးချင် လို့ဆို လာတဲ့ စကားပါ။ သိရင်တော့လဲ ဖြေဖို့အသင့်ပါ။ အကုန်လုံးကြီးမသိတော့လဲ အာမခံချက်ရဲရဲ မပေးရဲပြန်ပါဘူး။
‘ ပြောပါ ဒကာ ဦးဇင်း သိရင်ဖြေမှာပေါ့’ လို့ပြောလိုက်တော့။ တင်းပါ လို့ပြောပြီး သူကမေးလာပါတယ်။ ‘ ဒီလို ဘုရာ့၊ နေ့စဉ် ဘုန်းကြီးတွေ၊ ဆရာတော်တွေနဲ့ ဦးဇင်းတို့လို ရဟန်းတော်တွေနဲ့ စကားပြောတဲ့ အခါမှာ ပေါ့ ဘုရား၊ ဟုတ်တယ်၊ လိုက်နာပါ့မယ်၊ နားလည်ပါတယ် ဆိုတဲ့ သဘောကိုဆောင်တဲ့ စကားက တင်းပါး၊ တခါ တလေလဲ တင်ပါး လို့ပြောကြပါတယ်၊ မြန်မာစကားပဲလားဘုရား၊ ဒါမှမဟုတ် သူများဆီက ယူပြီးသုံးတာလား သိချင်လို့ပါ၊
‘ အော် ဟုတ်ပြီ၊ ဒကာရေ၊ ဦဇင်းတို့ကိုရင်စပြီးဝတ်တော့ အိမ်ကပါလာတဲ့ အသုံး အနှုံးတွေကို ဆရာတော် တွေနဲ့ ပြောကြတဲ့အခါ ထဲ့ထဲ့ပြီး ပြောမိလွန်းလို့ ဆရာတော်က ကျောင်း သားသစ်တို့၊ ကိုရင် ၀တ်ခါစ ဆိုရင် စစ ချင်း ‘ တင်ပါး၊ မှန်ပါ၊ အရှင်ဘုရား၊ တပည့်တော်’ လို့ လိုက်ပြီး ဆိုရသေးတယ်။ အဲ နောက်ပြီးမှ အဓိပ္ပာယ်ကို ပြောပြတယ်။ အဲဒီ အထဲမှာ အခုန ဒကာတော်ပြောတဲ့ တင်ပါး ဆိုတာကို ဆရာတော်က 
'ကိုယ်ထက် အသက်ကြီးသော သီတင်းသုံးဖော်တို့နှင့်ဖြစ်စေ၊ ဆရာတော်နှင့်ဖြစ်စေ၊ အတူတူနေတဲ့ကိုရင် အချင်း ချင်းဖြစ်စေ စကားပြောတဲ့အခါ တင်ပါးလို့ သုံးရတယ်။ သူရဲ့ဆိုလိုရင်းက အရှင်ဘုရားပြောတာကို ဦးထိပ် တင်ပါသည်လို့ ဖြစ်တယ်။ အဲဒါကို အမြန် ပြော တော့ တင်ပါး ဖြစ်နေတာနော် ကိုရင်တို့’ လို့ပြော ဖူးပါတယ်။ 
အဲ ဒကာတော်သိချင်တဲ့ အဲဒီ တင်ပါးက ဦးထိပ်တင်ပါသည်လို့ ဆိုလိုတာပါပဲဗျာ၊”။ ကဲ ဟုတ်ပြီလား၊ 
တင်ပါး ဘုရား။ ဦးထိပ်တင်ပါသည် ဘုရား။

Tuesday, January 25, 2011

မြတ်ဆရာ


မန္တလေးမြို့၊ နန်းရှေ့ရပ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် သုတ္တန္တ မဟာဌာနဟု ရှိပါသည်။ အဓိက ဘာသာရပ်အဖြစ်သင်ကြားပို့ချပါသည်။ ၀ိနယဌာန၊ အဘိဓမ္မဌာန တို့ကဲ့သို့ အရေးကြီးသော ဌာ ကြီးဖြစ် ပါ သည်။ ထိုဌာနကြီး၏ ဌာမှူးဆရာတော်မှာ သာသနာ့တက္ကသိုလ်ကြီး၏ ဒုတိယ ပါမောက္ခချုပ် ဖြစ် သည်။ 
မြန်မာ နိုင်ငံ ပရိယတ္တိလောကတွင် အဆင့်မြင့်စာမေးပွဲများကို ပြီးမြောက်အောင်မြင်ထားသော ဆရာ တော် ဖြစ် သည်။ တစ်ခါက ဆရာတော် အောင်မြင်ခဲ့တဲ့ စာမေးပွဲများတွင် ဘယ်စာမေးပွဲကို အမှတ်အရဆုံးလဲဟု စာသင်သား များမေးကြသောအခါ ကိုရင်ငယ်ဘ၀က ပထမငယ်တန်းကို ဒုတိယရ ပြီး အောင်ခဲ့သည်ကို အမှတ်အရ ဆုံးဟုပြောပါသည်။ ဆရာတော်၏ဘွဲ့တော်မှာ ဘဒ္ဒန္တဉာဏာလင်္ကာရာဘိဝံသ ဖြစ်၏။ ဆရာတော်၏ စာပေနှံ့ စပ်မှုကိုပြော၍ ကုန်မည်မထင်ပါ။ ခေတ်အလိုက်စာပေးများကိုလဲ မျက်ခြေမပြတ် လေ့လာသိရှိနေသလို၊ ပါဠိ စာပေ၌ မန်းတက္ကသိုလ်တွင် တစ်ပါးသာရှိ၏ဟုပြောလျှင် မလွန်ပါ။ စာသင်သား များကို ညှာတာ၏။ ပါဠိ စာပေ ကိုသာမက သမိုင်း၊ လင်္ကာ၊ ဇာတိမာန်ထက်သန်စေသော စာပေများကိုလဲ တပည့် စာသင်သားများ ရင်ထဲ ရောက်အောင်သင်ပြပို့ချနိုင်စွမ်းရှိသည်။
မန်း သာသနာ့တက္ကသိုလ်တွင် စာသင်ချိန် တစ် ချိန်ကို လေးဆယ့် ငါးမိနစ်သာပို့ချ၏။ ဆရာတော်ပို့ချသာ အခါ အချိန်တို့သည် မည်ကဲ့သို့ကုန်သွားမှန်း မသိ အောင်စာသင်သား များကို ဆွဲဆောင်နိုင်၏။ အချိန်ပို့ချနေသည်ကိုပင် မသိနိုင်လောက်အောင်ရှိသည်။ လမ်းတွင်တွေ့ပါက ဆရာ တော်သည် မည်သည့်အခါမှ တိမ်းပေးလေ့မရှိပါ။ ပြီးတော့ အမိန့်ရှိသည် “ ငါက မျက်စိ မြင်တာမဟုတ်ဘူး၊ မြင် တဲ့သူကရှောင်” တဲ့၊ မျက်စိအမြင်မှာလဲ အင်မတန်အားနည်းပါသည်။ စာပေ ပို့ချသော အခါတွင်လဲ မျက်စိ ရှေ့တစ်ပေအကွာအထိ ကပ်ကြည့်မှ စာကိုမြင်ရပါသည်။  သို့သော် အနား မယူပဲ အခုထက်တိုင် သင်ပြပို့ ချနေဆဲပင်ဖြစ်ပါသည်။ ဆရာတော်နှင့် သာသနာ့ တက္ကသိုလ် ကျောင်းသား ပထမနှစ် ကတည်းကပင် တွေ့ ဆုံ ခဲ့ရသည်။
အမှတ်ရမိပါသည်။ ပထမနေ့ စပြီးပို့ချ သောအခါ “ ဦးဇင်းတို့ အခု တပည့် တော်တို့ ပို့ချသင်ယူရမယ့် သုတ္တန်မှာ ပါဠိဂါထာရေးရတဲ့ အပိုင်းရှိ တယ်။ သူများရေးထားတဲ့ဂါထာကို စစ် ဆေးတာရယ်လို့ နှစ်မျိုး ရှိ တယ်။ တပည့်တော်ဒီနေ့ စပြီးပို့ချမယ့် သီလက္ခန်မှာ ရှေးဆရာတော် တွေက လေ့ လာနည်း ဆယ်မျိုး သတ် မှတ်ပါတယ်။ အဲဒီ ဆယ်မျိုးထဲမှာ ဘယ်ဟာက အခက် ဆုံး လဲ၊ ဘယ်ဟာက အလွယ် ဆုံးလဲ လို့မေးရင်၊ အရှင်ဘုရားတို့ ဘယ်လိုပြောမလဲ၊ သူများရေးတဲ့ ဂါထာကို စစ်ရ တာ အလွယ်ဆုံးပဲ၊ ကိုယ်တိုင် ပညာရှင် တွေလက်ခံ နိုင်အောင် ဂါထာစီတတ်ဖို့က အခက်ဆုံးပဲ၊ အဲလိုခက်ခဲ တဲ့ အပိုင်း၊ လွယ် ကူတဲ့ အပိုင်းတွေ ကိုပေါင်းစပ်ပြီး လေ့လာကြမယ်။  ကဲ လိုက်ပြီး မှတ်၊ အစ တစ်လုံးနောင်၊ သ၊ န ရှောင်၊ လေးနောင် ယ ဂိုဏ်း ၀တ္တတိုင်း၊ အလွယ်ဆုံးလို့ပြောရမယ့် ဂါထာရဲ့ လက္ခဏာပဲ” အစချီကာ ပို့ချပါတော့သည်။
ဆရာတော်သည် သီလက္ခန်ပါဠိ၊ အဋ္ဌကထာတို့မှ ကောင်းနိုးနိုးရာရာ ပါဠိ ၀ါကျ၊ ဘုရားရှင်နှင့် ၀ါဒပြိုင်သော ဗြဟ္မဏကြီးများ၏ မှတ်သားဖွယ်ရာ ပါဠိအသုံးအနှုံးတို့ကို ဂါထာစီပြီးလဲ စာသင်သားများကို လိုက်ပြီး မှတ်သား စေပါသည်။ “ တို့မြန်မာပါဠိ ပညာရှင်တွေ အများကြီးရှိတယ်၊ လယ်တီဆရာတော်ကြီးဆို ငါ့ရှင် တို့သိ တဲ့ အတိုင်းပဲ ပါဠိဘာသာနဲ့ ကျမ်းဂန်တွေရေးသွား ပါဠိပညာရှင်တွေလို့ နာမည်ကျော်တဲ့ သီရိလင်္ကာ သားတွေ တောင် လက်ဖျားခါကြတယ်၊ ရေးရုံသက်သက်တင် မဟုတ်သေးဘူး၊ အရင်က သူတို့ သီဟိုဠ်သား တွေရေးထားတဲ့ အယူအဆတွေကို ဘုရားရှင်ဟောတော်မူထားတဲ့ ပါဠိတော် တွေနဲ့ ချိန်ထိုးပြီး မခိုင်လုံတဲ့ အကြောင်းတွေကိုထောက်ပြနိုင်ခဲ့တယ်” စသည်ဖြင့် ပြောပြပါသည်။ 
“တို့မြန်မာပြည် ဆဋ္ဌသံဂါယနာတင် တော့ ပါဠိတော်တွေကို နိဒါန်းရေးတာ မြန်မာတွေဘုရာ့၊ ပရိတ်ကြီးအမွှန်းတွေဆိုတာ မြန်မာဆရာ တော် တွေ ရေးတာ၊ ဓမ္မစက္ကပ၀တ္တနသုတ်တော်ရဲ့ အစ “ ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ” စတဲ့သုံးဂါထာကို တပည့်တော်များ ကျေးဇူးရှင် ဆရာတော် ဦးဗုဓ်ရေးတာဗျ၊ ကိုယ်တော်တို့လဲ သူများနိုင်ငံသားချည်း တော်တယ် မှတ်မနေနဲ့ မြန်မာတွေလဲ တော်တယ်၊ အဲလိုဖြစ်အောင် ကြိုးစားကြ၊ ကဲ အောက်ကဆက်ပြီး မှတ်လိုက်ဦး”ဟု ပြောမှပင် ဆရာတော်၏ စကားဆုံးသွားကြောင်းသိရသည်။ အချိန်ကုန်လို့ ကုန်မှန်းမသိ၊ ဆရာတော်၏ စကားများသည် ဗလာစာအုပ်တွင်သာမက ရင်အုပ်ထဲ အထိရောက်ပါသည်။ လွမ်းမိပါသည်။

မကွေးသားဗျ

သာသနာ့တက္ကသိုလ်သို့တက်ရောက်လိုသော ရဟန်းတော်သည် ၀င်ခွင့်စာမေးပွဲ ဖြေဆိုရ၏။ ပထမနေ့တွင် ရေးဖြေ ဖြေဆိုရ၏။ ရေးဖြေအောင်မြင်ပြီးလျှင် နှုတ်ဖြေဆက်လက် ဖြေဆိုရသည်။

စာစစ်ဆရာတော်များမှာ နောက်နေ့နှုတ်ဖြေ ဖြေဆိုနိုင်ရန်  ရေးဖြေ အောင်စာရင်း ကိုနေ့ချင်းပြီး စစ်ဆေး ကြရသည်။ ၀င်ခွင့်ကို ပါဠိ နေ့၊ အင်္ဂလိပ်နေ့ ဟု နှစ်ရက် သတ်မှတ်ထားသည်။ တစ်ခုသော အဖြေလွှာတွင် ပါဠိစာစီ စာကုံးဖြေ ဆိုထား သည်ကို စာစစ်ဆရာတော်များ အခက်တွေ့လျှက်ရှိသည်။ 

စာဖြေရှင်၏ " ဣတ္ထိဝင်္ကတော အာဂတောမှိ "  ကို အခက် တွေ့ နေခြင်းဖြစ်သည်။ မည်သို့မျှဘာသာပြန်၍ မရနိုင်ဖြစ်နေ၏။ နောက်ဆုံး ဒုတိယ ပါမောက္ခချုပ် ဆရာတော်သို့ အဖြေလွှာကို ဆက်ကပ်လိုက်ရတော့၏။ ဆရာတော်သည် ခဏမျှတွေး ပြီးသည်နောက် -

" အာ ကိုယ်တော်တို့၊ ဒီအဖြေလွှာရှင်က မကွေးသားဗျ၊ သူရေးတာက ဒီလိုပြန်ရတယ်၊ ဣတ္ထိ-ဆိုတာ မိန်းမ ကိုပြောတာ၊ ဒီနေရာမှာတော့ မ ကိုပဲယူ၊  ၀င်္က-က ကောက်တာ၊ သို့မဟုတ် ကွေးတာပေါ့၊ ဒီနေရာမှာတော့ ကွေး တာကိုယူရတယ်။ သူ့အနက်ဒီလိုရှိလိမ့်မယ်၊ အဟံ၊ တပည့်တော်သည်၊ ဣတ္ထိဝင်္ကတော၊ မကွေးမှ၊ အာဂတော၊ လာခဲ့သည်၊ အမှိ၊ ဖြစ်ပါ၏ " လို့ပြန်လိမ့်မယ်။ 

ဆရာတော်မိန့်သည့် အတိုင်းပင် အဖြေလွှာရှင်၏ ကိုယ်ရေးဖိုင်ကို စစ်လိုက်သောအခါ မကွေးသား ဖြစ် နေ ၏။

Monday, January 24, 2011

ဆရာ့ခြေရာ နင်းနိုင်သူ

ဆရာဟူသည် မိမိတပည့်ကိုမိမိ တို့ထက် သာလွန်စေချင်ကြသည်။ မသာနိုင်တောင်မှ တန်းတူတော့ လိုက်စေချင်ကြသည်။ နည်းမျိုးစုံသုံးကာ မိမိတို့၏ တပည့်များကိုလမ်းညွှန်ပေးတော်မူခဲ့ကြသည်။

ရွာတစ်ရွာတွင် စာပေတတ်ကျွမ်းသော ဆရာတော်တစ်ပါးသည် တပည့်ပေါင်းများစွာမွေးပြီး ဦးဆောင် ဦးရွက်ပြုတော်မူနေသည်။ တပည့်တိုင်းသည် ထင်သလောက် မပေါက်ပဲ ဖြစ်နေကြသည်ကို အားရ တော် မူခြင်းမရှိလှ။

တစ်နေ့ တပည့်တစ်ပါးနှင့် အတူ ခရီး တစ်ခုကို အတူကြွတော်မူ၏။ တပည့်သည်လဲ ဆရာတော်၏ နောက်တော်ပါးမှ တစ်ဖ၀ါးမကွာ လိုက်ပါလာခဲ့သည်။
တစ်နေရာသို့အရောက်တွင် ဆရာတော်က မိမိနောက်က တပည့်ကိုလှည့်၍ မိန့်တော်မူသည်။

“ အင်း ငါဖြင့် တပည့်တွေမွေးလိုက်တာ၊ တစ်ပါးမှ မစံ့ဘူး။ အဲဒီ အထဲ မင်းပဲ ငါ့ခြေရာလိုက်ပြီး နင်းနိုင်တယ်၊ ခွေးချီးတွေ ပေကုန်ပြီ ဆေးကြဦးစို့ကွာ”တဲ့။ အာဂဆရာမြတ်တည်း။

မနေ့က အဆက်


“ ၀ိ၊ သု၊ ဘိ၊ ပါ၊ မြန်၊ လိပ်စာ၊ ဒေသနာပြန့်ပွာရေး” ဟူသော ဆောင်ပုဒ်သည် မန္တလေးမြို့ နန်းရှေ့ရပ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် သင်ကြားသော ဘာသာရပ်တို့ကို အကျဉ်းအားဖြင့် မှတ်သား ထားခြင်း ဖြစ်ပါသည်။ ၀ိ-ကား ၀ိနယပိဋက မဟာဌာန ဖြစ်သည်။ သု-ကား သုတ္တန္တပိဋက မဟာဌာန၊ ဘိ-ကား အဘိဓမ္မပိဋက မဟာဌာနတို့ဖြစ်၏။ ပါဠိဌာန၊ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ ဗုဒ္ဓဒေသနာ ပြန့်ပွား ရေးဌာန တို့ဟူ၍ ခုနှစ်ဌာန ဖြစ်သည်။

ဝိနည်း၊ သုတ်၊ အဘိဓမ္မာတို့ကို နေ့စဉ်ပို့ချသည်။ ကျန်ဘာသာ လေးရပ်ကို ကားရက်ခြား ပို့ချသည်။ ၀ိနည်း တွင် အပိုင်းများခွဲခြားပြီး ပို့ချသည်။ ပါဠိတော်နေ့၊ အဋ္ဌကထာနေ့၊ ခေတ်လေ့လာနည်းနေ့ သုံးမျိုး ခွဲခြား နိုင်သည်။ ပို့ချသော ဆရာမှာ တစ်ပါးတည်းမဟုတ်၊ သူ့နေ့နှင့် သူဖြစ်၏။ ပါဠိတော်နေ့ ဆရာတစ်ဦး၊ အဋ္ဌ ကထာနေ့ဆရာတစ်ဦး နှင့် ခေတ်လေ့လာနည်း ဆရာတစ်ဦးဟု သတ်မှတ် ထားသည်။ ပထမ နှစ်ရက်ကို သံဃာတော်များပို့ချပြီး၊ ခေတ်လေ့လာနည်းကို လူပုဂ္ဂိုလ်များကပို့ချလေ့ရှိသည်။ အရေးကြီးဆုံးအပိုင်းကိုကား ဌာနမှူး ဆရာတော်ကိုယ်တိုင်ပို့ချသည်။

ဆရာတော်ပို့ချသွားသည်များကို အကြမ်းဖြင်း လိုက်မှတ်ရ၏။ အရေးတကြီး မှတ်သားလိုသည်များကို ထပ်မံ ပြောပြီးနောက် စာအုပ်တွင် ရေးသား မှတ်ထားစေသည်။ ၀ိနည်းဌာနမှူး ဆရာတော်သည် အခြားဌာမှူး ဆရာတော်များ နည်းတူ တည်ငြိမ်သည်။ စာလိုက် သံဃာ တော် များငြိမ်သက်စွာ လိုက်ပြီး မှတ်သားရသည်။ ပါဠိတစ်ပုဒ်၏ ဖြစ်သင့်သည်တို့ကို နည်းစုံအောင်ပို့ချပေးတော်မူ သည်။ ကြံဆတွေးတော်ရင်း ပိုမိုကောင်း မွန်သော ပါဠိသဘော သွားများကိုတွေ့ပါက ထပ်မံ၍ မှတ်သား စေသည်။ ပြောနေကြစကားလေးလဲ ရှိ သည်။  “ အခုနဟာလေး ဖျက်လိုက်ဦး၊ ဒါလေးက ပိုကောင်းတယ် ” တဲ့။

ဝိနည်း အဆုံးဖြတ်၊ အဓိပ္ပာယ်တို့ကိုလဲ စုံစုံလင်လင် ပြောပြတတ်ပါသည်။ စာလိုက်နေစဉ် စကားပြောသည် ကိုလဲ မကြိုက်ပါ။ ဆရာတော်၏ အဋ္ဌကထာနေ့ပြီးနောက် ပါဠိတော်နေ့ နှင့် နောက်ဆုံး ခေတ်လေ့လာ နည်း သို့တိုင် ရောက်လာ၏။ ဤသို့ဖြင့် ၀ိနည်း ပိဋက အလှည့်ပြီး၏။

နောက်တွက် သုတ်၊ အဘိဓမ္မာ စသည်တို့ ရောက်လာတော့၏။ နောက်ဆဲ့ငါးရက်ကြာသော အခါ ၀ိနည်း နေ့ပြန်ရောက်ပြန်၏။ ဆရာတော်၏ စာဝါကို လိုက်ရပြန်၏။ စာဝါကို နမော တဿ သုံးကြိမ်ရွတ်ပြီး စတင်မြဲ ဖြစ်၏။ တပည့်များ မိမိတို့နေရာ အသီးသီး ရောက်ပြီးနှင့် တပြိုင်နက် ဆရာတော်မှ “ မနေ့က အဆက်” ဟု ပြောပြီး ပို့ချပါတော့သည်။ စာလိုက်သံဃာများ တစ်ပါး မျက်နှာ တစ်ပါးကြည့်၍ ဘယ် မနေ့ကလဲ ဟု တိုးတိုး တိုးတိုးမေးရသည်။ ဆရာတော်သည် ဘယ်နှစ် ရက် အကြာက ပို့ချခဲ့သည်ဖြစ်စေ 
“ မနေ့က အဆက်” ဟုသာ ပြောမြဲဖြစ်သည်။ 

ယောင်တောင်တောင်ဖြင့် လိုက်မှတ်ခဲ့ရသည် တို့ကိုတော့ ဆရာတော် သိတော်မူဟန် မတူပါ။ အခုတော့ ၀ိနည်းဌာနမှူးမိန့်သော မနေ့ က အဆက်သည် တပည့်တော် စိတ်ထဲ “ မနေ့က လား ” ဟု ထင်နေမိပါ သည်ဘုရား။

အင်္ဂလိပ်စာတတ်များ အခက်တွေ့သော ဆရာတော်

ဆရာတော်သည် ဘုန်းကြီး၏။ စာပေတတ်ကျွမ်း၏။ အပြော၊ အဟော ကောင်း၏။ ဥပဓိခန့်ငြား၏။ တပည့်ပေါင်းများစွာလဲရှိ၏။ ဆရာတော်၏ဘုန်းကံကြောင့်သက်တော်ငါးဆယ်ကျော်တွင်နိုင်ငံခြား ထွက်ခွင့် ကြုံတော့သည်။

သို့သော် ဆရာတော်သည် ငယ်စဉ်ကပင် ပါဠိစာပေများကိုသာ လိုက်စား ကျွမ်းကျင် ခဲ့သောကြောင့် ခေတ်သစ်စာပေ အင်္ဂလိပ်တွင် အားနည်းပါသည်။ ကြည်ညိုသော ဒကာ ဒကာမများ၏ လျှောက်ထား တောင်းပန်မှုဖြင့် အာရှနိုင်ငံ များသာမက အနောက်ခြမ်းက နိုင်ငံတစ်ချို့နှင့် ဥရောပ နိုင်ငံ များ တိုင်ကြွ ရောက်ပြီး မြန်မာ ဒကာ ဒကာမများကို သွန်သင်ဆုံးမ၊ ညွှန်ပြနိုင်မှုရှိသည်။ 

တစ်နေ့တွင် ကြည်ညို လေး စားသော ဒကာတစ်ယောက်မှ ဆရာတော်ကြီးကို လျှောက်ထားပါသည်။
“ ဆရာတော်၊ ဆရာတော်က အင်္ဂလိပ်စာလဲ မတတ်ပဲနဲ့ ကမ္ဘာပတ်နေတယ်ဆိုတော့၊ အခက် အခဲ များ တွေ့ပါသလားဘုရား”တဲ့၊
အင်မတန်ရင်းနှီးသော ဒကာလဲဖြစ်ပါသည်။ ထိုအခါ ဆရာတော်ကြီးက-

ဘုန်းကြီးကတော့ မခက်ပါဘူး၊ ဒါပေမယ့် ဘုန်းကြီးနဲ့တွေ့တဲ့ နိုင်ငံခြားသား ဒကာကတော့ ခက်တာပေါ့” ကျောင်းဒကာရာ"တဲ့။

အလွမ်း နှစ်ည


ဘ၀တွင် အဆင်ပြေသည်လဲ ရှိ၏။ အဆင်မပြေသည်လဲ ရှိပြန်၏။ အဆင်း အတက်၊ အစုန် အဆန်တို့သည် အမြဲတမ်း တစ်လှည့်စီသာ ဖြစ်နေတတ်သည်။ လေဆန် ရေဆန်ခြေကန်လှော်တက်ရသော ခရီးမျိုးလဲတွေ့ ရမည်။ လေစုန် ရေစုန် ရွက်ကုန်ဖွင့်ပြီး အသင့်လိုက်ပါရသော ဘ၀မျိုးလဲ ရှိတတ်ပြန်သည်။ ရည်ရွယ်သည့်အတိုင်း မှန်းခြေပေါက်သော အရာမျိုးလဲ ရှိပါသည်။
ရည်ရွယ်သော်လဲ မှန်းခြေမပေါက်သော အရာမျိုးးကိုလဲ တွေ့ရသည်။  
ဘယ်အခြေ အနေဖြစ်စေ ကြုံတတ်သော အရာမျိုးချည်းသာဖြစ်ပါသည်။

ကြုံဖူးပါသည်။ ခရီးတစ်ခုတွင်ဖြစ်၏။ လွန်ခဲ့သော ခြောက်နှစ်ကျော်လောက်က ဖြစ်ပါသည်။ သူငယ်ချင်း ဦးဇင်းတစ်ပါးနှင့် အတူ သူ့ရပ်ရွာကို အလည်ခေါ်သဖြင့် လိုက်သွားခဲ့ဖူးပါသည်။ မန္တလေးမြို့ဘူတာကြီးမှ ညနေပိုင်းထွက်ခွာလာသော ရထားသည် သူ့ရွာနှင့် အနီးဆုံးဘူတာတွင် ရပ်မည်ဟုပြောသော်လဲ ခဏမျှ အရှိန်လျှော့ရုံသာဖြစ်၏။ ဆင်းနေကြ မဟုတ်သောကြောင့် ခုန်ချရန်ပြောသော်လဲ ခုန်ရနိုး ခုန်ရနိုးဖြင့် ကောလင်းဘူတာသို့ လိုက်ပါခဲ့ရတော့သည်။ ကောလင်းမြို့ငယ်လေးက သူတို့အသိအိမ်တွင် ခဏနေပြီး နေ့လည်ခင်း အတွဲနှစ်တွဲသာ တပ်ဆင်ထားသော ကားရထားဖြင့် ကိုးတောင်ဘို့ဘူတာ လေးသို့ ပြန်ခဲ့ သည်။ သူတို့ရွာတွင် ငါးရက်ခန့်နေပြီးနောက် မန္တလေးသို့ပြန်ခဲ့သည်။ ဆိုပါ အပြန်ခရီးတွင် စတော့၏။ 

နဘားမှ စတင်ထွက်လာသောရထားသည်မန္တလေးအထိမရောက်တော့ပါ။ စစ်ကိုင်းတွင်ဂုတ်ဆုံးထားပါသည်။ သို့သော် ထိုနေ့၌ပင် မြစ်ကြီးနား အမြန်ရထားဖြင့် ထပ်မံလိုက်ပါနိုင် ကြောင်း ကို ပြောပြီး နဘားရထားဖြင့် ပြန်ခဲ့သည်။ အထူးတွဲလို့ခေါ်သောအက်စကော့ အတွဲတွင်လိုက် ပါလာခဲ့သည်။ရဲတစ်ယောက် နေရာပေးသောကြောင့် အေးအေးဆေးဆေးလိုက်ပါခဲ့ရသည်။
စစ်ကိုင်းသို့ ညနေ ၇ နာရီတွင် ရောက်ပါသည်။မန္တလေးမြို့နဲ့ စစ်ကိုင်းသို့ပြေးသောကားမှာ အဲတုန်းက ကားခ လေးဆယ့်ငါး ကျပ်လောက်သာ ဖြစ်ပါသည်။ ညနေပိုင်းရထားဆိုက်သောအခါ ကားခမှာ နှစ်ရာ ဟု ပြော သည်။ ဒီလမ်းနှင့် ဒီလမ်း သုံးရာတော့ များတယ်။ မပေးနိုင်ဘူး။ သူတို့ကလဲ ဈေးမလျှော့ပါ။ နန်းရှေ့ကကောင်လေး တစ် ယောက်ကလဲ ဈေးများ တယ်ဆိုပြီး မလိုက်ပြန်။ သူနဲ့ပေါင်းနေလိုက်တာ၊ 

မန္တလေးမြို့ထဲပြန်မယ့်ကားလဲ မရှိတော့ဘူး။ နောက်တော့ စစ်ကိုင်း မြို့ ထဲ တစ်ညအိပ်ဖို့ ကျောင်းလိုက်ပြီး လျှောက် ကြသည်။ အဆင်မပြေပါ။ ညကြီးမင်းကြီး ဘယ် ကျောင်း ကမှ လက်မခံပါ။ ဒီလိုနှင့်ပင် စစ်ကိုင်း ဘူတာထဲပြန်ပြီး ညအိပ်ကြပါသည်။ ခြင်တွေ ကိုက်သည်။ ဘူတာ လုံခြုံရေးဆိုသော ရဲများလဲ တစ်ညလုံး တစ်တောက်တောက် ဖြင့် မအိပ်ပဲ ကင်းစောင့် ကြ သည်။  အိပ်လို့လဲမပျော်ပါ။ မှေးကနဲ့အိပ်ပျော်မလို့ ရှိ သေး  အိပ်မက်ထဲ ရထားရောက်လာသောကြောင့် ထ ထိုင်လိုက် ရပြန်သည်။ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်တော့ ခွေးဟောင်သံ၊ ရဲလမ်းလျှောက်သံတို့သာ ရှိနေ၏။ မျက်စိ ကြောင်ပြီး အိပ်၍လဲမရတော့ပါ။ မနက်ခြောက်နာရီတွင် မြစ်ကြီးနားရထား ဆိုက်လာသည်။ အိပ်ချင်လျှက်ပင် ရထား  တက်လိုက်ရတော့၏။ မန္တလေးမြို့ရောက်တော့ မနက်ပိုင်း ကိုးနာရီကျော်ကျော်တွင် ဖြစ်သည်။ ဘူတာ ကြီးပေါ်မှ အနောက်ဘက် လှမ်းကြည့်လိုက်သောအခါ စစ်ကိုင်းတောင်တန်းကြီးသည် စေတီတော်ဖွေးဖွေးဖြင့် ခန့်ငြားနေလေ၏။ ခြင်ကိုက်သော စစ်ကိုင်း ရွာထောင် ဘူတာ ညကို သတိရနေမိသည်။

ပျော်ဘွယ်ကနေ အနောက်ဆင်းပြီး နတ်မောက်ခရီးဆက်မည့် တစ်စီးတည်းသော ကားကို စီးရသည်။ သို့သော် ထိုနေတွင် နတ်မောက်ထိ သွားမည့် ကားမရှိပါ။ ရွာတော်သို့ ဆိုက်မည့် ကားသာရှိ၏။ ကားစပါယ်ယာကို သင် လှကျင်း လို့ပြောပြီး တက်လိုက်လာခဲ့သည်။ ကားပေါ်ရောက်မှ သင်လှကျင်း နှစ်ခုရှိကြောင်း သိရ ပြန် သည်။ သူတို့ရောက်သော သစ်လှကျင်းကား အရှေ့သစ်လှကျင်း မိမိသွား လို သည်က အနောက် သစ်လှကျင်း ဖြစ်နေ၏။ ဆရာတော်တစ်ပါး လမ်းညွှန်ချက်ဖြင့် ညနေ နေလုံးပျောက် မှောင်ရီသန်းချိန်တွင် အဖေ့ရွာလေးကို ရောက်ပါတော့သည်။ လျှော်ချောင်း ရွာဟုခေါ်၏။ ထိုရွာလေးတွင် ငါးရက်ခန့်နေပြီး မန္တလေးသို့ပြန်ခဲ့သည်။ 

ခရီးစဉ်သည် ဦးလေးညွှန်သည့် အတိုင်းသာဖြစ်၏။ နတ်မောက်မှ ထွက်လာသော ကားကို စီးခြောက် နာရီ ၀န်း ကျင်း ပျော်ဘွယ်သို့ ရောက်မည်။ ညနေ ခုနှစ်နာရီကျော်ကျော်တွင် ရန်ကုန်အမြန်ရထား ပျော်ဘွယ် တွင် ခဏ နား သည်။ ထိုရထားဖြင့် မန္တလေးဘက်သို့ တက်လိုက်သွားရုံသာဖြစ်သည်။ အတော် အဆင် ပြေသော ခရီးဖြစ်ပါသည်။ လက် တွေ့တွင် ပျော်ဘွယ်သို့ ညနေခုနှစ်နာရီထိုးမှ ရောက်သည်။ ရန်ကုန် အမြန်ရထား ဆိုက်သွားပေပြီ။ မမီလိုက်တော့ပါ။ ကားလဲ မရှိတော့။

ဤသို့ဖြင့် ပျော်ဘွယ် ဘူတာညအိပ်ရန် ဖြစ်လာပါတော့သည်။ ခရီးသည် များစုန်လိုက် ဆန်လိုက်ဖြင့် ရှိနေ သည်။ မိုးချုပ်လာသည်နှင့်အမျှ ခရီးသည်များလဲ ကြဲသွားပြီ၊ တစ်ချို့လဲ အိပ် ကုန် ကြပြီ၊ မိမိလဲ အိပ်မှတော် တော့မည် အောက်မေ့ကာ အနီးရှိ တန်းလျှားတွင် နေရာယူလိုက်သည်။ အိပ်ပျော်လုဆဲတွင် အနီးသို့လျှောက်လာသော ရဲက

 “ ဦးဇင်း သတိထားပြီး အိပ်ပါဘုရား၊ ဒီဘူတာက သူခိုး ပေါပါတယ်” တဲ့၊
  
ဘာမှ ပါလို့ရယ်တော့ မဟုတ်ပါ။ သူပြောတာနဲ့တင် အိပ်လို့မပျော်တော့ပဲ ဖြစ်နေပါသည်။ ညလဲ နက်ပြီ မှတ်မှတ် ရရ အဲဒီညက လငပုတ် ဖမ်းသည်။ လပြည့်ညလား လပြည့်ကျော်တစ်ရက် လားထင် သည်။ လရောင်ခပ်အုံ့အုံ့ကြီးဖြစ်နေသော ကြောင့်ထွက် ကြည့်လိုက်ရာ လ၀န်းကြီး တစ်ဝက်ကို ပင်ငုံ မိလု ဖြစ် နေ သည်ကို တွေ့ရသည်။

အိပ်လို့လဲ မပျော်၊ ထိုစဉ် ခပ်လှမ်းလှမ်းက ဇာတ်ထွက်နေသံ ကြားရသည်။ အိပ်မရတော့မည့် အတူတူ ဇာတ်ထိုင်ကြည့်ပြီး မိုးလင်းတော့မည် အောက်မေ့ကာ ဆိုင်းသံကြား ရာသို့ ထွက် လာခဲ့တော့သည်။ ဇာတ်ပွဲတွေ့တော့ မနက်ပိုင်း နှစ်နာရီလောက်ရှိမည် ထင်သည်။ ခဏထိုင် ကြည့်ပြီး ကား ဂိတ်သို့ ထွက်လာခဲ့တော့သည်။ မနက် ငါးနာရီခန့်ရှိပြီထင်ပါသည်။ မနက်ဆွမ်းကို လမ်းဘေးက လ္ဘက်ရည် ဆိုင်လေးတွင် ပြီးခဲ့သည်။ ဆိုင်ရှင်က တစ်ပွဲလှူပါသည်။ ၀မ်းမတင်းသေး၍ နောက်ထပ် တစ်ပွဲမှာပြီး စားပါသေးသည်။ ဆိုင်ရှင် အလှူ့ဒကာကို အားနာမိသည်။ ဘာပြောပြော ကိုယ့်ဝမ်းတာ ကိုယ်သာသိမို့ ခပ်တည်တည်ပဲ နေလိုက်သည်။ လွမ်းမိသည်။

Sunday, January 23, 2011

မနေ့က ရတနာပုံ


 ၁
အင် ကြင်း ကြာ အုံ ရတနာပုံ အမှတ်အသားနဲ့အညီ မန်းမြို့တော်ကြီးကို မင်းတုန်းမင်းတရားကြီးသည် ၁၂၂၁ ခုနှစ်တွင် တည်ထောင် ဖန်တီးတော်မူခဲ့၏။ အခုလို ၁၃၇၂ ခုဆိုလျှင် နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်ခဲ့ပါပြီ။ ရှေးတုန်းကလဲ လှခဲ့သည်။ ယခုလဲ လှနေဆဲပင်ဖြစ်၏။ နောင်နှစ်ပေါင်း ထောင်ချီပြီးလဲ လှနေဦးမည်ဖြစ်သည်။ ပြီးတော့ မြန်မာ့ဘုရင်စနစ် နိဂုမ်းချုပ်သိမ်းခဲ့ရာ နောက်ဆုံး မင်းနေပြည်မှာလဲ ဤမန်းမြို့ကြီးပင်ဖြစ်ပါသည်။ ဗုဒ္ဓသာသနာတော်နှင့် ပတ်သက်ပြီး၍ကား ထေရ၀ါဒ သမိုင်းတွင် တခမ်းတနားမှတ်တမ်းတင်ခြင်းခံရသော မြေမြတ်မဟာလဲ ဖြစ်ပါသည်။ မြန်မာပြည်အရပ်ရပ်က လူ၊ ရှင်၊ရဟန်းတို့လာရောက်ပြီး ပညာဆည်းပူရာ ဌာနကြီးလဲ ဖြစ်ပြန်သည်။


ပုဂံပြည်ကြီးလဲ သာယာခဲ့ပေမည်။ ပင်းယပြည်ကြီးလဲ ခန့်ငြားထည်ဝါခဲ့ပေမည်။ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း တို့ သာယာစည်ပင် ပြန့်ပွားခဲ့ကြောင်း တို့ကို ကြားဖူး၊ နာဖူး၊ စာတွင်တွေ့ဖူးပါသည်။ အလှမ်းဝေးလွန်း၍ မှန်းတွေးလေးဖြင့်သာရင်ခုန်ခဲ့ရဖူးပါသည်။ ရတနာပုဉ္ဇမင်း နေပြည်တော်ကြီးကိုလဲ မင်းညီမင်းသာ အစုံအလင်းဖြင့် မျက်ဝါးထင်ထင် မတွေ့မြင်ဖူးပြန်ပါ။ 

သို့သော် ခံစားလိုက်သောအခါ မန်းနေပြည်တော်၏ အရိပ်၊ အတိတ်တို့သည်မဝေးလှသေးပါ။ မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်ပဉ္စမသံဂါယနာတင်ရာ ကျောက်စာ တော်ထက်က အက္ခရာတို့ပီပြင်ကြည်လင် နေပါသေးသည်။ ကျုံးရေပြင်စိမ်းလဲ့ကြည်လင် အေးမြနေဆဲပင် ရှိပါသေးသည်။ နန်းအဆောင်ဆောင်တို့က မဝေးလှသေးသော အတိတ်ကို ပြောပြနေပါသေးသည်။ ရတနာပုံ၏ အရှင် မင်းတရားကြီး၏ ကောင်းမှုတော် စေတီအဆူဆူတို့ ရွှေရောင်ယှက်သန်းအံ့မခန်း သက်ဝင်လှုပ်ရှားနေဆဲပင် ရှိပါသေးသည်။ နန်းဦးထက်တွင် တည်ထား ကိုးကွယ်ခဲ့သော ထေရာ စံကျောင်းတို့ တပြောင်ပြောင် တ၀င်းတ၀င်းဖြင့် အဆင်းလဲ မညှိုးသေးပါ။ သင်အံ၊ ကျင့်ကြံ၊ စာကျမ်းဂန်တို့ဖြင့်လဲ အချင်း သင်းပြန့်ဆဲပေ။ အတွင်း၊ အပြင်၊ အဆင်း၊ အချင်း တို့သည် မန်းမြို့တော်ကြီး၏ နန်းရိပ်ကို ဖော်ကျူးလစ်ဟနေပါသည်။ 

အသွင်အပြင်တို့ တိုးတက်ခဲ့သည် မှန်သော်လဲ မန်း၏ တိုးတက်မှုသည် တည်ငြိမ်ပါသည်။ မန်းတောင်တော်ကြီးသည် စေတီတော်အဆူဆူတို့ဖြင့် အလှဆင်းကာ ရတနာပုဉ္ဖ မြို့တော် ကြီးကို ထွေးပွေ့ထားဆဲပင်ရှိပါသည်။ တိုးတက်နေသော မြို့သစ် အထွေထွေတို့လဲမန်းတောင်တော်ကို မော် ကြည့် နေဆဲပင်ဖြစ်ပါသည်။ မြို့လည်ခေါင်က တိုက်မြင့်မြင့်တို့ကလဲ မန်းတောင်တော်ကို တု၍မမီသေးပါ။ ကုသိုလ်တော်စေတီတော်အတွင်းက ပိဋကတ်တော်မြတ်တို့၏ဓမ္မရနံ့နှင့်ပန်းခရေတို့၏ သင်းပြန့်မွှေးသင်း ခြင်းကို အတုလိုက်ပြီး မွှေးပြန့်သော ရနံ့တို့လဲ မရှိသေးပါ။

 ၂

မန်းမြို့ကြီးသည် သမိုင်းကြီးသော မြို့ကြီးဖြစ်။ မန်းမြို့တွင် အတိတ်ရှိသည်။ ခန့်ငြား တည်ငြိမ်၏။
ကျုပ်မှာလဲ အတိတ် ရှိပါသည်။ မနေ့ကများစွာကိုပိုင်ဆိုင်သည်။ ဆိုပါ မနေ့ကများစွာသည် မခမ်းနားပါ။
သို့သော် မဝေးသေးသော အတိတ်က မန်းမြို့တွင်သာ ထိုမနေ့က များစွာကိုသိုဝှက်ထားခဲ့သည်ကတော့ သေချာပါသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်က မန်းမြို့တော်ကြီးထဲ ခိုဝင်လာခဲ့သည်။ အနောက်ပြင် ချမ်းသာကြီး မြောက်တိုက်တွင် နေရသည်။ ရောက်စက အခြေအနေလေးကို မှတ်မိနေသည်။ အရှေ့ကျောင်း၊ အနောက် ကျောင်း  ဆိုပြီးနှစ်ကျောင်းရှိသည်။ အနောက်ကျောင်းသည် ဆရာတော်သီတင်းသုံးရာ ဖြစ်သလို စာကျက် စာအံရာ  ကျောင်းဆောင်လဲ ဖြစ်သည်။ အရှေ့ဘက်ကျောင်းတွင်ကား အုတ်တိုက်ကြီး တစ်တိုက်နှင့် ပျဉ်  ထောင် ကျောင်းလေး တစ်ဆောင်ရှိသည်။ ၀င်းထရံ ခါးတစ်ရပ်သာသာလေးကို ကာရံထားသည်။ အရေးတကြီး ကိစ္စပေါ်၍ ဆရာတော်မမြင်ပါလျှင် ထိုဝင်းထရံလေးကို ခုန်ပြီးသွားကြသည်။ ကိုရင်များဖို့မူ ခုန်စရာမလို၊ ထောက်တိုင် မပြည့်တော့၍ ကြိုးတိုးကြဲတဲ အပေါက်ကသာ တိုးဝင် တိုးထွက် လုပ်တတ်ကြသည်။

စာအံကျောင်းပြီး ညအိပ်ချိန်ရောက်ပြီဆိုလျှင် ကျောင်းရှေ့ပေါက်က တံခါးလေးကို ပိတ်ရသည်။ လွယ်လွယ်နှင့် ပိတ်လိုတော့မရပါ၊ တံခါးရွက် ဘယ်ညာနှစ်ဘက်ကို လက်စုံကိုင်ပြီး တွန်းလိုက်ရ၏။ ရင်ချင်းစေ့ ပိတ် မသွား သေးသည့်အတွက် ခြေထောက်ဖြင့် ခပ်ဆောင့်ဆောင့်လေး ကန်လိုက်ရသေးသည်။ ပြီးတော့အုတ်ခဲခုခဲ့ရပြန်၏။ ထိုကျောင်းလေးတွင် ဆယ်နှစ်ကျော်ကျော်နေခဲ့ရသည်။ 

 ၃

ညတိုင်း ကျောင်းဝင်းတံခါး ပိတ်ရသည်။ အုတ်ခဲလေး အမြဲခုပေးရသည်။ အကူလေးနဲ့မှ နဲနဲလုံခြုံသော ဘ၀လေးကို သတိရမိပါသည်။

Friday, January 21, 2011

မြို့ပြန် ဟန်ကကြီး


မတ်တတ်ရပ်ပြီး ကောင်းကောင်းပြေးတတ်တော့ ရွာဦးကျောင်းရောက်သည်။ ကိုးနှစ်ကျော် ဆယ်နှစ် ရောက် တော့ ကိုရင်ဝတ်သည်။ ရွာဦးကျောင်းတွင်သုံးနှစ်၊သုံးမိုးနေပြီးတော့မန္တလေးမြို့ ကြီးသို့ တက်ခဲ့သည်။  လေးငါးခြောက်နှစ်နေပြီးတော့ စာမေးပွဲများ အတန်အသင့် အောင်မြင်သည်။ ရွာကိုတစ်နှစ် တစ်ခေါက် တော့ ရောက်ဖြစ်သည်။ 

နောက်ထပ်လေးငါးနှစ် ဆက်လက် နေထိုင်လိုက်သောအခါ အထက်တန်း ပိဋကတ်များကိုလေ့လာ
နိုင်ခဲ့သည်။ နောက်တော့ နိုင်ငံခြားပညာသင်သွားဦးမည်ဆိုကာ မြန်မာပြည်မှ အပြင်သို့ ထွက်ခွါခဲ့သည်။ 
ရွာကိုလဲ တစ်နှစ် တစ်ခေါက် မရောက်နိုင်တော့။ တခါတရံ အမေ့ဆီမှဖုန်းဆက်သည်။ စာကို လူကြုံပါး တတ် သည်။ စာကြိုးစာပါ။ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပါ။ အများအကျိုးဆောင်နိုင်သောပုဂ္ဂိုလ်ကြီး ဖြစ် အောင် ကြိုးစားပါ စသည်ဖြင့် မှာတတ်သည်။

အဖေဆီမှစာတွင်ကား ကျမ္မာရေးဂရုစိုက်ဖို့လောက်သာမှာသည် ကိုတွေ့ရသည်။ အချိန်တန် လို့အမိ မြေ ပြန်ရောက်တော့ ရွာကို ပြန်ခဲ့သည်။  အမေ သည် ဂုဏ်ယူလို့ မဆုံးတော့။

ရွာထဲ လှည့်ပြီး “ ကျုပ်သား ဦးဇင်းနိုင်ငံခြားက ပြန်လာပြီ” ဟုဆိုကာတွေ့တဲ့သူတိုင်းကို ပြောတော့၏။ နောက်ဆုံး အိမ်က အဖေဖြစ်သူကိုပင် သူ့သားတော်ကြောင်း ပြောတော့၏။
ပြီးတော့  အမေက အဖေ့ ဆီက ထောက်ခံချက်တောင်းသည်၊

“နေပါဦးတော့၊ ကိုအ၀ှာ၊ ကျုပ်တို့သားဦးဇင်း စာဘယ်လောက်များ တတ်ပလဲ လို့ ထင်သလဲ”တဲ့။ ဒီတော့ တိတ်ဆိတ်နေတဲ့ အဖေက ပြောပါတယ်။

စာဘယ်လောက်တတ်တယ်တော့ ငါ မပြောတတ်ဖူးဟေ့၊ မနက်မနက် မျက်နှာသစ်တာကတော့ နင်ခတ်ထားတဲ့ ရေတစ်အိုး ကုန်တယ်ဗျား”တဲ့။

တစ်ခါက တစ်ဘဝ


နာဂတောင်တန်းတစ်နေရာက ရွာလေးတစ်ရွာ။ အဲဒီရွာလေးကို စာရေးဆရာကြီး လူထု ဦးလှ ရောက် ဖူးပါ သည်။ သူ့မှတ်တမ်းတွင် မစည်ပင်သေးသော ရွာလေး၏ အခြေအနေကို တင်ပြထားသည်။ အညစ်အကြေး စွန့်ရန်သီးသန့်နေရာမရှိ၍ ခြုံတိုးပြီး ကိစ္စရှင်းခဲ့ရသည်ကို မှတ်တမ်းပြုထားသည်။ ယဉ်ယဉ် ကျေးကျေးလေးပင် ဖြစ်ပါသည်။ သူ့ကိစ္စပြီး၍ တောမှထွက်သောအခါ ကျန်ရစ်သော စွန့်ပစ်ပစ္စည်းကို ရွာထဲတွင်မွေးထားသောဝက်များလာပြီး စားကြကြောင်းကို

“ဤရွာလေးတွင်တောတိုးပြီး ၀က်နှစ်ခါကြွေးခဲ့ရသည်” ဟုမှတ်တမ်းတင်သည်။ 

ခန္တီးမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော စာရေး ဆရာကိုတာကသူ၏ တောင်ရောက်မြောက်ရောက် စာအုပ်ငယ်တွင် ဆရာဝန်အဖြစ်ဖြင့် ရောက်ခဲ့ရပုံကိုရေးထားပြန်သည်။ ပဒူးမုန်းရွာလေးအကြောင်း ကိုအနန်းဟာဗီးကို ဇာတ်ကောင်ပြုပြီး ဆရာကြီးရန်ကုန် ဘဆွေကသူ၏ အနန်းဟာဗီး စာအုပ်တွင် ချယ်မှုန်း ထားပြန်သည်။ သူတို့သုံးယောက်လုံး ပဒူးမုန်းရွာလေးကို ကိုယ်တိုင်ကိုယ်ကျရောက်ခဲ့ကြသူတွေချည်း ဖြစ်ပါသည်။ အိန္ဒိယ ၀န်ကြီးချုပ် ဂျဝါဟလာ နေရူးရောက်ခဲ့ကြောင်းလဲ အသက်ကြီးသော နာဂ အဖိုး အဖွား များက ပြောပြသဖြင့် သိရပြန်သည်။ ချင်းတွင်းမြစ်ကို မီးသင်္ဘောစီးပြီး တက်လာကြောင်း သူတို့ရွာလေးသို့
ရောက်သောအခါ ဆိတ်နို့ကို ကိုယ်တိုင်ညှစ်သောက်ကြောင်း ပြောပြသည်။ နေရူးမဟုတ်ပဲ ဂန္ဓီဂျီ များဖြစ်လေမလားလို့အတွေးပွားမိပါသည်။ ဂန္ဓီဂျီဆိတ်မွေးပြီး ဆိတ်နို့သောက်ကြောင်း သူ့ဇာတ် ကြောင်း များ တွင်တွေ့ရသည်။ 

သို့သော်သူတို့မှတ်တမ်းတွင် ပြဿနာအကြောင်းအရာများကိုမတွေ့ရပါ။ ရွာထဲတွင်ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ခဲ့ကြသည်များကို မတွေ့မိပါ။ မိမိကမူ သူတို့ထက်ပါသည်။ အဲဒီရွာလေးတွင် နှစ် နှစ် နေခဲ့သည်။ ပြဿနာပေါင်းစုံရှင်းခဲ့ရဖူးသည်။ မှတ်မှတ်ရရ ပြောပြရဦးမည်။

သူ့နာမည် အောင်ဆန်းဝင်း၊ အဖေကဗမာ အမေကနာဂ၊ သူ့ဘ၀တစ်သက် အောက်ပြည်အောက်ရပ်တွင် နှစ်နှစ်နေဖူးသည်။ ထိုနှစ်နှစ်မှ အခြားဘ၀သည်  ဤရွာလေးတွင်သာရှိသည်။ မြန်မာစကားကို ကောင်းကောင်း
မပြောတတ်ပါ။ နာဂစကားဖြင့်သာ ပြောဆိုဆက်ဆံပါသည်။ သို့သော်သူသည် ဗမာစစ်စစ်ဖြစ်သည်။ သူ့အမေက ဗမာကို ယူလိုက်ခြင်းအားဖြင့် သူတို့ နာဂမျိုးရိုး အခေါ်အဝေါအားဖြင့် ဗမာသာ ဖြစ်သွားတော့၏။ အမေက ရှမ်းလူမျိုးကိုယူလျှင်လဲ မွေးလာသမျှ သားသမီးတို့သည် ရှမ်းလူမျိုးသာဖြစ်၏။ အမေဘက်လိုက်ပြီးခေါ်ခေါ်ရသော အစဉ်အလာ သူတို့တွင် မရှိပါ။ နာမည်မှည့်သော အခါ၌ပင် နာဂ နာမည် မှည့်ရန်မလိုတော့ပါ။ အောင်ဆန်းဝင်းသည် ဗမာနာမည်ဖြစ်၏။ သူ့ညီမကို မြ၀င်းဟုခေါ်သည်။ အောင်ဆန်းဝင်းသည် အသက်၂၀ ကျော်ရုံလေးသာရှိမည်။ သို့သော် တစ်ရွာလုံးက သူနှင့် ပြိုင်ပြီး ရန် မဖြစ်ရဲကြပါ။ အရက်သောက်လျှင် ပိုပြီးသွေးဆူ၏။ တစ်ရွာလုံးက မကျေနပ်သူတွေကို စိန်ခေါ်တတ်ပါသည်။ ဥက္ကဋ္ဌမရှောင်၊ ဦးလေး မရှောင် ရန်ထောင်တတ်သည်။ 

သူတို့ရွာလေးကို အောက်ရပ် အောက်ရွာက ဗမာတွေ ရွှေလာ လုပ်ကြသည်။ သင် လာခုတ်ကြသည်။ ၀ါးဖောင်လာပြီး မျှော်ကြသည်။ ရံခါ ဒန်အိုးဒန်ခွက် လာပြီးရောင်းကြသည်။ အဆင်မပြေ၍ ထိုဗမာများနှင့်ရွာသူရွာသားများ ရန်ဖြစ်သောအခါ တစ်ရွာလုံးက ဗမာတွေ မကောင်းကြောင်း ပြောပါတော့၏။ ထိုအခါမျိုးတွင် အောင်ဆန်းဝင် အနေခက်သည်။ အဖေကဗမာ၊ တခါတရံ ဗမာတွေက လာပြီး ညစ်ကြခြင်းကြောင့်လည်း ဗမာတွေကို မကျေနပ်ရှိတတ်ပြန်၏။ ဟိုမရောက်၊ ဒီမရောက်ဖြင့် နာဂတွေမကြား “စုံးပြူးစေ့” ဖြစ်ခဲ့ရသည်။ ဗမာဖြစ်ရသည်ကို ဂုဏ်မယူနိုင်သလို၊ နာဂမဟုတ်ခြင်းကြောင့်လည်းအမျိုးတွေ အကြား မျက်နှာငယ်ရပြန်သည်။ ဤသို့ဖြင့် သူမကြာခဏ ရန်ဖြစ်တော့သည်။ ဗမာလဲ မကောင်းဘူး၊ နာဂလဲမကောင်းဘူး လုပ်လာတတ်သည်။ ထိန်းမနိုင်သိမ်းမရ ဖြစ်တော့သည်။ ဘယ်သူမှလည်းဝင်ရောက်ပြီး ဖြေဖြန်ကြသည် မရှိပါ။ မကြားဝံ့မနာသာ ဆဲတတ်သည်။ ရွာလေးမှာ အိမ်ခြေနဲရသည့်အထဲ အ၀န်းအ၀ိုင်းကလဲ ကျဉ်းမြောင်းသောကြောင့် သူ့ဆဲသံ၊ ဆိုသံသည် ရွာလုံးကျော်ရုံမက တောင်တန်းများဆီကပင် ပဲ့တင်ထပ်နေတတ်၏။ ဒီအခါမျိုးတွင် မတတ်သာသောကြောင့် ရွာထဲဝင်ပြီး အောင်ဆန်းဝင်းကို ထိန်းရသည်။

ဒီနေ့လည်း အိမ်ပေါ်တွင်ထိုင်ကာ မကျေနပ်သူများကို ဆဲနေလေ၏။ တစ်ဘက်က မခံသာလွန်း၍ ပြန်ပြောလျှင် ဒုတ်တပြက်၊ ဓါးတပြက် ဖြစ်ရပြန်သည်။ ဆွဲလား၊ ရုန်းလား၊ အော်လား၊ ဟစ်လား၊ အငို၊ အယိုတို့ဖြင့် ဆူညံနေလေ၏။ မတတ်သာသည့် အဆုံးတွင် အိမ်တိုင်ယာရောက် သွားပြီး သူ့ကို ခေါ်ရသည်။ ဘုန်းကြီးတစ်ပါး အိမ်ပေါ်တက်ပြီး ရန်ဖြေဖြန်သည်ကို တွေ့ဖူးဟန်လဲ မတူကြပါ။ သို့သော် အောင်ဆန်းဝင်းကို လိုက်သွားဖို့ပြောကြသည်။ သူလဲအသာတကြည်ပင် လိုက်လာပါသည်။ ကျောင်းရောက်တော့သူ့အဖြစ်ကို ရှင်းပြမည်ဟုပြောလာ၏။ တစ်ရွာလုံးကသူ့ကို နှိမ်ကြကြောင်းလဲ မကြာခဏ ပြောတတ်သည်။ သူ့အပြောသည် တစ်ဘက်သတ် ဆန်နေတတ်၏။

“ ငါ့ညီ မင်းကို ဒီခေါ်လာတာ မင်းရှင်းပြတာနားထောင်ဖို့ မဟုတ်ဘူး၊ နားလဲ မထောင်ချင်ဘူး၊ မင်းရွာထဲလျှောက်ပြီး ဆဲနေတာကြားမကောင်းလို့ လာပြီးဖြန်တာပဲ၊ မင်းဘာမှ ငါ့ကို ပြောဖို့မလိုဘူး၊ မင်းကိုလဲ ငါက ဘာမှမပြောဘူး၊ ရော့ ဒီဆေးလိပ်နှစ်လိပ်သောက်ပြီးရင် မင်းပြန်လို့ရပြီ၊ ရွာထဲပြန်ရောက်လို့မင်းထပ်ဆူရင် ငါလာပြီး ထပ်ဆွဲမယ်” ဟုပြောလိုက်သောအခါ ရှင်းပြလိုဟန်တော့ ရှိသေး၏။ သို့သော် သူမရှင်းသာအောင် စာအုပ်ဖတ်နေလိုက်၏။ သူ့ကို အကဲလဲခတ်နေရသည်။ အစတော့ကြမ်းပြင်ကို တစ်ချက်နှစ်ချက် ထုနေသေး သည်။ နောက်တော့ ဘာမှ မပြောတော့ ခဏအကြာတွင် ကျောင်းထောင့်တွင် အိပ်ပျော်သွားပါသည်။ ဆူသံ ပူသံတို့လဲတိတ်ဆိတ်သွားတော့၏။ 

သူ့လိုပြဿနာတွေကို ရှင်းရသည်မှာ တောင်တန်း သာသနာပြု ဦးဇင်းများ အတွက် မဆန်းပါ။ ပတ်ဝန်းကျင်၊ ကျမ္မာရေးနှင့်မကိုက်ညီသောကြောင့်ကလေးများကိုပင် ရေချိုး ပေးရ တတ်သည်။ အဖိုး၊ အဖွားတွေကို ရေတွင်းတွင် ရေငင်ပေးရသည်။ အဆန်းတော့ မဟုတ်ပါ။ ဖြစ်ရိုး ဖြစ်စဉ်သာ ဖြစ်သည်။ ဘာမှမဆန်းပါ။ သို့သော် ရေးပြလိုက်သောအခါ 

“ ဟင် ဘုန်းကြီးကိုယ်တိုင် သူများအိမ်ပေါ်တက်ပြီး ရန်ပွဲဖြေရတယ်”လို့ ဆိုကောင်းဆိုနိုင်မှာပါ၊ တစ်ခါက တစ်ဘ၀မို့ကိုယ့်ကိုယ်ကို တော့နားလည်ပါသည်။ ဒါထက်ဆိုးတဲ့ရန်ပွဲတောင် ဖြေဖြန်ပေးခဲ့ရဖူးသေးသည်။ ဒါက ဆေးလိပ်လေး နှစ်လိပ်ပေးပြီးငြိမ်းချမ်းစေ လိုက်ရုံလေးဟာပဲ။ ကြုံတော့ ပြောပြပါဦးမည်။

Thursday, January 20, 2011

မန်း အလှ



မန္တလေး တောင်တော်ပေါ်မှ လှမ်းကြည့်လိုက်ပါလျှင် ကောင်းစွာမြင်ရ၏။ ရွာကနေ နွေအခါ ဘုရားဖူးလာကြသော ရွာသူရွာ သားနဲ့အပေါင်း အသင်းတွေကို “ ဟိုမြင် နေရတဲ့အဆောက် အဦးတွေက ဦးဇင်းတို့သာသနာ့တက္ကသိုလ်ပေါ့၊ မင်းကွန်းဆရာတော်ကြီး ထူထောင်ထားတာ၊ စာသင်သံဃာတွေလဲ အများကြီးပဲ၊ ဒီတက္ကသိုလ်ကြီးကနေ စာမေးပွဲတွေ အောင်မြင်ပြီး နိုင်ငံခြားထွက်ပြီး စာသင်နေတဲ့ဦးဇင်းတွေလဲ အများကြီးပဲ၊ တစ်ချို့ဆို နိုင်ငံခြားတိုင်းပြည်တွေမှာ ကျောင်းထိုင်တွေတောင် ဖြစ်ပြီး ဗုဒ္ဓ အဆုံးအမတွေကို တတ်နိုင်တဲ့ဘက်ကနေပြီး ဆောင်ရွက်နေတာတွေ အများကြီးရှိတယ်။ ဆရာတော်ကြီးက ဆွမ်း ကွမ်းကိစ္စလဲ မခက်ခဲရအောင် ဆောင်ရွက်ပေးတော်မူခဲ့တယ်။ စာသင်သားတွေ မပင်ပန်းရအောင်လဲ ရေ၊ မီး၊ ကျောင်းသုံး ပရိဘောဂတွေကိုလဲ အလှူရှင်တွေဆီကနေပြီး အလှူခံပြီး ဆောင်ရွက်တော်မူခဲ့တယ်။ ကြည့်စမ်းပါ့၊ ထည်ဝါလိုက်ပုံများ” လို့မန်း တောင်တော်ကို လိုက်ပြီးပို့တိုင်း ပြောပြမိပါသည်။ 

လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်ကျော် မန္တလေးမြို့ကို တက်လာခဲ့တုန်းက တဖြည်းဖြည်းချင်း မြင်လာရတဲ့မန်း တောင်တော်ကြီးသည် မြောက်ဘက်ဆီမှမောင်းနှင်လာသော ကားငယ်လေးကို ရွှေကျင်အကွေ့ အရောက်တွင် ရင်ခွင်ထဲ ဆွဲသွင်းလိုက်သလို မျိုးခံစားရသည်။ တဖြည်းဖြည်းချင်း ကွေ့ဝိုက်ပြီး ထွက်လာသော အခါ ကျုံးမြို့ရိုးကြီး ခန့်ခန့်ထည်ထည် တွေ့ရသည်။ ကျုံး ရေပြင်ကြည်လင်နေသည်။ ကျုံး အတွင်းရေတို့ကို အနားသပ်ပေးထားသော အုတ်ရိုးတို့မှာလဲ အကွက်ပေါ်ပြီးလှနေသည်။ အရှေ့အနောက်ကို ကောင်းစွာခွဲခြားနိုင်သော ဖြောင့်တန်းညီညာသော လမ်းတို့မှာလဲ ညက်ညောပြေပြစ်လှ၏။ ကျုံးရေပြင်နှင့် ကာလမ်း အကြားတွင်လဲ အရိပ်ရသစ်ပင်တို့ဖြင့် တစ်ကန့်စီတစ်သန့်စီ လှနေပြန်သည်။ ပထမဆုံး တွေ့ခဲ့ရသောကျုံးရေပြင်သည် နှစ်ပေါင်း ဆယ်နှစ်ကျော်ကျော်နေပြီးသော်လည်း အမြင်ကား ရိုးမသွားခဲ့ပေ။ လှမြဲလှနေသည်သာ ဖြစ်၏။ ကျုံးရေပြင်ဘေးကလမ်း တွင်လမ်းလျှောက်ရသည်ကို နှစ်သက်မြတ်နိုးသည်။ ဆောင်းခါ မနက်များဆိုလျှင် နန်းရှေ့ သာသနာ့တက္ကသိုလ်ကနေပြီး အနောက်ပြင် ချမ်းသာကြီးကျောင်းတိုက်ကို ခြေလျှင် လျှောက်ပြီးပြန်သည်။ မိမိသာမဟုတ် မန်းမြို့သူ မြို့သားများကိုတွေ့ရသည်။ စာချ ဆရာတော်များကိုလဲတွေ့ရသည်။ ပြုံးပြကြသည်။ အများအားဖြင့်အဘိဓမ္မဌာက ကထိက ဆရာတော် ဦးမုနိဝရကို တွေ့ရလေ့ရှိသည်။ အမြဲတန်း ပြုံးနေတတ်သည်။ မန္တလေးမြို့ကျုံးရေပြင်နှင့် ပတ်ဝန်းကျင်သည် သာယာမြဲ၊ ကျုံးရေပြင်ဖြတ်တိုက်လာသော လေးနုအေးသည် အေးမြမြဲဖြစ်၏။

၂၀၀၃၊ ၂၀၀၄ ပညာသင်နှစ်တွင် မန္တလေး သာသနာ့တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသည်။
မှတ်မိနေပါသေးသည်။ နှုတ်မေးနှုတ်ဖြေနေ့တွင် ” ငါ့ရှင် ဒီကနေ စတုတ္ထနှစ်အောင်မြင်ပြီးရင် တောင်တန်းဒေသကို သွားပြီးတာဝန်ထမ်းဆောင်ရတယ်။ ရာသီဥတုကြမ်းတယ်၊ အစား အသောက်ခက်ခဲတယ်၊ သွားရောက်ပြီး တာဝန် ထမ်းဆောင်နိုင်ပါ့မလား” ဟုမေးပါသည်။ “ တင်ပ ”ဟုဖြေခဲ့၏။ နောက်တွင်လဲ နာဂတောင်တန်းသို့ သွားရောက်ပြီး(၂)နှစ်တာတာဝန် ထမ်းဆောင်ရသည်။ 
အဲတုန်းက တစ်မျိုးဖြေခဲ့ရင် ဘယ်လိုများဖြစ်မယ် မသိနိုင်ပါ။ မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်ကြီးတွင် ပညာသင်ကြားရသဖြင့် ကျောင်းတွင်း B,A (BUDDHISM)ကိုသာမက ပြင်ပ ဗဟုသုတ အနေအားဖြင့် မန်း တောင်တော်ကို ဥပုသ်နေ့တိုင်းတက်ရောက်ပြီး တတ်သလောက် မှတ်သလောက် How are you? Where you come from? စသည်တို့ကိုမိတ်ဆွေများနှင့်အတူတက်ပြီး လေ့ကျင့်ခွင့်ရသည်။

ပြီးတော့ ကုသိုလ်တော်ဘုရားဝင် အတွင်းက ပိဋကတ်တော်များကို လေ့လာခွင့်ရသည်။ ခရေရိပ်တွင် အပေါင်းအသင်းများနှင့် ရောက်တတ်ရာရာ ပြောဖြစ်ကြသည်။ မန္တလေးမိုး တဗြုန်းဗြုန်းကို ခရေတောတွင် ကြုံရသည်ကို မမေ့တော့ပါ။ နောင်ခါမိုးရွာတိုင်း ခရေတောကို သတိရသည်။ စာမေးပွဲနီးလျှင် စာလာကျက်ကြသော မိတ်ဆွေများနှင့် ပျော်စရာ ကောင်းလှသည်။ စာဆွေးနွေးကြသည်။ အများကောင်းမှု ဇရပ်များပေါ်တွင် အနားယူရင်း ဆုတောင်းသူ တစ်ချို့၊ ခရေပန်းကောက်သူ တစ်ချို့၊ ဆော့ကစားနေသော ကလေး တစ်ချို့၊ ကုသိုလ်တော်ဘုရားမြတ်ဆီက ဆွဲလဲသံ တစ်ချို့ချိုချိုတို့ဖြင့် လှနေတတ်သည်။ ဘုရားဝတ်တက်ချိန်တွင် အဆောင်သို့ပြန်ရောက်သည်။ ညနေမှောင်ရီသန်းလျှင် မန်း တောင်တော်မြတ်ဆီက ဘုရားပူဇော်ထားသော မီးရောင်ထိန်ထိန်ကို မြင်ရသည်။ သာသနာ့တက္ကသိုလ်ကြီးသည် မီးရောင်ထိန်ထိန်ဖြင့် ခန်းငြားနေပြန်၏။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၅ မနက်စောစော တွင် မန္တလေးမြို့၊ နန်းရှေ့ သာသနာ့ တက္ကသိုလ်ကြီးကို နှုတ်ဆက်ခဲ့ရသည်။ တံတားဦး လေဆိပ်သို့ ထွက်ခွာခဲ့ရသည်။ တံတားဦး လေဆိပ်မှ သည်မြန်မာပြည် အနောက်တောင်ဘက်ဆီက ချင်းတွင်းဖြစ်ကြောတွင် “ စုန်ပြန်ရအဖန်ဖန်၊ ဆန်ပြန်ရတလဲလဲ၊ မဗေဒါဒီရေကြောမှာ။ မျောလျှက်သာပဲ” ဆိုသော ကဗျာလေးလို မျောလိုက် ဆန်လိုက်ဖြင့်နေခဲ့ရသည်။
နှစ်ပြည့်လို့ ရန်ကုန်မြို့တွင် ဘွဲ့ခံယူပြီးနောက်အမိမြေ မန္တလေးမြို့သို့ ရောက်သည်။ သာသနာ့ တက္ကသိုလ်ကြီးသည် ယခင်ကထက်ပိုပြီး သာနားနေ၏။ ကွန်ပြူတာ၊ အင်တာနက်တို့ကို အဆောင်တိုင်းနီးပါး ချိတ်ဆက်ထားကြ၏။ လေးနှစ်တာနေခဲ့ရသော အဆောင်(၂)ကိုမြင်တော့ စိတ်ထဲ လွမ်းသလိုလို ဖြစ်မိသည်။
မန်း တောင်တော်ရောက်တော့ ဦးဇင်းတစ်ပါးက မန္တလေးသာသနာ့တက္ကသိုလ်ကြီး ၏ခန့်ငြားထည် ၀ါပုံကို ရွာကနွေ အခါ ဘုရားဖူးလာကြဟန်တူသော သူတို့ကိုပြောပြနေ သည်ကိုတွေ့ရသည်။ သူရှင်းပြနေသည် ကို သွားပြီးနားထောင် လိုက်ပါသည်။

ဟုတ်ပါရဲ့၊ မန္တလေးသာသနာ့တက္ကသိုလ်ကြီးက နဂိုကထက်ပိုပြီးလှ၊ပိုပြီးခန့်ငြားနေပါ၏။
စေတီတော်ဖွေးဖွေးဖြင့်ခရေတောသည်လဲပိုပြီးစိမ်းစိုလန်းဆန်းနေပါသည်။

Tuesday, January 18, 2011

မန်း လက်ဆောင်



တစ်ခါက ရွာတစ်ရွာမှ မောင်သောင်းရွှေဦးဆောင်သောသူငယ်ချင်းတစ်စုမန္တလေးမြို့သို့တက်လာကြသည်။
မြို့ထဲ လျှောက်သွားကြသည်။ ဈေးချိုတွင် ၀ယ်ချင်စရာများကို လျှောက်ကြည့်ကြသည်။ အိမ်တော်ရာဘုရားဖူးကြသည်။ ခြင်းဝိုင်းလည်း ၀င်ပြီးကြည့်ကြသည်။
ချမ်းသာကြီးကျောင်းတိုက်က ရွာကဦးဇင်းကို ၀င်ပြီးဖူးကြသည်။ သမိုင်းဝင် ချမ်းသာကြီးဘုရားကိုလဲ ဖူးရသေးသည်။ ပြီးတော့ ဘုရားကြီးဖူးကြသည်။ လိပ်စာကြေွးကြသည်။ ငါးကန်လဲရောက်သည်။ တောင်ပေါ်တက်ကြသည်။ မြွေကြီးနှစ်ကောင်တွင် ဓာတ်ပုံရိုက်ကြသေးသည်။
ညရောက်တော့ ဦးဇင်းက လိုက်ပို့သောကြောင့် ညဈေးတန်းရောက်ကြသေးသည်။
ညဈေးတန်းတွင် မန္တလေးမြို့ မုံ့ဟင်းခါးစားကြသေးသည်။ ၀က်သားဒုတ်ထိုးလဲ စားကြသည်။ ငါးရက်နေပြီးတော့ ရွာပြန်ခဲ့သည်။ ရွာထိပ်ရောက်မှ မောင်သောင်းရွှေ သတိရသည်။

" ဟာ...ညွှန့်စိန်မှာလိုက်တဲ့ ကျုံရေ တော့ မေ့ရစ်ပြီကွာ၊ ညွှန့်စိန်က မန္တလေးမြို့ ကျုံးရေက အန္တရာယ်ကင်းတယ်ဆိုပြီး ငါ့ကို မှာလိုက်တာ၊ ဘုရားဖူး၊ မန္တလေးတောင်တက်နဲ့ မေ့သွားတာ၊ အခုမှ သတိရတယ်၊ တတ်နိုင်ဘူး.. ဟေ့၊ သူမှာတာတော့ မေ့လို့မဖြစ်ဘူး၊ မင်းတို့လဲ သူ့သွားမပြောနဲ့၊ ဒီရေကန်ထဲကပဲ ခတ်လိုက်တော့မယ် ဆိုပြီး အနီးရှိရေကန်ထဲကခတ်ပြီး သူပေးလိုက်တဲ့ ရေပုလင်းတွင် ဖြည့်လိုက်သည်။ ရွာဦးတွင် စောင့်နေသော ညွှန့်စိန်က

" ဟာ သောင်းရွှေ ငါမှာလိုက်တဲ့ မန်း ကျုံးရေ ပါလားဟေ့ .."
မင်းကလဲ ဘယ်မေ့မလဲ၊ ရော့ အန္တရာယ်ကင်းတယ်၊ သောက်ဟေ့"။
ညွှန့်စိန် မန်းရေကို မနားတမ်းသောက်ပါတော့၏။ ပြီတော့ ရှုံ့မဲ့ပြီး မှတ်ချက်လဲချသည်။
" အင်း မန်းရေ မို့သာ သောက်ရတယ်။ ကျွဲချေးစော်တော့ ခတ်နံနံပဲကွ"။

မန္တလေးတောင်တော်မြတ်နှင့် အတူ



အတိတ်က မန္တလေးတွင် ပြောစရာတွေရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်ကဖြစ်သည်။
မန္တလေး ရွှေမြို့တ်ာကြီး၏ လမ်းကြို လမ်းကြားတွင်မြင်လှည်းများကို တွေ့ရသေးသည်။ ပြီးတော့ ကျုံးရေပြင်ကြီးကလဲ အုတ်ရိုးမစီတံတိုင်း မရှိပဲရိုးရိုးကြီးပဲ ရှိသေးသည်။ ဈေးချိုးတော်ကြီးကလဲ အခုလို မဟုတ်သေး။ တစ်ထပ်တိုက်တန်းကြီးများသာ ဖြစ်သည်။ မန္တလေးတောင်ပေါ်က မှန်ဘီလူးနဲ့လှမ်းကြည့်လိုက်တော့ ရေပြင်တွင် ကားတာယာများဖြင့် ရေကစားနေသည်ကို တွေ့ရသည်။ ဧရာဝတီမြစ်လား၊ ကျုံးရေပြင်တွင်လား သေချာ တပ်အပ် မသိပါ။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ကျုံးရေပြင်တွင် ရေကူးလို့ရသလားမန္တလေးက အဖိုးအဖွားတို့ကို မေးကြည့်ရမည်။ အခုလောက် မမြန်သေးသော ကားတွင် ခရီးသည်များ စုပြုံပြီး တက်ကြရသည်ကိုတော့ မှတ်မိသည်။ ထိုကားကြီးသည် လူတွေလည်း အပြည့် ၀န်ထုပ်ကြီးတွေလည်း အပြည့်ဖြင့် စက်နှိုးလိုက်လျှင် တယိမ်းယိမ်း လှုပ်ခါပြီးမှ တဗူးဗူး အသံပေးကာ နေရာမှ စတင်ရွေ့၏။

“ဦးဇင်းကလဲ အဲဒီတုန်းကများ ခရီးသွားရတာ တော်တော်ပင်ပန်းတယ်။ အမှတ်ရလို့ပြောရဦးမယ်။ တပည့်တော်တို့ မိသားစုရွာက ထွက်လာကတည်းက ပထမဆုံးပြန်ဖြစ်တော့ သင်္ကြန်တွင်းကြီးကိုဘုရာ့။ ဦးဇင်းက ရွာကထွက်လာတုန်းက အသက်က နှစ်နှစ်သား၊ အဲတုန်းက ရွာပြန်တော့ သုံးနှစ်ကျော်ကျော်ရှိမှာပေါ့။ မန္တလေး သင်္ကြန်ကလဲ ပက်လိုက်ကြတာ မပြောပါနဲ့တော့၊ ရေအေးနဲ့ တမျိုး၊ ရေပူနဲ့တစ်မျိုး ဆိုတော့ ဦးဇင်းက ပေါက်စဆိုတော့ ဘယ်ဖျားလိုက်တာများ တပည့်တော်ဖြင့် ဟယ် ဒီတစ်ခါတော့ ငါ့သားလေး ပစ်လိုက်ရပဟဲ့လို့တောင်ထင်မိတာ၊ တော်ပါသေးတယ်။ ရွာက မိမုန်းတို့က ရှင်ဘုရင်ပက်လက် ရေစက်စက်နားနေကြတာ။ သူတို့နဲ့ အမျိုးတော်သေးတယ်။ အမေ့ ညီမတော်မှာပေါ့အမျိုးစပ်ကြည့်ရင်၊ ရောက်ရောက်ချင်းပဲအဲအမတို့သင်္ကြန်တွင်းကြီး ဘယ်သွား ကြမလို့တုန်းဆိုပြီး ဖော်ဖော် ရွေရွေဆက်ဆံလိုက်တာများ ငယ်ငယ်တုန်းက အတူနေခဲ့ကြတဲ့ဘ၀ကို တောင် အမှတ်ရမိသေးတယ်။ တပည့်တော်လဲ ဘာမှ ရှည်ရှည် ဝေးဝေး ပြောမနေဘူး၊ ဟဲ့မိမုန်း ငါ့သားလေးအေ၊ ရေပူတစ်မျိုး ရေအေးတစ်မျိုး ပက်လိုက်ကြတာ အခုဖျားနေတာအေ့၊ လုပ်စမ်းပါဦးဆိုတော့၊ အမလာဆိုပြီး အိမ်နားက ဆေးခန်းလိုက်ပို့တယ်။ ဆေးများကောင်းလိုက်ချက်၊ အိမ်ပြန်ရောက်လို့ ခဏလေ ဦးဇင်းအိပ်ပြီး နိုးတော့ အမေ့ ထမင်းဆာတယ်ပြောတော့တာပဲ၊ မိမုန်းတို့များကောင်းလိုက်ပုံနှယ်၊ အမ အမ သားထမင်းဆာတယ် ပြောတယ်ရော့ရော့ဆိုပြီး ဖွယ်ဖွယ်ရာရာပါပဲ၊ ကြွေးလိုက်တာများ။ နောက်တော့ မန္တလေးမြို့ကြီးလဲကွက်သစ်တွေချဲ့လိုက်ကြတာ မိမုန်းတို့တောင် ဟို မြို့တောင်ဘက် ရွှေ့သွားကြတယ်လို့ ကြားရတာပဲ ဦးဇင်းရေ”။

အမေ ပြောပြတာတွေ အားလုံးကို မမှတ်မိပါ။
သို့သော် ဆေးခန်းသွားတော့ ဒေါက်တာ အိမ်ရှေ့က သရက်ပင်တွင် အသီးတွေအတွဲလိုက် ပြွတ်ခဲနေအောင် သီးနေတာကိုတော့ ကောင်းကောင်းမှတ်မိနေပါသည်။ နေကောင်းသွားတော့ ထင်ပါသည်။ မြို့ထဲကိုအမေ့ ညီမ၀မ်းခွဲမိမုန်းလိုက်ပို့၍လားမပြောတတ်၊ ဘုရားဖူးရသည်။ ရှင်ဘုရင်ပက်လက် ရေစက်စက်ကိုခပ်မော့မော့လေးကြည့်ရသည်။ ပြီးတော့အမေပြောပါသေးသည်။ ဦးလှသိန်းဗိမာန်တဲ့။
အမြင့်ကြီးဖြစ်သည်။အဝေးကကြည့်ရသည်။ သကျသီဟဘုရားဝင်းအတွင် ထင်ပါသည်။ ခိုတွေကို တွေ့ရသည်။ အခုလဲ ခိုတွေရှိပါသည်။ ရွာကကျောင်းတွင် သုံးနှစ်နေပြီး မန္တလေးမြို့သို့တက်ခဲ့သည်။ စာမေးပွဲပြီးရွာသို့ ခဏပြန်ချိန်တွင် မန္တလေးမြို့အကြောင်းအမေက မေးတော့နန်းရှေ့က သာသနာ့တက္ကသိုလ်ကြီးအကြောင်း၊ မန်းတောင်တော် အကြောင်းပြောပြတော့ အမေမြင်ခဲ့ဖူးသော မန်းတောင်တော်နှင့် မတူပါ။ ကျုံးရေပြင်ကလဲ အခုလိုမဟုတ်ပါ။ အခုတော့ အရှေ့ အနောက်ပေါက်အောင် တစ်ပြေးထဲမြင်ရသည်။ ကျုံးရေဘောင်ကို အုတ်ရိုးလှလှတွေ စီထားသည်။ အော်ရေးရှားပင်တွေ အစီ အရီစိုက်ထားပြန်သည်။ လေညှင်းခံ လမ်းလျှောက်သူတွေကိုတွေ့ရသည်အမေမြင်ခဲ့ဖူးသော ကျုံးရေ ပြင်နှင့်တော့ခြားနားနေပါလိမ့်မည်။

“ဦးဇင်းငယ်ငယ်ကို ခါးထစ်ခွပြီးမန္တလေးတောင်ကို တက်ခဲ့သေးတာ၊ စိုင်တစ်မော့ ရောက်တော့များ တက်လိုက်ရာတာ၊ မမေးမမြန်းပဲဝယ်စားမိလို့ သင်္ဘောသီးသုပ်တစ်ပွဲ နှစ်ကျပ်ခွဲများတောင်ပေးလိုက်ရတာ မှတ်မိနေသေးတယ်”။

မန္တလေးမြို့ကိုရောက်တော့ အနောက်ပြင် ချမ်းသာကြီးမြောက်တိုက်၊ အတုလဇေယျုံကျောင်းတွင်  နေရသည်။ တစ်လတစ်ခါနီးပါး အမေလာပြီး တွေ့သည်။ တခါတရံ အမေ့မွေးရပ်မြေကို ပြန်ရင်းလမ်းကြုံ ၀င်နားတတ်သည်။ ကျောင်းရောက်လျှင်ရောက်ချင်း ချမ်းသာကြီးဘုရားကို တက်ဖူးသည်။

“ဦးဇင်းနှယ် မန္တလေးဘုရားဖူးရခဲမျှ ရောက်တုန်းရောက်ခိုက်လေးဖူးတာမှ၊ အိမ်နားကသူတွေ ဖူးချင်လို့တောင် မန္တလေးမရောက်တာနဲ့မဖူးကြရဘူး”တဲ့။ ဘုရားဖူးသည်။ ဘုရားတစ်ပတ်ကို အေးအေး ဆေးဆေးနေပြီး ဖူးမျှော်သည်။ ပြီတော့ ပြောသေးသည်။

 “ တပည့်တော်ကတော့ နာရီစင်ကြီး မှတ်ထားရမှ နေရာသေချာသိတယ်။ ဦးဇင်းဆီလာရင် ပထမဆုံး နာရီစင်ကြီးဆီ သွားရတယ်။ အဲရောက်မှ အနောက်ဆီဆင်းလိုက်တော့ ဦးဇင်းတို့ကျောင်းရောက်တာပဲလေ” တဲ့။

နောက်တော့ မန္တလေးမြို့အရေ့ပြင်က နိုင်ငဲတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကို ရောက်တော့လဲ အမေ လာပါသည်။ အမှတ်ကိုးကားစီပြီး ကျုံးမြောက်ပေါက်တွက် ဆင်းပြီး ခြေလျှင်လျှောက်လာလေ့ရှိသည်။
 “အမေ၊ အဲဒီကနေ လမ်းလျှောက်လာတာ ဝေးတယ်” ကားစီးလာပါပြောတော့။ ဦးဇင်းကလဲ ကားစီရင်ရှုပ်တယ်။ ဇရပ်တန်းကနေ အေးအေး ဆေးဆေးလမ်းလျှောက်လာလိုက်တော့ ဘာဝေးတာမှတ်လို့” တဲ့။

သာသနာ့တက္ကသိုလ်က ပြန်သွားတော့လဲခြေလျှင်ပဲ ပြန်သွားလေ့ရှိသည်။
မှာချင်တာတွေ မှာသွားလေ့ရှိသည်။ အမေ မှာတာ မှတ်မိနေသေးသည်။

“ ဦးဇင်း ဒကာဒ ကာမတွေက မပူမပင်ရအောင် လှူတန်းထားကြတာ၊ စာကြိုးစား၊ တောင်တွေးမြောက်တွေးများတွေးမနေနဲ့နော်” ဟုမှာပြီးလျှင်အမေ အခုနေထိုင်တဲ့မတ္တရာမြို့နယ်က ရေနဲ့သာရွာလေးကို ပြန်သွားတတ်သည်။ အမေလာသော အခါ သာသနာ့တက္ကသိုလ်ကနေ ကျုံး မြောက်ပေါက်အထိ လိုက်ပို့မည် ပြောလျှင်
 “ ဦးဇင်းကလဲ နေကပူနဲ့ နေခဲ့တော့ အမေ့ဘာသာပဲ သွားတော့မယ်” ဟုပြောကာ နေပူကြီးထဲတွင် ပဲ အမေပြန်သွားလေ့ရှိပါသည်။


အခုလို သီရိလင်္ကာနိုင်ငံရောက်ပြီးသည့် နောက်တွင်ပင် ရံဖန်ရံခါ အမေ့ဆီဖုန်းဆက်ပါသည်။
“ဦးဇင်း ဒကာ ဒကာမတွေက မပူမပင်ရအောင်လှူတန်းထားကြတာ၊  စာကြိုးစား၊
တောင်တွေး မြောက်တွေးများ တွေးမနေနဲ့နော်”တဲ့။

မှာနေတုန်းပင် ရှိ၏။ အမေပြောတဲ့ တောင်တွေး မြောက်တွေး ဆိုသည်မှာ အခြားမဟုတ်ပါ။ သာသနာ့ ဘောင်မှ ဆင်းသက်လာမည်ကို ပြောလိုခြင်းသာဖြစ်ပါသည်။ လူမထွက်နဲ့လို့တော့ ဘယ်တော့မှ မပြောပါ။

Monday, January 17, 2011

နိုင်ငံခြားမှာ တိုးရဲဖို့လိုတယ်

ဟိုတစ်နေ့က မိတ်ဆွေဖြစ်တဲ့ ကိုနန္ဒိယနဲ့ အတူ အိန္ဒိယ သံရုံးဝင်ရပါတယ်။
မကုဋရာမ ကနေပြီးထွက်လာလိုက်တာtownhallရောက်တော့ကားတွေအတော်လေးရှုပ်ရှက်ခတ်နေပါတယ်။
three wheel သမားများကလည်း တိုးတိုး တိုက်တိုက်ဖြင့် ၀င်ရောက်နေရာယူပြီး ခရီးဆက်နေကြတယ်။ 

"တိုးရဲရင် ရတာပဲနော်"။
ကိုနန္ဒိယပြောတာပါ။

"အေးပေါ့၊ ဒီလိုပဲ သူများခိုင်းနေရင် မျက်နှာငယ်ရတယ်။ ကိုယ်လဲ အတွေ့အကြုံရတာပေါ့၊ နောက်ပြီး အင်္ဂလိပ်စကားလည်းသူတို့ငေါက်ရလောက်အောင်တို့မညံ့ပါဘူး၊နောက်ပြီးကိုယ်တို့ကိုအားကိုးပြီး
ရောက်လာမယ့် နောက်လူအတွက်လဲ လမ်းညွှန်ချက်ပေးနိုင်တာပေါ့၊ နောက်ပြီး အိန္ဒိယလူမျိုးဆိုတာလဲ တို့ကို ဗုဒ္ဓဘာသာရဟန်းတော်တွေမှန်း သိကြပါတယ်။ ဒီလိုပဲ တိုးရတာပေါ့"။
အိန္ဒိယ သံရုံးတွင် လူများကို တိုးပြီး ၀င်ရောက်နေရာယူရသည်ကို ပုံပေါ်အောင်ပြောလိုက်ပါတယ်။

ကိုနန္ဒိယက ငဲ့စောင်းပြီးကြည့်တယ်။
ပြီးတော့ "ဘာပြောတာလဲ"တဲ့၊
ကိုယ်လဲ ပြန်ပြောလိုက်ပါတယ်။
"ကိုယ့်လူပဲ တိုးရဲရင် ရတယ်ဆိုလို့လေ"။

"အာ..ကိုယ်ပြောတာက three wheel သမားတွေ တိုးတိုးပြီး ရအောင်နေရာယူတတ်တာကိုပြောတာဟ"။
"အော်"
ဘာမှ မတတ်နိုင် အော်ရုံသာတတ်နိုင်လိုက်ပါသည်။

သူ့အကြောင်း

 အပိုင်း ၁

သူ့ကို သိသည်။ ချင်းတွင်းမြစ်ကို သက်သေထားပြီး ပြောရဲသည်။ နာဂတောင်တန်းကို သက်သေတည်ပြီး ဆိုရဲသည်။ သူ့ကို မြင်ကြည့်ရာတွင် နောက်ခံ ရှုခင်းအနေဖြင့် နှင်းထုထူထူကြီးပါဝင်သည်။ တောင်တန်း ပြာပြာကြီးကိုလဲ တွေ့ရသည်။
ပထမဆုံးစီးနင်းခွင့်ရခဲ့သော လေယာဉ်အင်ကျင်၏ တုန်ခါမြည်ဟီးမှုသည် ရင်ကိုရိုက်ခတ်လာပြန်သည်။ လေယာဉ်အင်ကျင်စက်သံနောက်ကွယ်တွင်မန္တလေးမြို့၏ပစ္စင်ပြအိုးတို့အစီအရီပေါ်လာပြန်သည်။နန်းဆောင်မြင့်မြင့် တို့ရိပ်ကနဲ့ ရိပ်ကနဲ့ တွေ့ရသည်။  ကျုံးရေပြင်ပြာပြာတွင် သူ့အရိပ်ထင်နေသလိုမြင်ရပြန်သည်။ မန္တလေးမြို့၏ကျက်သရေဆောင် မန်းတောင်တော်နှင့် ထုံးဖြူဖြူစေတီတော်တို့၏ ဆွဲလည်သံ လွင်လွင်ကို ပီပီပြင်ပြင် ကြားရပြန်သည်။ သူ့ကို မန္တလေးမြို့တွင် တွေ့ကြုံ ခင်မင်ခွင့်ရခဲ့သည်။ စာသင်ခန်းများတွင် သူ့ကိုတွေ့ရသည်။အမြဲတမ်းပြုံးနေတတ်သည်။စာသင်ခန်းတွင်သာမကမန္တလေးလမ်းများပေါ်တွင်လဲအတူလျှောက်လှမ်းခဲ့ကြဖူးသည်။ကုသိုလ်တော်ဘုရားဝင်အတွင်းကခရေဖွေးဖွေးတွေကိုကောက်ပြီးဘုရားတင်လှူပူဇော်ခဲ့ကြဖူးသည်။ ရွှေနန်းတော်ကြီး အရှေ့ဘက်ကျုံးလမ်းက ကုက္ကိုတန်းတွင် လေညှင်းခံခဲ့ကြဖူးသည်။ ၆၂လမ်းပေါ်က သာသနာ့ တက္ကသိုလ်တွင် အခြေချကာ လေးနှစ်တာကာလအတွင်း သူ့နှင့်ပတ်သက်ပြီး ပြောပြစရာတွေများခဲ့သည်။ တခါတရံ အဆောင်(၂) ကမိမိအခန်းကိုရောက်လာတတ်သည်။ အများအားဖြင့် သူဖတ်နေကြ the light စာစောင်က အမေးအဖြေကဏ္ဍကို လာရောက်ပြီး ဆွေးနွေးလေ့ရှိသည်။ သူ့အတွေး ကိုယ့်အမြင်ကိုပွင့်ပွင့်လင်းလင်းဖွင့်ဟပြောပြခဲ့ကြဖူးသည်။မန္တလေးမြို့နန်းရှေ့သာသနာ့တက္ကသိုလ်ပထမနှစ်မှသည် နောက်ဆုံးနှစ်အထိ အနီးကပ် ခင်မင်ခွင့်ရသော ကျနော်၏ မိတ်ဆွေနည်းနည်းတွင် သူပါသည်။ စတုတ္ထနှစ်ပြီးဆုံးအောင်မြင်ပြီးနောက်တာဝန်ကျရာအရပ်ဆီသွားကြရတော့မည်ဆိုတော့သူ့ကိုလဲခွဲခွါရာတော့မည်မိတ်ဆွေစာရင်းတွင်ထည့်လိုက်ပါသည်။ကံတရားကိုထည့်မတွက်ရက်စက်လိုက်ခြင်းမျိုးဖြစ်ခဲ့သည်။ သို့သော်သူတာဝန်ကျရာဒေသနှင့်မိမိတာဝန်ကျရာဒေသမှာလမ်းကြောတစ်ခုတည်း၌ပင်တည်ရှိနေပြန်သည်။
၂၀၀၇ ရဲ့ ဒီဇင်ဘာ ၂၅ ရက်တွင်မန္တလေးမြို့ကသာသနာ့တက္ကသိုလ်ကြီးကိုအတူတူနှုတ်ဆက်ခဲ့ကြရပြန်သည်။ မြန်မာနိုင်ငံ မြောက်ဖျားတစ်နေရာတွင် မိမိတို့ နှစ်ဦးအတွက် တာဝန်ကျနေရာ ရှိသည်ဟူသော အတွေးဖြင့် တံတားဦး၊အပြည်ပြည်ဆိုင်ရာနိုင်ငံတကာလေဆိပ်ကနေဟုမ္မလင်းမြို့လေးကိုထွက်ခွာခဲ့ကြသည်။နှင်းတွေတွေ့တော့သူလဲအံ့သြသည်၊မိမိမှာလဲမင်သက်ငေးမောနေမိသည်။ သူကမိတ္ထီလာသား မိမိက ပျော်ဘွယ်သား ဆိုတော့ နှင်းတွေအကြားရောက်ခဲ့ရသည်ကိုပင် အထူးအဆန်းဖြစ်ခဲ့ရဖူးပြန်သည်။ နောက်တော့ သူတာ-န်ကျရာဒေသ မြန်မာပြည်၏ အအေးဆုံးဒေသများတွင် အပါအ၀င်ဖြစ်သော ဆွမ္မရာ တောင်တန်းအနီးတွင် သူ(၂)နှစ်နေခဲ့သည်။မိမိကချင်းတွင်းမြစ်ဖျားကငှက်ဖျားကြောတွင်မျောဝင်ပြီး(၂)နေခဲ့ရသည်။သူ့ကိုလမ်းတ၀က်က ထမံသီရှမ်းရွာကြီးမှာ လမ်းခွဲခဲ့ရသည်။ သူ့သတင်းများကြားပါသည်။ မိမိသတင်းလဲ သူကြားမိကြောင်း ပြောဖြစ်ကြသည်။
မန္တလေးမြို့သို့အပြန်ခရီးတစ်ခုတွင်သူ့ကိုထမံသီရွာကြီးတွင်ရုတ်တရက်တွေ့လိုက်ရသည်ကများစွာအံ့အားသင့်စေသည်။စစ်ဖိနပ်စီးထားသည်။ခါးတွင်ဓားလွယ်နှင့်ပြီးတော့စစ်သုံးကျောပိုးအိပ်ကိုလွယ်ထားသည်။အသားတွေရင့်ပြီးအက်နေသည်။မည်းပြီးလဲခြောက်သွေ့နေပြန်သည်။စစတွေ့တွေ့ချင်းနားမလည်ချင်သလိုလိုဖြစ်ခဲ့မိသည်။မော်တော်ပေါ်ရောက်၍သူ့ရွာအကြောင်းပြောပြတော့မှပင်အသက်နဲ့ကိုယ်တွဲလျှက်ရှိနေသေးသည်ကိုပင် အံ့သြမိပြန်သည်။မိမိတာဝန်ကျရာဒေသမှာသူ့ပတ်ဝန်းကျင်လောက်မခက်ခဲ။ရှိပြီးသားကိုထိန်းပေးရုံအဆင့်သာ ရှိ၏။
သူ့ပတ်ဝန်းကျင်တွင်ကား သူသာ ပထမဆုံး စွန့်ဦးတီထွင်သူ ဖြစ်ခဲ့၏။ နာဂကလေးများကို မန္တလေးမြိုသို့ပို့ပြီး စာသင်နိုင်သည်အထိလုပ်ပေးနိုင်ခဲ့သည်။သူ့ရွာအကြောင်းကိုပြောလာလိုက်သည်မှာချင်းတွင်းမြစ်သာခရီးတစ်ထောက်နား၍ မော်တော်မှ ဆင်းလိုက်ရသည်။ သူ၏ အတွေ့အကြုံတို့ကား စီးမျောနေဆဲပင်ရှိ၏။ မန္တလေးတွင်  လုပ်ကိုင်စရာများပြီးတော့သူ့ရွာလေးတွင်ပထမအဦးဆုံးဗုဒ္ဓဘာသာခံယူပွဲရှိကြောင်းတတ်နိုင်လျှင်အကူအညီပေးဖို့ကမ်းလှမ်းလာပါသည်။စိတ်ပါဝင်စားသော်လည်ကိုယ့်ကိစ္စနှင့်ကိုယ်မို့ငြင်းလိုက်ရသည်။
နောက်တွင်သူပြန်လည်ပြောပြသဖြင့်အဲဒီတုန်းကမိမိမလိုက်ပါနိုင်လိုက်သည်ကိုတွေးပြီးအားမလိုအားမရဖြစ်မိသည်။မြေပြန့်တွင်ရောက်နေသောတောင်ပေါ်သူတောင်ပေါ်သားများအတွက်လဲအမြဲတမ်းကြိုးပမ်းနေသသည်ကိုတွေ့ရသည်။ တွေ့တိုင်းလည် ကလေးများ၏ အနာဂတ်ကို အလေးအနက်ထားပြီးပြောလေ့ရှိသည်။ ပြန်သာပြန်ခဲ့ရပေမယ့် လုပ်စရာတွေ အများကြီးကျန်နေသေးကြောင်း ပြောပြတတ်သည်။ အလုပ်ကိုသာ လွမ်းကြောင်းသိသာသည်။ အလုပ်ထဲတွင်သာ နစ်မြုပ်နေတတ်သည်။
တောင်တန်းတာဝန်ပြီးဆုံးပြီးရန်ကုန်မြို့၊သာသနာ့တက္ကသိုလ်တွင်ဘွဲ့ယူကြတော့သူ့ကိုကြွားကြွားဝင့်ဝင့်တွေ့ရပြန်သည်။တောင်တန်းဆောင်းအကြောင်း၊”ချင်းတွင်းမြစ်အကွေ့များကြောင်း၊ဘ၀ကလဲအဲလိုပဲတောင်တန်းတွေလိုထည်းထည်းမားမားရှိတယ်။ပြီးတော့မြစ်လိုလဲမထင်မှတ်တဲ့နေရာမှာဘယ်ယိမ်းညာကွေ့နဲ့မာယာများတတ်ကြောင်း ပြောပြတတ်ပြန်တယ်”တဲ့။ လက်ခံပါသည်။ ချင်းတွင်းမြစ်အတွင်းက ခရီးသည်တွေအကြားထဲမှာပဲ ဘွဲ့ရပြီးရင် နိုင်ငံခြားသွားပြီး ဆက်လက်လေ့လာကြမယ့် အကြောင်းကို ဘေးလူတွေ အမြင်ကပ်လောက်အောင် ဆွေနွေးခဲ့ကြဖူးသည်။နောက်တော့ရန်ကုန်မြို့တွင်နေထိုင်ပြီးနိုင်ငံခြားသွားဖို့ကြိုးစားခဲ့ကြသည်။ရုံးကိုဘယ်လိုဝင်ရမှန်းမသိလို့ကားလျှောက်စီးပြီးအသိမိတ်ဆွေတွေကိုလိုက်လံစုံစမ်းရသည်။မျက်စိလည်တိုင်းဆူးလေအ၀ိုင်းကားပြန်စီးပြီးအစကပြန်ကောက်ကြသည်။နဂိုကရှက်လို့မပြောခဲ့ပါ။
 တစ်မြို့လုံးပတ်နေပေမယ့်အဆင်မပြေနိုင်တာကြောင့်သံရုံးနှင့်ရင်းနှီးသောသူနှင့်တွေ့ဆုံပြီးရုန်းကန်ကြရပြန်သည်။နောက်ဆုံးတော့သီရိလင်္ကာသံရုံးထဲအထိရောက်ခဲ့ရသည်။အားလုံးအဆင်ပြေ၍စိတ်လျှော့လိုက်သောအခါရန်ကုန်မြို့ကြီးလဲတို့အညာမန္တလေးလိုအတော်ကြီး အပူဒဏ်ပြင်ထန်းနေကြောင်း သိလိုက်ရသည်။

အပိုင်း ၂

နောက်တော့သီရိလင်္ကာနိုင်ငံကနိုင်ငံတကာတက္ကသိုလ်ကြီးမှာသူနဲ့အတူအတန်းဖော်ပြန်ဖြစ်ရပြန်တယ်။ဆရာသင်သမျှကိုမှတ်သားရရင်းတွေးတောဆင်ခြင်တတ်လာတယ်။
သူနဲ့ကျနော်ဆွေးနွေးတာလေးတစ်ခုအမှတ်ရနေမိတယ်။ဆရာကရှေ့ကပြောသွားတယ်။ကာလောဃသတိဘူတာနိအချိန်ဆိုတဲ့သဘောတရားကသတ္တ၀ါတွေကို ၀ါးမြိုတယ် တဲ့။ စဉ်းစားရခက်တဲ့အကြောင်းပြောပါတယ်။ ဟုတ်တယ် ကိုယ့်လူရေ၊ ဒီသဘောတရားကို ကိုယ့်လူတွေးသလိုမျိုး တွေးတဲ့ပုဂ္ဂိုလ်ရှိခဲ့ဖူးတယ်လို့ ပင့်ပေးလိုက်တော့၊ ဘယ်သူလဲတဲ့ မေးလာတယ်။ ဆိုကရေးတီးဆိုတဲ့ လူပါလို့ပြောတော့၊ ဟုတ်လို့လားလို့ သူက ကွန့်တယ်၊အထောက်အထားနဲ့ပြောမယ်လို့ စိန်ခေါ်လိုက်ပါတယ်။ တို့ဗုဒ္ဓဘုရားရှင်က သူတို့ထက် အများကြီးစောတယ် ဆိုတာလက်ခံလားလို့မေးတော့၊ ခေါင်းညိတ်ပြတယ်။တို့ဘုရားဟောတွေဟာအချိန်တိုအတွင်းမှာပဲနေရာတော်တော်များများကိုရောက်သွားတယ်။
ဂရိတို့၊မာဆီဒိုးနီးယားတို့ဘက်လဲရောက်သွားခဲ့တယ်။အဲမှာဒီစကားလေးကာလော ဃသတိ ဘူတာနိ ကိုသူတို့ဆိုကရေးတီးအပါအ၀င်ဆွေးနွေးလိုက်ကြတာနောက်ဆုံးဆိုကရေးတီးဟာခေါင်းမှာဆံပင်နည်းနည်းပဲကျန်တော့တဲ့အထိတွေးလိုက်ရတယ်။ အခုလဲ သိပ်ပြီး မခက်ပါဘူး။ ဆံပင် မဆုံးမရှုံးခံနိုင်ရင်ပေါ့လို့ ပြောလိုက်တော့ သူခေါင်းပွတ်တယ်။ ပြီးတော့ ပြုံးတယ်။ ဘာမှတော့ ဆက်မလာပါဘူး။ နောက်ဆက်တွဲလားတော့ မသိပါ။
ကိုလံဘိုမြို့၊ မကုဋာရာမ မြန်မာကျောင်းတွင် အခုထိတိုင် သူ့ကို ပြောင်ကြီး သို့မဟုတ် ထိပ်ပြောင် လို့ခေါ်ကြတယ်။ အမည်ရင်းမှာ နန္ဒိယပါ။ ၀ိသေသတောင်ပါသေးတယ်။ တပ်ကုန်း-အရှင်နန္ဒိယ။ ဒီမနက်ပဲ အိန္ဒိယက မိတ်ဆွေ တစ်ယောက်နဲ့အတူ မဇ္ဈိမခရီးရှည်ကြီးကို စတင်ရွက်လွှင့်သွားပြန်ပြီ။ ဘယ်နေရာတွင် ဘယ်လိုပုံစံမျိုးဖြင့် တွေ့ရဦးမည်ကို ကံဇာတ်ဆရာမှ တစ်ပါး အခြားလူများသိပါလျှင် ပြောပြစေချင်ပါတယ်။

အပိုင်း ၃

သူ့ကိုသိသည် ချင်းတွင်မြစ်ကိုသက်သေထားပြီးပြောရဲသည်။
နာဂတောင်တန်းကိုသက်သေတည်ပြီး ဆိုရဲသည်။


မှတ်ချက်၊ မျက်စိလည်တိုင်း ရန်ကုန်မြို့ဆူးလေအ၀ိုင်းသို့ပြန်ပြီးကားစီးကာ အစမှပြန်ကောက်ရခြင်းသည် ရန်ကုန်မြို့ကြီးတွင် အရှေ့အနောက် ကို သေချာရေရာ ခွဲခြားပြနိုင်သော ကျုံး၊ မြို့ရိုး၊ နန်းတော်နှင့် မန္တလေးတောင်ကြီး မရှိခြင်းကြောင့်ဖြစ်ပါသည်။